စွမ်းအင်လွှမ်းမိုးခြင်း
Vol. 49 Ch. 673
“ငါတို့တွေ ဘာလုပ်ကြမလဲ။ ဒီနှုန်းနဲ့ဆိုရင် အစီအရင်ကို ထိန်းထားဖို့ ငါတို့အသုံးပြုရမဲ့ အရင်းအမြစ်တွေ များလွန်းသွားလိမ့်မယ်” မူလသင်္ကေတနန်းဆောင်၏ ဆန့်ကျင်ကျင့်ကြံသူက ပြောလိုက်သည်။
“ဘာရွေးချယ်စရာများ ရှိမှာတုန်း။ အခု ရပ်လိုက်ရင် သေခြင်းတရားနဲ့ ဖျက်ဆီးမှုတွေကပဲ ငါတို့ကို စောင့်ကြိုနေမှာပေါ့” ကျောင်းအုပ်စုန့်လီက ကျောင်းတော်၏ ရပ်တည်မှုကို ပြောလိုက်၏။
“ဒီလိုတိုက်ခိုက်မှုက ထာဝရဦးသျှောင်ရဲ့ လက်ချက်ပဲ နေမယ်။ သူတို့က ငါတို့ကို တားဖို့ ဒီလောက်ထိ လုပ်ချင်နေတာလား” ဓားရေးစံအိမ်၏ ကျန့်ယီက ပြောလိုက်သည်။
“အဲလို ထင်ရတယ်”
“ပြဿနာက ငါတို့တွေ ပြန်တိုက်ခိုက်သင့်လားဆိုတာပဲ” တာအိုကိုးကွယ်ရေး ကျောင်းတော်မှ တစ်ယောက်က ပြောလိုက်သည်။
“ထာဝရဦးသျှောင်ရှေ့မှာ အဲဒါက ကိုယ့်ကိုယ်ကို သတ်သေနေသလိုပဲ” ထိုက်ယီနက်နဲမုခ်က ဝင်ပြောလိုက်၏။
“အခု အခြေအနေက အစီအရင်ကို ခုခံရေးစွမ်းအားမြှင့်ဖို့က အကောင်းဆုံးပဲ။ ငါတို့တွေက ကောင်းကင်အလိုဆန္ဒတိုက်ပွဲမတိုင်ခင် နှစ်သိန်းချီလောက် တောင့်ခံထားနိုင်ရင် အရာအားလုံးအဆင်ပြေသွားလိမ့်မယ်”
“အမှန်ပဲ။ အခုလက်ရှိအခြေအနေက ဒါက အကောင်းဆုံးရွေးချယ်မှုပဲ”
“ကံကောင်းတာ ငါတို့တွေ ကာကွယ်ရေးအစီအရင်ကို အချိန်မီ အသက်သွင်းထားခဲ့လို့ပေါ့။ မဟုတ်ရင် ရလဒ်က တကယ်ကို ကပ်ဘေး ဖြစ်လာလိမ့်မယ်”
အားလုံးက မူလအရှင်အား ကျေးဇူးတင်ဟန်ဖြင့် တစ်ချက်ကြည့်လိုက်ကြသည်။ ဤမျိုးဆက်ထဲရှိ တစ်စုံတစ်ယောက်က ဖြစ်လာနိုင်ချေရှိသည့် အနာဂတ်ကို မှန်းဆကာ ကြိုတင်ပြင်ဆင်ထားခဲ့သည်။ ထိုလူများက ထိုသို့အမြင်မျိုး ရှိသည်မှာ သူတို့၏ ကောင်းကင်ရွေးချယ်ခံ မဖြစ်နေ၍ အားကျမနာလိုဖြစ်နေကြပြီး ဝမ်ဝေ့အစား ယခင်မျိုးဆက်ဟောင်းမှ တစ်ယောက်ယောက်သာ ထိုအတွေးအခေါ်မျိုး ရှိနေဖို့သာ မျှော်လင့်ဆုတောင်းနေကြသည်။
“ဒီတိုက်ခိုက်မှုက ဘယ်သူ့လက်ချက်ပါလိမ့်”
“ကြည့်ရတာ ကမ္ဘာတွေ ပူးပေါင်းထားတာနေမှာပေါ့။ ဒါပေမဲ့ ဦးဆောင်လာတဲ့သူ တစ်ယောက်ယောက်ကတော့ ရှိရမယ်”
“အဲဒါက အခု အရေးမကြီးသေးဘူး။ နောက်မှ တရားခံကို ရှာလို့ရတယ်”
“အမှန်ပဲ”
