ဧကရာဇ်ကျား
Vol. 49 Ch. 674
“တာအိုအခွင့်အလမ်းဂိုဏ်းအတွက် ဂုဏ်ပြုပါတယ်။ ကျုပ်တို့ကမ္ဘာမှာ ကာကွယ်သူ ရှိလာပြီပဲ”
“တာအိုရောင်းရင်း မူလကိုလည်း ဂုဏ်ပြုပါတယ်။ ကျုပ်တို့တွေ ခင်ဗျား မရှိဘဲ ဒီလိုအခြေအနေမှာ ရှင်သန်နိုင်မှာ မဟုတ်ဘူး”
“ဂုဏ်ပြုပါတယ်။ အခုကမ္ဘာကြီးက ဘေးကင်းသွားပြီဆိုတော့ စိတ်အေးသွားရပြီ။ အခု ကျုပ် သွားလိုက်ပါဦးမယ်”
“ကျုပ်လည်း အတူတူပါပဲ။ ဂိုဏ်းမှာ လုပ်စရာလေးလည်း ရှိသေးလို့”
“ကျုပ်လည်း တာအိုအခွင့်အလမ်းဂိုဏ်း ကြွယ်ဝချမ်းသာဖို့ကို ဆုတောင်းပေးပါတယ်။ အခု ကျုပ်သားရဲ့ ကျင့်ကြံဆင့်ကို သွားပြီးတော့ စောင့်ကြပ်ပေးရမှာမလို့ သွားလိုက်ပါဦးမယ်”
တစ်ယောက်ပြီးတစ်ယောက် အင်အားစုတိုင်းက ဂုဏ်ပြုစကားဆိုပြီးသည့်နောက်တွင် အကြောင်းပြချက်ပေးကာ ထွက်ခွာသွားကြ၏။ မူလအရှင်က ခေါင်းညိတ်ရုံမှအပ ဘာမှမပြောပေ။ သူက လူအများစုသည် လတ်တလော စွမ်းအားအတိမ်းအစောင်း အပြောင်းအလဲကို မည်သို့ဖြေရှင်းရမည်ကို ရင်ဆိုင်ဖို့ရာ စီစဉ်နေကြောင်း သိလေသည်။ အများစုက လျှို့ဝှက်မဟာမိတ်ပင် ဖွဲ့စည်းလောက်၏။
သို့သော်လည်း သူက ဓားအရှင်၏ စွမ်းအားကို ထုတ်ဖော်လိုက်သည့် သူ့အပြုအမူက တွက်ဆထားပြီးသားဖြစ်ကာ ထိုရလဒ်ကို မျှော်လင့်ထားပြီးသား ဖြစ်၏။
ဓားအရှင်နဲ့ သွားပြောတာ ကောင်းမယ်…
…………………………………
ဧကရာဇ်ဉာဏ်အလင်းပွင့်ကျောင်းတော်
ကျောင်းအုပ်စုန့်လီက စကားဝိုင်းကို အဆုံးသတ်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
“ကျုပ်တို့တွေ အခု ဘာလုပ်ကြမလဲ” ဆန့်ကျင်ကျင့်ကြံသူ တစ်ဖြစ်လည်း ဆရာတစ်ယောက်က ပြောလိုက်သည်။ ဤမျိုးဆက်တွင် သူတို့က ကောင်းကင်ရွေးချယ်ခံပင် မရှိပေ။ အခြေအနေက သူတို့အတွက် သိပ်မကောင်းဘဲ အနာဂတ်က ဆိုးရွားနေလေ၏။
“အကောင်းဆုံးရွေးချယ်မှုက ဆုတောင်းရေးစင်မြင့်ကို သုံးဖို့ပဲ။ တည်ထောင်သူကပဲ ငါတို့ကို ကယ်တင်နိုင်မှာ။ အနည်းဆုံးတော့ ငါတို့ရဲ့ အသက်ရှင်နိုင်ချေ အခွင့်အရေးတော့ ရစေတာပေါ့” စုန့်လီက ခေတ္တမျှစဉ်းစားပြီးသည့်နောက်တွင် ပြောလိုက်၏။ ကျောင်းတော်က ဧကရာဇ်ခုံ၏ စင်မြင့်ရှိသည့် လျှို့ဝှက်နယ်မြေအတွင်း ဦးတည်ကာ ဆုတောင်းလိုက်ကြသည်။
