← Chapters

စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်း

Vol. 48 Ch. 672

စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်း

Vol. 48 Ch. 672

ဝမ်ဝေ့က သူ့ကို ကြည့်လိုက်ပြီးသည့်နောက်တွင် သူတို့တစ်ကမ္ဘာလုံးကို ဖျက်ဆီးပစ်ပြီး စိတ်ဝိညာဥ်အုတ်မြစ် ပျောက်ဆုံးသွားသည့် သူတစ်ယောက်ကို မြင်လိုက်ရသည်။ ဝမ်ဝေ့က ဘာမှမပြောဘဲ နောက်ထပ် ဖျက်ဆီးရေး စွမ်းအင်လုံးကိုသာ ဖန်တီးလိုက်၏။

“မင်း ဘာလုပ်လိုက်တာလဲ။ ငါ့အရှင်ကို ဘာလို့မခံစားမိတော့တာလဲ။” ယီလျန်ချန်းက အော်ပြောလိုက်သည်။

“ငါ့ဆီ ပြန်ပေး။ ငါ့အရှင်ကို ငါ့ဆီ ပြန်ပေး။ သူက ငါ့အတွက် အရာအားလုံးပဲ။ ငါ့ဆီ ပြန်ပေး။”

“မင်းကို သနားတယ်လို့တောင် မပြောနိုင်ဘူး။”  ဝမ်ဝေ့က ပြောလိုက်ပြီးသည့်နောက် ခေါင်းခါလိုက်သည်။

“သတင်းအချက်အလက်တွေ ရဖို့ မင်းရဲ့ ဝိညာဥ်ကို ရှာဖွေကြည့်ချင်ပေမဲ့ မင်းနဲ့ မင်းသခင်ကြားမှာ ဝင်စွက်ဖက်ပြီး မလိုလားအပ်တဲ့ စတေးမှုမျိုးတွေ ဖြစ်မလာချင်ဘူး။ အဲဒါကြောင့် ပျောက်ကွယ်သွားလိုက်တော့။”

ဝုန်း

ယီလျန်ချန်းက ဗလာနတ္ထိအဖြစ် ပြောင်းလဲသွားပြီး အမှုန်အမွှားပင် မကျန်ရှိတော့ပေ။ အကယ်၍ ဝမ်ဝေ့သာ တတ်နိုင်ပါက သူသည် ထိုလူ၏ တည်ရှိမှုကို ပယ်ဖျက်ပစ်ဖို့အထိ လုပ်ဆောင်မိလိမ့်မည်။

ဝမ်ဝေ့က သူ့အံ့ဖွယ်အသိစိတ်ဖြင့် ထိုလူသည် သေဆုံးသွားကာ အမှားအယွင်း မရှိ​ကြောင်း သေချာအောင် စစ်ဆေးကြည့်လိုက်၏။ သူ စိတ်အေးသွားသည်နှင့် ဇာတ်လိုက်ဖြစ်နေသည့် အကြောင်းအရင်းကို ဆက်လက် တွေးတောလိုက်သည်။

သူက ကံကောင်းမှု၊ ကံကြမ္မာသားတော်နှင့် ခေတ်ကာလသားတော် ဟူသော သဘောတရားများကို နက်နက်နဲနဲ နားလည်ထား၏။ သို့သော် သူ့အခြေအနေက ကွဲပြားနေပြီး ဘဝဖြစ်ရပ်များထက် မြင့်မားသည့် အရာများကို ဆွဲဆောင်မိသလို ဖြစ်နေသည်။ တခြားနည်းဖြင့်ဆိုရလျှင် သူက အန္တရာယ်သံလိုက်တစ်ခု ဖြစ်နေ၏။ သူက သေမျိုးမျှသာ ရှိသေးသော်လည်း တားမြစ်ချက် ၄ခုနှင့် ဆက်နွယ်မိသွားလေပြီ။ ထိုအရာများက စံပြများပင် ထိတွေ့ဖို့ လိုလိုလားလား လိုက်လံရှာဖွေနေသည့်အရာများ ဖြစ်၏။ ထို ၄ခုက သူသိထားသည့်အရာများသာ ဖြစ်ပြီး မသိသေးသည့်အရာများနှင့် တိတ်တဆိတ် ဆက်နွယ်နိုင်ချေလည်း ရှိနေသေးသည်။