“မူလ မင်းက အရမ်းတိတ်ဆိတ်နေပါလား။ မင်းစိတ်ထဲမှာ တစ်ခုခု ရှိနေတယ်တူတယ်”
“ ငါ့စိတ်ထဲက တစ်ခုခုလား” မူလက ပြောလိုက်၏။
“ဒါပေမဲ့ မင်းတို့တွေ အခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်စရာမလိုဘူး။ ငါတို့တွေ ဂရုစိုက်လိုက်မယ်”
“မင်းက ဘာတွေလုပ်ထားတာတုန်း” မဟာဧကရာဇ် ၆ယောက်နှင့်အထက် ရှိထားသည့် ဧကရာဇ်မျိုးနွယ်များက တာအိုအခွင့်အလမ်းဂိုဏ်းပေါ် အာရုံစိုက်လိုက်ကြသည်။ သူတို့က ကမ္ဘာ၏ စွမ်းအားမျှခြေအပေါ် သက်ရောက်မှုရှိမည့်အရာ တစ်စုံတစ်ခုဖြစ်လာတော့မည်ကို ခံစားမိလိုက်၏။
“မင်းတို့ကို ပြလိုက်တာ အကောင်းဆုံးပဲ”
မူလအရှင်က အစီအရင်ကို အလွှာအပြင်ဘက်မှ အာကာပြင်ကို ပြသသည့် ပုံရိပ်အား ပြောင်းလဲလိုက်သည်။ အစပိုင်းတွင် သူက ထိုအခွင့်အရေးကို အသုံးပြုကာ ထိုလူများဆီမှ အကျိုးအမြတ် ယူရမလားဟု စဉ်းစားနေခဲ့၏။ သို့သော်လည်း ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုကို ထိန်းသိမ်းထားရမည့် လိုအပ်ချက်ကို စဉ်းစားပြီးသည့်နောက်တွင် နောက်တစ်ခုသာ ဆုံးဖြတ်လိုက်သည်။
ဤတွေ့ဆုံမှု၏ ရည်ရွယ်ချက်က တာအိုအခွင့်အလမ်းဂိုဏ်း၏ အင်အားကို ပြသပြီး အဆင့်အတန်းကို မြှင့်တင်ဖို့ ဖြစ်၏။
ပုံရိပ်ပြသရေးအစီအရင်တွင် အားလုံးက အနက်ဝတ် အမျိုးသားတစ်ယောက်သည် ကာကွယ်ရေးအစီအရင်ကို စွမ်းအားပြည့်တိုက်ကွက်များနှင့် တိုက်ခိုက်နေသည်ကို မြင်လိုက်ရ၏။ ထူးဆန်းသည်က ထိုသူက ဘာနှင့်တူကြောင်း မည်သူမှ မမြင်နိုင်ကြပေ။
တောက်ပသည့် ဓားအလင်းတန်းတစ်ခုက တစ်နေရာမှ ရုတ်ချည်း ထွက်ပေါ်လာပြီး အနက်ဝတ် ကျင့်ကြံသူအား လွှမ်းခြုံသွားသည့်အခါ ထိုသူက တိုက်ကွက်ကို ရပ်တန့်လိုက်သည်။ သူက အလျင်အမြန် တုံ့ပြန်လိုက်ပြီးသည့်နောက် တိုက်ကွက်ကို ရှောင်ရှားလိုက်၏။
ငွေရောင်မျက်နှာဖုံးနှင့် အမျိုးသမီးတစ်ဦးက သူ့ရှေ့တွင် ဓားနှစ်လက် ကိုင်ဆောင်လျက် ထွက်ပေါ်လာသည်။
“မဖြစ်နိုင်တာ” အနက်ဝတ်အမျိုးသားက ပြောလိုက်၏။
“ကြွက်စုတ်လေး အံ့ဩသွားလား” ဓားအရှင်က ပြောလိုက်သည်။
“မင်းက စောစောလေးကထိ ဒီလိုစွမ်းအား မရှိပါဘူး။ ဘယ်လိုဖြစ်နိုင်မှာလဲ။ မင်းက …”
အကြီးအကဲဟယ်က တစ်စုံတစ်ခုကို တွေးမိသွားဟန်ဖြင့် “တာအိုအခွင့်အလမ်းဂိုဏ်းဆီက ဒီလောက်တော့ မျှော်လင့်ထားသင့်ပါတယ်”
