အမှောင်ထု နဂါး
Vol. 49 Ch. 677
အောင်းရှန်က မနာလိုမှု၏ ခေါင်းအထက်တွင် ပေါ်ထွက်လာသည့် ပုံရိပ်ယောင်ဇာမဏီကို ကြည့်လိုက်သည်။ ထိုအရာက ချက်ချင်းဆိုသလို ပြန်လည်ပျောက်ကွယ်သွား၏။ သူက တုံ့ဆိုင်းမနေဘဲ သူမဆီ ပြေးဝင်သွားလိုက်သည်။
သူ သူမကို တိုက်ခိုက်လိုက်သည့်နေရာတွင် လှပကာ စွမ်းအားပြင်းသည့် မီးတောက်ဒိုင်းကာတစ်ခု ထွက်ပေါ်လာပြီး သူ့လက်ကို အမှုန်အမွှားဖြစ်ဖို့ လောင်ကျွမ်းပစ်ဖို့ ကြိုးစားနေဟန်ပေါ်သည်။ နှမြောစရာကောင်းသည်ကား သူသည် နဂါးတစ်ကောင်အနေဖြင့် အားကောင်းသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။
အောင်းရှန်က ဒိုင်းကာကို ခွန်အားသက်သက်ဖြင့် ချိုးဖောက်ဖို့ ကြိုးစားလိုက်သော်လည်း မနာလိုမှုက အပူချိန်ကို တိုးမြှင့်ကာ ပြန်လည်ရင်ဆိုင်လိုက်သည်။ ထို့နောက် နဂါး၏ အနက်ရောင်စွမ်းအား တိမ်တိုက်များ ထွက်ပေါ်လာပြီး ထိုမီးတောက်ကို ဖျက်ဆီးပစ်လိုက်ပြီး အမဲရောင် ပြောင်းလဲပစ်လိုက်သည်။
အောင်းရှန်က ထိုမီးတောက်ကို ထိန်းချုပ်ကာ ပိုင်ရှင်အဖြစ် ပြောင်းလဲလိုက်ပြီး မနာလိုမှုအား သူမဘက်မှ ခုခံစေဖို့ရာ အတင်းအကြပ် လုပ်ဆောင်လိုက်သည်။
သူမက ထာဝရဇာမဏီ၏ စွမ်းအားဖြင့်ပင် ထိုသို့သော မီးတောက်ဖြင့် ဒဏ်ရာရရှိနိုင်ကြောင်း ကောင်းကောင်းသိထားလေ၏။ ထို့ကြောင့် သူမက ထိပ်တိုက် ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်သည်။
သူမအထက်တွင် ပိုးတောင်မာဟု ခေါ်သည့် ထူးကဲသည့် နတ်ဆိုးမျိုးနွယ်၏ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ သူမက လှပသော ထိုရွှေရောင်ဒိုင်းကာဖြင့် ကာကွယ်ထားလိုက်၏။ နှမြောစရာကောင်းလှသည်က လှပမှုသည် စွမ်းအားနှင့် အင်အားနှင့် မညီမျှပေ။
ဒိုင်းကာက စက္ကန့်ပိုင်းမျှသာ ကြာမြင့်လိုက်သော်လည်း သူမအတွက် ထိုနဂါးဆီမှ အကွာအဝေးခြားနိုင်လိုက်သည်။ အနည်းဆုံးတော့ ထိုသည်က အစီအစဉ်တစ်ခု ဖြစ်၏။
အောင်းရှန်က သူမအထက် ရုတ်ချည်း ပေါ်ထွက်လာပြီး ပါးစပ်ကို ဟကာ အမှောင်ထုအငွေ့အသက်ကို ထုတ်လွှတ်လိုက်၏။
