← Chapters

စွဲလမ်းခြင်း

Vol. 48 Ch. 670

စွဲလမ်းခြင်း

Vol. 48 Ch. 670

တိထျန်းက စားပွဲတစ်လုံးပေါ် မြေပုံတင်ထား သည့် တဲအတွင်း ထိုင်ကာ တပ်ဖွဲ့၏ လမ်းကြောင်းကို ကြည့်နေသည်။ သူက သူ့တပ်ဖွဲ့၏ လုပ်ဆောင်ချက်နှင့် ပတ်သက်ပြီး မကျေနပ်ပေ။ မည်သို့ပင်ဆိုစေကာမူ သူတို့က အလုပ်ပြီးမြောက်နိုင်ပြီး သူ့အမှတ်အသားပြားကို အသက်သွင်းပေးနိုင်သည်။

ငါ လီကျွင်းနဲ့ ထျဲ့ကန်တို့ကို ရင်ဆိုင်ဖို့ စစ်သူကြီးကောင်းကောင်း လိုတယ်…

အိပ်စက်သူများ မပျက်သုဉ်းခင် ထိုတပ်ဖွဲ့နှစ်ခုအကြောင်း သိထားခဲ့၏။ အထူးသဖြင့် ထျဲ့ကန်၏ မသေနိုင်သော တပ်ဖွဲ့ ဖြစ်၏။ ပြောရလျှင် စစ်သူကြီးနှင့် သူတို့အဖွဲ့ကို အနည်းငယ်သာ အာရုံစိုက်ခဲ့မိသည်။ သူက သူတို့သည် ဤမျှအရေးပါလာလိမ့်မည်ဟု ထင်မထားမိခဲ့ပေ။ ထို့ကြောင့် သူက အိပ်စက်သူများကို စောင့်ကြည့်ခိုင်းထားပြီး ဖြစ်နိုင်လျှင် သူတို့တပ်ဖွဲ့ထဲ ကျူးကျော်ဖို့သာ ပြောထားခဲ့၏။

ဒီအလုပ်တွေအကုန်လုံးက မျက်စိတစ်မှိတ်အတွင်း အကုန်ပျက်စီးသွားတာပဲ…

တိထျန်းက ဆုံးရှုံးမှုနှင့် ပတ်သက်ပြီး စိတ်တိုနေဆဲဖြစ်၏။ သူက အိပ်စက်သူများကို ပြန်လည်တည်ဆောက်ထားခဲ့သော်လည်း ယခင်လူများနှင့် မယှဉ်နိုင်သေးပေ။

နောက်လှုပ်ရှားမှုကို စီစဉ်နေရင်း သူက အဝေးတစ်နေရာမှာ တစ်စုံတစ်ခုကို ခံစားမိလိုက်သည်။

တစ်ယောက်ယောက်က ငါ့ကို ဖြားယောင်းဖို့ ကြိုးစားနေတာလား…

သူက နှာခေါင်းရှုံ့လိုက်ပြီးသည့်နောက်တွင် တဲထဲမှ ထွက်လာပြီး သူ ခံစားမိသည့် နေရာဆီ ဦးတည်လိုက်၏။

တိထျန်းက ရပ်တန့်လိုက်ပြီးသည့်နောက်တွင် လရောင်ခြုံလွှမ်းထားပြီး ကောင်းကင်ကို မော့ကြည့်နေသည့် မိန်းမလှတစ်ဦးကို မြင်လိုက်ရသည်။ သူမအနီးရှိ သစ်ပင်ကြီးက ညလေအေးများထံမှ ကာကွယ်ပေးထားပြီး သူမဘေးနားတွင် ကာကွယ်သူအလား မားမားမတ်မတ် ရပ်တည်နေဟန်ပေါ်သည်။

“ပြီးပြည့်စုံလိုက်တာ” သူက သူမ၏ အရှိန်အဝါကြောင့် ညှို့ယူဖမ်းစားခံလိုက်ရပြီး ရေရွတ်လိုက်သည်။

“နဉ်အာ မင်းလား”

သူ စည်းပိတ်ခံရာမှ ထွက်လာပြီးသည့်နောက်တွင် သူမကို ရှာဖွေဖို့ ကြိုးစားခဲ့သော်လည်း အသုံးမဝင်ခဲ့ပေ။

