မိစ္ဆာများ၏ ရည်ရွယ်ချက်
Vol. 49 Ch. 679
ဝမ်ဝေ့က လောဘပိုင်နက်အတွင်း ပျံသန်းလာလိုက်သည်။ သူ့တွင် မြေပုံ မရှိသော်လည်း ကန့်သတ်ထားသည့် ရလဒ်များဖြင့် သူ သွားနိုင်သည့်နေရာများကို တွက်ချက်ကြည့်ခဲ့သည်။ သူက အနီးအနားရှိ တောင်၊ တောအုပ်နှင့် မြို့တချို့ဆီ ပျံသန်းလာလိုက်၏။ ထိုသို့လုပ်ဆောင်ပြီးသည့်နောက်တွင် သူက မနာလိုမှုပိုင်နက်အတွင်း ပျံသန်းလာကာ ယခင်အတိုင်း ပြုမူခဲ့သည်။
ပိုင်နက် (၇)ခုလုံးအတွင်း ထိုသို့လုပ်ဆောင်ပြီးသည့်နောက် ဝမ်ဝေ့က စဉ်းစားလိုက်၏။
နောက်ဆုံး စစ်ဆေးကြည့်ရအောင်…
သူက အနီးအနားရှိတောင်ဆီ ပျံသန်းလိုက်ပြီး အစီအရင်တစ်ခု ခင်းကျင်းလိုက်သည်။ ထို့နောက် သူက ပုံရိပ်ယောင်တစ်ခုအား ထိုကုန်းမြေခွဲမှ ထွက်ကာ မိစ္ဆာကိုးပါးနတ်ဘုရားကမ္ဘာဆီ အခြေအနေကို သွားရောက်စစ်ဆေးခိုင်းလိုက်သည်။
…………………………………………………………..
ဒုစရိုက်ခုနစ်ပါး အစည်းအဝေး
“သူက ငါ့ပိုင်နက်ထဲ ရောက်လာတယ်” မာနက ပြောလိုက်သည်။
“တဏှာလို တုံးအပြီးတော့ သူ့ကို သွားတိုက်မနေနဲ့ဦး” ဒေါသက ပြောလိုက်သည်။
“သိပါတယ်”
“အခုမေးခွန်းက သူက ဒီလိုလှုပ်ရှားနိုင်စွမ်း ဘယ်လိုရှိနေလဲဆိုတာပဲ” လောဘက ပြောလိုက်သည်။
“သူက ယီလျန်ချန်းလိုမျိုး နည်းလမ်းကို သုံးနေတာလား”
“မဟုတ်ဘူး။ သူက အစီအရင်မကျမှု တာအိုကို သုံးပြီးတော့ သီးသန့်အဆင့်အတန်း တစ်ခု ရယူထားတာ” ဒေါသက သုံးသပ်လိုက်သည်။
“အဲဒီဂုဏ်ပုဒ်က သူ့ကို တစ်စုံတစ်ခုကို စတေးပြီး အဲ့လိုရွေ့လျားနိုင်စွမ်းကို ခွင့်ပြုထားတယ်”
“သူက အဲ့လိုလုပ်နိုင်တယ်လား”
“အစီအစဉ်ကျမှု၊ မကျမှုတာအိုအပေါ် လုံလုံလောက်လောက် နားလည်ရင် ဖြစ်နိုင်တယ်”
“အဲဒီတာအိုကို ဒီအဆင့်အထိ ကျင့်ကြံတာ သူတစ်ယောက်တည်းမလို့ တော်သေးတယ်” ပျင်းရိခြင်းက ပြောလိုက်၏။
“အဲဒါက ကိစ္စမရှိဘူး။ အသိဉာဏ်နဲ့ဆိုရင် ငါတို့တွေ အစီအစဉ်ကို ရှာတွေ့ဖို့ အချိန်တစ်ခုပဲ လိုလိမ့်မယ်။ ဒီဟာပြီးရင် ငါတို့တွေ ပြင်ဆင်ထားဖို့ လိုအပ်ပြီမလား”
