မီးတောက် ဆင့်ကဲပြောင်းလဲခြင်း
Vol. 70 Ch. 972
ချူချန်းတန်နှင့် တိကျဲတို့ ထွက်သွားသည့်အခါ သူတို့က မယုံကြည်နိုင်ဘဲ ဖြစ်နေကြသေးသည်။ မိုဝူကျိ၏ စကားများအရ သူတို့က ထိပ်တန်းအဆင့် နှင်းစက်စိမ်းဆန်ကို အလွယ်လေး စိုက်ပျိုးနိုင်ကြလိမ့်မည်။ အကယ်၍ ထိပ်တန်းအဆင့် နှင်းစက်စိမ်းဆန်ကို အလွယ်လေး စိုက်ပျိုးနိုင်လျှင် ဤမျှ အဖိုးတန်နေမည် မဟုတ်ပေ။
သို့သော်လည်း သူတို့က မိုဝူကျိ စကားများ အမှန်ဖြစ်ဖို့ရာ မျှော်လင့်နေမိကြသည်။ ထို့ကြောင့် မိုဝူကျိဆီမှ သင်ယူပြီးသည်နှင့် နှစ်ယောက်လုံးက မြန်မြန် နှုတ်ဆက်၍ စမ်းသပ်ကြည့်ရန် ထွက်လာကြတော့သည်။
မိုဝူကျိ၏ အကျိုးမြတ်ကလည်း မနည်းပါးလိုက်ပေ။ ချူချန်းတန်နှင့် တိကျဲတို့ကို ထွက်သွားပြီးနောက် သူက ရွိုက်ကောနှင့် ချီချွမ်းအား ညွှန်ကြားကာ မိုးကောင်းကင်မြို့ထဲမှ ထွက်သွားတော့သည်။
မိုဝူကျိအတွက် အရေးတကြီး လုပ်ဖို့ လိုအပ်နေသည့်အရာမှာ သူ့ပညာရှင်နှလုံးသား ဖြစ်၏။ သို့သော်လည်း မိုးကောင်းကင်မြို့သည် စကြဝဠာအစွန်းကဲ့သို့ မဟုတ်သည့်အတွက် မိုးကောင်းကင်မြို့ထဲ၌ ခြယ်လှယ်နိုင်သည့် ဂိုဏ်းချုပ်မို မဟုတ်ပေ။
သူ့လက်ရှိ အနေအထားဖြင့် မိုးကောင်းကင်မြို့အတွင်း ပညာရှင်နှလုံးသား မီးတောက် ဆင့်ကဲပြောင်းလဲလာစေဖို့ သူ့ရှေးဦးမူလ မီးကျောက်ကို မထုတ်ရဲပေ။ အကယ်၍ သူက အတားအဆီးများ ချထားလျှင်ပင် မလုပ်ရဲသေးချေ။
အကယ်၍ ရှေးဦးမူလ ရတနာ စွမ်းအားသာ ထွက်ပေါ်လာလျှင် လူအများက အပြေးအလွှား ရောက်လာကြလိမ့်မည်။ မိုဝူကျိက သူ့အင်အားမှာ အင်မတန် နိမ့်ကျနေသေးကြောင်း ကောင်းကောင်း သိထား၏။ ယခင် နတ်ဘုရားနယ်မြေအတွင်းတွင် ရှိစဉ် နတ်ဘုရားကုန်းမြေသို့ သွားဖို့ရာ နိဗာန တိတ်ဆိတ်မှု ပင်လယ်ကို ဖြတ်သွားရုံအမှအပ ရွေးချယ်စရာ မရှိတော့သည့်အထိ လိုက်ဖမ်းဆီးခံခဲ့ရသည်။
ယခု သူက နတ်ဘုရားကုန်းမြေဆီ ရောက်လာပြီ ဖြစ်ရာ ဤသို့သော အခြေအနေမျိုးနှင့် ထပ်မကြုံတွေ့စေဖို့ မျှော်လင့်မိထား၏။
တစ်ချိန်တည်းဆိုသလို မိုဝူကျိက နှင်းစက်ကျ မြို့ဆီလည်း သွားကြည့်ချင်မိသည်။ ချူချန်းတန် ပြောစကားအရ နှင်းစက်ကျ မြို့အတွင်း ကျင်းပမည့် လေလံပွဲ ရှိပေမည်။ ရှေးဦးမူလ မီးကျောက် ရှိရုံသာမက အမြစ်မဲ့သံမဏိလည်း ပါရှိမည် ဖြစ်၏။