“မင်းက ကိုယ့်ကို မတွေ့ချင်ဘူးလို့ ထင်နေတာ”

“ကျွန်မ မတွေ့ချင်တာ မဟုတ်ပါဘူး။ အခု ဒီရောက်လာပြီပဲလေ” ချောင်နဉ်က ပြောလိုက်၏။

တိထျန်းက သူမဆီ လျှောက်လှမ်းလာပြီး သူမ၏ လက်နွေးနွေးလေးကို ကိုင်ဆောင်လိုက်သည်။ သူက ချက်ချင်းဆိုသလို လက်မြှောက်ကာ သူမ၏ ပါးပြင်ကို ပွတ်သပ်လိုက်၏။ သူ မှတ်မိနေသည့် မျက်နှာနှင့် အတူတူ ဖြစ်နေဆဲ ဖြစ်သည်။

“တစ်ခုခုတော့ မှားနေပြီ။ မင်းက အရင်တစ်ခေါက်ထက် ပိုအားနည်းသွားတယ်”

ချောင်နဉ်က သက်ပြင်းချကာ  “ရှင့်ကို မပြောပြချင်ဘူး။ ဒါပေမဲ့ ကျွန်မဆီမှာ အချိန်သိပ်မကျန်တော့ဘူး”

“မင်း ပျောက်ကွယ်သွားတော့မှာလား။ ဒါကို ထင်ထားပြီးသားဆိုပေမဲ့ ဒီသေမျိုးအနှောင်အဖွဲ့မှာ ထိန်းထားနိုင်တဲ့ ဘယ်လိုစွဲလမ်းစိတ်ကပဲဖြစ်ဖြစ် ထာဝရ မကြာရှည်နိုင်ဘူး”

“ဝမ်းနည်းစရာကောင်းတဲ့ အမှန်တရားတစ်ခုပဲ” ချောင်နဉ်က ပြောလိုက်ပြီးသည့်နောက်တွင် သူ့မျက်နှာကို ပွတ်သပ်ကာ “ကျွန်မ ထွက်မသွားခင် ရှင်နဲ့ နောက်ဆုံးတစ်ခေါက်တော့ တွေ့ချင်ခဲ့တာ။ ရှင်နဲ့…”

သူမက ရှက်သွေးဖြာသွားသည့်အခါ သူမ၏ ပြီးပြည့်စုံသောအလှတရားကို ပိုမိုတိုးမြှင့်ပေးလိုက်သလို ဖြစ်၏  “နောက်ဆုံးချစ်စိတ်ပြင်းပြတဲ့ညလေး…”

“မင်း ဒီလို ရှက်သွေးဖြာခဲ့တာ ဘယ်တုန်းကမှန်းတောင် မမှတ်မိတော့ဘူး” တိထျန်းက နှစ်သန်းရာချီတွင် အတောက်ပဆုံးသော အပြုံးဖြင့် ပြောလိုက်သည်။

“ကျွန်မကို လာမစပါနဲ့။ ကျွန်မ ရှက်နေတယ်ဆိုတာ ရှင် သိနေတာပဲ”

“အမှန်ပဲ” သူက သူမအား ညင်ညင်သာသာ နမ်းရှိုက်လိုက်ပြီးသည့်နောက်တွင် လူငယ်ဘဝ၏ ဆုံးရှုံးခဲ့ရသော ခံစားချက်ကို ပြန်လည်ခံစားလိုက်သည်။ သူမ နှုတ်ခမ်းများကို ပွတ်သပ်ပြီး ကမ္ဘာတွင်  အကြောက်တရားမရှိဘဲ အနာဂတ်အတွက် ရည်မှန်းချက် မျှော်လင့်ချက်များ ပြည့်နှက်နေသည့် လူငယ်လေးတစ်ဦး ဖြစ်လာသည်။

တိထျန်းက လက်ဝှေ့လိုက်ပြီးသည့်နောက် ပတ်ဝန်းကျင်တစ်ခုလုံးကို ရှင်းလင်းကာ သီးသန့်ခြားနားလိုက်သည်။