အားလုံးက သူ့စကားကို သဘောတူကြသည့်အတွက် ဒေါသကို လှည့်ကြည့်လိုက်ကြသည်။
ဒေါသက သက်ပြင်းချကာ “ငါတို့မှာ ရွေးချယ်စရာများများစားစား မရှိဘူး”
“သူ့ကို မတားနိုင်ဘူးလား” မနာလိုမှုက ပြောလိုက်သည်။
“ဘယ်တားနိုင်ပါ့မလဲ” ဒေါသက ပြန်ဖြေလိုက်၏။
“မိစ္ဆာဒဏ်ခတ်ရေးဓားနဲ့ ဆိုရင်တောင် မရဘူးလား”
“ဓားက အဆင်သင့် မဖြစ်သေးဘူး။ တကယ်လို့ အဆင်သင့်ဖြစ်နေရင်တောင် ငါက မထိန်းချုပ်နိုင်သရွေ့ နောက်ဆုံးရလဒ်ကို သိရမှာမဟုတ်ဘူး” ဒေါသက မျက်ခုံးကို နှိပ်ရင်း ပြောလိုက်သည်။
“အခုတော့ သွားကြတော့။ ငါတို့တွေ နောက်မှ ပြန်စုဝေးကြမယ်။ ဝမ်ဝေ့ မင်းတို့ အခြေစိုက်စခန်းနား ရောက်လာရင် ဝေးဝေးနေကြ”
ဒေါသက သူမ၏ စံအိမ်ရှိ ပင်မအခန်းအတွင်း မျက်လုံးပြန်ဖွင့်လာသည်။ သူမက ထရပ်ကာ အဝတ်အစားများကို ပြင်ဆင်ပြီး အစီအရင်ထားရှိသည့် သီးသန့်အခန်းသို့ ဦးတည်လိုက်သည်။ ထိုအရာကို အသက်သွင်းပြီးသည့်နောက်တွင် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်အထိ စက္ကန့်ပိုင်းကြာ စောင့်ဆိုင်းနေလိုက်၏။
သူမက အရိုကျိုးဆုံးပုံစံဖြင့် ဦးညွှတ်လိုက်ပြီး “ဆရာ”
“ဘာဖြစ်ခဲ့တာလဲ”
“ဒါက အခုလက်ရှိအခြေအနေပါ….”
“ငါသိပြီ။ ဒါက ကံကြမ္မာပဲ တူတယ်” ထိုပုံရိပ်က သက်ပြင်းချကာ ပြောလိုက်သည်။
“ဆရာ”
“မင်း ဘာမှပြောဖို့မလိုဘူး။” ဆရာက သူ့သဘောအကျဆုံး တပည့်အား ကြည့်လိုက်သည်။ ဒေါသက ထိုခုနစ်ယောက်အနက် ပထမဆုံးလူ ဖြစ်၏။ တခြားသူများမတိုင်ခင် သူမနှင့် အရင်တွေ့ဆုံခဲ့ပြီး ကိုယ်တိုင် လေ့ကျင့်ပေးခဲ့သည်။ မှုန်ဝါးဝါး ပုံရိပ်က သူ၏ အားအကောင်းဆုံး တာအိုဖြစ်သည့် ကောင်းကင်သုတ်သင်ရေး တာအိုကိုပင် အမွေဆက်ခံဖို့ ခွင့်ပြုခဲ့သည်။
သူက သူမအား နဝမအဆုံးစွန် တာအိုအုတ်မြစ်အကြောင်း ပြောပြခဲ့ပြီး သူမ၏ ပြန်လည်ဝင်စားမှုအတွင်း စောင့်ကြပ်ပေးခဲ့၏။ ပြန်လည်ဝင်စားမှုများက ကြုံရာကျပန်း မဟုတ်ဘဲ သူမ၏ အခြေခံအုတ်မြစ်ကို အချိန်တိုအတွင်း တတ်နိုင်သမျှ တည်ဆောက်ပေးနိုင်ရန် သေချာအောင် လုပ်ဆောင်ခဲ့သည်။