အမြစ်မဲ့သံမဏိသည် ဟို့ထျန်း ပစ္စည်း ဖြစ်သော်လည်း ရှန်းထျန်း ပစ္စည်းတချို့၏ တန်ဖိုးပင် နှိုင်းယှဉ်၍ မရပေ။ အကြောင်းအရင်းမှာ အမြစ်မဲ့ သံမဏိကား သဘာဝဓာတ် မရှိသည့် ပစ္စည်း ဖြစ်နေ၍ ဖြစ်သည်။ ပန်းပဲ အတွေ့အကြုံမရှိသည့် လူပင် ဤသို့သော ပစ္စည်းမျိုးဖြင့် ထုလုပ်နိုင်ပေလိမ့်မည်။
အရေးကြီးဆုံးအချက်မှာ မှော်ရတနာအဖြစ် ထုလုပ်ပြီးသည့်နောက်တွင် အမြစ်မဲ့ သံမဏိသည် သူ့ဘာသာ ဆင့်ကဲပြောင်းလဲနိုင်ပေ၏။ နောက်ဆုံးအခြေအနေသို့ ရောက်ရှိသွားသည့်အခါ ရှန်းထျန်းရတနာထက် အားနည်းမည် မဟုတ်ပေ။ ထိုအခက်က မိုဝူကျိ၏ ဆေးပြင်းမီးဖို ကျောက်တုံးနှင့် အလားတူပေသည်။ သို့သော်လည်း ဆေးပြင်းမီးဖို ကျောက်တုံးကား ရှန်းထျန်း ရတနာ ဖြစ်၏။
သို့သော် ထိုတစ်ချက်တည်းဖြင့် အမြစ်မဲ့သံမဏိကား ပို၍ အဖိုးတန်နေပြီ ဖြစ်၏။ အကယ်၍ စွမ်းဆောင်ရည်က လိုအပ်နေလျှင် ရှန်းထျန်း ရတနာ ရရှိထားလျှင်ပင် အသုံးပြုရဲမည် မဟုတ်ပေ။ သို့သော်လည်း အမြစ်မဲ့သံမဏိအတွက် အလားတူ မဟုတ်ချေ။ အကယ်၍ ထိုအရာက မှော်ရတနာ ဖြစ်ပြီးသွားပါက သာမာန် မှော်ရတနာကဲ့သို့ အငွေ့အသက်သာ ထွက်ပေါ်နေလိမ့်မည်။ မည်သူကမှ ထိုးထွင်းမြင်နိုင်မည် မဟုတ်ပေ။
နတ်ဘုရားလောကရှိ ထိပ်တန်း ဟို့ထျန်း ရတနာငါးမျိုးအနက် အမြစ်မဲ့သံမဏိသည် တတိယအဆင့် ချိတ်၏။ တခြားသော လေးမျိုးမှာ လောကကျောက်တုံး၊ အာကာပြင် ရေအတားအဆီး၊ ကူးတို့ဝါးနှင့် အတွေးမဲ့ရွေတို့ ဖြစ်ကြသည်။
နတ်ဘုရားနယ်မြေတွင် ရှိနေကတည်းက မိုဝူကျိ၏ မှော်ရတနာမှာ သူကိုယ်တိုင် ထုဆစ်ထားသည့် ရုပ်ဆိုးဆိုး ပုဆိန်လှံရှည်သာ ကိုင်ဆွဲခဲ့ရသည်။ သူ့လခြမ်းကွေး ပုဆိန်လှံရှည်မှာ အသုံးပြု၍ မရနိုင်တော့ပေ။
ကျင့်ကြံဆင့် ခြားနားချက်မှာ သိပ်မကွာခြားသည့်အခါ မှော်ရတနာကြားရှိ ကွာဟချက်မှာ အနိုင်ရသူနှင့် ရှုံးနိမ့်သူကြား အဆုံးအဖြတ် ဖြစ်လာလိမ့်မည်။ ထို့ကြောင့် မိုဝူကျိက ထိုအမြစ်မဲ့ သံမဏိကို ဝယ်ယူရန် ရည်ရွယ်ထား၏။ ထိုနည်းလမ်းဖြင့် သူက သူကိုယ်သူ ကာကွယ်နိုင်မည့် အရာကို ရလာလိမ့်မည်။
နှင်းစက်ကျ မြို့နှင့် မိုးကောင်းကင်မြို့ကြားတွင် ကူးသန်းရေး အစီအရင် မရှိသည့်အတွက် မြို့နှစ်ခုကြားရှိ အကွာအဝေးမှာ နှစ်ရက်တာလောက် သွားလာခဲ့ရသည်။ ချူချန်းတန် ပြောစကားအရ လေလံပွဲက လေးရက်ကြာပြီးနောက် ကျင်းပမည် ဖြစ်ပေသည်။ ထို့ကြောင့် မိုဝူကျိအတွက် လုံလောက်ပေသည်။