ထို့နောက် သူတို့က အဝတ်အစားများကို ချွတ်ကာ ရမ္မက်ပြင်းပြသည့် ချောက်နက်အတွင်း ခုန်ဆင်းခဲ့ကြသည်။ သူတို့၏ ရမ္မက်နှင့် စိတ်ဓာတ်ပြင်းပြမှုများက ၅နာရီကြာ ကြာမြင့်ခဲ့၏။

တိထျန်းက ကြမ်းပြင်မှ ထရပ်လာပြီးသည့်နောက် အဝတ်အစားများကို ဖြည်းဖြည်းချင်း ဝတ်ဆင်လိုက်သည်။ သူက သူတို့ကို မှော်ဆန်ဆန်ဝတ်ဖို့ မန္တန် သို့မဟုတ် နည်းစနစ်များကို အသုံးပြုခြင်း မရှိပေ။ သူ ပြီးဆုံးသွားသည်နှင့် နဉ်အာကို လှည့်ကြည့်လိုက်၏။

သူက သူမ၏ ခန္ဓာကိုယ်မှ အနက်ရောင် မီးခိုးများ ထွက်ပေါ်လာသည်ကို တည်တည်ငြိမ်ငြိမ်သာ ကြည့်နေသည်။ သူက သက်ပြင်းချလိုက်၏။

“ရှင် …  ရှင် ဘယ်လိုလုပ် သိသွားတာလဲ” တဏှာက သူမသည် နှစ်ကြိမ်ဆက်တိုက် ရှုံးနိမ့်ရလိမ့်မည်ဟု ထင်မထားခဲ့ပေ။ အထူးသဖြင့် တိထျန်းနှင့် ဤမျှခရီးအထိ ရောက်ရှိလာပြီးသားဖြစ်၏။

“တောင့်တခြင်းဆိုတာက တည်ရှိသမျှထဲမှာ အားအကောင်းဆုံးအရာထဲက တစ်ခုပဲ” တိထျန်းက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

“တစ်ခါတုန်းက သူမကို အရမ်းလွမ်းလွန်းလို့ သူမကို မြင်ရဖို့ ပုံရိပ်ယောင်တွေထဲမှာ နစ်မြောဖူးတယ်။ ကံဆိုးတာက ဘယ်လောက်ပဲ ကြိုးစားစား သူမကို ပြန်ပြီးတော့ မဖန်တီးနိုင်ဘူး။ ဒါပေမဲ့ မင်းက အောင်မြင်ခဲ့တယ်။ ဘယ်လိုလုပ်မှန်းတော့ မသိပေမဲ့ မင်းက ငါ့ရဲ့ နဉ်အာအဖြစ် ပြောင်းလဲသွားခဲ့တယ်”

သူမက သူ့စိတ်ထဲမှ ပြီးပြည့်စုံသည့်အရာကို ပြန်လည်ပုံဖော်နိုင်ကြောင်း ခန့်မှန်းမိလိုက်သည်။ သို့သော် သူ့အနေဖြင့် အပြည့်အဝ မသေချာပေ။

“အဲ့လိုဆိုရင်တောင် ရှင်က ဘယ်လိုလုပ် သိတာလဲ” သူမက နာကျင်နေသည့် အမူအရာဖြင့် မေးလိုက်သည်။

“မင်းကို ထိတွေ့လိုက်ပြီး လက်ရဲ့ နွေးထွေးမှုကို ခံစားလိုက်တုန်းက … မင်းရဲ့ မျက်နှာက အသက်ဓာတ်နဲ့ နှလုံးခုန်သံကို ခံစားလိုက်ကတည်းက မင်းက အသက်ရှင်နေတယ်ဆိုတာကို သိတယ်။ နဉ်အာရဲ့ စိတ်ဝိညာဉ်က ဒီလိုမျိုး အသက်ဝင်နေအောင် ဖန်တီးနိုင်စွမ်း မရှိဘူးဆိုတာလည်း သိတယ်”

တဏှာက အော်ဟစ်ချင်လာသည်။ သူမက ထိုသို့ ယုတ္တိမဆန်သည့် အရာများကြောင့် ထပ်မံ ကျရှုံးရပြန်သည်။