ကံဆိုးစွာဖြင့် ဧကရီဝူ၏ စည်းတံဆိပ်က သူ့လက်ရှိအခြေအနေဖြင့် အပြီးတိုင် ပယ်ဖျက်ဖို့ ခက်ခဲနေလေသည်။ ထို့ကြောင့် ဒေါသသည် ပြန်လည်ဝင်စားနေစဉ်အတွင်း သက်ရောက်ခံလိုက်ရကာ ဖြစ်စဉ် ကျရှုံးသွားခဲ့သည်။ ကံကောင်းစွာဖြင့် ဒေါသက စိတ်ဓာတ်ကျခြင်း မရှိဘဲ သူမ၏ စွမ်းအားကို အမှီလိုက်နိုင်စေရန် မိစ္ဆာဒဏ်ခတ်ရေးဓားကို ဖန်တီးခဲ့၏။
ထို့နောက် ထိုပုံရိပ်က တခြား၆ယောက်နှင့် တွေ့ဆုံကာ သူမ၏ လွှမ်းမိုးမှုကို ပြသစေရန် စစ်ဆေးမှုတစ်ခုအတွင်း ပါဝင်ယှဉ်ပြိုင်ခွင့်ပြုခဲ့သည်။ သူက ထိုခုနစ်ယောက်လုံးကို စုစည်းပြီးသည်နှင့် သူတို့၏ အစီအစဉ်ကို စတင်ခဲ့၏။
“ငါ့ဆီမှာ အချိန်များများစားစား မကျန်တော့ဘူး” ပုံရိပ်က ပြောလိုက်သည်။
“ဆရာ” ဒေါသ၏ မျက်ဝန်းမှ မျက်ရည်များ စီးကျလာ၏။ သူမက မိစ္ဆာနတ်ဘုရားကိုးပါးကမ္ဘာတွင် ဆာလောင်နေသည့် မိစ္ဆာငယ်တစ်ပါးမှလွဲ၍ ဘာမှမဟုတ်သည့် အချိန်ကို ပြန်လည်အမှတ်ရလိုက်သည်။ သူမ၏ ဆရာက အစားအစာ၊ အမိုးအကာနှင့် သူမဘာသာသူမ ကာကွယ်ဖို့ စွမ်းအားနှင့် သူမ ဂရုစိုက်ရမည့်လူများကိုပါ ပေးအပ်ခဲ့သည်။ ရှည်ကြာလှသည့်ဘဝအတွင်း သူမ၏ ဆရာကသာ အမြဲတမ်းလိုလို ဘေးနားရှိနေပေးခဲ့၏။
“ကိစ္စတွေက အခက်တွေ့လာရင် ငါ့အပေါ် မှီခိုတာက အကျင့်ဆိုးကြီး ဖြစ်နေပြီ။ ငါက ဒီမှာ ကြာကြာမရှိနိုင်တော့ဘူး။ ဒီအခြေအနေကို မင်းဘာသာမင်း ဖြေရှင်းရမယ်”
“ဟုတ်ကဲ့ပါ”
“တပည့်လေး ဆရာ စိတ်မကောင်းပါဘူး”
“ဆရာ အဲ့လိုမပြောပါနဲ့”
“ဒါပေမဲ့ ငါ့ရဲ့အိပ်မက်၊ မျှော်လင့်ချက်နဲ့ နောင်တတွေကို မင်းအပေါ် ဝန်ထုပ်ဝန်ပိုး မပေးခဲ့သင့်ဘူး”
“ကျွန်မက လိုလားပါတယ်”
ပုံရိပ်က ခေါင်းအသာယမ်းလိုက်သည်။
ဆာလောင်နေသည့် မိန်းမငယ်လေးတွင် မည်သည့် ရွေးချယ်မှုများ ရှိမည်နည်း။