တစ်ရက်တာ ကြာမြင့်ပြီးနောက် မိုဝူကျိက မိုးကောင်းကင်မြို့နှင့် အတော်လေး အလှမ်းဝေးသည့် ချောက်ဘေး၌ ပေါ်လာသည်။ ထိုချောက်အတွင်း မိုဝူကျိက နေရာကျယ်ကျယ်တစ်ခုကို တွေ့လိုက်ရသည်။ ထို့နောက် သူက အတားအဆီးများနှင့် အစီအရင် အထပ်ထပ် ခင်းကျင်းလိုက်သည်။ ထိုအခါမှ သူက ပညာရှင်နှလုံးသားကို ထုတ်ယူလိုက်၏။
ပညာရှင်နှလုံးသားအတွင်း ပွင့်ချပ် ကိုးခုမှာ အစိမ်းရောင် ဖြစ်နေသည်။ ဤပညာရှင်နှလုံးသားကား အဆင့် ၉ အင်မော်တယ် မီးတောက် ဖြစ်ကြောင်း သိသာလှသည်။
မိုဝူကျိက ရှေးဦးမူလ မီးကျောက်ကို ထုတ်လိုက်သည်။ ဤရှေးဦးမူလ မီးကျောက်သည် ရှေးဦးမူလ ရတနာ နာမည်နှင့် ထိုက်တန်ပေ၏။ ယခင် သူပညာရှင်နှလုံးသား မီးတောက်ကို အဆင့် ၉ အင်မော်တယ် မီးတောက်အဖြစ် ဆင့်ကဲပြောင်းလဲပေးခဲ့သော်လည်း တစ်စက်လေးမှ အင်အားလျော့နည်းသွားခြင်း မရှိပေ။
မိုဝူကျိက ရှေးဦးမူလ မီးကျောက်ကို ထုတ်လိုက်သည်နှင့် သူ့ပညာရှင်နှလုံးသားက ပျော်ရွှင်မှုနှင့် ခုန်ပေါက်နေပြီး မိုဝူကျိ လက်ထဲမှ ကျောက်ကို ဆွဲယူသွားတော့သည်။
မီးတောက်လေးက မီတာ ဆယ်ချီ မြင့်မားသည့်အထိ ကျယ်ပြန့်လာသည်။ ထို့နောက် မီးတောက် ဗဟိုချက်ရှိ မီးတောက်ပွင့်ချပ်လေး လေးခုက စတင်၍ ပေါင်းစပ်သွားလေသည်။ မိုဝူကျိက သူ့ပညာရှင်နှလုံးသား၏ မီးတောက် အပူချိန် မြင့်တက်လာကြောင်း ရှင်းရှင်းလင်းလင်း ခံစားမိလာသည်။ အချိန်တိုလေးအတွင်း အပူချိန်က ကြောက်မက်ဖွယ် သတ်မှတ်ချက်အထိ ရောက်ရှိလာသည်။
မီးတောက်လေး ဖြစ်သော်လည်း မိုဝူကျိက မီးတောက်အတွင်းရှိ အက်ကွဲသံများကို ကြားနေရသည်။ စည်းမျည်းများက ကျိုးပျက်သွားပြီး အသစ်မွေးဖွားလာဟန် ပေါ်၏။
တစ်နာရီကြာမြင့်ပြီးနောက် ပညာရှင်နှလုံးသား မီးတောက်က အလျှင်အမြန် အရှိန်လျော့ကျသွားသည်။ ရေပေါက်လေးအလား ထင်မှတ်လောက်ရအောင်အထိ အပြာရောင် မီးတောက်လေးက မိုဝူကျိလက်အတွင်း ရောက်ရှိလာသည်။ မိုဝူကျိက သူ့ပညာရှင်နှလုံးသားပေါ်မှ ရွှေရောင်လိုင်း သုံးလိုင်းကို မြင်လိုက်ရသည်။
ရင်းနှီးသည့် ခံစားချက်တို့ ကြီးစိုးလာသည်။ မိုဝူကျိက ကြောက်မက်ဖွယ် အပူချိန်သည် အင်မော်တယ် မီးတောက်ထက် ဆယ်ဆမက ပိုပြင်းကြောင်း ခံစားမိ၏။ ပညာရှင်နှလုံးသားအတွင်း သက်ရှိတစ်ခု ဖြစ်လာသည့်အလား မိုဝူကျိက အသက်ဓာတ်ကိုပင် ခံစားမိနေသည်။
အဆင့် ၃ နတ်ဘုရား မီးတောက် ….