မဖြစ်သေးဘူး။ ဒါက ယုတ္တိမဆန်တာ မဟုတ်ဘူး။ ဒါက အချစ်ပဲ။ တဏှာမိစ္ဆာတစ်ယောက်အနေနဲ့ ငါ အမြဲတမ်း ရွံရှာခဲ့တဲ့အရာပဲ…

သူမ၏ ဘဝက အချုပ်အနှောင်မဲ့ စိတ်ပြင်းပြမှုများသာ ဖြစ်သည့်အတွက်  ချစ်ခြင်းမေတ္တာ သဘောတရားက မျိုးစိတ်များက သူတို့ကိုယ်သူတို့ ကျွန်ဖြစ်လိုသည့် လူသား ခံစားချက်မှလွဲ၍ ဘာမှမဟုတ်ကြောင်း ယုံကြည်ထားခဲ့သည်။

“တကယ်လို့ ကျွန်မမှန်း သိနေရင် ဘာလို့ အတူတူအိပ်ခဲ့တာလဲ” သူမက သူမ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများ ပျောက်ကွယ်လာသည်ကို ကြည့်ရင်း မေးလိုက်သည်။

“ငါက အထီးကျန်တဲ့သူလေ။ ဒီလောက်နှစ်တွေအကြာကြီးမှာ ဆွဲဆောင်မှုကို တောင့်မခံနိုင်ဘူး” တိထျန်းက သူမ၏ မျက်ဝန်းကို စိုက်ကြည့်ကာ ပြောလိုက်၏။

“ရှင် ဘာအပြစ်ရှိစိတ်မှ မခံစားမိဘူးလား။ ရှင်က ရှင် ချစ်တယ်လို့ ပြောတဲ့ အမျိုးသမီးကို သစ္စာဖောက်ခဲ့တာလေ။ ရှင် ဘာမဆိုလုပ်ပေးချင်နေတဲ့  အမျိုးသမီးကိုပေါ့”

“အဲ့လို ခံစားရပါတယ်။ သူမကို ထပ်တွေ့တဲ့အခါ ငါ့ရဲ့ အပြစ်ကြွေးတွေကို ဝန်ခံမယ်။ သူမက ငါ့ကို ခွင့်လွှတ်ပေးမှာပဲ။ ဘာပဲဖြစ်ဖြစ် ငါက လူသားတစ်ယောက်ပဲ ဖြစ်ပြီးတော့ ဒါကလည်း သဘာဝတစ်ခုပဲလေ”

“ဟား…ဟား…ဟား…” တဏှာက စိတ်ဖောက်ဟန်ဖြင့် ရယ်မောလိုက်ပြီး “ရှင်တို့ ယောက်ျားတွေအားလုံးက အတူတူပဲ။ ရှင်တို့လိုချင်တာ ရပြီးသွားရင် အကြောင်းပြချက်တွေပဲ ရှာနေတာ”

တိထျန်းက ထိုစကားများကြောင့် ဒေါသမထွက်သော်လည်း နဉ်အာ၏ တည်ငြိမ်အေးဆေးသည့် သဘာဝကို ဖျက်ဆီးသည့် ထိုရယ်မောသံကြောင့် စိတ်အနှောင့်အယှက် ဖြစ်လာပြီး မျက်မှောင်ကြုတ်လိုက်သည်။

“အဲဒါက မင်းကို ကျေနပ်စေမယ်ဆိုရင်လည်း အဲ့လိုတွေးပေါ့” တိထျန်းက ထိုမိစ္ဆာသည် ချစ်ခြင်းမေတ္တာနှင့် တပ်မက်မှုကြား ရှုပ်ထွေးသည့် ဇာတ်ကြောင်းတချို့ရှိကြောင်း ပြောနိုင်လေသည်။ သို့သော်လည်း သူက ဂရုမစိုက်ပေ။ သူ့အသိစိတ်က ရှင်းလင်းနေ၏။