ငါ့ကံကြမ္မာက တကယ့်ကို သာမန်မဟုတ်ဘူးပဲ။ ငါက လွတ်လပ်ပြီး အနှောင်အဖွဲ့ကင်းဖို့ ကံကြမ္မာဖန်လာတာ မဟုတ်ဘူးလား…  ဒါမှမဟုတ် ကံကြမ္မာက ဒီဟွင်သွမ်းစကြဝဠာထဲမှာ အဓိကဇာတ်ကောင်တစ်ခု ဖြစ်လာဖို့လား...

ဝမ်ဝေ့က ကံကြမ္မာသည် အောင်မြင်မှုအတွက် အာမခံထားသည့် တန်းတူအခွင့်အရေး မရှိကြောင်း နားလည်လေသည်။ လူများက သူတို့၏ ကံကြမ္မာအတွက် ကြိုးစားရပြီး ပြီးမြောက်ဖို့ရာ ကျရှုံးနိုင်လေသည်။ မည်သို့ပင်ဆိုစေကာမူ သူ့ဘဝက မငြိမ်းအေးသည့် အချက်ကိုမူ မပြောင်းလဲပစ်နိုင်ပေ။

သူက လက်မြှောက်ကာ သူနှင့် ဆက်နွယ်နေသည့် ကံကြိုးမျှင်တချို့ ဖွဲ့စည်းလိုက်ပြီး တာအိုအခွင့်အလမ်းဂိုဏ်းနှင့် ဆက်နွယ်နေသည့်တစ်ခုကို အာရုံစိုက်ထားလိုက်သည်။

ငါက ငါ့မိသားစုနဲ့ ဆက်နွယ်မှုအားလုံးကို ဖြတ်တောက်ပြီးသွားပြီ။ တာအိုကို သက်သေပြပြီးတဲ့နောက်မှာ နောက်ဆုံးကြိုးမျှင်ကို ဖယ်လိုက်ရုံပဲ။ ဒါပေမဲ့ သူတို့က ငါ့ရဲ့ အားနည်းချက် ဖြစ်နေတယ်ဆိုတာက ပြောင်းလဲမသွားဘူး။ အနာဂတ်က ငါ့ကို ရင်ဆိုင်ဖို့ သူတို့ကို အသုံးချသွားနိုင်တယ်။...

ဝမ်ဝေ့က သူ့ဘဝသည် အရှုပ်အထွေးများ ပြည့်နှက်နေဖို့ ကံကြမ္မာဖန်လာကြောင်း တွေးမိကာ တစ်စုံတစ်ခုလုပ်ဖို့ ဆုံးဖြတ်လိုက်သည်။ သူက တင်ပျဉ်ခွေထိုင်ရင်း အသိစိတ်ပင်လယ်ကို စစ်ဆေးကြည့်လိုက်သည်။ သူက သူ့ကမ္ဘာဦးစိတ်ဝိညာဥ်တွင် ပြဿနာရှိလားဟု စစ်ဆေးကြည့်ချင်မိသည်။

သေသေချာချာ လေ့လာကြည့်ပြီးသည့်နောက်တွင် အရာအားလုံးက ပုံမှန်သာ ဖြစ်နေ၏။ သို့သော် သူက စိတ်မအေးသေးပေ။ သူက တစ်ခုချင်းစီကို လိုက်လံရှာဖွေလိုက်သော်လည်း အဆင်ပြေနေလေ၏။

သို့သော် သူက သံသယရှိနေဆဲ ဖြစ်သည့်အတွက် ထပ်ခါထပ်ခါ စစ်ဆေးကြည့်လိုက်ပြီး အစွမ်းထိန်းချုပ်ရေး ပညာရပ်နှင့် ဝိညာဥ်တာအိုကိုပင် အသက်သွင်းလိုက်သည်။ ထင်ထားသည့်အတိုင်း သူ့ကမ္ဘာဦးစိတ်ဝိညာဥ်ထဲတွင် ကောင်းမွန်စွာ ပုန်းအောင်းနေသည့် အနက်ရောင် အစက်အပြောက်တစ်ခုကို မြင်လိုက်ရသည်။