……………………
“မင်း ကောင်းကောင်း လုပ်ခဲ့တယ်” ဖျက်ဆီးခြင်းအရှင်က အော်ပြောလိုက်၏။
သို့သော်လည်း ဓားအရှင်က ခေါင်းယမ်းကာ “ငါက အဲဒီလူနဲ့ ယှဉ်နိုင်ရုံလောက်ပဲ။ သူက သာမန်ထာဝရဦးသျှောင် မဟုတ်ဘူး။ သူက အတွေ့အကြုံရှိပြီးတော့ အားကောင်းတယ်”
“ကိုယ့်ဘာသာကိုယ် ဖိအားတွေအများကြီးပေးဖို့ မလိုပါဘူး။ မင်းက ဒီအဆင့်ကို ရောက်ခါစဆိုတော့ နေသားကျအောင် လုပ်ဖို့လိုသေးတယ်လေ။”
“သူ ပြောတာမှန်တယ်။ မင်းဆီမှာ ဂိုဏ်းကို ကာကွယ်ဖို့ စွမ်းအားရှိနေပြီပဲလေ” မူလအရှင်က ပြောလိုက်၏။
“ကျွန်မက မလုပ်နိုင်သေးပါဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်မက ကြီးထွားဖို့ အခွင့်အရေး ရှိပါသေးတယ်”
“မင်း အဆင်ပြေရင် ပြီးတာပါပဲ”
“အခု ငါတို့က အင်အားရှိနေပြီဆိုတော့ ကိစ္စတွေကို ဆောင်ရွက်တဲ့အခါမှာ ရဲရဲတင်းတင်း ပြုမူမှာလား”
“မဟုတ်ဘူး။ ငါတို့ရဲ့ လက်ရှိအခြေအနေက အဆင်ပြေတယ်။ ငါတို့တွေ အဲဒီကောင်လေး တာအိုကို သက်သေမပြခင်အချိန်အထိ ထိန်းထားရမယ်” မူလအရှင်က ပြောလိုက်သည်။
“မူလ ပြောတာမှန်တယ်။” ဓားအရှင်ကလည်း ပြောလိုက်သည် “ပြီးတော့ ကျွန်မတို့တွေ ဂရုစိုက်ရမယ်။ ကျွန်မ ဒီအဆင့်ကို ရောက်ပြီးတဲ့အချိန်မှာ ကျွန်မတို့အလွှာမှာ ပုန်းအောင်းနေတဲ့ ထာဝရဦးသျှောင်တွေရှိသေးတယ် ဆိုတာကို ခံစားမိခဲ့တယ်”
“ဘယ်လို တကယ်လား”
“ငါတို့တွေ အဲဒီဖြစ်နိုင်ချေကို တွက်ဆထားပြီးသားပဲလေ။ ဒါပေမဲ့ သတင်းအချက်အလက်က သက်သေပြလိုက်တာပဲပေါ့”
“အခုမေးခွန်းက သူတို့တွေ ဘာလို့ ပေါ်ထွက်မလာရတာလဲ”
“ကျွန်မ ခံစားမိတဲ့သူတွေက အားနည်းနေတယ်။ အဲဒါဆိုတော့ သူတို့က တိတ်တဆိတ် ကုသနေကြတယ် ထင်တယ်” ဓားအရှင်က ပြောလိုက်သည်။
“ပြီးတော့ တချို့က ပုန်းအောင်းကြတာမျိုး၊ စည်းပိတ်ထားတာမျိုးနဲ့ တစ်စုံတစ်ခုကို စောင့်ဆိုင်းနေတာမျိုးအထိ ခန့်မှန်းမိတယ်”
အားလုံးက တိတ်ဆိတ်သွားကာ ထိုသတင်း၏ လှိုင်းဂယက်ကို စဉ်းစားနေကြသည်။
“အသင်္ချေအင်ပါယာကမ္ဘာက အရှုပ်ထွေးဆုံးဆိုတာကို သိကြတာပဲ” အကဲဖြတ်ရေးအရှင်က ပြောလိုက်သည်။
“ထာဝရဧကရာဇ်တောင် ပုန်းအောင်းနိုင်သေးတာ ထာဝရဦးသျှောင်တွေက ဘာလို့မပုန်းအောင်းနိုင်ရမှာလဲ”