“အခုကစပြီး မင်းကိုယ်မင်း ဂရုစိုက်။ အစီအစဉ်ထက် မင်းရဲ့ဘေးကင်းမှုက ပိုပြီးအရေးကြီးတယ်ဆိုတာကို မှတ်ထား” ထိုပုံရိပ်က မာန၏ပိုင်နက်အတွင်း လှမ်းကြည့်ပြီးသည့်နောက်တွင် ပျောက်ကွယ်သွားသည်။
ဒေါသက သက်ပြင်းချလိုက်ပြီးသည့်နောက်တွင် မျက်ရည်များ သုတ်လိုက်၏။ သူမက ဤသို့သော အခိုက်အတန့် တစ်ရက်တွင် ရောက်ရှိလာမည်ဖြစ်ကြောင်း သိလေသည်။ ကိစ္စများက အောင်မြင်ခါနီးမှ ရောက်ရှိလာလိမ့်မည်ဟု ထင်မထားမိခဲ့ပေ။ သူမက စိတ်တည်ငြိမ်အောင် လုပ်ပြီးသည့်နောက်တွင် ဆုံးဖြတ်ချက်ချထားသည့် အမူအရာမျိုး ပေါ်ထွက်လာကာ အခန်းထဲမှ ထွက်လာခဲ့၏။
……………………………………………
ဝမ်ဝေ့က မျက်လုံးကို ဖွင့်လိုက်သည် “ထင်ထားတဲ့အတိုင်းပဲ”
သူ့ကောက်ချက်ချမှုတစ်ခုက မှန်ကန်နေခဲ့သည်။ ဤကုန်းမြေရှိ မိစ္ဆာမျိုးနွယ်က မိစ္ဆာနတ်ဘုရားကိုးပါးကမ္ဘာကို အသင်္ချေအင်ပါယာကမ္ဘာထံ စတေးပြီး မိစ္ဆာသွေးမျိုးဆက်ရှိသည့် လူသားမျိုးစိတ်ခွဲအနေဖြင့် သူတို့၏ အဆင့်အတန်းကို လက်ခံပေးစေဖို့ အပေးအယူလုပ်လိုသည်။ ဤသည်က ဤကုန်းမြေရှိ မိစ္ဆာအများစုတွင် လူသားသွေးမျိုးဆက် ရှိနေပြီး တချို့က မိစ္ဆာသွေးမျိုးဆက်ရှိထားသည့် လူသားစစ်စစ် ဖြစ်နေသည့် အကြောင်းအရင်းလည်း ဖြစ်ပေသည်။
အကယ်၍ ထိုအစီအစဉ်သာ အောင်မြင်ပါက မိစ္ဆာမျိုးနွယ်၏ အပြစ်ကြွေးက ပျောက်ကင်းသွားရုံသာမက ဒုစရိုက်ခုနစ်ပါးကလည်း ကောင်းကင်အလိုဆန္ဒ တိုက်ပွဲတွင် ပါဝင်ဆင်နွှဲကာ တာအိုကို သက်သေပြနိုင်လိမ့်မည်။
ဝမ်ဝေ့က အခြေအနေများသည် ပိုမိုရှုပ်ထွေးလာသည့်အတွက် မျက်မှောင်ကြုတ်လိုက်၏။ သူက တစ်စုံတစ်ခုကို တွက်ချက်ကြည့်ကာ စိတ်ပျက်စွာဖြင့် သက်ပြင်းချလိုက်သည်။
“နှစ်ခုထဲလား။ အဲဒါဆို မလုံလောက်သေးဘူး”
မိစ္ဆာနတ်ဘုရားကိုးပါးကမ္ဘာကို စုပ်ယူပြီးသည့်နောက်တွင် အသင်္ချေအင်ပါယာကမ္ဘာက ကောင်းကင်အလိုဆန္ဒနှစ်ခုကို မွေးထုတ်ပေးနိုင်လိမ့်မည်။
