ကောင်းကင်တာအိုနှင့် စကားဝိုင်း
Vol. 49 Ch. 681
ဝမ်ဝေ့က မော့ယွမ် ပျောက်ကွယ်သွားသည်ကို ကြည့်နေရင်း သက်ပြင်းသာချလိုက်၏။ သူက လက်နှစ်ဖက်ယှက်ကာ အရိုအသေပြုလိုက်သည်။ သူက တူညီသည့် လမ်းစဉ်ကို လျှောက်လှမ်းနေသည့် စီနီယာတစ်ယောက်ကို လေးစားမှုပြလိုက်ခြင်း ဖြစ်၏။ နောက်အနာဂတ်တွင် သူ့ကံကြမ္မာကလည်း အတူတူ ဖြစ်နေနိုင်သည်။ ပြောရလျှင် တစ်ခုတည်းသော ကွဲပြားမှုက သူ့အတွက် ထိုအရာက အဆုံးသတ်ဖြစ်လျှင်ပင် သူက တစ်ယောက်တည်း ဖြစ်နေမည်မဟုတ်ပေ။ အနည်းဆုံးတော့ သူက ထိုသို့ဖြစ်ဖို့ရာ မျှော်လင့်ထား၏။
သူက ဒေါသ၏ ပိုင်နက်ကို လှမ်းကြည့်လိုက်ပြီးသည့်နောက် နဂိုရည်ရွယ်ချက်ဖြစ်သည့် ကောင်းကင်တာအိုကို လှမ်းဆက်သွယ်လိုက်သည်။ သိပ်မကြာခင် ဝမ်ဝေ့က ဖြူစွတ်နေသည့် နေရာလွတ်တစ်ခုအတွင်း ရောက်ရှိသွားပြီး ဧရာမမျက်လုံးကြီးက သူ့အား ကြည့်နေသည်ကို မြင်လိုက်ရသည်။
[ သားတော်အတွက် ဘာလုပ်ပေးရမလဲ]
သားတဲ့လား။ အင်းပေါ့ အသင်္ချေအင်ပါယာကမ္ဘာရဲ့ သက်ရှိတိုင်းက ကောင်းကင်တာအိုရဲ့ ကလေးတွေပဲလေ…
ဝမ်ဝေ့က တွေးလိုက်မိသည်။ သူက ထိုအရာကို အမေ၊အဖေ ခေါ်မည် မဟုတ်ပေ။ သူတို့ဆက်ဆံရေးကလည်း လတ်တလောမှ တိုးတက်လာပြီး ယနေ့လိုအထိ ဖြစ်လာခြင်း ဖြစ်၏။ ထပ်မံ၍ ပျက်ပြားသွားနိုင်သေးသည်။
“မိစ္ဆာကိုးပါးနတ်ဘုရားကမ္ဘာနဲ့ ပူးပေါင်းဖို့အတွက် ငြင်းဆန်ဖို့ ဖျောင်းဖျချင်တာပါ” ဝမ်ဝေ့က ပြောလိုက်သည်။
[ဘာလို့ အဲ့လိုလုပ်ရမှာလဲ။ ပေါင်းစည်းမှုက ကမ္ဘာ့အရင်းအမြစ်ကို ပိုအားကောင်းစေပြီးတော့ ကမ္ဘာအတွက် အကျိုးကျေးဇူးရှိလာလိမ့်မယ်]
“ဒါပေမဲ့ ဆိုးကျိုးကရော။ မိစ္ဆာမျိုးနွယ်ကို ဒိုင်မေးရှင်းအနိမ့်မှာရှိတဲ့ အလွှာတိုင်းက မုန်းတီးနေကြတာ။ ကျုပ်တို့က သူတို့ကို လက်ခံလိုက်မှန်းသိရင် အများစုက ဆန့်ကျင်ကြမှာပဲ”
[ အဲဒီအန္တရာယ်ကို သိပါတယ်။ ဒါပေမဲ့ ထိုက်တန်တယ်]
ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်ပြီးသည့်နောက်တွင် သူ့စိတ်ထဲ အတွေးများစွာ ဖြတ်ပြေးသွားသည်။ သူက ကောင်းကင်တာအိုသည် မတုံးအသလို ဆုံးဖြတ်ချက်ချဖို့ စိတ်ခံစားချက်များကို အသုံးပြုလေ့ မရှိကြောင်း သိလေသည်။ ထိုအရာ လုပ်ဆောင်သည့် အရာများက စိတ်ထဲရှိ သဘောတရားနှင့် ရည်ရွယ်ချက်အပေါ်သာ အခြေခံထား၏။
“အသင်္ချေအင်ပါယာကမ္ဘာ ပြန်လည်ကောင်းမွန်နှုန်းကို အရှိန်မြှင့်ဖို့ တခြားအလွှာတွေရဲ့ ဖိအားကို အသုံးပြုချင်နေတာလား”