သူက တုံ့ဆိုင်းခြင်း မရှိသလို ဝိညာဥ်၏ ဒဏ်ရာကို စိတ်ပူခြင်း မရှိဘဲ ဖြတ်တောက်ပစ်လိုက်၏။ ထို့နောက် သူက ထပ်မံ စစ်ဆေးကြည့်လိုက်သည်။ ယခင်တွေ့ရှိမှုအား လမ်းညွှန်မှုအဖြစ် အသုံးချကာ နောက်ထပ် အစက်အပြောက် နှစ်ခုကိုပင် တွေ့ရှိခဲ့သည်။

“အဆင်ပြေရဲ့လား”  ထိုအရာက သူမျက်လုံးဖွင့်ပြီးပြီးချင်း ပထမဆုံး ကြားလိုက်ရသည့် စကား ဖြစ်၏။

“ငါ အဆင်ပြေတယ်”  သူက ပြန်ဖြေလိုက်သည်။

“ယီလျန်ချန်းက အစ်ကိုကြီးကို  ဒဏ်ရာပေးနိုင်လောက်အောင်အထိ အားကောင်းတာလား”

“ကိစ္စတွေက အဲ့ထပ်ပိုပြီး ရှုပ်ထွေးနေရုံပါ”

“အဲ့လိုလား” ဝမ်ဝေ့ မပြောချင်မှန်းသိ၍ လီကျွင်းက ဆက်မမေးပေ။ သူက လျို့ဝှက်ချက်တချို့သည် လုံလောက်သည့် အင်အား မရမချင်း သိခွင့်မရှိကြောင်း နားလည်သည်။

ဝမ်ဝေ့က မတ်တတ်ရပ်ကာ တစ်စုံတစ်ခုကို စမ်းကြည့်လိုက်၏။ သူ့တုယီနယ်ပယ်နှင့် စိတ်စွမ်းအားကို ပေါင်းစပ်ခြင်း ဖြစ်သည်။

ဒါက ဘာစွမ်းအားလဲ...

သူက သိမ်မွေ့မှုတစ်ချို့ ခံစားမိလိုက်သော်လည်း အကြောင်းအရင်းတချို့ကြောင့် ပြီးပြည့်စုံသည့် ပေါင်းစပ်မှုကို ထပ်မံ မထုတ်လွှင့်နိုင်ပေ။ သူက ပေါင်းစပ်ခဲ့စဥ်အခါက အာရုံစိုက်မှုနှင့် စိတ်အ​ခြေအနေကို ပြန်လည်ဝင်ရောက်လိုက်သော်လည်း အသုံးမဝင်ပေ။ သူ့အသက်က အန္တရာယ်မရှိသည့်အတွက် ထိုသို့အရာမျိုးကို မလုပ်ဆောင်နိုင်ခြင်း ဖြစ်၏။

အဲ့ဆို အခုကစပြီး လေ့ကျင့်ကြတာပေါ့...

"သွားကြရအောင်"

သူက အဖွဲ့ကို ပြောပြီး ကျန်ရှိနေသည့် တပ်ဖွဲ့ဆီ ပြန်လာလိုက်သည်။ ဝမ်ဝေ့က ယီလျန်ချန်းလိုမျိုး တခြားပိုင်နက်ဆီ သွားကာ အခြေအနေကို လေ့လာရင်း သူ့အမှတ်အသားပြားကို တတ်နိုင်သမျှ မြန်မြန် အသက်သွင်းလိုသည်။

ကောင်းကင်အထက် ဝမ်ဝေ့အဖွဲ့နှင့် မီတာဒါဇင်ချီ အကွာအဝေးတစ်ခုတွင် ပုံရိပ်တစ်ခုက သူတို့ကို စောင့်ကြည့်နေ၏။ မည်သူကမှ ထိုအရာ၏ တည်ရှိမှုကို မခံစားမိကြသလို မည်မျှကြာ ကြာရှိနေမှန်းလည်း မသိကြပေ။ ထိုပုံရိပ်က ဝမ်ဝေ့၏ နောက်ကျောကို စိုက်ကြည့်နေ၏။

အရာအားလုံး အဆုံးမသတ်ခင် တစ်ယောက်ကို  တွေ့ရမယ်လို့ ထင်မထားမိဘူး...