နောက်ဆုံးတိုက်ပွဲတွင် တိထျန်းနှင့် ယှဉ်ပြိုင်စရာမလိုဘဲ ခွဲဝေနိုင်သည့်အတွက် သတင်းကောင်း ဖြစ်သင့်ပေသည်။ သို့သော်လည်း ဤရလဒ်က လီကျွင်းနှင့် ယန်းလီလင်းအပေါ် ထားရှိသည့် အစီအစဉ်အား သက်ရောက်မှုရှိလာစေသည်။
ငါ့အဖေအပြီး နောက်အလှည့်အစား ဒီမျိုးဆက်မှာ သူတို့ကို ယှဉ်ပြိုင်ခွင့်ပေးလိုက်ရမလား…
ငါ ဒီမှာ မရှိရင်တောင် ကံကြမ္မာဆေးကြောရေစင်တော့ ရှိနေတာပဲ…
ဝမ်ဝေ့က တွေးလိုက်မိသည်။ သူက တိထျန်းကို အနိုင်ယူနိုင်ပါ့မလားဟု အပြည့်အဝ မသေချာပေ။ ပြောရလျှင် ထိုလူက ဒဿမအဆုံးစွန်အုတ်မြစ်ကို သူ့ထက်စောစီးစွာ ရောက်နိုင်ချေ ရှိ၏။
အကယ်၍ တိုက်ခိုက်စရာ မလိုဘဲ သူက တာအိုကို သက်သေပြနိုင်လျှင် အခွင့်အရေးကို အဘယ်ကြောင့် မယူဘဲ နေရမည်နည်း။
သူတို့အလွယ်တကူ ရရှိနိုင်သည့်အရာအတွက် ဘယ်သူကများ အလုပ်ကြိုးစားနေမည်နည်း။
အာမခံထားသည့်အရာ ရှိနေသည်ကို မည်သူကများ စွန့်စားနေဦးမည်နည်း။ ထို့ကြောင့် အဖြေက သိသာလှသည်။
ဟာ မဖြစ်သေးဘူး။ ငါဒီလို စိတ်ထားမျိုး ရှိလို့မဖြစ်ဘူး…
ဝမ်ဝေ့က တွေးလိုက်မိပြီး ထိုစွဲမက်မှုမှ နိုးထလာသည်။ သူ့ ကျင့်ကြံရေးလမ်းစဉ်က ချောမွေ့နေမည် မဟုတ်ပေ။ တိထျန်းက သူ ဖြတ်ကျော်ရမည့် အတားအဆီးများထဲမှ တစ်ခုသာ ဖြစ်၏။
သူ့စိတ်က ရှင်းလင်းသွားကာ ရွေးချယ်မှုများကို အကျိုးအကြောင်းသင့်စွာ စတင်သုံးသပ်လိုက်သည်။
လီကျွင်း၏ အခန်းကဏ္ဍက ကုသိုလ်အမြောက်အများကို စုစည်းနိုင်လိမ့်မည်။ သူ့အနေဖြင့် သင့်တော်သည့် အင်အားနှင့် သူ ယုံကြည်ရသည့်လူကို လိုအပ်ပေသည်။ ထိုစဉ် ယန်းလီလင်းကမူ သူ့ခေတ်ကာလ၏ ရှည်လျားမှုကို သေချာဖို့ အစိတ်အပိုင်းတစ်ခုဖြစ်ကာ သူတက်လှမ်းသွားပြီးသည့်နောက်တွင် အချိန်အတော်ကြာ ထိုခေတ်ကာလမှ ကံကောင်းမှုများမှ အကျိုးအမြတ်ကို ရယူစေနိုင်လိမ့်မည်။
အကယ်၍ သူတို့သာ သူ့အဖေမျိုးဆက်အပြီးမှ တာအိုကို သက်သေပြခဲ့လျှင် ထင်မှတ်မထားနိုင်သည့် အပြောင်းအလဲများစွာ ဖြစ်လာနိုင်သည်။ သူတို့က တာအိုကို သက်သေပြနိုင်မည်ဟု အာမခံချက် မရှိပေ။ ထိုစဉ် သူသာ မိစ္ဆာနတ်ဘုရားကိုးပါးကမ္ဘာကို သန့်စင်နိုင်ခဲ့သရွေ့ ထိုနှစ်ယောက်က အောင်မြင်ဖို့ အာမခံချက် ရှိသွားလိမ့်မည်။