“ဘာလို့ ကျွန်မကို သတ်တာလဲ” တဏှာက သူ့တည်ငြိမ်မှုကို ပြန်လည်ထိန်းထားလိုက်သည်။

“ကျွန်မက ရှင့်ရဲ့နဉ်အာကို အစားထိုးနိုင်တယ်။ မဟုတ်သေးဘူး။ ကျွန်မက အစားထိုးခံ တစ်ယောက်ဖြစ်လာနိုင်တယ်။ ကျွန်မက အဲဒီအတွက် အဆင်ပြေတယ်။ ရှင့်ရဲ့ အထီးကျန်မှုကို ဖြေဖျောက်ဖို့ ကျွန်မကို ဆက်ဆံလို့ ရတယ်”

တိထျန်းက သူမနှင့် အနေအထားတူအောင် ထိုင်ချလိုက်ပြီး သူမ၏ မျက်နှာကို ထပ်မံ ပွတ်သပ်လိုက်သည်။

“မင်းရဲ့ တည်ရှိမှုက ငါ့ရဲ့မောက်မာမှု၊ မာနနဲ့ အကြီးမားဆုံး ကျရှုံးမှုကို သတိပေးနေသလိုပဲ” တိထျန်း၏ မျက်ဝန်းထဲ ယခင်နေ့ရက်များကို ပြန်လည် အမှတ်ရနေဟန်ပေါ်၏။ ဤမျှနှစ်များစွာ ကြာမြင့်ပြီးသည့်တိုင် အရာအားလုံးက လတ်ဆတ်နေဆဲ ဖြစ်သည်။

“ပိုပြီးအရေးကြီးတာက မင်းဘာပဲလုပ်လုပ် ဘယ်လိုပဲတူတူ မင်းက ငါ့ရဲ့ နဉ်အာ မဟုတ်ဘူး”

တဏှာက အော်ဟစ်ကာ တောင်းဆိုပြီး သောင်းကျန်းပစ်ချင်သော်လည်း သူမ၏ ခန္ဓာကိုယ်အများစုက မရှိတော့သည့်အတွက် ဘာမှမလုပ်ဆောင်နိုင်တော့ပေ။

“လျှို့ဝှက်နယ်မြေတစ်ခုမှာ ရှေးဦးလူသား မျိုးနွယ်တစ်ခုနဲ့ တွေ့ဖူးတယ်” တိထျန်းက ပြောလိုက်သည်။

“သူတို့က သေခြင်းတရားဆိုတာက ပြီးပြည့်စုံမှုရဲ့ မြင့်မားတဲ့အခြေအနေကို ဝင်ရောက်တာလို့ ယုံကြည်ထားကြတယ်။ အဲဒီဖြစ်စဉ်က မင်း ထင်ထားသလောက် ကြောက်ဖို့ မကောင်းတာ ဖြစ်နေနိုင်တယ်”

ဖြစ်နိုင်ပါတယ်…

တဏှာက တွေးလိုက်မိ၏။ သူမက အမှန်တကယ် သေဆုံးမှုကို ခံစားနေရသည်။ သူမ၏ ဝိညာဉ်က ပျက်စီးသွားပြီး သံသရာပင် မဝင်ရောက်နိုင်တော့ပေ။ သူမကို အသက်ပြန်သွင်းဖို့ အားစိုက်ထုတ်မှုများစွာ လိုအပ်လိမ့်မည်။

သူမက ဗလာနတ္ထိဖြင့် ပျောက်ကွယ်သွားနေရင်း တဏှာက သူမ၏ ဘဝအကြောင်းကို ပြန်လည်တွေးတောလိုက်၏။ တဏှာမိစ္ဆာများက အပြစ်ကြွေးဘဝတစ်ခုကို နေထိုင်ကြရသည်။ အကယ်၍ သူတို့သာ အားမကောင်းပါက သေဆုံးမှုထက်ဆိုးရွားသည့် ကံကြမ္မာက သူတို့အား စောင့်ကြိုနေလိမ့်မည်။ ကံဆိုးစွာဖြင့် သူမက အစောပိုင်းနှစ်များစွာ အားနည်းခဲ့၏။

သူမက ပျင်းရိခြင်းနှင့် တွေ့ဆုံပြီးသည့်နောက်တွင် ကိစ္စများက ပြောင်းလဲလာခဲ့ပြီး ဤရက်စက်လှသည့် ကမ္ဘာကြီးတွင် အသက်ရှင်သန်ခဲ့ကြသည်။ အတက်အကျများစွာ ရှိကာ ခွဲခွာမှု၊ ဆုံစည်းမှုများစွာ ရှိခဲ့သော်လည်း သူတို့က တစ်ယောက်နှင့် တစ်ယောက် မှီခိုကာ အသက်ရှင်ခဲ့ကြသည်။