မိုဝူကျိက အတော်လေး ကျေနပ်သွားသည်။ ရှေးဦးမူလ မီးကျောက်သည် အတော်လေး အံ့အားသင့်ဖို့ကောင်းပြီး သူ့ပညာရှင်နှလုံးသားအား အဆင့် ၃ နတ်ဘုရားမီးတောက်အဖြစ် အဆင့်မြင့် ပေးလိုက်သည်။ ထို့အပြင် သူ့ နိမ့်ကျသော ကျင့်ကြံဆင့်လေးဖြင့် ဖြစ်၏။ မဟုတ်လျှင် သူ့ပညာရှင်နှလုံးသားက ထိုထက် ပို၍ အဆင့်မြင့်သွားနိုင်သည်။
ရှေးဦးမူလ မီးကျောက်အား လေလံပွဲ၌ ဝယ်ယူဖို့ရာကား ရိုးရှင်းသည့် ကိစ္စ မဟုတ်ပေ။ သူ့လက်ရှိစွမ်းရည်ဖြင့် ရွှေရောင် နိဗာနတာအိုသဲကိုသာ ထုတ်ရတော့မည် ဖြစ်၏။ သို့သော် မီးကျောက်နှင့် လဲလှယ်နိုင်မည်လားတော့ ပြောဖို့ရာ ခက်ခဲလှ၏။
ရွှေရောင် နိဗာန တာအိုသဲသည် ပို၍ အဖိုးတန်နေလျှင်ပင် ရှေးဦးမူလ ကျောက်နှင့် အလှမ်းကွာနေသေး၏။ သူ့တစ်ခုတည်းသော မျှော်လင့်ချက်မှာ ရွှေရောင် နိဗာနတာအိုသဲသည် နတ်ဘုရားဘုရင်များ အလိုရှိသည့်အရာ ဖြစ်ပြီး နတ်ဘုရားဘုရင်အဆင့်အား သဟဇာတ နတ်ဘုရားအဖြစ် တက်လှမ်းနိုင်မည့် အခွင့်အရေး ပေးနိုင်သည့် ရတနာမျိုး ဖြစ်နေရန် မျှော်လင့်မိ၏။
ဤတစ်ကြိမ်၌ သူ့ပညာရှင်နှလုံးသားမှာ နတ်ဘုရားမီးတောက်အဖြစ် ပြောင်းလဲသွားပြီး ရှေးဦးမူလ မီးကျောက်အတွင်းမှ စွမ်းအားများကို လျော့နည်းလာစေသည်။ သို့သော်လည်း ဤလျော့နည်းလာမှုကား ကန့်သတ်ထား၏။ နတ်ဘုရားမီးတောက်ပင် သူ့ရှေးဦးမူလ မီးကျောက်ကို များစွာ မသုံးနိုင်သေးပေ။
ပညာရှင်နှလုံးသား ဆင့်ကဲတိုးတက်လာမှုမှာ တစ်နာရီကျော် ကြာမြင့်၏။ တစ်ယောက်ယောက်က ထိုရှေးဦးမူလ မီးကျောက်၏ အရှိန်အဝါကို သတိထားမိသွားလား မသိသော်လည်း မိုဝူကျိက ဤနေရာမှ တတ်နိုင်သမျှ မြန်မြန် ထွက်သွားမည်သာ ဖြစ်သည်။
မိုဝူကျိက အမြန်ဆုံးနှုန်းနှင့် အစီအရင်အလံများကို သိမ်းဆည်းလိုက်၏။ ထို့နောက် သူ့လေလွတ်မြောက်ရေး နည်းစနစ်ကို အသက်သွင်းလိုက်ကာ အစအနမရှိ ပျောက်ကွယ်သွားတော့သည်။
မိုဝူကျိ ထွက်သွားပြီးနောက် အမွေးတိုင်ဝက်စာအချိန်လေးအတွင်း ရွှေရောင် ဝတ်ရုံနှင့် အမျိုးသားတစ်ယောက်က မိုဝူကျိ ရှိခဲ့သည့် နေရာသို့ ရောက်ရှိလာသည်။ သူက ဗလာကျင်းနေသည့် နေရာကို ကြည့်လိုက်ပြီးနောက် ရုတ်ချည်း ကုန်းကာ သဲကို လေ့လာကြည့်လိုက်သည်။ ထို့နောက် သူ့ကိုယ်သူ ရေရွတ်လိုက်လေ၏ “ အမှန်ကို ရှေးဦးမူလ မီးကျောက်ကိုး … ”
