ကံကောင်းမှု ကိုယ်ထင်ပြခြင်း
Vol. 48 Ch. 668
လီကျွင်းက သူ့လက်ထဲမှ လှံကို ကြည့်ကာ အကြည့်များက အရင်တုန်းကထက် ပိုမိုတောက်ပလာသည်။ သူ့စိတ်ထဲမှ အတားအဆီးကို ဖယ်ရှားပစ်လိုက်သလိုမျိုး ကြည်လင်လာ၏။ သူ့စိတ်က တွေးမိနေတာ ဖြစ်နိုင်သော်လည်း သူ့အသက်ရှူနှုန်းက ပိုမိုချောမွေ့လာကာ လေထုကပင် လန်းဆန်းလာပြီး ကမ္ဘာကြီးက ယခင်ထက် ပိုမိုရောင်စုံလာကြောင်း ခံစားမိလိုက်သည်။
သူက ဖန်းလီကျွမ်းအား ကြည့်ကာ “မင်းကို ကျေးဇူးတင်ရမှာပဲ”
“မဖြစ်နိုင်တာ။ ကျွန်မ နိုင်သင့်တာလေ” ဖန်းလီကျွမ်းက ပြန်လည်ချေပလိုက်၏။
“ဒါပေမဲ့ မင်း မနိုင်ဘူး”
“ဒါက မတရားဘူး” ဖန်းလီကျွမ်းက အော်ပြောလိုက်သည်။
“ရှင် ဒီလောက်အားကောင်းနေတဲ့ တစ်ခုတည်းသော အကြောင်းအရင်းက သူ့ကြောင့်ပဲ။ မတရားဘူး”
“ကိုယ်ပျောက်အဆောင် မရှိဘဲနဲ့ မင်းကရော ဒီနေ့လို အောင်မြင်မှုမျိုး ဘယ်တော့မှရမှာ မဟုတ်ဘူး” လီကျွင်းက ပြန်လည်ချေပလိုက်၏။
“မင်းက အံ့ဖွယ်မျိုးနွယ်ရဲ့ သွေးမျိုးဆက် ကန့်သတ်ခံထားရတဲ့ သာမန်အဖွဲ့ဝင် တစ်ယောက်ပဲ။ ကံကောင်းမှုနဲ့ ကံကြမ္မာကြောင့်သာ လမ်းစဉ်ပြောင်းသွားတာ”
ဖန်းလီကျွမ်းက မည်သို့ ပြန်ဖြေရမည်မှန်း မသိတော့ပေ။ သူမက ရှုံ့တွကာ အိုမင်းနေသည့် လက်ကို ကြည့်လိုက်ပြီး သူမ မွေးဖွားလာကတည်းက ဘဝကို ပြန်လည်တွေးတောမိသွားသည်။ သူမက အံ့ဖွယ်တာအိုမျိုးနွယ်ကို ပြန်လည်အသက်ပြန်သွင်းဖို့ ဝန်ထုပ်ကို စဉ်းစားလိုက်မိသည်။
သူမက သူမသာ ပါရမီအလုံအလောက်ကို မပြသနိုင်ပါက လက်ထက်ပွဲအတွက် အသုံးချပစ္စည်းအဖြစ် ချနင်းခံရမည်ကိုလည်း အမှတ်ရလိုက်သည်။
ဖန်းလီကျွမ်းက မာနကို ချိုးနှိမ်ကာ လုံအောင်ထျန်းလိုလူမျိုးနှင့် ပတ်သက်ခဲ့သည့်အချိန်ကိုပင် ပြန်လည်အမှတ်ရသွား၏။ သူမ၏ ဆုံးဖြတ်ချက်က မှန်ကန်ခဲ့ပြီး ကံကြမ္မာကို ပြောင်းလဲသွားစေသည့် ကိုယ်ပျောက်အဆောင်ကို ရှာတွေ့ခဲ့သည်။
“ကျွန်မကို သက်ညှာပေးလို့ရမလား။ ကျွန်မ မသေချင်ဘူး”
“ဘယ်သူကမှ မသေချင်ဘူး” လီကျွင်းက ပြောလိုက်၏ “အခု စာချုပ်အဆုံးသတ်ရမဲ့အချိန်ပဲ”
“ညှိနှိုင်းလို့မရတော့ဘူးလား”