ထို့နောက် ဒုစရိုက်ခုနစ်ပါး စစ်ဆေးမှုစတင်သည့်အခါ အရာအားလုံးက ပြောင်းလဲသွားခဲ့၏။ သူတို့က အကောင်းဆုံး သွေးမျိုးဆက်ရှိသည့် ပါရမီအထူးဆုံး မိစ္ဆာသန်းချီဖြင့် ယှဉ်ပြိုင်ရသည်။ သူတို့က အသက်ရှင်သန်ပြီး မျိုးနွယ်၏ အထွတ်အထိပ်အုပ်ချုပ်သူများ ဖြစ်လာကြကာ ငြိမ်းချမ်းမှုနှင့် ကြွယ်ဝချမ်းသာမှု ခေတ်ကာလကို ဖန်တီးခဲ့သည်။

“ဘယ်အချိန်ကနေ အရာအားလုံးမှားယွင်းသွားခဲ့တာလဲ…

တဏှာက သူမ၏ ဘဝအကြောင်းတွေးတောရင်း မှတ်ဉာဏ်များကို ပြန်လည်ကြည့်ရှုကာ အဖြေကို ရှာနေမိသည်။

ဒီစစ်ဆေးမှုလား။ စွမ်းအားကို မြည်းစမ်းပြီးတဲ့နောက်မှာငါ တောင့်မခံနိုင်ခဲ့ဘူးပဲ…

သူမက စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ နောက်ဆုံးထွက်သက်အချိန်တွင် သူမက ပျင်းရိခြင်း၏ မျက်နှာကို အမှတ်ရလိုက်၏။ သူမ၏ ရည်မှန်းချက်က ယုတ္တိမတန်သည့် အကြောင်းအရင်းတစ်ခုကြောင့် အမှန်တကယ် သူမကို မှတ်မိနိုင်သည့် ထိုသူနှစ်ဦးကဲ့သို့ ချစ်ခြင်းမေတ္တာကို ရှာဖွေနိုင်ခွင့်အား ပျက်စီးသွားစေခဲ့သည်။

မိစ္ဆာတွေက ချစ်ခြင်းမေတ္တာနဲ့ ပျော်ရွှင်မှုလို အရာအားလုံးတွေကို ရသင့်တယ်လို့ ထင်တယ်…

တဏှာက သေဆုံးသွား၏။ သူမက ဗလာနတ္ထိအဖြစ် ပျောက်ကွယ်သွားသည်။

“ဇာတ်ကြောင်းရှိတဲ့ ဝိညာဉ်တစ်ခုပဲ” တိထျန်းက မှတ်ချက်ပေးလိုက်ပြီးသည့်နောက် အေးစက်စက် အမူအရာမျိုးသာ ပြန်ဖြစ်သွားသည်။

“ကျင့်ကြံရေးလောကက ဒီလိုအရာတွေ လစ်ဟာမနေဘူး”

သူက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် သူမအတွက် အမည်မဲ့ ဂူဗိမာန်တစ်ခုကို ဖန်တီးပေးလိုက်၏။

မိစ္ဆာမျိုးနွယ်က ငါ့ပြဿနာအတွက် အဖြေဖြစ်နေနိုင်တယ်။ ဒီအကြွင်းမဲ့ဘုရင်ခုနစ်ပါးက ပြီးပြည့်စုံတဲ့ စစ်သူကြီးတွေ ဖြစ်လာနိုင်တယ်…

သူက ခေါင်းခါလိုက်ပြီးသည့်နောက်တွင် တဏှာ၏ စိတ်ထဲမှ သတင်းအချက်အလက်များစွာ မရသည့်အတွက် စိတ်ပျက်သွား၏။

………………………………….