သူ့မျက်နှာက ပြောင်းလဲသွားပြီး သူလည်း ချက်ချင်း ပျောက်ကွယ်သွားတော့သည်။ ထို့နောက် အရိပ်နှစ်ခုက ထိုနေရာသို့ ရောက်ရှိလာကြသည်။ ထိုနှစ်ယောက်က ခဏတာ နေလိုက်ပြီးနောက် ရွှေရောင်ဝတ်ရုံနှင့် အမျိုးသား ထွက်သွားသည့် တည်နေရာအတိုင်း ထွက်သွားကြသည်။
……….…
ထိုစဉ် မိုဝူကျိက နှင်းစက်ကျ မြို့သို့ ရောက်ရှိနေလေပြီ။
သူက မိုးကောင်းကင်မြို့သို့ ရောက်စဉ်ကတည်းက သူ့ရုပ်ရည် အစစ်အမှန်ကို မထုတ်ဖော်ဖူးပေ။ သူ ချူချန်းတန်နှင့် တိကျဲတို့ကို သင်ကြားပေးစဉ်အခါကပင် သူက မျက်နှာဝါ ကျင့်ကြံသူအဖြစ် ရုပ်ဖျက်ထားခြင်း ဖြစ်၏။
ယခု သူက နှင်းစက်ကျမြို့သို့ ရောက်လာသည့်အခါ သူ့ရုပ်ရည်ကို လူလတ်နယ်လှည့် ကျင့်ကြံသူတစ်ယောက်အဖြစ် ပြောင်းလဲလိုက်သည်။ ချူယို့ ပေးထားသော အလယ်အလတ်အဆင့် မျက်နှာဖုံးက သူ့အတွက် အတော်လေး အသုံးဝင်လှသည်။
နှင်းစက်ကျမြို့သည် မိုးကောင်းကင်မြို့ထက် ပို၍ စည်ကားလှသည်။ မိုးကောင်းကင်မြို့ကဲ့သို့ ကြီးကျယ်မှုများ မရှိသော်လည်း မိုဝူကျိက နှင်းစက်ကျမြို့သည် မိုးကောင်းကင်မြို့ထက် သက်တမ်းကြာရှည်ကြောင်း ပြောနိုင်၏။
တချို့ ဈေးဆိုင်များ၌ အဆင့် ၅ ဆေးလုံးများ ရရှိနိုင်ကြောင်း ဆိုင်းဘုတ်များ ချိတ်ဆွဲထားကြသည်။ မိုဝူကျိက အဆင့်မြင့် နတ်ပစ္စည်းများ ရောင်းချသည့် ဆိုင်တချို့ကိုလည်း တွေ့လိုက်မိသေး၏။
နတ်ဘုရားကုန်းမြေ၌ နတ်ဘုရားဘုရင်များသာ အဆင့်မြင့် နတ်ပစ္စည်းကို သုံးစွဲနိုင်ကြသည်။
မကြာခင် မိုဝူကျိက ချူချန်းတန် ပြောလိုက်သည့် လေလံပွဲ အကြောင်း တွေ့ရှိသွား၏။ ဤလေလံပွဲက နှင်းစက်ကျမြို့ကိုယ်တိုင် ကြီးမှူးကျင်းပခြင်း ဖြစ်သောကြောင့် နေရာအနှံ့ ကြေညာထား၏။ ကြေညာချက်များအရ ဤလေလံပွဲသည် နှင်းစက်ကျမြို့၏ နှစ်ရာချီ သက်တမ်းအတွင်း အကြီးမားဆုံး လေလံပွဲကြီး ဖြစ်လာလိမ့်မည်ဟု ညွှန်းဆိုထားသည်။