“ကျွန်မတို့အကြောင်း အများကြီး သိနေတဲ့ပုံပဲ။ ဒါပေမဲ့ ရှင်ကတော့ လျှို့ဝှက်ဆန်းကြယ်တယ်။ တကယ်လို့ ဒီလိုအပြုအမူမျိုး ကျူးလွန်ရဲတယ်ဆိုရင် ဝန်ခံဖို့ သတ္တိလည်း ရှိရမှာပေါ့” ဓားအရှင်က နှာခေါင်းရှုံ့ကာ ပြောလိုက်၏။
“ဂျူနီယာ အပြုအမူတွေနဲ့ ပြောဆိုပုံကို ဂရုစိုက်။ မင်းရဲ့ အပြုအမူတွေက မင်းရဲ့အနေအထားကို ထင်ဟပ်ပြသနေတာ မဟုတ်ဘူးလား”
“သူ့ဇစ်မြစ်ကိုတောင် ထုတ်ဖော်မပြလောက်အောင် ရှက်နေတဲ့သူကနေ လေးစားမှုအကြောင်း သင်ပေးနေစရာမလိုဘူး”
“ အဲဒါနဲ့ မတူဘူး” အကြီးအကဲဟယ်က ပြန်ပြောလိုက်၏။
ဓားအရှင်က ရုတ်တရက် လှုပ်ရှားကာ တစ်ဖက်လူရှေ့တွင် ပေါ်ထွက်လာပြီး သူမ၏ ညာဖက်ဓားဖြင့် ခုတ်ချလိုက်သည်။ ဤသည်က ရိုးရှင်းသည့် လှုပ်ရှားမှုတစ်ခုဖြစ်သော်လည်း ပါရမီထူးကဲသည့် ဓားသမားများကို ဉာဏ်အလင်းပွင့်အခြေအနေကို ဖန်တီးပေးနိုင်သည့် ဓား၏ လျှို့ဝှက်ဆန်းကြယ်မှု ပါဝင်နေ၏။
ထိုဓားက အကြီးအကဲဟယ်၏ ခန္ဓာကိုယ်ကို ဖြတ်တောက်သွားသော်လည်း သူ့ကို မဖြတ်နိုင်ခဲ့ပေ။ ထိုအစား သူက အငွေ့တိမ်တိုက်အဖြစ် ပြောင်းလဲသွားပြီးသည့်နောက် မီတာရာချီတွင် ပြန်လည်ပုံပေါ်လာသည်။
ကောင်းကင်မဟူရာ မီးတောက်
သူ့ရှေ့တွင် မဟူရာမီးတောက် ဆယ်လုံးထွက်ပေါ်လာပြီး တစ်ခုချင်းစီက ကြယ်တာရာ အရွယ်အစား ရှိ၏။ ထို့အပြင် ထိုမီးတောက်တစ်ခုချင်းစီက ထာဝရဧကရာဇ်များပင် သတိမထားမိပါက ထိခိုက်သွားနိုင်သည်။
ဝှစ် ဝှစ် ဝှစ်
ဓားအရှင်က သူမ၏ ဓားနှစ်လက်ဖြင့် ပိုင်းဖြတ်ပစ်လိုက်သည်။ သို့သော်လည်း ထိုမီးတောက်များက ဧရာမနဂါးကြီးသဖွယ် ပြောင်းလဲသွားကာ သူမကို ဆက်လက် တိုက်ခိုက်လာသည်။ သူမက ဓားကို ဝှေ့ယမ်းကာ ဓားစွမ်းအားမုန်တိုင်းကို ဖန်တီးလိုက်ပြီး မီးတောက်များကို အမှုန်အမွှားအဖြစ် ဖြိုခွင်းလိုက်သည်။
သူမက အံ့မခန်း အလျင်ဖြင့် နောက်ထပ် တိုက်ကွက်ကို စတင်တိုက်ခိုက်လိုက်၏။ တစ်ဖက်လူကို အချိန်မပေးပေ။ ဓားအရှင်က ငွေရောင်အလင်းတန်းဖြင့် ပြောင်းလဲသွား၏။ သူမက ကူးသန်းပြောင်းရွှေ့လိုက်သလိုမျိုး အကြီးအကဲဟယ် ရှေ့မှောက်တွင် ပေါ်ထွက်လာသည်။
အကြီးအကဲဟယ်က တည်တည်ငြိမ်ငြိမ်ဖြင့် ဒိုင်းကာကို ဆင့်ခေါ်လိုက်သည်။