“အဲဒါကို အခုထားလိုက်ပါတော့” အထွေထွေသောင်းပြောင်းအရှင်က ပြောလိုက်သည်။
“အခုလက်ရှိပြဿနာက ငါတို့ကို တိုက်ခိုက်တဲ့သူတွေပဲ။ ကောင်းကင်ဝါးမျိုခြင်းဧကရာဇ်နဲ့ ပတ်သက်နေတဲ့သူတွေလို့ထင်တယ်။ ဒါပေမဲ့ သူတို့က ဘယ်သူတွေလဲ”
ဓားအရှင်က ဓားတစ်ချောင်းကို ထုတ်ယူလိုက်သည် “အဲဒါပြောတော့မှ အခု သူ့ဆီကနေ သွေးရလာတယ်။ အဲဒါကနေ စုံစမ်းနိုင်လိမ့်မယ်လို့ ထင်တယ်”
သူမက လေ့လာနေသည့် အထွေထွေသောင်းပြောင်းဆီ ပေးလိုက်၏။
“တစ်ခုခုတော့ ရှာတွေ့မှာပါ” သူက ဂိုဏ်း၏ အစီအရင်ကို ဆက်သွယ်ကာ တွက်ချက်ကြည့်လိုက်သည်။ ထင်ထားသည့်အတိုင်း ထာဝရဦးသျှောင်တစ်ယောက်ကို တွက်ချက်ရာတွင် အတားအဆီးများ ရှိနေလေ၏။
ယခင် ငါက ဘာမှမလုပ်နိုင်လောက်ဘူးဆိုပေမဲ့ ငါက အခုဧကရာဇ်ဆီကနေ နည်းလမ်းကောင်းတွေ သင်ထားပြီးပြီ…
အထွေထွေသောင်းပြောင်းအရှင်က တွေးလိုက်၏။
သူက နည်းဗျူဟာကို ပြောင်းပြီးသည့်နောက်တွင် လတ်တလောလေးမှ သင်ယူထားသည့် အရာများကို ထုတ်သုံးလိုက်သည်။
“စွမ်းအား မလုံလောက်ဘူး”
“ဂိုဏ်းရဲ့ ကံကောင်းမှုကို သုံးလိုက်” မူလအရှင်က ပြောလိုက်သည်။
“ကာကွယ်ရေးအစီအရင်ကို အသုံးပြုခွင့်ပေးမယ်” သာမန်အခြေအနေအောက်တွင် အန္တရာယ်ကျရောက်သည့်အခါနှင့် ဧကရာဇ်မျိုးဆက် အဖွဲ့အစည်း၏ ခွင့်ပြုချက်ရသည့်အခါမှသာ အစီအရင်ကို အသုံးပြုလေ့ရှိပြီး အသက်သွင်းလိုက်ခြင်းက အရင်းအမြစ်မြောက်များစွာ ကုန်ဆုံးလေသည်။
သို့သော်လည်း ဓားအရှင်ကို မည်သူကမှ ဘာမှမပြောကြပေ။ အထူးသဖြင့် သူမက တခြားအင်အားစုများကို အမဲလိုက်ဖို့ လုပ်ဆောင်နေခြင်း မဟုတ်ပေ။
တာအိုအခွင့်အလမ်းဂိုဏ်းအနေဖြင့် သူမသည် နယ်ခြားရန်သူနှင့် တိုက်ခိုက်ခဲ့ရသည့်အတွက် အင်အားလိုနေကြောင်း အကြောင်းပြချက်ပေးလိုက်ရုံမျှသာ ဖြစ်၏။
ဤတိုးမြှင့်မှုဖြင့် အထွေထွေသောင်းပြောင်းအရှင်သည် တစ်စုံတစ်ခုကို တွက်ချက်ခဲ့၏။ ထိုအရာများကို ဘာသာပြန်ပြီးသည့်နောက်တွင် သူတို့က တည်နေရာ အမှတ်အသားများဖြစ်လာသည်။
“ဒါက တိုက်ပွဲစိတ်ဝိညာဉ်ကမ္ဘာ အသိုက်အဝန်းရဲ့ တည်နေရာလား”
“မိစ္ဆာခေတ်ကာလကတည်းက မပြောင်းလဲသရွေ့တော့ အဲ့လိုပဲ ဖြစ်သင့်တယ်”