ထို့အပြင် သူက ထိုဧကရာဇ်နှစ်ယောက်ကို ဖန်တီးလိုက်ခြင်းက ဧကရာဇ်၁၂ပါး ကျိန်စာကို ဖယ်ရှားမည့် နည်းလမ်းတစ်ခုလည်း ဖြစ်လာနိုင်သည်။ လီကျွင်းနှင့် ယန်းလီလင်းတို့က ၁၁ယောက်မြောက်နှင့် ၁၂ယောက်မြောက် ဧကရာဇ်ဖြစ်လာကာ သူ့အဖေက ၁၃ယောက်မြောက် ဧကရာဇ် ဖြစ်လာလိမ့်မည်။
သူ့လေ့ကျင့်မှုအပြီးတွင် သူသာ နဝမအဆုံးစွန်အုတ်မြစ်ကို ရောက်ရှိသွားသည်နှင့် သူ့အဖေက အဆင့် ၅ တာအိုဘိုးဘေးစွမ်းအားကို ရရှိလာလိမ့်မည်။ ထို့ကြောင့် သူသာ နောက်မျိုးဆက်၏ ကောင်းကင်အလိုဆန္ဒတိုက်ပွဲတွင် ဝင်ရောက်ဆင်နွှဲသည်နှင့် ကောင်းကင်တာအိုအနေဖြင့် ဂိုဏ်းကို ဆန့်ကျင်ဖို့ အချိန်များများရမည် မဟုတ်သလို ဝမ်ထျန်း၏ လွှမ်းမိုးမှုကောင်းသည့် စွမ်းအားကြောင့် များများစားစား ရင်ဆိုင်နိုင်မည် မဟုတ်ပေ။
အကောင်းဆုံးလှုပ်ရှားမှုအနေဖြင့် ကောင်းကင်တာအိုက ယခင်ကဲ့သို့ နောက်မျိုးဆက်ကို ကျော်ပစ်လိုက်ဖို့သာ ဖြစ်၏။ သို့သော်လည်း ဝမ်ထျန်းက နောက်မျိုးဆက်အထိ စောင့်ဆိုင်းကာ အနိုင်ရရှိနိုင်သည်။ ဝမ်ဝေ့က အသင်္ချေအင်ပါယာကမ္ဘာ၌ နောက်မျိုးဆက်များတွင် နဝမအဆုံးစွန်အုတ်မြစ်ကို လေ့ကျင့်မည့်လူများအား တားဆီးဖို့ သံသရာကို ဆင့်ကဲပြောင်းလဲပစ်ဖို့ ဆုံးဖြတ်ထားသည်။
အကယ်၍ သမာသမတ်မကျသည့် နဝမအဆုံးစွန်အုတ်မြစ်ရှိထားသည့် ကောင်းကင်ရွေးချယ်ခံတစ်ဦး ပေါ်ထွက်လာပါက ကောင်းကင်တာအိုသည် ဝမ်ထျန်း တာအိုကို သက်သေပြမည်ကို တားဆီးဖို့ အခွင့်အရေး အနည်းငယ် ရရှိလာလိမ့်မည်။
အကယ်၍ မိစ္ဆာကမ္ဘာလိုမျိုး တူညီသည့် တခြားကမ္ဘာများသာ ကျန်ရှိနေခဲ့လျှင်…