“မရဘူး။ သေခြင်းတရားထက်ဆိုးတဲ့ အတွေ့အကြုံမျိုးကို ခံစားချင်တာလား”
ဖန်းလီကျွမ်းက ပါးစပ်ဟလိုက်သော်လည်း ဘာမှမပြောနိုင်ပေ။ သူမက သူ့အမျိုးသမီးဖြစ်လာပြီး အသက်ကိုသက်ညှာပေးဖို့ တောင်းဆိုချင်မိသည်။ သို့သော်လည်း ထိုအမျိုးသား၏ စိတ်အရ ထိုအပေးအယူကို လက်ခံမည်မဟုတ်ကြောင်း သိလေသည်။
ပို၍အရေးကြီးသည်က သူမတွင် မာနရှိနေသည့်အတွက် သူမ၏ ရန်သူရှေ့တွင် ထိုမျှဈေးမပေါလိုပေ။ မည်သို့ပင်ဆိုစေကာမူ သူမက မသေချင်သေးပေ။
ဖန်းလီကျွမ်းက စစ်ပွဲအဆောင်နှင့် ပတ်သက်သည့် သတင်းအချက်အလက်ကို ပြောပြခဲ့၏။ ထိုအရာက နေရာအတိအကျ မဟုတ်သော်လည်း တာအိုအခွင့်အလမ်းဂိုဏ်း၏ သတင်းစုစည်းရေးစွမ်းရည်ဖြင့် ရှာဖွေတွေ့ဖို့ သိပ်ကြာမည် မဟုတ်ပေ။
ထို့နောက် သူမက နှလုံးသားအထက် လက်ကို တင်လိုက်ပြီး ကိုယ်ပျောက်အဆောင်ကို ဆွဲထုတ်ဖို့ ပြင်လိုက်သည်။
ငါ ငါ့လမ်းစဉ်ကို ဒီနေရာမှာ အဆုံးသတ်မသွားချင်ဘူး…
ဖန်းလီကျွမ်းက အဆုံးသတ်ထိ မလိုလားပေ။ သူမက လွတ်မြောက်နိုင်ချေကို စဉ်းစားလိုက်၏။
“မြန်မြန်လုပ်” လီကျွင်းက စိတ်မရှည်စွာ ပြောလိုက်၏။
ထို့နောက် ရုတ်ချည်းဆိုသလို ဖန်းလီကျွမ်း၏ မျက်ဝန်းများက တောက်ပလာပြီး အော်ပြောလိုက်သည် “ကောင်းကင်တာအို ကျွန်မ ဘက်ပြောင်းချင်တယ်။ ကျွန်မ မိစ္ဆာဘက် ဝင်ရောက်ချင်တယ်”
ဘန်း
လီကျွင်း၏ လှံက သူ့တိုက်ကွက်ကို အလွယ်တကူ ချေဖျက်နိုင်သည့် ရွှေရောင် အကာအရံတစ်ခုနှင့် ထိတွေ့သွား၏။ ထို့နောက် သူက ကစားပွဲကို ထိန်းချုပ်ထားသည့် ကောင်းကင်တာအို၏ ထူးကဲသည့် စွမ်းအားကို ခံစားမိလိုက်သည်။
[ကစားသမား ဖန်းလီကျွမ်းက ဘက်ပြောင်းလိုပါသလား။ ကျေးဇူးပြုပြီး အတည်ပြုပေးပါ]
“ဟုတ်ပါတယ်။ ကျွန်မကို ဒီနေရာကနေ ခေါ်ထုတ်သွားပေးပါ”
“မင်း ဘာလုပ်နေတယ်ဆိုတာကို သိလား။ သစ္စာဖောက်ဖြစ်လာရင် မင်းရဲ့တာအိုသက်သေပြခွင့်ကို ဆုံးရှုံးရလိမ့်မယ်” ဝမ်ဝေ့က ပြောလိုက်၏။
“အသင်္ချေအင်ပါယာကမ္ဘာမှာ ဖြစ်မှာပေါ့။ ဒါပေမဲ့ အဆုံးမဲ့လေဟာနယ်က ကျယ်ပြန့်တယ်။ နောက်ထပ် အခွင့်အရေးတွေ အများကြီးရှိသေးတယ်” ဖန်းလီကျွမ်းက နှာခေါင်းရှုံ့ကာ ပြန်ဖြေလိုက်၏။