ဒေါသပိုင်နက်

သူမက တဏှာ၏ သေဆုံးမှုကို ခံစားမိသည့်အခါ ကြေးမုံကို ဆင့်ခေါ်လိုက်၏။ သူမ သက်ပြင်းချလိုက်ပြီး ရလဒ်နှင့် ပတ်သက်ပြီး ဒေါသထွက်ခြင်း မရှိသလို အံ့ဩခြင်းလည်း မရှိပေ။ အနှစ်ချုပ်အားဖြင့် သူမသည် ထိုအရာက သူမ၏ ကံကြမ္မာသာဖြစ်လိမ့်မည်ဟု သံသယရှိမိ၏။

တဏှာ မင်းက ဒုစရိုက်ခုနစ်ပါးရဲ့ လွှမ်းမိုးမှုခံရလွန်းတယ်။ မင်းက မကျေနပ်လောက်အောင်အထိ အာဏာအပေါ် လောဘကြီးလွန်းပြီး အတိတ်က ဖြစ်ခဲ့သမျှတွေအတွက်လည်း ဒေါသတွေ ရှိနေတယ်။ ဒီလိုအနေအထား ရောက်လာတဲ့အတွက်လည်း မာနတွေကြီးနေပြီးတော့ မင်းရဲ့ ကျရှုံးမှုကို ဖြစ်စေခဲ့တာပဲ…

ဒေါသက ခေါင်းအသာ ယမ်းလိုက်ပြီးသည့်နောက်တွင် ကုန်းမြေ၏ မြေပုံကို အာရုံစိုက်ထားလိုက်၏။

“ငါ သူမရဲ့ နေရာကို အစားထိုးမဲ့ တစ်ယောက်ယောက်တော့ လိုတယ်”

………………………..

ပျင်းရိခြင်းပိုင်နက်

ဝမ်ဝေ့နှင့် အဖွဲ့က မီးပုံနား ထိုင်နေကြပြီး အစားအစာကို ချက်ပြုတ်နေကြသည်။

“တကယ်လို့ မရီးအပေါ် လက်ပါမိရင် ဘာဖြစ်မယ်ထင်လဲ” လီကျွင်းက မေးလိုက်၏။

“သူမ  အစ်ကိုကြီးကို ကုန်းကုန်းအဖြစ် ပြောင်းပစ်လိုက်မှာပေါ့” ယန်းလီလင်းက ထပ်ပြောလိုက်သည်။

“သူမက နားလည်မယ်လို့ ထင်တယ်” ဝမ်ဝေ့က ပြန်လည်တုံ့ပြန်လိုက်၏။

“ပြောရရင် သူမက ချွတ်စွပ် တူနေတာလေ။ ငါ ထိုးဖောက်မမြင်နိုင်ရင် အပြစ်မတင်သင့်ဘူး”

“အစ်ကိုကြီးက ထိုးဖောက်မမြင်နိုင်ဘူးဆိုတာကို သူမက ယုံမယ်လို့ထင်လား”

“ကောင်းပြီ။ ငါက စိတ်ကူးကြည့်ရုံပါ”

“တကယ်လို့ သူမ နားလည်ပေးနိုင်တယ်ဆိုရင်တောင် ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူး” လီကျွင်းက သူ့ဇနီးကို မျက်လုံးထောင့်မှ ကြည့်ကာ ပြောလိုက်၏။

“သဘောမတူတဲ့အတိုင်း ဒါမှမဟုတ် ရန်ဖြစ်တဲ့အခါတိုင်း သူမက အဲဒါကိုပဲ ထပ်ခါထပ်ခါ ပြန်ပြောနေလိမ့်မယ်”

ဝမ်ဝေ့က သူ့အား သနားစွာကြည့်လိုက်သော်လည်း ဘာမှမပြောပေ။ ထိုသနားစဖွယ် ကောင်လေးက လုံလုံလောက်လောက် ခံစားခဲ့ရပြီးပြီ ဖြစ်၏။

ထို့နောက် သူက အစားအစာ ချက်ပြုတ်တာကို ရပ်တန့်လိုက်ပြီးသည့်နောက်တွင် အဝေးတစ်နေရာကို လှမ်းကြည့်လိုက်သည်။

“ ဒီရက်ပိုင်းမှာ တစ်ခုပြီး တစ်ခုကို ရောက်လာနေတော့တာပဲ”

***

All Chapters