မနာလိုမှုက ပေါ့ပါးသွက်လက်စွာ လှုပ်ရှားလိုက်ရင်း ခွန်ပန်၏ စွမ်းဆောင်ရည်ကို အတုခိုးလိုက်သည်။ ထိုသက်ရှိက မိုးမြေကြားတွင် အမြန်ဆန်ဆုံးသက်ရှိအဖြစ် သတ်မှတ်ခံထားရခြင်း ဖြစ်၏။ သူမက ထိုအငွေ့အသက်ကို ရှောင်ရှားဖို့ ပတ်လည်ပြေးလိုက်သည်။ သူမက ထိုအရာမှ ထွက်ပေါ်နေသည့် ဖွက်ဖွက်ညက်ညက် ဖျက်ဆီးစွမ်းအားကို မြင်သည့်အခါ အနီးကပ် မထိတွေ့မိစေရန် သေချာအောင် လုပ်ဆောင်လိုက်၏။
ဖျက်ဆီးခြင်းနဲ့ တိုက်စားမှုအပေါ် အလေးထားတဲ့ အမှောင်ထုတာအိုပဲ…
မနာလိုမှုက သုံးသပ်လိုက်သည်။ ဤသည်က သူမ ရောက်လာရသည့် အကြောင်းအရင်းတစ်ခုလည်း ဖြစ်၏။ အကယ်၍ မဟာမိတ်က အလုပ်မဖြစ်ခဲ့လျှင် သူမအနေဖြင့် သတင်းအချက်အလက် အမြောက်အများ စုစည်းဖို့ လိုအပ်သည်။
ထိုစဉ် အောင်းရှန်က လေ့လာသုံးသပ်ဖို့ အနည်းငယ်သာ ဂရုစိုက်၏။ သိုင်းပညာအုပ်စိုးသူကမ္ဘာတွင် နေခဲ့စဉ်အချိန်က တစ်ဖက်သူကို အသက်ရှူဖို့ အချိန်မပေးဘဲ တတ်နိုင်သမျှ မြန်မြန်သတ်ဖို့သာ သင်ယူခဲ့ရသည်။
ဤသည်က သူ ယခု လုပ်ဆောင်နေသကဲ့သို့ ဖြစ်၏။
တိုက်စားခြင်းမိုး
ပတ်ဝန်းကျင်တစ်ခုလုံးရှိ တောက်ပနေသည့် ကောင်းကင်က ရုတ်ချည်းဆိုသလို မဲမှောင်သွားကာ တိမ်တိုက်များ ဖုံးလွှမ်းလာသည်။ ထို့နောက် ကောင်းကင်မှ မိုးစက်များ ကျဆင်းလာသော်လည်း သူတို့က သာမန် မဟုတ်ပေ။ သူတို့က အနက်ရောင် မိုးစက်များဖြစ်ကာ အလင်းထက်ပင် မြန်ဆန်နေ၏။
သူက ထင်ထားတဲ့အတိုင်း ပင်ကိုသက်ရှိ ဖြစ်နေတာပဲ…
မနာလိုမှုက သူ့ပင်ကိုစည်းမျဉ်းကို ခံစားမိသည့်အခါ တွေးလိုက်မိသည်။ သို့သော်လည်း သူမ၏ အမူအရာပျက်ယွင်းနေမှုက ယခု ထိုကိစ္စများ စဉ်းစားရမည့်အချိန် မဟုတ်ကြောင်း ညွှန်ပြနေ၏။
သူမ၏ စိတ်ထဲ ဖြေရှင်းနည်းကို အလျင်အမြန် တွက်ချက်နေသည်။ သူမက လိပ်နက်ပုံရိပ်ကို ဖော်ဆောင်လိုက်၏။ အနက်ရောင်နှင့် အဖြူရောင်ဒိုင်းကာက သူမ ခေါင်းအထက် ထွက်ပေါ်လာသည်။ ထိုစဉ် အနက်ရောင် မိုးရေများက ထိုအကာအရံကို တိုက်စားသွားသော်လည်း မနာလိုမှုက ယင်ယန်ကို ပြောင်းလဲကာ အနက်ရောင်မိုးအား ဆန့်ကျင်ဘက်ဖြစ်သည့် အလင်းအဖြစ် ပြောင်းလဲခဲ့သည်။
နှမြောစရာကောင်းလှသည်က သူမ၏ အရေးသာမှုက ကြာရှည်မခံပေ။ အောင်းရှန်က ဒုတိယအကြိမ် ပါးစပ်ကိုဖွင့်ကာ အမှောင်ထုအငွေ့အသက်ကို ထုတ်လွှင့်လိုက်သည့်အတွက် မနာလိုမှုက တည်နေရာနှစ်ခုမှ တိုက်ကွက်ကို ရင်ဆိုင်ခုခံနေရသည်။
ဖူး