“အဲဒါဆို မင်းတို့ရဲ့ အံ့ဖွယ်တာအိုမျိုးနွယ်ကရော။ မင်းရဲ့ သစ္စာဖောက်မှုကိုသာ သိသွားရင် သူတို့ ဘယ်လိုအခက်တွေ့မယ်ဆိုတာကို သိတယ်မလား”
ဖန်းလီကျွမ်းက အံကြိတ်ထားပြီး ပြန်မဖြေပေ။ ထိုနည်းလမ်းက သူမအတွက် အသက်ရှင်နိုင်မည့် တစ်ခုတည်းသော အခွင့်အရေး ဖြစ်၏။
[ဘက်ပြောင်းတာက ကစားပွဲရဲ့ စည်းမျဉ်းတစ်စိတ်တစ်ပိုင်းဆိုတော့ လက်ခံပါတယ်]
ဖန်းလီကျွမ်းက အဖြူရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားသည်။
“ကျစ်” လီကျွင်းက ကျိန်ဆဲလိုက်၏ “အဲဒါဆို စာချုပ်ကရော”
သူက ထိုစကားများကို ပြောလိုက်သည်နှင့် ကောင်းကင်မှ ပစ္စည်းနှစ်ခု ကျရောက်လာ၏။
“ကမ္ဘာ့အရင်းအမြစ်နဲ့ ကုသိုလ်လား။ ဒါက စာချုပ်ချိုးဖောက်တဲ့ တန်ကြေးလား” ထို့နောက် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားမိလိုက်သည်?
“ကောင်းကင်တာအိုက ဖန်းလီကျွမ်းအတွက် ဘာလို့ဒီလောက် လုပ်ပေးနေရတာလဲ”
“ဒါက မေးခွန်းကောင်းပဲ” ဝမ်ဝေ့က မိုးကုတ်စက်ဝိုင်းကို ကြည့်ရင်း ပြောလိုက်သည်။
“တကယ်လို့ ဒီလိုသာ ဖြစ်မှန်းသိရင် သူ့ကို မြန်မြန်ဆန်ဆန် သတ်ခဲ့ပါတယ်”
“ရှင့်ကိုရှင် အပြစ်တင်မနေနဲ့။ အနည်းဆုံးတော့ ကျွန်မတို့တွေ ကစားပွဲ စည်းမျဉ်းတစ်ခုကို သိခဲ့ရတာပဲ” ယန်းလီလင်းက ပြောလိုက်၏။
“အဲဒါဆို သူမရဲ့ တပ်ဖွဲ့ကို ဘယ်လိုလုပ်မှာလဲ” ထျဲ့ကန်က မေးလိုက်သည်။
“သတ်ပစ်လိုက်ရမလား”
“သူတို့ကို ထောက်ပံ့ပေးဖို့ အစားအစာ အလုံအလောက် ရှိတယ်မလား”
“ကံကြမ္မာကောင်းမျိုးစေ့နဲ့ သူတို့ကို ကျွေးဖို့က ပြဿနာမဟုတ်ဘူး။ ပြဿနာက တိုက်ပွဲတစ်ခုအပြီးမှာ သူတို့တွေ လိုအပ်မဲ့ စွမ်းအားဖြည့်တင်းရေး ဆေးလုံးတွေကို သန့်စင်ဖို့ ဝိညာဉ်ဆေးဝါးတွေပဲ။ ဘာလို့ မေးတာလဲ”
“သူတို့က သိပ်မကြာခင် အသုံးဝင်မဲ့ အမြှောက်စာဖြစ်လာမယ်လို့ ခံစားမိနေတယ်” ဝမ်ဝေ့က ပြောလိုက်သည်။
“အဲဒါဆို သူတို့ကို ထိန်းချုပ်ဖို့ နည်းလမ်း ရှာလိုက်မယ်”
“အဲဒါဆို သူတို့ကို အညံ့ခံဖို့ အကြောက်တရား ထည့်သွင်းလိုက်မယ်” လီကျွင်းက သူတို့ဆီ လျှောက်လှမ်းသွားရင်း ပြောလိုက်သည်။
………………………………………….