ဓားက ထိုအရာကို တို့ဟူးကဲ့သို့ ဖြတ်တောက်ပစ်လိုက်၏။ သို့သော် ဒိုင်းကာ ကျိုးပြတ်သွားသည့်အခါ တွန်းကန်အားထွက်ပေါ်လာသည့်အတွက် ဓားအရှင်က ထိခိုက်ဒဏ်ရာမရှိ လွင့်ထွက်သွား၏။
“ မင်းက ထာဝရဧကရာဇ် တစ်ယောက်ရဲ့ စွမ်းအားရှိနေတာပဲ” အကြီးအကဲဟယ်က ပြောလိုက်သည်။
“ ဒါပေမဲ့ မင်းက သူတို့လောက် ရင်ဆိုင်ရခက်တဲ့ ပြိုင်ဘက်မျိုး မဟုတ်ဘူး”
သူက ထာဝရဧကရာဇ်များနှင့် တိုက်ခိုက်ခဲ့ဖူးပြီး တစ်ယောက်ကိုပင် သတ်နိုင်ခဲ့သည်။ သူက ထိုသို့လုပ်ဆောင်နိုင်ဖို့အတွက် တာအိုဆန္ဒ အသုံးအဆောင်ပစ္စည်း၏ အကူအညီကို သုံးဖို့ လိုအပ်၏။ ထာဝရဧကရာဇ်များနှင့် တိုက်ခိုက်သည့်အခါ မည်မျှ စိတ်ပျက်ဖို့ကောင်းကြောင်း သူသာလျှင် သိထားသည်။
သူတို့၏ တာအိုအလိုဆန္ဒက စွမ်းအားကို မြှင့်တင်ပေးကာ ကုသမှုကို တားဆီးထားသည်။ သူတို့က ဆိုးဆိုးရွားရွား ပြန်လည်ကုသနိုင်စွမ်းရှိထားပြီး ပိုပြီးတော့ စိတ်အနှောင့်အယှက် ဖြစ်ဖို့ကောင်းစေသည်။ သို့သော်လည်း ဓားအရှင်က ထိုစွမ်းဆောင်ရည်များမရှိဘဲ အင်အားသာ ရှိထားလေ၏။
“ အဲဒါဆိုတော့ ဘာဖြစ်လဲ။ ကျွန်မက ရှင့်ကို တားဖို့ လုံလောက်တယ်”
အကြီးအကဲဟယ်က ခေါင်းအသာယမ်းလိုက်သည်။ သူ့စိတ်ခံစားချက်များက ဓားအရှင်ကို ညွှန်ပြနေခြင်း မဟုတ်ဘဲ သူ့ကိုယ်တိုင်ဆီသာ ဖြစ်၏။ သူ့စွမ်းအားများက ဒိုင်မေးရှင်းအနိမ့်တွင် ကန့်သတ်ခံထားရသည်။ သူသာ တောင့်ခံနိုင်သည့် စွမ်းအားအထက် ထုတ်သုံးမိခဲ့လျှင် သူ့မသေမျိုးချီကို လှုပ်ရှားဖို့ရာအတွက်ပင် ခက်ခဲလွန်းနေသည့် ရွှံ့နွံတောထဲ ရောက်ရှိနေသလိုမျိုး ခံစားရလိမ့်မည်။
အကယ်၍ သူက ထိုခံစားချက်ကို လျစ်လျူရှုထားပြီး ဆက်လက်လှုပ်ရှားပါက သူ့စိတ်ထဲ ဆိုးဆိုးရွားရွား သတိပေးချက်ကို လက်ခံရရှိလိမ့်မည်။ ထိုအရာကို မနာခံသည့် အကျိုးဆက်ကိုလည်း သိထား၏။
ငါသာ စွမ်းအင်လွှမ်းမိုးမှုကို အသုံးပြုနိုင်ရင်…
အကြီးအကဲဟယ်က တွေးလိုက်မိသည်။ ဒိုင်မေးရှင်းအမြင့်တွင် ထာဝရဦးသျှောင်သည် စွမ်းအင်လွှမ်းမိုးမှုဟု ခေါ်သည့် နည်းလမ်းကို အသုံးပြုနိုင်၏။ ထိုအရာက သူတို့၏ ခန္ဓာကိုယ်ထဲမှ ချီအားလုံးကို ပတ်ဝန်းကျင်ထံ ထုတ်လွှတ်ပြီး ပိုင်နက်တစ်ခု ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။