မနာလိုမှု၏ မျက်ဝန်းများက အံ့အားသင့်သွားလေ၏။ သူမက ဝမ်းဗိုက်ကို ကြည့်လိုက်သည့်အခါ အနက်ရောင်လှံက ထိုးစိုက်နေသည်ကို မြင်လိုက်ရသည်။ အကယ်၍ သူမ၏ ခန္ဓာကိုယ်သာ အလိုအလျောက် မလှုပ်ရှားမိပါက သူမ၏ နှလုံးသားကို ထိုးစိုက်သွားနိုင်သည်။
သူမက ခေါင်းကို အသာလှည့်ကာ “အရိပ်လား”
“ ဘာလို့အံ့အားသင့်သွားတာလဲ။ အရိပ်က အမှောင်ထုထဲက တစ်ခုပဲလေ” အောင်းရှန်က သရော်ကာ ပြောလိုက်၏။
မနာလိုမှုက ပြန်လည်တိုက်ခိုက်နိုင်မည့် နည်းလမ်းများ ကန့်သတ်ခံထားရသည်။ ကံကောင်းစွာဖြင့် သူမက ထိုစစ်ဆေးမှုတွင် အသက်ရှင်ပြီး တိုက်ပွဲအတွေ့အကြုံအမြောက်အများ ရရှိခဲ့သည်။
ဝုန်း
မနာလိုမှုက သူ့ကိုယ်သူ ပေါက်ခွဲပစ်လိုက်သည့်အတွက် အောင်းရှန်က လောင်ကျွမ်းရာနှင့်အတူ လွင့်စင်သွား၏။ ထို့နောက် ပေါက်ကွဲမှုအလယ်တွင် မနာလိုမှုအသစ်က ပြာပုံထဲမှ ဇာမဏီအလား ထွက်ပေါ်လာသည်။ နှမြောစရာကောင်းလှသည်က သူမသည် အကောင်းအတိုင်း မဟုတ်ဘဲ အသားအရည်က ဖြူဖျော့နေ၏။
ကျစ် တုယီနယ်ပယ်…
သူမက သူ့ကို ကြည့်ကာ ညည်းတွားလိုက်သည်။ သူမ၏ အကြည့်က အေးစက်စက် တောက်ပနေ၏။
အောင်းရှန်က နတ်ဆိုးမျိုးနွယ်ဆီ သူ့ကျင့်စဉ်ကို ဖြန့်ဝေကတည်းက တုယီနယ်ပယ်အဆင့်သည် သိသိသာသာ တိုးတက်လာခဲ့သည်။ ယခု သူက သမာသမတ်ကျသည့် တုယီနယ်ပယ်အဆင့်၏ အကျိုးအမြတ်များကို ရယူထားသည့် ကိုယ်ပွားများနှင့် သမာသမတ် မကျသည့် တုယီနယ်ပယ် ရှိသည့် ပင်မခန္ဓာကိုယ်ကို ပေါင်းစပ်ရန် ဧကရာဇ်တစ်ပိုင်းအဆင့်ရောက်ဖို့ စောင့်ဆိုင်းနေခြင်း ဖြစ်၏။
“ရှင့်ရဲ့ စွမ်းအားနဲ့ ပြန်ရင်ဆိုင်ရင် ဘယ်လိုဖြစ်မလဲ ကြည့်ရတာပေါ့”
မနာလိုမှုနောက်တွင် နောက်ထပ် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ထိုအရာက အောင်းရှန်၏ ပုံရိပ် ဖြစ်၏။ ထို့နောက် သူမဝန်းကျင်တွင် အမှောင်ထုစွမ်းအား ထွက်ပေါ်လာသည်။
“ကြေးမုံမိစ္ဆာမျိုးစိတ်က ရောင်ပြန်ဟပ်နိုင်ပြီး မနာလိုမှုတာအိုက တခြားသူဟာကို ကိုယ့်ဟာဖြစ်စေချင်တဲ့ အားကျစိတ်တွေ ပါဝင်တယ်။ တခြားသူရဲ့ စွမ်းအားကို ကူးယူဖို့ အပြီးပြည့်စုံဆုံး ပေါင်းစပ်မှုပဲ။ ဒါပေမဲ့ မင်းက လူတိုင်းကို ကူးယူနိုင်ရဲ့လား” အောင်းရှန်က ပြောလိုက်သည်။
“မဟုတ်ဘူး။ ဒါပေမဲ့ ရှင့်ဆီမှာ ထူးခြားနေတာက ရှင့်ရဲ့ ပင်ကိုစည်းမျဉ်းနဲ့ ကောင်းကင်တာအိုက ချီးမြှင့်ထားတဲ့ အထူးအခွင့်အရေးပဲ။ ကျွန်မက အဲဒါတွေကို ကူးယူစရာ မလိုဘူး”