“အဲဒါဆိုတော့ သူတို့က ငါတို့ကို ကြံစည်နေတဲ့သူတွေပေါ့။ အဲဒါဆိုတော့ ထာဝရဦးသျှောင်ကို စေလွှတ်လိုက်တာက ဘယ်အင်အားစုကလဲ။ သူတို့က အရမ်းအားကောင်းလောက်တယ်။ အသက်ရှင်နေတဲ့ ထာဝရဦးသျှောင်တောင် ရှိသေးတယ်ဆိုတော့”
အားလုံးက အရိပ်အရှင်ကို ကြည့်လိုက်သည်။ သူက အဆုံးမဲ့လေဟာနယ်အတွင်းမှ သတင်းအချက်အလက်စုဆောင်းဖို့ကို တာဝန်ယူထားသူ ဖြစ်၏။
“ငါ့ကို မမေးနဲ့။ ငါက အခြေခံသတင်းအချက်အလက်လောက်ပဲ စုစည်းနိုင်ခဲ့တာ။ တိုက်ပွဲစိတ်ဝိညာဉ်ကမ္ဘာက ထာဝရဧကရာဇ်စာရင်းမှာ လေးယောက်မြောက် နေရာဖြစ်ပြီး ကုန်သွယ်ရေးဗဟိုချက်မှာ ရှိတယ်ဆိုတာကလွဲရင် နည်းနည်းပဲသိတယ်”
အသင်္ချေအင်ပါယာကမ္ဘာ ပိတ်ဆို့မှုဖြင့် အရိပ်အရှင်သည် သတင်းအချက်အလက် ထပ်မံ မစုဆောင်းနိုင်တော့ဘဲ ဂိုဏ်းကနေသာ အလုပ်လုပ်ရသည့်အတွက် ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင်ကို ကာကွယ်ဖို့ တစ်စုံတစ်ယောက်သာ ချန်ထားခဲ့သည်။
“ မိစ္ဆာခေတ်ကာလအပြီးမှာ ငါတို့တွေ လောကရေးရာတွေမှာ ဝင်မစွက်ဖက်ခဲ့ဘူး” သက်တံအရှင်က ပြောလိုက်သည်။ အားလုံးကလည်း ထိုအကြောင်းကို သဘောတူကြ၏။ အဆုံးမဲ့လေဟာနယ်အတွင်းမှ ကမ္ဘာကို သီးခြားပိုင်းခြားလိုက်ခြင်းက သူတို့အတွက် ပြန်လည်အားဖြည့်ဖို့ အချိန်ပေးခဲ့သော်လည်း သူတို့၏ အကာအရန်ကို ဖွင့်လှစ်ဖို့ အချိန်များစွာ မစောင့်ဆိုင်းခဲ့သင့်ပေ။
“အခုမှ ပြောနေလို့ အကျိုးမရှိဘူး။ အဲဒီကောင်လေးရဲ့ ကံကြမ္မာအရိပ်တပ်ဖွဲ့ကို ဆက်သွယ်ပြီး သူတို့တစ်ခုခု သိလား မေးကြည့်လိုက်မယ်” ဓားအရှင်က ထိုနယ်ခြားအလွှာများက သူတို့ကို ဝိုင်းဝန်းတိုက်ခိုက်လာမည်ကို စိုးရိမ်မိသည့်အတွက် တခြားတစ်ယောက်ကို မသွားစေလိုပေ။
“ကုန်သွယ်ရေးဗဟိုချက်ကို သွားပြီးတော့ ဆက်သွယ်နေစရာ မလိုဘူး။ ဒီကောင်လေးက မဟာကမ္ဘာမှာ ထားထားတဲ့ လျှို့ဝှက်အခြေစိုက်စခန်းကနေ ဆက်သွယ်နိုင်မဲ့ နည်းလမ်းကို ချန်ထားခဲ့တယ်။ အဲဒီကနေ မေးကြည့်လိုက်” မူလအရှင်က သူမ၏ အတွေးကို နားလည်၍ ဝင်ပြောလိုက်သည်။
ဓားအရှင်က သဘောတူကာ သတ်မှတ်ထားသည့်ကမ္ဘာသို့ ကူးသန်းသွားလိုက်သည်။ နာရီပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သူမက ပြန်ရောက်ရှိလာ၏။