ဒေါသပိုင်နက်၊ စံအိမ်တစ်ခုအတွင်း
ဒေါသက သူမ၏ စက်ကွင်းများစွာ ပါဝင်နေသည့် အနီရောင်တောက်တောက် မျက်လုံးကို ဖွင့်လာသည်။ သူမက အဝတ်အစားဗလာဖြင့် ကျင့်ကြံရာမှ ထွက်လာလေ၏။ သူမက ကျင့်ကြံရာတွင် ကိုယ်လုံးတီးနေသည့် အလေ့အကျင့် ရှိလေသည်။ ထိုအရာက သူမအတွက် ပိုမိုသက်တောင့်သက်သာ ရှိ၏။
သူမ၏ ကောင်းမွန်စွာ ဖွံ့ဖြိုးနေသော ခန္ဓာကိုယ်အထက် အဖြူရောင် ဟန်ဖု ဝတ်စုံ ထွက်ပေါ်လာ၏။ သူမ၏ ပန်းရောင်ဖျော့ဖျော့ ဆံပင်များကိုပါ ထည့်ပေါင်းလိုက်လျှင် သူမ၏ အလှတရားက ရှုရှစ်နှင့် စုယာတို့ကိုပင် ရှုံးနိမ့်မည် မဟုတ်ပေ။ အရှိန်အဝါအရ သူမက တာအို၏ အထွတ်အထိပ်ကို မမြင်ဖူးသေးသည့်အတွက် ဝူဟုန်ထံတော့ ရှုံးနိမ့်လိမ့်မည်။
သူမက အခန်းအတွင်းမှ ထွက်လာကာ တစ်စုံတစ်ခုကို တွက်ချက်ကြည့်လိုက်၏။
“ဘက်ပြောင်းသူလား” သူမ အကြည့်များက တောက်ပလာ၏။
“ဒီလိုလူမျိုးက အစီအစဉ်တွေကို ပိုမိုချောမွေ့စေလိမ့်မယ်”
ဒေါသက ဘက်ပြောင်းသူတစ်ယောက်ကို မျှော်လင့်နေသော်လည်း လူသားများက မိစ္ဆာများအပေါ် မည်မျှမုန်းတီးမှုကို တွက်ဆကြည့်လျှင် မျှော်လင့်မထားမိပေ။ ဤသို့သော မျိုးဆက်ပိုင်းဆိုင်ရာ အမုန်းတရားမျိုးက လူသား၏ သွေးမျိုးဆက်နှင့် ဝိညာဉ်အထိ ကိန်းအောင်းနေ၏။
သူမက လက်ဝှေ့လိုက်ပြီး ပိုင်နက်ခုနစ်ခုလုံးကို ပြန်လည် စစ်ဆေးကြည့်ရှုလိုက်သည်။ ထိုကြေးမုံက အနက်ရောင်နှင့် အဖြူရောင် အစက်အပြောက်များအဖြစ် လူသားနှင့် မိစ္ဆာများကို ပြသနေ၏။ အနက်ရောင် အစက်အပြောက်များက ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် ပျောက်ကွယ်လာသော်လည်း သူမက ဂရုမစိုက်ပေ။
ဒေါသ ဂရုစိုက်သည့် တစ်ခုတည်းသောအရာက အဖြူပြောက်များ ပျောက်ကွယ်သွားမှု ဖြစ်၏။
“သွေးဆာမှု မလုံလောက်သေးဘူးပဲ” သူမက မှတ်ချက်ပေးလိုက်၏ “ဒါပေမဲ့ အချိန်ရှိပါသေးတယ်”
သူမက ကြေးမုံကို ထိန်းချုပ်ကာ တစ်စုံတစ်ခုကို ပုံရိပ်ထင်စေလိုက်သည်။