လေလံပွဲ၏ ရည်ရွယ်ချက်ကိုလည်း ရှင်းရှင်းလင်းလင်း ရေးသားထား၏။ နိဗ္ဗာန် အသိပညာရပ်ကျောင်းတော် စစ်ဆေးမှုအတွက် ပြင်ဆင်ရန်သာ ဖြစ်၏။
ခန်းမအတွင်းသို့ ဝင်ရန် လက်မှတ်မှာ အဆင့်မြင့် နတ်ဘုရားကျောက် ငါးထောင် ကုန်ကျမည် ဖြစ်၏။ သီးသန့်အခန်းများအနေနှင့် ဈေးနှုန်းက ပို၍ ကျသင့်ပေမည်။ မိုဝူကျိတွင် နတ်ဘုရားကျောက် လုံလုံလောက်လောက် ရှိနေလျှင်ပင် သူ့အနေနှင့် ရရှိနိုင်မည် မဟုတ်ချေ။ ထိုအရာက မိုဝူကျိအား ငြီးငြူမိသွားစေသည်။ ဝင်ခွင့်လက်မှတ်တစ်ခုတည်းဖြင့် ဤလေလံပွဲသည် အကျိုးအမြတ်များစွာ ရသွားမည် ဖြစ်၏။
မိုဝူကျိက နောက်ကျလွန်းပြီး လက်မှတ်မရရှိတော့မည်ကို စိုးရိမ်မိနေသောကြောင့် လက်မှတ်တစ်စောင် မြန်မြန် ဝယ်ယူလိုက်ရသည်။ လက်မှတ် နံပါတ်မှာ တစ်သောင်းနီးပါး ဖြစ်နေကာ သူ့ခုံနေရာမှာ ၈၇ တန်းမြောက်ရှိ ၁၃၂ မြောက် နေရာ ဖြစ်နေသည်။
လေလံပွဲ ကျင်းပဖို့ တစ်ရက်သာ လိုတော့သောကြောင့် မိုဝူကျိက တည်းခိုဆောင်များ ရှာဖွေမနေတော့ဘဲ နှင်းစက်ကျမြို့အတွင်းရှိ အကြီးမားဆုံး ဆေးပင်ဆိုင် တန်ချန်း ကုန်သည်အိမ်တော်သို့ ထွက်လာလိုက်သည်။
မိုဝူကျိက နတ်ဘုရားကုန်းမြေနှင့် လုံးဝစိမ်းသက်နေခြင်း မရှိပေ။ ထို့အပြင် သူက ချီခွန်းဆီမှလည်း ကြားထားဖူးသောကြောင့် နှင်းစက်ကျမြို့၏ တန်ချန်းကုန်သည်အိမ်တော်၌ နတ်ဆေးပင် အမြောက်အများ ရနိုင်ကြောင်း သိထားသည်။
မိုဝူကျိက တန်ချန်းကုန်သည်အိမ်တော်အတွင်း ဝင်လိုက်သည့်အခါ ဆိုင်က ကြီးမားသော်လည်း လူအများနှင့် ပြည့်နှက်နေကြောင်း သိလိုက်ရ၏။
ပထမအထပ်၌ လူတစ်ထောင်မှ နှစ်ထောင်ကြား ရှိပေလိမ့်မည်။ မိုဝူကျိ၏ လေ့လာချက်အရ ဤနေရာရှိ ကျင့်ကြံသူအများစုမှာ သူတို့ ဆေးပင်များ ရောင်းချရန် ရောက်ရှိနေကြခြင်း ဖြစ်၏။ သူ့လိုမျိုး ဆေးပင် ဝယ်ယူသည့်သူကို မတွေ့မိပေ။
ရောင်းချနေသော ဆေးပင်များမှာ အဆင့် ၄ နှင့် အောက် ဖြစ်ကြပြီး အဆင့် ၅ ဆေးပင်တချို့လည်း ရှားရှားပါးပါး တွေ့ရသော်လည်း တစ်ပင်၊ နှစ်ပင်မျှသာ ဖြစ်သည်။