“ဘယ်သူဆိုတာကို သိခဲ့ရပြီ” သူမက ပြန်ရောက်ပြီးသည့်နောက်တွင် ပြောလိုက်၏။
“စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်း၊ အားအကောင်းဆုံး ဂိုဏ်းလို့လည်း သိကြတယ်”
“ငါတို့ထက် ပိုသာတယ်လား”
ဓားအရှင်က စုဆောင်းထားသမျှ သတင်းအချက်အလက်များကို မျှဝေလိုက်သည်။ ထိုအရာက သတင်းအချက်အလက် အနည်းငယ်သာရှိပြီး စာရွက်တစ်ရွက်တည်းသာ ဖြစ်သည့်အတွက် အားလုံးက အလျင်အမြန် ဖတ်ရှုလိုက်ကြသည်။
“အဲဒီဂိုဏ်းက ထူးဆန်းတယ်” လိပ်အရှင်က ပြောလိုက်သည်။
“သူတို့က တိုက်ပွဲစိတ်ဝိညာဉ်ကမ္ဘာမှာ မောက်မာပြီးတော့ အင်အားကြီးပေမဲ့ အဆုံးမဲ့လေဟာနယ်အတွင်းမှာ သူတို့ရဲ့ လွှမ်းမိုးမှု ရှိပေမဲ့ တော်တော်လေးကို သိုသိုသိပ်သိပ်နေကြတယ်”
သူတို့အကြောင်း စုစည်းထားသည့် အခြေခံသတင်းအချက်အလက်များက ထိုအကြောင်းကို သိသာစေသည်။ စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းသည် တခြားကမ္ဘာ့အသိုက်အဝန်းများနှင့် ဆက်သွယ်သည့်အခါ နောက်ကွယ်မှသာ လုပ်ဆောင်သည့် အင်အားစု ဖြစ်ကြောင်း ဖော်ထုတ်ပြနေ၏။
“ခဏလေး။ တစ်ခုခုတော့မှားနေပြီ” အရိပ်အရှင်က မျက်မှောင်ကြုတ်ကာ ပြောလိုက်၏ “ထာဝရဧကရာဇ်အရေအတွက်က ဘာလို့ နှစ်ယောက် ဖြစ်နေရတာလဲ”
“ဘာကို ပြောချင်တာလဲ”
“ဂိုဏ်းချုပ်က ကြယ်တာရာသခင်တောင်ရဲ့ အမွေဆက်ခံသူ မူလိန်နဲ့ တွေ့ပြီးတဲ့နောက်မှာ ထာဝရဧကရာဇ်ရှိတဲ့ အင်အားစု နှစ်ခုပဲ ရှိတယ်ဆိုတာ သိခဲ့ရတယ်။ အဲဒါကြောင့် သူက ငါ့ကို စုံစမ်းဖို့ ပြောသေးတယ်။ ရလဒ်က ခရမ်းရောင်ကောင်းကင်ဘုံကျောင်းလို့ ခေါ်တဲ့ ဂိုဏ်းဖြစ်နေတယ်။ ဒါပေမဲ့ သူတို့တွေက ထူးထူးဆန်းဆန်း ပျောက်ကွယ်သွားပြီးတော့ တစ်စုံတစ်ယောက်က သူတို့တွေကို ဖျက်ဆီးလိုက်တယ်ဆိုတဲ့ ကောလဟာလတွေပဲ ထွက်ပေါ်လာတယ်။ သူတို့ဆီမှာ ဧကရာဇ်ခုနစ်ယောက်ပဲ ရှိတယ်”
အားလုံးက မျက်မှောင်ကြုတ်လိုက်ကြ၏။
“သူတို့က နာမည် ပြောင်းလိုက်တာလား”
“အဲလိုမျိုး လုပ်လိုက်တာက အင်အားစုရဲ့ ချီကံကောင်းမှုကို ပျက်စီးစေတယ်လေ။ သူတို့က ဘာလို့အဲ့လိုလုပ်ရမှာလဲ”
“ကြည့်ရတာ ဧကရာဇ်ကိုးပါးကျိန်စာကို ဖြတ်ကျော်မဲ့ နည်းလမ်းထင်တယ်”