ထိုလျို့ဝှက်ဆန်းကြယ်ပုံရိပ်က တွေးလိုက်မိသည်။

 ဒါက ကံကြမ္မာလား။ မဟုတ်သေးဘူး။ ငါ့ကို လှောင်ပြောင်နေတာပဲ ဖြစ်ရမယ် ...

ပုံရိပ်က မိုးကုတ်စက်ဝန်းအတွင်း အဖွဲ့ ပျောက်ကွယ်သွားသည်ကို ကြည့်နေသည်။

ဧကရီဝူရဲ့ အငွေ့အသက်ပဲ …

ဝူဟုန်အကြောင်း တွေးပြီးသည့်နောက်တွင် ထိုပုံရိပ်၏ ခန္ဓာကိုယ်မှ စိတ်ရှုပ်ထွေးသည့် အငွေ့အသက်မျိုး ထွက်ပေါ်လာသည်။

ငါ အမှန်တရားကို ရှာဖွေနိုင်မလား။ ကြည့်ရတာ အဓိပ္ပာယ်မရှိလောက်ဘူးပဲ။...

ပုံရိပ်က ဝမ်ဝေ့ကို တွေ့ရမည်လားဟု စဥ်းစားနေသော်လည်း တခြားတစ်ခုသာ ဆုံးဖြတ်လိုက်၏။

နဂိုအစီအစဥ်တိုင်းပင် ဆက်လုပ်ကြတာပေါ့...

သူက မတည်ရှိဖူးသကဲ့သို့ ပျောက်ကွယ်သွားသည်။

...

အ​သင်္ချေအင်ပါယာကမ္ဘာ့အပြင်ဘက် လေဟာနယ်ထဲ

အနည်းဆုံး ထာဝရအရှင် စွမ်းအားရှိသည့် မျက်နှာအုပ်ထားသူများက ကာကွယ်ရေးအစီအရင်ကို တိုက်ခိုက်နေကြပြီး ထိုသူများ၏ အားအကောင်းဆုံးက အတုအယောင် ထာဝရဧကရာဇ်နှင့်ပင် ယှဥ်နိုင်နေ၏။ မည်သို့ပင်ဆိုစေကာမူ သူတို့ တိုက်ကွက်က အသုံးမဝင်ပေ။

“အကျိုးမရှိဘူး။ ငါတို့တွေ ဒီမှာ အခွင့်အရေးရဖို့ ထာဝရအဆင့် စွမ်းအား လိုအပ်တယ်။” ထိုအဖွဲ့တွင် အားအကောင်းဆုံး လူနှစ်ယောက်ထဲမှ တစ်ယောက်က ပြောလိုက်၏။

“မင်း ပြောတာမှန်တယ်။ ဒါပေမဲ့ ငါတို့ဘာလုပ်နိုင်မှာလဲ။ အသင်္ချေအင်ပါယာကမ္ဘာက အတူတကွ ပူးပေါင်းသွားမယ်လို့ ထင်မထားမိဘူး။ ဘယ်သူပဲဖြစ်ဖြစ် အဲဒီအစီအစဥ် တွေးမိတဲ့သူက တကယ့်ကို ရှည်ရေးကို မျှော်တွေးပြီး အမြင်ရှိတဲ့သူပဲ။”

“အဲဒါက ယခင်မျိုးဆက်ဟောင်းက ဖြစ်ဖို့ပဲ မျှော်လင့်တယ်။ အဲ့လိုဆိုရင်တောင် ဒီလူက အခုမျိုးဆက်ရဲ့ မဟာဧကရာဇ်အတွက် အကြံပေးဖြစ်လာခဲ့မယ်ဆိုရင် အသင်္ချေအင်ပါယာအလွှာရဲ့ မြင့်တက်မှုက သေချာသွားလိမ့်မယ်။”

ဒုတိယ ကျင့်ကြံဆင့် အမြင့်ဆုံးလူက ထပ်ပြောလိုက်သည်။  “ငါတို့တွေ ဘာလုပ်သင့်တုန်း”

“ပြန်ပြီးတော့ သတင်းပို့ရအောင်”

...