ထိုပိုင်နက်အတွင်း သူတို့၏ စွမ်းအားထိန်းချုပ်မှုက မြင့်မားသည့် အနေအထားတစ်ခု ရောက်ရှိလာကာ သူတို့၏ ခန္ဓာကိုယ်နှင့် မိုးမြေအတွင်းရှိ စွမ်းအားများကို ထိန်းချုပ်ဖို့ ပိုမိုလွယ်ကူစေသည်။ ဤနည်းလမ်းက သူတို့၏ စွမ်းအားကို ထုတ်သုံးနိုင်သည့် နည်းလမ်းတစ်ခု ဖြစ်သော်လည်း အဆင့်နိမ့်လူများကို ဖိနှိပ်ရာတွင် ဆိုးကျိုး ရှိ၏။
ပိုင်နက်က တာအိုအုပ်ချုပ်သူနှင့် ကောင်းကင်ဘုံများထံ သက်ရောက်မှုရှိမည် မဟုတ်ဘဲ မဟာဧကရာဇ်များအတွက်သာ ဖိနှိပ်မှုရှိလိမ့်မည်။ ထိုနည်းလမ်းဖြင့် ထာဝရဦးသျှောင်သည် ထာဝရဧကရာဇ်အများစုကို သတ်နိုင်ပြီး ထာဝရအထွတ်အထိပ်ကိုပင် သတ်နိုင်လေသည်။
ကံဆိုးစွာဖြင့် သူတို့က ဒိုင်မေးရှင်းအနိမ့်တွင် ထိုသို့မလုပ်ဆောင်နိုင်ပေ။
“ ကစားတာ တော်သင့်ပြီ” အကြီးအကဲဟယ်က ပြောလိုက်၏။
“ ငါ့ရဲ့ စွမ်းအားကို ပြမယ်”
ကမ္ဘာ့ တည်နေရာ အစီအစဉ် မကျမှု
သူမ ပတ်ဝန်းကျင်တွင် အာကာပြင်သိန်းချီ အပြောင်းအလဲများ ထွက်ပေါ်လာပြီး တစ်ခုချင်းစီမှ ကမ္ဘာတစ်ခုချင်းစီ ထွက်ပေါ်လာ၍ မျက်နှာဖုံးအောက်မှ ဓားအရှင်၏ မျက်နှာသည် ရုတ်ချည်းဆိုသလို ပြောင်းလဲသွားလေ၏။ သူမက ထိုကမ္ဘာများကို ဂရုမစိုက်ဘဲ သူတို့၏ ဇစ်မြစ်ကိုသာ ဂရုစိုက်၏။ သူတို့က ဤကမ္ဘာ့အသိုက်အဝန်း၏ မဟာကမ္ဘာများ ဖြစ်ကြသည်။
“ ကျွန်မတို့ကမ္ဘာ့အသိုက်အဝန်းကို ဖျက်ဆီးပစ်ချင်တာလား”
“ ငါကလား။ ငါက ဒီကမ္ဘာတွေကို ရွေ့လျားလိုက်တာကလွဲပြီး ဘာမှမလုပ်ပါဘူး။ ငါ့ကို အပြစ်လာတင်လို့ မရဘူး”
အကြီးအကဲဟယ်၏ အပြုအမူက ထိုကမ္ဘာများကို သူမ၏ နေရာထံ ရွေ့လျားလိုက်ခြင်းသာ ဖြစ်ပြီး စည်းမျဉ်းနှင့် ဥပဒေများကို ကျော်လွန်ဖို့ ကံကြမ္မာကာကွယ်ရေး အသုံးအဆောင်ကို အသုံးပြုထားသည်။
“ ရှင်က ဒီလိုလေးနက်ချင်နေမှတော့ ကျွန်မလည်း အလေးအနက် လုပ်မယ်” သူမက အံကြိတ်ကာ ပြောလိုက်၏။
သူမ၏ ခန္ဓာကိုယ်ဝန်းကျင်တွင် ဓားတာအို အငွေ့အသက်များ ထွက်ပေါ်လာပြီး သူမက ဓားကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်သည်။ သူမ၏ အပြုအမူက ညင်သာလွန်းလှ၏။