ဝမ်ဝေ့က တွေးလိုက်မိသည်။ သူ့ဇနီးဆီမှ သိထားသလောက် မိစ္ဆာမျိုးနွယ်၏ ကျရှုံးမှုအပြီးတွင် တခြားအလွှာများက တစ်ကြိမ်လျှင် ဧကရာဇ်အမြောက်အများ ရှိနိုင်စေခဲ့သော မိစ္ဆာနတ်ဘုရားကိုးပါးကမ္ဘာနှင့် ဖွဲ့စည်းပုံ တူညီသည့် အလွှာသုံးခုကို ဖိအားပေးခဲ့ကြပြီး ထိုကမ္ဘာများကို မျိုးဆက်တစ်ခုလျှင် ဧကရာဇ်တစ်ယောက်သာ ရှိသည့် စနစ်ကို ပြောင်းပစ်ရန် ဖိအားပေးနိုင်ခဲ့သည်။
ကိစ္စတွေက ပြောင်းလဲနိုင်တယ်။ ဒါပေမဲ့ ကမ္ဘာအသစ် ရှိပါဦးမလား…
သို့သော်လည်း သူက မသိသည့်အတွက် ခေါင်းခါလိုက်သည်။ သူ့ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင်များက ကုန်သွယ်ရေးဗဟိုချက်ကြောင့် ကမ္ဘာ့အသိုက်အဝန်းရာချီကို ဝင်ရောက်ထားပြီးပြီ ဖြစ်၏။ သို့သော်လည်း ဒိုင်မေးရှင်းအနိမ့်တွင် ကမ္ဘာ့အသိုက်အဝန်း သုံးထောင်ရှိလေရာ သူတို့အားလုံးဆီမှ သတင်းအချက်အလက်ရဖို့ မလွယ်ကူလှပေ။
ထို့အပြင် မိစ္ဆာကိုးပါးနတ်ဘုရားကမ္ဘာကို သန့်စင်ဖို့ လွယ်ကူသည့် အကြောင်းအရင်း ရှိ၏။ ထိုအရာက သူတို့ကမ္ဘာနှစ်ခုကြား မျိုးဆက်ရှင်းလင်းရေး ဖြစ်စဉ်ကြောင့် အားကောင်းသည့် ကံဆက်နွယ်မှုမျိုး ရှိနေလေသည်။ တခြားသောနေရာများက ထိုသို့ဆက်နွယ်မှုမျိုး ရှိမည် မဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ သူက ရွေးချယ်ထားပြီး ရလဒ်ကို လက်ခံနိုင်သည်။ သူက နောက်ဆုံးသော အနိုင်ရရှိသူ ဖြစ်လိမ့်မည်ဟု အပြည့်အဝ ယုံကြည်နေ၏။ ဝမ်ဝေ့က ထိုအခွင့်အရေးကို အသုံးချကာ သိပ္ပံနှင့် နည်းပညာကမ္ဘာကို စစ်ဆေးကြည့်လိုက်သည်။ သိပ္ပံပညာရှင်များက မျိုးရိုးဗီဇစစ်သည်တော်ကို ဖန်တီးပြီး ဧကရာဇ်သွေးကို မလေ့လာခင် ဧကရာဇ်တစ်ပိုင်းအဆင့်ကို ဖန်တီးနေကြသည်။
ငါ ကောင်းကင်တာအိုကို ဒီပေါင်းစည်းမှု ငြင်းဆန်အောင် လုပ်ဖို့လိုတယ်။ မဟုတ်ရင် ငါ ခေတ်ကာလရဲ့သားတော် ဂုဏ်ပုဒ် ဆုံးရှုံးသွားအောင် တစ်စုံတစ်ခု လုပ်ရလိမ့်မယ် …
ဤသည်က လက်ရှိပြဿနာအတွက် အကောင်းဆုံးဖြေရှင်းနည်း ဖြစ်ပေသည်။
ဝမ်ဝေ့က ကောင်းကင်တာအိုကို ဆက်သွယ်ဖို့ ပြင်ဆင်လိုက်စဉ် တစ်စုံတစ်ခုကို ခံစားမိလိုက်သည်။
“ဘယ်သူလဲ”
***