“ဘက်ပြောင်းသူက ငါ့ပိုင်နက်ထဲမှာလား။ ကောင်းလိုက်တာ”
ဒေါသက ကစားပွဲစတင်ကတည်းက ပထမဦးဆုံးအကြိမ်အဖြစ် သူမ စံအိမ်မှ ထွက်သွားဖို့ ပြင်ဆင်လိုက်သည်။ သူမက အသင်္ချေအင်ပါယာကမ္ဘာအတွက် သိသိသာသာ ထိုးနှက်ချက်ပေးဖို့ ပြင်ဆင်ထား၏။ တိထျန်း၊ ဝမ်ဝေ့နှင့် မူမမှန်သည့် ယီလျန်ချန်းကလွဲ၍ တခြားကောင်းကင်ရွေးချယ်ခံအားလုံးကို သတ်ဖြတ်ပစ်ဖို့ ယုံကြည်ချက် ရှိ၏။
သို့သော်လည်း ဒေါသက ထိုအရာကို လုပ်ခြင်းက သူမ၏ အစီအစဉ်အားလုံးကို ပျက်စီးသွားစေလိမ့်မည်မှန်း သိထားသည်။ ထို့အပြင် သူမသာ လုပ်ဆောင်ခဲ့ပါ အသင်္ချေအင်ပါယာကမ္ဘာ၏ ကောင်းကင်တာအိုက ကစားပွဲကို ပြောင်းပြန်လှန်ကာ ဝမ်ဝေ့နှင့် တိထျန်းအပေါ် ထားရှိထားသည့် အကန့်အသတ်များကို ဖယ်ရှားပြီး သူမကို အမဲလိုက်စေလိမ့်မည်။ ထို့ကြောင့် သူမအနေဖြင့် မျှခြေ မထိပါးမိစေရန် သတိထားဖို့ လိုအပ်၏။ သူမ၏ လက်အောက်ငယ်သားများကို အမိန့်တချို့ ပေးပြီးသည့်နောက်တွင် သူမက တည်နေရာတစ်ခုဆီ ပျံသန်းထွက်လာ၏။
……………………………………..
ဖန်းလီကျွမ်းက ဒေါသစံအိမ်နှင့် အဝေးတစ်နေရာတွင် ရုတ်ချည်းပေါ်ထွက်လာသည်။
“ကယ်တင်ခံရပြီလား” သူမက ဘေးပတ်လည်ကို ကြည့်ရင်း ရေရွတ်လိုက်သည်။
“ငါ့ဆီမှာ အချိန်မရှိဘူး။ ငါ မလှုပ်ရှားခင် ဒဏ်ရာတွေကို တည်ငြိမ်အောင် လုပ်ဖို့လိုတယ်”
သူမက အံ့ဖွယ်တာအိုမျိုးနွယ်ဝင်များကို ဆက်သွယ်ကာ မြန်မြန်ထွက်သွားခိုင်းဖို့ စီစဉ်ထား၏။ သူမက အနည်းဆုံးတော့ ဖန်းမျိုးနွယ်မှလူများကို ကယ်တင်ချင်မိသည်။
ဖန်းလီကျွမ်းသည် မျိုးနွယ်က သူမအား စွန့်ပစ်ကာ သစ္စာဖောက်ဟု အမည်တပ်မည်ကိုလည်း စိုးထိတ်မိသည်။ အံ့ဖွယ်တာအိုမျိုးနွယ်က ဆင်းရဲလွန်းသည့်အတွက် သူတို့အရင်းအမြစ်အတွက် လာတိုက်ခိုက်မည့် တခြားအင်အားစုများ မရှိပေ။ ထို့ကြောင့် သူတို့သာ သူမနှင့် ဆက်နွယ်မှုအားလုံးကို ဖယ်ရှားပစ်ပြီး ဖန်းမျိုးနွယ်ကို စတေးခဲ့ကာ သူမကို အမဲလိုက်ဖို့ ကျိန်ဆိုပါက သူတို့သည် ဤကိစ္စမှာ အသက်ရှင်နိုင်လောက်သည်။