တိုက်ပွဲစိတ်ဝိညာဥ်ကမ္ဘာ

ဤအလွှာကို အဆုံးမဲ့လေဟာနယ်အတွင်း ထာဝရဧကရာဇ် ၇ယောက် ရှိထားပြီး မဟာဧကရာဇ် အဆင့်ဇယားတွင် စတုတ္ထမြောက်အဆင့်တွင် ရှိသည့်အတွက် လူသိများသည်။ ထိုလူများထဲမှ ထာဝရဧကရာဇ်နှစ်ဦးက စိတ်ဝိညာဥ်ဇစ်မြစ်ဂိုဏ်းဟု ခေါ်ဆိုသည့် အင်အားစုမှ ဖြစ်၏။ ထိုအင်အားစုက ဒိုင်းမေးရှင်းအနိမ့်တစ်ခုလုံးတွင် မဟာဧကရာဇ် ၁၁ပါးအနက် ၂ယောက်က ထာဝရဧကရာဇ်ဖြစ်နေ၍ အားအကောင်းဆုံးဂိုဏ်းဟူသော ဂုဏ်ပုဒ်ဖြင့် ကျော်ကြားလေသည်။

တာအိုအခွင့်အလမ်းဂိုဏ်းကဲ့သို့ သူတို့၏ ဧကရာဇ်အားလုံးက ပထမတန်းစားမှ အတုအယောင် ထာဝရဧကရာဇ်များ ဖြစ်ပြီး သူတို့က ဧကရာဇ် ၉ပါး ကျိန်စာကို ကျော်လွှားနိုင်ခဲ့ကြသည်။

အဖိုးတန် စိတ်ဝိညာဥ်ရတနာများဖြင့် မွမ်းမံထားသည့် ကြီးကျယ်ခမ်းနားသည့် နန်းဆောင်က တိုက်ပွဲစိတ်ဝိညာဥ်အလွှာအလယ်တွင် တည်ရှိနေသည်။ ထိုအရာ၏ အလှတရားနှင့် ကြော့ရှင်းမှုတို့က ဤအားအကောင်းဆုံး အင်အားစုသာမက ဒိုင်းမေးရှင်းအနိမ့်တွင်လည်း အားအကောင်းဆုံးဖြစ်ကြောင်း ပြသနေလေ၏။

လူ ၃ယောက်ကြား အစည်းအဝေးတစ်ခု ကျင်းပနေကြသည်။ ထိုသူများက ဟယ်မျိုးနွယ်နှင့် ကျားမျိုးနွယ်တို့မှ ခေါင်းဆောင်များနှင့် ဂိုဏ်းအမှုထမ်းဘက်မှ ကိုယ်စားလှယ်တစ်ယောက် ဖြစ်သည်။

“အစီအစဥ် ကျရှုံးသွားတယ်လို့ သတင်းရလိုက်တယ်”  ခေါင်းဆောင်ဟယ်က ပြောလိုက်သည်။

“ဒီလိုဆိုရင် သူတို့ရဲ့ ကောင်းကင်အလိုဆန္ဒတိုက်ပွဲကို ဝင်စွက်ဖက်ဖို့က တန်ကြေးကြီးလွန်းတယ်။”  ခေါင်းဆောင်ကျားက ပြောလိုက်၏။