အောင်းရှန်က မျက်မှောင်ကြုတ်လိုက်သည်။
ငါ ပိုပြီးတော့ သတိထားရမယ်…
သူက တစ်ဖက်လူ၏ အင်အားသည် သူနှင့် ရင်ဆိုင်နိုင်ကြောင်း သဘောပေါက်သွားလေသည်။ သူက သူအလိုရှိသလိုမျိုး မြန်မြန်ဆန်ဆန် သုတ်သင်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူ သတိထားသည့် သဘာဝက နိုးကြားလာခဲ့၏။
အောင်းရှန်၏ လက်က အနက်ရောင် အရိပ်အဖြစ် ပြောင်းလဲသွားကာ လက်သီးချက်ဖြင့် ထိုးလွှတ်လိုက်သည်။
တိုက်စားရေး လက်သီးချက်
မနာလိုမှုကလည်း သူ့အတိုင်း လုပ်ဆောင်ကာ တူညီသည့် နည်းစနစ်ကို ထုတ်သုံးပြီး တိုက်ကွက်ကို ပယ်ဖျက်လိုက်သည်။
အောင်းရှန်က လက်သီးချင်း ထိပ်တိုက် တွေ့ဆုံရာတွင် သူက သိုင်းပညာရှင် တစ်ယောက်အနေဖြင့် ထိုတိုက်ခိုက်ရေးပုံစံကို ပိုမိုသက်တောင့်သက်သာ ရှိ၏။
ဘန်း
သူတို့လက်သီးချက်ချင်း တွေ့ဆုံသွားသည့်အခါ တုန်ခါလှိုင်းအမြောက်အများ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်မြေကြီးနှင့် တိမ်တိုက်များကို လွင့်ပြယ်သွားစေသည်။ အကယ်၍ ကစားပွဲ၏ ကန့်သတ်ချက်ကြောင့် မဟုတ်ပါက အာကာပြင်ပင် အကောင်းအတိုင်း ကျန်ရှိမည် မဟုတ်ပေ။ ထိုတိုက်ကွက်၏ ဖျက်ဆီးနှုန်းက ပိုမိုကြီးမားကာ ကျယ်ပြန့်လိမ့်မည်။
သူမက ငါ့ရဲ့ ခွန်အားကိုရော ရရှိထားတာလား…
အောင်းရှန်က အခြေအနေကို သုံးသပ်လိုက်ပြီးသည့်နောက်တွင် ထိတ်ထိတ်ပျာပျာဖြစ်လာမိသည်။
သူမက အတွေ့အကြုံတော့ ကူးယူနိုင်မှာ မဟုတ်ဘူး…
အောင်းရှန်က သူမနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သော်လည်း ဤတစ်ကြိမ် ကိစ္စများက ကွဲပြားလေသည်။ သူတို့၏ လက်သီးချင်း တွေ့ဆုံလိုက်သည်နှင့် မနာလိုမှု၏ လက်ဆီ အမှောင်ထု မြူခိုးတစ်ခု ရုတ်ချည်းထွက်ပေါ်လာကာ သူမ၏ ညာဘက်လက်ကို ဖုံးလွှမ်းထားလေသည်။ သူမက အဖြစ်အပျက်ကို နားမလည်ခဲ့ပေ။ ကံကောင်းစွာဖြင့် သူမက အချိန်မီ တုံ့ပြန်ခဲ့ပြီး ထိုတိုက်စားခံရသည့် လက်ကို ဖြတ်တောက်နိုင်ခဲ့သည်။
တိုက်စားရေး အကာအရံ
မနာလိုမှုက သူ့ကိုယ်သူ တိုက်စားရေးစွမ်းအား ပါဝင်သည့် ကြေးနီရောင် အကာအရံဖြင့် ဖုံးလွှမ်းထားလိုက်သည်။ ထိုအရာနှင့် ထိတွေ့သမျှအရာအားလုံးက ထိုစွမ်းအားကို ခံစားရမည်ဖြစ်၏။ သူမက အကာအရံဆီ ပြေးဝင်လာနေသည့် အောင်းရှန်ကို လျစ်လျူရှုကာ အခြေအနေကို သုံးသပ်လိုက်သည်။