ငါ့ဒဏ်ရာတွေကို တည်ငြိမ်အောင် လုပ်ပြီးသွားမှ အဲ့ကိစ္စတွေကို စိတ်ပူတော့မယ်…
ဖန်းလီကျွမ်းက အနီးအနားရှိ တောင်တစ်ခုဆီ ဦးတည်ကာ ဒဏ်ရာ ကုသဖို့ နေရာရှာဖွေလိုက်သည်။
ထိုတောအုပ်၏ အပြင်ဘက် မီတာဒါဇင်ချီအကွာအဝေးတွင် တပ်ဖွဲ့တစ်ခု ရှိနေပြီး သူတို့ခေါင်းဆောင်က ထုံရို့ပင်း ဖြစ်၏။ သူတို့က လွန်ခဲ့သည့် ရက်ပိုင်းခန့်က အောင်မြင်မှုတစ်ခုကို ရရှိလာကာစ ဖြစ်ကာ နောက်မြို့သို့ ဦးတည်နေကြသည်။ သို့သော် သူမ၏ အဖွဲ့က အစားအစာနှင့် မိစ္ဆာတိရစ္ဆာန်များကို ရှာဖွေဖို့ရာအတွက် ဤတောအုပ်အတွင်း စခန်းချထားခြင်း ဖြစ်သည်။
တစ်ခုခုတော့ ဖြစ်နေပြီ…
ထုံရို့ပင်းက မသက်မသာ ခံစားမိ၍ တွေးလိုက်သည်။ သူမက အဖြစ်အပျက်ကို တွက်ချက်ကြည့်သည့်အခါ သူမ၏ ချီကံကောင်းမှုက စိတ်လှုပ်ရှားနေကြောင်း တွေ့လိုက်ရ၏။
“ကံအပြောင်းအလဲ အခွင့်အရေးလား။ ကြည့်ရတာ ကောင်းမဲ့ပုံပဲ”
သူမက ကံတွက်ချက်ရေးအဆောင်ကို ဖွဲ့စည်းပြီးနောက် သူမ၏ ချီကံကောင်းမှု နဂါးနှင့် ဆက်နွယ်လိုက်သည်။
တောအုပ်ထဲလား…
ထုံရို့ပင်းက လတ်တလောလေးမှ အစီအရင် ပြုလုပ်ထားသည့်နေရာကို ရှာတွေ့ဖို့ရာ သိပ်မကြာလိုက်ပေ။ ထိုသူက ပုန်းအောင်းဖို့ ကြိုးစားနေသော်လည်း သူမကဲ့သို့ သင်္ကေတပညာရှင်ဆီမှ ပုန်းအောင်းနိုင်ဖို့ မလုံလောက်ပေ။ အစီအရင်ကို ချိုးဖောက်ဖို့ အချိန်တစ်ခုယူပြီးသည့်နောက်တွင် ထုံရို့ပင်းက အထဲသို့ ဝင်လိုက်သည့်အခါ သတိကြီးကြီးထားထားသည့် မိန်းမအိုကြီးတစ်ယောက်ကို မြင်လိုက်ရသည်။
သူမအနေဖြင့် ထိုသူအား မှတ်မိဖို့ အချိန်တစ်ခုကြာမြင့်ခဲ့၏။
“ဖန်းလီကျွမ်းလား”
“ထုံရို့ပင်းလား”
“ဟားဟား ကျွန်မရဲ့ ကံကောင်းမှုက အတော်လေးကို ကောင်းသားပဲ” ထုံရို့ပင်းက အပြစ်ကင်းကာ ချစ်စရာကောင်းမှုအပြည့်ဖြင့် ပြောလိုက်သည်။