“ကျုပ်လည်း သဘောတူတယ်”  စည်းကမ်းထိန်း ခေါင်းဆောင်က ပြောလိုက်သည်။

“ဒါပေမဲ့ ကျုပ်တို့တွေ အသင်္ချေအင်ပါယာကမ္ဘာ ဒါမှမဟုတ် တာအိုအခွင့်အလမ်းဂိုဏ်းရဲ့  မြင့်တက်မှုကို စိုးရိမ်နေစရာ မလိုဘူး။ သူတို့က ဒုတိယအားအကောင်းဆုံးပဲ ဖြစ်လာနိုင်မှာ။”

“တကယ်လို့ သူတို့က တတိယမြောက် ထာဝရဧကရာဇ်ကို မွေးထုတ်ပေးနိုင်ခဲ့ရင်ရော”  ခေါင်းဆောင်ဟယ်က ပြန်လည်ချေပလိုက်၏။

“သခင်လေးဟယ်က ထာဝရဧကရာဇ်ဖြစ်လာမှာပါ။ အဲဒီအတွက် ဘာမှစိုးရိမ်နေစရာ မလိုဘူး။ အဲဒီအစား ဧကရာဇ် ၁၂ပါး ကျိန်စာအတွက်ပဲ အသင့်ပြင်ထားသင့်တယ်။”  ခေါင်းဆောင်ကျားက ပြောလိုက်၏။

“အဲဒါကြောင့် သူတို့ အောင်မြင်မှာကို ပိုပြီးတော့ တားဆီးသင့်တာပဲ”

ခေါင်းဆောင်ဟယ်က သူ့သားအပေါ် ယုံကြည်ချက်အရှိဆုံးဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ သူ့အာဏာအတွင်း ရှိသမျှအရာအားလုံးကို လုပ်ဆောင်ကာ သူ့သား၏ အောင်မြင်မှုကို အာမခံပေးရုံသာမက ဂိုဏ်း၏ နံပတ်တစ်အဆင့် အနေအထားကိုလည်း ကာကွယ်လိုသည်။ ထိုသို့သော ဂုဏ်ပုဒ်က ကံကြမ္မာနှင့် ချီကံကောင်းမှု မြောက်မြားစွာကို ဖွဲ့စည်းပေးနိုင်၏။

ထို့အပြင် သူ့ဟယ်မျိုးနွယ်က မဟာဧကရာဇ် ၄ပါးနှင့် ထာဝရဧကရာဇ် ၁ပါးကို ပြုစုပျိုးထောင်ထားနိုင်ခဲ့သည်။ သူသာ အောင်မြင်ပါက ထာဝရဧကရာဇ် ၂ပါးနှင့် မဟာဧကရာဇ် ၅ပါး ရှိလာပြီး ဝမ်မျိုးနွယ်ကို ဖိနှိပ်ထားနိုင်လိမ့်မည်။ ထို့ကြောင့် သူက ဝင်ရောက်စွက်ဖက်နေခြင်း ဖြစ်၏။

“အခု ကျုပ်တို့ကို ဘာလုပ်စေချင်တာလဲ။ ကျုပ်တို့ရဲ့ ထာဝရဦးသျှောင်တွေကို စေလွှတ်စေချင်တာလား။”

“အဲ့လို အတိအကျပဲ”

“မဖြစ်နိုင်ဘူး”

“ကျုပ်လည်း သဘောမတူဘူး”  စည်းကမ်းထိန်း ခေါင်းဆောင်က ပြောလိုက်၏။ သူတို့၏ အင်အားစုက တခြားသူ၏ ၄ယောက်နှင့် ယှဥ်လိုက်လျှင် မဟာဧကရာဇ် ၃ပါးသာ ရှိထားသည်။ သို့သော်လည်း သူတို့က ထာဝရဧကရာဇ်တစ်ပါးကို ပြုစုပျိုးထောင်နိုင်ခဲ့၏။

ခေါင်းဆောင်ဟယ်က သူ့ဘာသာသူ ထိုပုဂ္ဂိုလ်များကို လှုပ်ရှားနိုင်ခွင့် မရှိမှန်းသိသည့်အတွက် ညည်းတွားလိုက်သည်။ သူက ထိုသူနှစ်ဦးကို ​ဖျောင်းဖျဖို့ လိုအပ်နေ၏။