ထို့နောက် အကြီးအကဲဟယ်က သူ့ခန္ဓာကိုယ်ထဲ တစ်စုံတစ်ခုကို ခံစားမိလိုက်သည်။ ပြောရလျှင် သူ့မသေမျိုးစံအိမ် ဖြစ်၏။ အားကောင်းသည့် ဓားဆန္ဒတစ်ခုက သူ့စွမ်းအင်ဗဟိုချက်အတွင်း ရုတ်ချည်း ပေါ်ထွက်လာကာ သူ့မသေမျိုးစံအိမ်ကို သုတ်သင်ပြီး ကျင့်ကြံဆင့်ကို ဖျက်ဆီးဖို့ ကြိုးစားနေသည်။ သူက မူမမှန်မှုကို သတိမထားမိခဲ့သည့်အတွက် ထိုတိုက်ကွက်က သူ့ကာကွယ်ရေးကို ထိုးဖောက်ဝင်ရောက်လာနိုင်၏။
သူမရဲ့တာအိုက ဘယ်အချိန်က ရှုပ်ထွေးပြီး သိမ်မွေ့သွားတာလဲ…
အကြီးအကဲဟယ်က ဓားအရှင်၏ ပစ်မှတ်တာအိုအကြောင်း သိလိုက်လေသည်။ ဤသည်က ဓားဖြင့် ပစ်မှတ်အားလုံးကို ထိမှန်စေနိုင်သည့် ဓားတာအို ဖြစ်၏။ ဓားက ဓားရိုက်ချက်အဖြစ် အသုံးမပြုခင် သူတို့က တစ်ဖက်လူကို ခုတ်ဖို့ သို့မဟုတ် ထိုးစိုက်ဖို့ ကဏ္ဍများ ရှိကြသည်။ သို့သော်လည်း သူတို့၏ တိုက်ကွက်က ရန်သူဆီ ရောက်လိမ့်မည်ဟု အာမခံထားခြင်း မရှိပေ။ ထို့ကြောင့် ဓားအရှင်က ပစ်မှတ်တာအိုကို ကျင့်ကြံခဲ့ပြီး သူမက တစ်ဖက်လူအပေါ် ထိထိရောက်ရောက် သက်ရောက်မှုရှိစေရန် ဖြစ်၏။
နောက်ပိုင်းတွင် သူမက ဓားတာအိုကို အကာအကွယ်နှင့် အကွာအဝေးကို လျစ်လျူရှုထားနိုင်သည်အထိ အဆင့်မြှင့်တင်နိုင်ခဲ့ပြီး သူမ အလိုရှိသည့် အရာမှန်သမျှကို ပစ်မှတ်ထားနိုင်သည်။ ထိုအရာထဲတွင် အယူအဆသဘောတရားလည်း အပါအဝင် ဖြစ်၏။
အကြီးအကဲဟယ်က သူ့မသေမျိုးချီများကို ရွေ့လျားစေကာ တိုက်ကွက်ကို တားဆီးလိုက်၏။ ထိုစဉ် ဓားအရှင်က ကာကွယ်ရေးအစီအရင်ကို ထိန်းချုပ်ကာ သူမ၏ စွမ်းအားကို မြှင့်တင်လိုက်သည်။
သူမက တစ်ဖက်လူ အာရုံများနေစဉ် ပေါ့ပါးသွက်လက်စွာ လှုပ်ရှားလိုက်သည်။ သူမက သူမက မဟာကမ္ဘာတစ်သိန်းလုံးကို အထိအခိုက်မရှိ သူတို့၏နေရာသို့ ပြန်လည်ပို့ဆောင်လိုက်သည်။
ထို့နောက် သူမက အကြီးအကဲဟယ်၏ ဦးခေါင်းကို ပစ်မှတ်ထားလိုက်၏။
“ နှမြောစရာပဲ” သူမက ထိုလူ၏ ပါးပြင်အထက် သွေးစီးရာတစ်ခုကို မြင်သည့်အခါ ရေရွတ်လိုက်သည်။ ထိုဒဏ်ရာက စက္ကန့်ပိုင်းအတွင်း ပြန်လည်ကောင်းမွန်သွား၏။
“ ကြည့်ရတာ မင်းကို လျှော့တွက်မိတဲ့ပုံပဲ” အကြီးအကဲဟယ်က ပြောလိုက်သည်။
“ မင်း နိုင်တယ်လို့ပဲ သတ်မှတ်လိုက်ပါ”
ဓားအရှင်က သူ ပျောက်ကွယ်သွားသည်ကို မျက်မှောင်ကြုတ်လျက် ကြည့်နေသည်။ ထို့နောက် သူမက လက်ဝှေ့လိုက်ကာ တစ်စုံတစ်ခုကို စုဆောင်းပြီးနောက် အိမ်သို့ ပြန်လာခဲ့လိုက်သည်။
***