“ဟွင်သွမ်းအုပ်ချုပ်သူ ဂိုဏ်းကလည်း ကြိုးစားခဲ့ပြီး ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာကို ကြည့်လိုက်ဦးလေ”
“စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းက အဲဒီနည်းလမ်းကို သုံးပြီး အောင်မြင်တာလည်း ဖြစ်နိုင်ချေ ရှိတယ်။ အဲဒီနောက်သူတို့က အားအကောင်းဆုံးဂိုဏ်း ဖြစ်လာပြီး ချီကံကောင်းမှုကို ကျော်လွှားပြီး အရမ်းကြောက်ဖို့ ကောင်းလာခဲ့တာပဲ”
“ငါ့အလိုလိုသိစိတ်ကတော့ တစ်ခုခုလွဲနေတယ်ဆိုတာကို ပြောနေတယ်” ဓားအရှင်က ပြောလိုက်သည်။
“ဒါပေမဲ့ အမှန်တရားကို ဘယ်လိုရှာဖွေကြမလဲ”
ဤသို့သော သတင်းအချက်အလက်က စုံစမ်းဖို့ မလွယ်ကူပေ။ လက်ရှိသတင်းအချက်အလက် ကွန်ယက်အရ ဦးတည်ချက် ပျောက်နေလေ၏။
“ငါတို့တွေ သိတဲ့သူတစ်ယောက်ယောက်ကို မေးကြမယ်”
“ငါတို့ရဲ့ စီးပွားရေးတွဲဖက်ကို ပြောတာလား”
“ဟုတ်တယ်”
“သူတို့က တစ်ခုခုပြန်တောင်းရင်ရော။ ငါတို့က မဟာမိတ် မဟုတ်ဘဲနဲ့ စီးပွားရေးတွဲဖက်ပဲ ရှိတာလေ”
“အဲဒါက အရင်တုန်းကပါ။ ဒါပေမဲ့ ဓားအရှင်ရဲ့ စွမ်းအားပြပြီးတဲ့နောက်မှာ သူတို့တွေက လိုလားလာလိမ့်မယ်”
ထိုသူပြောသည်က မှန်ကန်နေခဲ့သည်။
ဓားအရှင်က ကြယ်တာရာသခင်တောင်ကို ဆက်သွယ်လိုက်ပြီး လူအိုကြီးနှင့် တူသည့် ဆန့်ကျင်ကျင့်ကြံသူတစ်ယောက်က သူ့ကိုယ်သူ ကြယ်တာရာအုပ်စိုးသူဟု မိတ်ဆက်လာသည်။
“ကြယ်တာရာအုပ်စိုးသူအရှင် ကျွန်မ တဲ့တိုးပဲ ပြောပါမယ်။ ကျွန်မ စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းအကြောင်း သိချင်တယ်” ဓားအရှင်က ပြောလိုက်သည်။ သူမက ထိုတိုက်ခိုက်မှုအကြောင်း ပြောလိုက်ပြီး ခရမ်းရောင်ကောင်းကင်ဘုံကျောင်းနှင့် ပတ်သက်ပြီး ပြောပြလိုက်သည်။ သူမ ပြောလိုက်သည့် အကြောင်းအရင်းတစ်ချက်က ထိုတိုက်ခိုက်မှုသည် ကြယ်တာရာသားရဲကမ္ဘာအနေဖြင့် တစ်နည်းနည်းဖြင့် ဆက်နွယ်နေမိလားဟု ဆုံးဖြတ်ဖို့ရာသာ ဖြစ်၏။
နှမြောစရာကောင်းလှသည်က ကြယ်တာရာအုပ်စိုးသူသည် အမူအရာ အပြောင်းအလဲ ပြသမလာပေ။
“စိတ်ဝင်စားစရာကောင်းတဲ့ ခန့်မှန်းမှုပဲ” သူက ဖြည်းဖြည်းချင်း ပြောလိုက်၏ “ဒါပေမဲ့ အမှန်တရားက ပိုနက်နဲတယ်။ စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းရဲ့ ဒုတိယထာဝရဧကရာဇ်က ဝိရောဓိကို ဖန်တီးခဲ့တယ်။ ထာဝရဧကရာဇ်ရှိတာ ခင်ဗျားတို့နဲ့ ခရမ်းရောင်ကောင်းကင်ဘုံကျောင်း နှစ်ဂိုဏ်းတည်းဆိုပေမဲ့ တတိယမြောက်လည်း ရှိနေသေးတယ်”