“ထာဝရအထွတ်အထိပ် အကြောင်းကို ကြားဖူးလား”  သူက မေးလိုက်သည့်အခါ ၂ဦးလုံးက ထိုအကြောင်းကို ဖတ်ဖူးကြသည်။ ထာဝရဧကရာဇ်တချို့က တခြားသူများထက် ပိုမိုသာလွန်ပြီး တခြားသော ထာဝရဧကရာဇ်များကို အလွယ်တကူ အနိုင်ပိုင်းနိုင်သည့် သူများကို ထာဝရအထွတ်အထိပ်ဟု ခေါ်ဆိုကြသည်။

“အသင်္ချေအင်ပါယာကမ္ဘာမှာ ထာဝရအထွတ်အထိပ် ၅ယောက် ရှိတယ်။ ချီယွမ်၊ ဓားဧကရီ၊ အကြွင်းမဲ့ စတင်ခြင်း ဧကရာဇ်နဲ့ ဧကရီဝူတို့ပဲ။ ကောင်းကင်ဖွင့်လှစ်ခြင်း ဧကရာဇ်နဲ့ လူသား ဧကရာဇ်တို့ကိုတော့ နည်းနည်းပဲ သိကြတယ်။ ဒါပေမဲ့ သူတို့ကလည်း ထာဝရအထွတ်အထိပ် ဖြစ်နေချေများတယ်။ တာအိုအခွင့်အလမ်းဂိုဏ်းမှာ ၂ယောက်ရှိပြီးတော့ ကျုပ်တို့ဆီမှာ ၁ယောက်ပဲ ရှိသေးတယ်။ ကျုပ် ဘာလို့လုပ်နေတာလဲဆိုတာကို သိပြီလား။”

“နောက်ဧကရာဇ်က တာအိုအခွင့်အလမ်းဂိုဏ်းက ဖြစ်မလားဆိုတာကို မသိသေးပါဘူး”  ခေါင်းဆောင်ကျားက ပြောလိုက်၏။

“မဟုတ်ဘူး။ အဲဒီမှာ လက္ခဏာအရိပ်ယောင်တွေ ရှိတယ်။”

နှစ်ဦးသားက မျက်မှောင်ကြုတ်လိုက်၏။ ထာဝရအထွတ်အထိပ် လက္ခဏာတစ်ခုက သေမျိုးနှင့် မသေမျိုးကြားမှ အတားအဆီးကို ချိုးဖောက်ခြင်း ဖြစ်သည်။ ထိုအရာက အာမခံထားချက် မဟုတ်သော်လည်း သိသာသည့် ညွှန်ပြမှုတစ်ခု ဖြစ်၏။ သူတို့ ရရှိထားသည့် သတင်းအချက်အလက်က အသင်္ချေအင်ပါယာကမ္ဘာတွင် ပါရမီထူးကဲသည့် လူငယ်များစွာ ပေါ်ထွက်လာသည်ဟု လှည့်ဖျားရေးစစ်ဆေးမှုမှ သတင်းရရှိထားသည်။ တာအိုအခွင့်အလမ်းဂိုဏ်းကမူ အထူးချွန်ဆုံး ဖြစ်၏။

“မင်းရဲ့ သားကို ယုံကြည်သင့်တယ်”  စိတ်ဝိညာဥ်ဇစ်မြစ်ဂိုဏ်းက သူတို့၏ သခင်လေး ထာဝရအထွတ်အထိပ် ဖြစ်လာဖို့ ယုံကြည်ချက် ရှိလေသည်။

“ကျုပ်က ယုံတယ်။ ဒါပေမဲ့ သတိကြီးကြီးထားပြီးတော့ သူ့အတွက် လမ်းကြောင်းဖောက်ပေးချင်ရုံပဲ။”

“ကောင်းပြီ။ ကျုပ်တို့ သဘောတူတယ်။”

“အဲဒါက အဲ့ဆို ထိုက်တန်ပါတယ်”

“တာအိုရောင်းရင်းတို့  ကျေးဇူးတင်ပါတယ်”  ခေါင်းဆောင်ဟယ်က ဦးညွတ်လိုက်၏။

***

All Chapters