သူက တည်ရှိသမျှအမှောင်ထုတွေကို ထိန်းချုပ်နိုင်တာပဲ။ နောက်ဆုံးတိုက်ကွက်မှာ သူက ငါ့ရဲ့လက်သီးချက်ကနေ ဖန်တီးထားတဲ့ အမှောင်ထုကို ထိန်းချုပ်ခဲ့တယ်။ တကယ်ကို ပြောင်မြောက်တာပဲ…
သူမက အံကြိတ်ကာ တွေးလိုက်မိသည်။
တုယီနယ်ပယ်အဆင့်နဲ့ဆိုရင် အဲဒီလက်ကို ပြန်လည်ပေါက်ဖို့ အားထုတ်မှုများစွာ လိုအပ်လိမ့်မယ်…
ငါ့တာဝန်က ပြီးမြောက်သွားပြီ။ ဒါပေမဲ့ ငါ မကျေနပ်သေးဘူး။ သူ့ကို ခံစားရအောင် မလုပ်နိုင်မချင်း ထွက်မသွားနိုင်ဘူး
မနာလိုမှုက ဒေါသအဖြစ် ပုံရိပ် ဖော်ဆောင်လိုက်သည်။ ထိုပုံရိပ်ပေါ်ထွက်လာသည်နှင့် သူမ၏ မျက်နှာက ဖြူဖျော့သွားပြီး မျက်ဝန်း၊ နှာခေါင်းနှင့် နားမှ သွေးများ စီးကျလာ၏။ သူမက အံကြိတ်ကာ နာကျင်မှုကို တောင့်ခံထားသော်လည်း အသံမထွက်ပေ။
သူမက ဘယ်ဖက်လက်ဖြင့် ဓားကို ဆင့်ခေါ်လိုက်သည်။
ထို့နောက် ချက်ချင်းဆိုသလို အောင်းရှန်း၏ စိတ်ထဲ အလန့်တကြားဖြစ်လာကာ ကြက်သီးများထလာလေသည်။
ဝှစ်
သူက ကောင်းကင်ဘုံကိုပင် သုတ်သင်ပစ်နိုင်သည့် စွမ်းအား ပါဝင်နေသည့် ဓားချက်ကို ကြည့်နေရင်း ကြောက်လန့်လာမိသည်။ သူသာ တစ်စုံတစ်ခု မလုပ်ပါက ထိုတိုက်ကွက်တွင် အသက်မရှင်နိုင်ကြောင်း သိလိုက်၏။ ထို့ကြောင့် သူ့တစ်ကိုယ်လုံးတွင် ချပ်ဝတ်ကဲ့သို့ ကြေးခွံများက ဖုံးလွှမ်းသွားပြီး ခုခံရေးစွမ်းအားကို မြှင့်တင်ပေးထားသည်။
ဝုန်း
ဓားချက်က အောင်းရှန်ကို မီတာရာချီ လွင့်စင်သွားစေသည်။ သူက သွေးအန်လိုက်ရပြီးနောက် ဆိုးဆိုးရွားရွား အခြေအနေကို ကြည့်လိုက်မိသည်။ သူက နှစ်ပိုင်းပြတ်လုနီးပါးဖြစ်သွားလေ၏။
နဂါးက ခေါင်းမော့ကာ ပြိုင်ဘက်ကို စစ်ဆေးကြည့်လိုက်သည်။ သို့သော် မည်သူမှ မရှိတော့ပေ။
……………………………………………..
မနာလိုမှု၏ အခြေစိုက်စခန်း
သူမက စံအိမ်အတွင်း ပေါ်ထွက်လာကာ အစိမ်းရောင် ရေကန်ရှိသည့် အခန်းအတွင်း ပြေးဝင်ဖို့ တုံ့ဆိုင်းမနေပေ။ မနာလိုမှုက ထိုအထဲတွင် လဲလျောင်းရင်း အားကောင်းသည့် အသက်ဓာတ်က သူမ၏ ခန္ဓာကိုယ်အတွင်း ဝင်ရောက်လာကာ ဒဏ်ရာများကို ကုစားပေးနေသည်။ သူမက သူမဘာသာသူမ တည်ငြိမ်အောင် လုပ်ပြီးသည့်နောက်တွင် ဒေါသကို ကြေးမုံမှတဆင့် ဆက်သွယ်လိုက်သည်။
“အခြေအနေဘယ်လိုလဲ”