လမ်းညွှန်ပေးသည့် အရောင်းဝန်ထမ်း မရှိဘဲ မိုဝူကျိက လူအုပ်ကြား တိုးဝှေ့၍ မေးလိုက်သည် “ ကျုပ်က အဆင့်မြင့် ဆေးပင် အများကြီး ဝယ်ချင်လို့ပါ။ ဒီက တာဝန်ခံက ဘယ်မှာလဲ ”
မိုဝူကျိ စကားက အထဲရှိ လူတချို့၏ အာရုံကို ဖမ်းစားသွားနိုင်သောကြောင့် မုတ်ဆိတ်အပြောင် ရိတ်ထားသည့် လူက အပြုံးလေးဖြင့် “ ဘယ်ဆေးလုံးအိမ်တော်ကလဲဗျ ”
“ ကျုပ်က ကျုပ်ရဲ့ မျိုးနွယ်ကို ကိုယ်စားပြုပြီး လာဝယ်တာပါ။ နတ်ဆေးပင် အမြောက်အများ လိုလို့ပါ ” မိုဝူကျိက ပြုံးကာ ပြောလိုက်သည်။
ပုံမှန်အားဖြင့် နတ်ဆေးပင် အမြောက်အမြား ဝယ်ယူသူများသည် ဆေးလုံးအိမ်တော် သို့မဟုတ် ဆေးလုံးဆရာများ ဖြစ်ကြသည်။
မိုဝူကျိကို မျိုးနွယ်စု တစ်ခုမှ လွှတ်လိုက်ကြောင်း ကြားပြီး ဤလူက အပြုံးကြီး ပိုဖြီးလာကာ “ ကျုပ်က တန်ချန်းကုန်သည်အိမ်တော်ရဲ့ တာဝန်ခံပါ။ ဒီက တာအိုရောင်းရင်း ဒုတိယအထပ်ကို လိုက်ခဲ့ပေးပါ ”
တန်ချန်း ကုန်သည်အိမ်တော်၏ ပထမအထပ်သည် ရှုပ်ထွေးကာ လူများလွန်းသော်လည်း ဒုတိယအထပ်မှာ အင်မတန် သန့်ရှင်းလှသည်။ မိုဝူကျိက ကျင့်ကြံသူတချို့သာ မြင်လိုက်ပြီး သူတို့အားလုံးကို ဆိုင်အရောင်းဝန်ထမ်းများက ဦးဆောင်၍ ခေါ်ပေးသွားကြသည်။ ထိုကျင့်ကြံသူများမှာလည်း သူ့ကဲ့သို့ ဖြစ်လောက်၏။
ကုန်းခိုင်၏ လမ်းညွှန်မှုဖြင့် မိုဝူကျိက အခန်းတစ်ခန်းသို့ ရောက်ရှိလာသည်။ သူတို့နှစ်ယောက် ထိုင်လိုက်သည်နှင့် အမျိုးသမီး ကျင့်ကြံသူလေးက လက်ဖက်ရည်ကြမ်း လာရောက်ဧည့်ခံလေ၏။
“ တာအိုရောင်းရင်းက ဘယ်လို နတ်ဆေးပင်မျိုးကို လိုတာလဲ ” ကုန်းခိုင်က မိုဝူကျိအား မည်သည့် မျိုးနွယ်စုလဲ ဟု မမေးပေ။ သူ့အတွေ့အကြုံဖြင့် မိုဝူကျိသည် မျိုးနွယ်စုကို ကိုယ်စားပြု၍ ရောက်ရှိလာခြင်း မဟုတ်ကြောင်း တစ်ချက်တည်းဖြင့် သိလိုက်၏။ သို့သော် သူက စီးပွားရေး မလုပ်ဘူးဟု ဆိုလိုခြင်း မဟုတ်ပေ။ ပုံမှန်အားဖြင့် ဤသို့ သေးသေးမွှားမွှား စီးပွားရေးက ပိုက်ဆံအများဆုံး ရပြီး ရံဖန်ရံခါ၌ ရှားပါးသော ရတနာများပင် ရလိုက်နိုင်သည်။
“ ကျုပ်က အဆင့် ၅ ဆေးပင် လိုနေတာပါ။ များလေ ကောင်းလေပါပဲ ” မိုဝူကျိက တည့်တိုးသာ ပြောလိုက်သည်။
***