“ငါတို့ကြားမှာ ဘာရန်ကြွေးမှမရှိဘူး။ ငါ့လက်ရှိအခြေအနေနဲ့ မင်း ရန်လိုနေစရာ မလိုဘူး”
“ရန်လိုနေတယ်တဲ့လား။ ကျွန်မတို့က တစ်ယောက်နဲ့တစ်ယောက် သတ်ဖို့ ကံကြမ္မာဖန်လာတဲ့ ပြိုင်ဘက်တွေပဲ။ ဘာပဲဖြစ်ဖြစ် ရှင် လေကုန်ခံမနေနဲ့။ ဘာပဲဖြစ်ဖြစ် ရှင်က ကျွန်မရဲ့ သတ်ဖြတ်ရေးစာရင်းမှာ ရှိပြီးသား”
“ဘာလို့လဲ”
“ဘာလို့လို့ ထင်လဲ”
“ကိုယ်ပျောက်အဆောင်”
“အတိအကျပဲ။ ကျွန်မရဲ့ စွမ်းအားကို တိုးမြှင့်မဲ့ နည်းလမ်းကို ရှာနေခဲ့တာ။ အကောင်းဆုံးနည်းလမ်းက ဘိုးဘေးအဆောင် ၁၂ခုထဲက တချို့ကို စုပ်ယူဖို့ပဲ” ထုံရို့ပင်းက မူလအဆောင်နှင့် ဆက်သွယ်ထားသည့်အတွက် ထိုအရာက တခြားသော ဘိုးဘေးအဆောင်များကို စုပ်ယူပါက သူမအား အကျိုးအမြတ် ဖြစ်ထွန်းစေလိမ့်မည်။
ထို့ကြောင့် သူမက တိထျန်းနှင့် ဝမ်ဝေ့ကြားမှ ထိပ်တိုက်တွေ့ဆုံမှုကို မြင်တွေ့ပြီးသည့်နောက်တွင် ဖန်းလီကျွမ်းအပေါ် မျက်စိကျနေခဲ့၏။
“ငါတို့တွေ ညှိနှိုင်းကြရအောင်…”
ထုံရို့ပင်းက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် သင်္ကေတများစွာကို ထုတ်ဖော်လိုက်ပြီး ချက်ချင်းဆိုသလို စည်းပိတ်လိုက်သည်။ ဖန်းလီကျွမ်း၏ လက်ရှိအနေအထားဖြင့် သူမက မခုခံနိုင်ပေ။
“ ရှင့်ကို သတ်ရတာ နှမြောစရာပဲ။ ရှင့်ရဲ့ စွမ်းအားနဲ့ တာအိုတွေ စုပ်ယူထားတဲ့ ကိုယ်ပျောက်အဆောင်ကို ယူပြီးတော့ ကောင်းကောင်းသုံးပါ့မယ်”
ထို့နောက် သူမက ဖန်းလီကျွမ်း၏ စွမ်းအားကို သန့်စင်ကာ ကိုယ်ပျောက်အဆောင်ထဲ ထည့်ပေါင်းလိုက်သည်။ သူမ ပြီးမြောက်သွားသည်နှင့် ကောင်းကင်ရွေးချယ်ခံ တစ်ယောက် သေဆုံးသွားပြီ ဖြစ်၏။
“ဒီအဆောင်နဲ့ဆိုရင် ငါက ပွင့်ချပ်လေးလွှာ အတားအဆီးကို ချိုးဖောက်ပြီး ပွင့်ချပ်ငါးလွှာအဆင့်ကို ရောက်ရှိနိုင်လောက်တယ်။ ဒါပေမဲ့ မလုံလောက်သေးဘူး” ထုံရို့ပင်းက ရေရွတ်လိုက်၏။
***