“သိပ်မကောင်းဘူး။ နတ်ဆိုးမျိုးနွယ်က ကျွန်မတို့နဲ့ မဟာမိတ်ဖွဲ့ဖို့ ငြင်းဆန်လိုက်တယ်”
“ဒီရလဒ်ကို မျှော်လင့်ထားပြီးသားဆိုပေမဲ့ အတော်လေးတော့ စိတ်ပျက်မိသား” ဒေါသက သက်ပြင်းချကာ ပြောလိုက်၏။
“တခြားနတ်ဆိုးမျိုးနွယ်ကို ဖျောင်းဖျဖို့ ကြိုးစားကြည့်ရမလား”
“နတ်ဆိုးမျိုးနွယ်က သူ့ရဲ့ဦးဆောင်မှုအောက်မှာ စုစည်းနေကြပြီ။ သူ့ကို ဆန့်ကျင်ပါ့မလားဆိုတာ သံသယဖြစ်မိတယ်။ အထူးသဖြင့် ငါတို့နဲ့ မဟာမိတ်ဖွဲ့ဖို့ပေါ့”
“ဟုတ်တယ်။ ပြီးတော့ တာအိုအခွင့်အလမ်းဂိုဏ်းနဲ့ မဟာမိတ်ကြောင့် သူတို့ရဲ့ နေထိုင်မှုဘဝက သိသိသာသာတိုးတက်လာတယ်။ သူတို့က ကျွန်မတို့ကို လိုအပ်မနေဘူး” မနာလိုမှုက ပြောလိုက်သည်။
“ သူ့အချက်အလက် ဘာရခဲ့သေးလဲ”
“သူက ကျွန်မတို့ ထင်ထားသလိုမျိုး ပင်ကိုသက်ရှိပဲ။ အမှောင်ထုတာအို၊ ပွင့်ချပ်သုံးလွှာစွမ်းအား၊ ကြမ်းတမ်းတဲ့ တိုက်ခိုက်ရေးပုံစံနဲ့ လိုအပ်လာတဲ့အခါမှာ သတိကြီးတဲ့ လူတစ်ယောက်ပဲ။ ဒါပေမဲ့ သူက စွမ်းအားအကုန် သုံးမထားဘူး”
တိုက်ပွဲတစ်ခုလုံးအတွင်း အောင်းရှန်က အပြည့်အဝ အသွင်ပြောင်းခြင်းကို တစ်ခါမှ အသုံးမပြုခဲ့မှန်း မနာလိုမှုက သတိထားမိခဲ့သည်။
“ပွင့်ချပ်သုံးလွှာလား။ အသင်္ချေအင်ပါယာကမ္ဘာက ပါရမီရှင်တွေ စုစည်းနေတာပဲ။ သူက ဘာမျိုးစိတ်လဲ သိလား”
“မြွေ မဟုတ်ရင် နဂါးပဲ ဖြစ်ရမယ်” မနာလိုမှုက နောက်ဆုံးတိုက်ကွက်အတွင်း ကြေးခွံများကို မြင်တွေ့လိုက်သော်လည်း သူမအနေဖြင့် သိပ်မသေချာပေ။ ထိုအရာက ပင်ကိုမြွေ မျိုးစိတ်လည်း ဖြစ်နေနိုင်သည်။
“မြွေဖြစ်ဖြစ် နဂါးဖြစ်ဖြစ် နှစ်ခုလုံးက အားကောင်းတယ်” ဒေါသက ရေရွတ်လိုက်၏။ မြွေများက နဂါး၏ နိမ့်ကျသွေးမျိုးဆက်အဖြစ် မှတ်ယူနိုင်လေသည်။ သို့သော်လည်း အပြည့်အဝ မဟုတ်ပေ။ တစ်ခါတစ်ရံတွင် ပင်ကိုမြွေ သက်ရှိများက နဂါးထက် မပိုလျှင်ပင် ထိုမျှ ကြောက်ဖို့ကောင်း၏။
“မင်းက ငါ့ရဲ့စွမ်းအားကို သုံးမိတာ အာရုံခံမိတယ်။ ရလဒ်က ဘယ်လိုလဲ”
“သူက ဒဏ်ရာအပြင်းအထန်နဲ့ အသက်ရှင်ခဲ့တယ်”
“သူက ပွင့်ချပ်လေးလွှာ တိုက်ကွက်ကို အသက်ရှင်ခဲ့တာလား။ သူက စွမ်းအားကို ဖုံးကွယ်ထားတာပဲ”
“အဲလိုဖြစ်နိုင်တယ်”
“ကောင်းပြီ။ ငါ တခြားသူတွေကို အကြောင်းကြားလိုက်မယ်။ အကြောင်းကြားတာနဲ့ အစီအစဉ် အကောင်အထည်ဖော်နိုင်ဖို့ အဆင်သင့်ပြင်ထား”
***