“ကျွန်မ နားမလည်ဘူး” ဓားအရှင်က ပြောလိုက်သည်။
“အဲ့လိုစဉ်းစားကြည့်ပါ။ ကောင်းကင်တာအိုက ဒိုင်မေးရှင်းအနိမ့်မှာ ဖြစ်ပျက်ခဲ့သမျှ အဖြစ်အပျက်အားလုံးကို မှတ်သားထားတယ်။ အဲဒီအဖြစ်အပျက်တွေက ကောင်းကင်ဘုံရဲ့ တာအို တစ်စိတ်တစ်ပိုင်းပဲ။ မိုးမြေရဲ့ သိရှိပြီးသား အမှန်တရားတချို့ရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်တယ်။ ကောင်းကင်တာအိုရဲ့ မှတ်တမ်းတွေထဲမှာ ထာဝရဧကရာဇ်ရှိတာ နှစ်ဂိုဏ်းတည်းလို့ ပြထားတယ်။ ဒါပေမဲ့ တကယ့်အမှန်တရားက တတိယမြောက် ဆိုတာရှိနေတယ်”
“အဲဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူက ဒိုင်မေးရှင်းအနိမ့်တစ်ခုလုံးရဲ့ ကောင်းကင်တာအိုနဲ့ ဖြေရှင်းနိုင်ခဲ့တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ”
“အတိအကျပဲ”
“တကယ်ကို ပြောင်မြောက်တဲ့ အောင်မြင်မှုမျိုးပဲ” ဓားအရှင်က ဤသို့သောကိစ္စမျိုးသည် မည်မျှခက်ခဲမည်ကိုတွေးပြီး ရေရွတ်လိုက်သည်။
“အဲဒီထာဝရဧကရာဇ်ရဲ့ နာမည်က ဘယ်သူလဲ”
“သူ့ကို ဧကရာဇ်ကျားလို့ သိကြတယ်”
“သူ့နာမည်က ဘယ်လိုလုပ် လူသိ မများရတာလဲ”
“သူက အတော်လေးကို လျှို့ဝှက်တဲ့လူ။ သူက စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းထဲမှာ သိုသိုသိပ်သိပ်နေပြီး နောက်ကွယ်ကနေ လှုပ်ရှားတဲ့ အလေ့အကျင့် လွှမ်းမိုးခဲ့တဲ့သူပဲ ”
ဓားအရှင်က ထပ်ပြောလိုက်သည် “သူ့ရည်ရွယ်ချက်က ဘာလဲ”
“အဲဒါလည်း လျှို့ဝှက်ဆန်းကြယ်မှုတစ်ခုပဲ။ သူ့ဂိုဏ်းကို ကာကွယ်မှုတစ်ခုအနေနဲ့လို့တော့ ထင်တာပဲ။ ဒါပေမဲ့ အဲဒီနောက်ကွယ်က လျှို့ဝှက်နက်နဲတဲ့ ဆန်းကြယ်မှုတွေ ရှိနေနိုင်တယ်”
ဓားအရှင်က ထိုစကားနှင့် ပတ်သက်ပြီး သဘောတူလေသည်။ သူမက စကားဝိုင်းကို အဆုံးမသတ်ခင် ကြယ်တာရာအုပ်စိုးသူအရှင်ကို ကျေးဇူးတင်လိုက်၏။
(ဧကရာဇ်ကျားက စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းရဲ့ ကျားမျိုးနွယ်ဘက်က မဟုတ်ဘဲ ဂိုဏ်းအမှူထမ်းဘက်က ထွက်ပေါ်ခဲ့တဲ့ ဧကရာဇ်ပါ။ မျိုးရိုးနာမည် တူနေရုံပါ )
***