[ ဟုတ်တယ်။ ကမ္ဘာ ပြန်လည် အားမပြည့်ခင် ခေတ်သစ်က အချိန်တချို့လိုလိမ့်မယ်။ ဒါပေမဲ့ နယ်ခြားဖိအားက အရှိန်ကို မြှင့်တင်နိုင်မဲ့ နည်းလမ်းကောင်းပဲ]
ဝမ်ဝေ့က ထိုအရာကို ငတုံးဟု မခေါ်မိစေရန် သူ့ခန္ဓာကိုယ်ထဲမှ သွေးသားအားလုံးကို ထိန်းချုပ်ထားရသည်။ သူ့အနေနှင့် တစ်ရက်ကျ သူ့စိတ်စွမ်းအားသည် ကိုယ့်ကိုယ်ကို ထိန်းချုပ်ဖို့ အသုံးပြုရလိမ့်မည်ဟု တစ်ခါမှ တွေးမထားမိခဲ့ပေ။
“အရာအားလုံးအတွက် အချိန်ဆိုတာ ရှိတယ်။ အသင်္ချေအင်ပါယာကမ္ဘာက အခြေခံအုတ်မြစ်ချဖို့ အချိန်တစ်ခု လိုအပ်နေရုံပါပဲ။ ပြီးသွားရင် တခြားအလွှာတွေနဲ့ ဆက်ဆံလာလိမ့်မယ်။ ရန်သူတွေ ဆက်တိုက် ဖန်တီးနေဖို့ မလိုအပ်ပါဘူး။ ပြီးတော့ ကျုပ်တို့သာ မိစ္ဆာမျိုးနွယ်ကို လက်ခံလိုက်ရင် ဒီလိုတွေအတိအကျ ဖြစ်လာလိမ့်မယ်။ တခြားအင်အားစုတွေက ဒီဟာကို အကြောင်းပြချက်အနေနဲ့ သုံးပြီးတော့ စစ်ပွဲတွေ ဆင်နွှဲလာလိမ့်မယ်။
မိစ္ဆာမျိုးနွယ်ကို လက်စားချေတယ်ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ လွှမ်းမိုးမှုရှိတဲ့ အင်အားစုတွေက အလွှာရာချီ ပူးပေါင်းပြီး ကျုပ်တို့ကမ္ဘာကို ရင်ဆိုင်တိုက်ခိုက်လာလိမ့်မယ်”
[ မင်းကို ယုံတယ်]
“မယုံသင့်ဘူး။ အသင်္ချေအင်ပါယာကမ္ဘာကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ တာဝန်ရှိတဲ့ အုပ်ချုပ်သူတစ်ဦးအနေနဲ့ ခင်ဗျားက တစ်ယောက်ထဲမှာပဲ ပုံအောမထားသင့်ဘူး။
တိထျန်းက နောက်ဆုံးအနိုင်ရရှိတဲ့သူဖြစ်နေရင် ဘယ်လိုလုပ်မလဲ။ သူက ဒီကျူးကျော်မဲ့ အစီအစဉ်ကို ဂရုစိုက်မယ်လို့ ထင်လား။ သူ့ဇနီးသာ အသက်ပြန်သွင်းနိုင်မယ်ဆိုရင် သူက လိုအပ်လာရင် ကမ္ဘာကိုတောင် ရောင်းစားမဲ့သူမျိုး…
တခြားသူတွေကရော သူတို့ကလည်း နောက်ဆုံး ရပ်တည်နိုင်တဲ့ အခွင့်အရေး ရှိလို့လား။ သူတို့က ဒီလိုကျူးကျော်မှုမျိုးမှာ တားဆီးနိုင်မဲ့ အင်အားမျိုးရော ရှိလို့လား။ အဖြေက သိသာပါတယ် …
နောက်ဆုံးအနေနဲ့ ကျုပ်က အဆုံးမဲ့လေဟာနယ်တစ်ခုလုံးရဲ့ ရန်သူဖြစ်လာဖို့ကို ဒီအတိုင်း လက်ခံလိုက်မယ်လို့ ထင်နေတာလား။ ကျုပ်က သမိုင်းကြောင်းကနေ သင်ယူပြီးသားပဲ။ မိစ္ဆာမျိုးနွယ်က တစ်ကမ္ဘာလုံးနဲ့ ရန်သူဖြစ်လို့ ဒီလိုပျက်သုဉ်းခြင်း ကပ်ဘေးကို ရင်ဆိုင်ရတာပဲ။ ကျုပ်က ဘာလို့ ဒီလိုအမှားမျိုးကို လုပ်ရမှာလဲ။
ပြီးတော့ ကျုပ်က အသင်္ချေအင်ပါယာကမ္ဘာအပေါ် ဂရုစိုက်တယ်ဆိုတာကို အထင်ကြီးလွန်းတယ်။ ကျုပ်က ကံကောင်းမှု၊ ကုသိုလ်နဲ့ ကာကွယ်ရေးတွေကြောင့် သိရှိသမျှ ခေတ်ကာလတွေထက် ကျော်လွန်တဲ့ ခေတ်ကာလကို ဖန်တီးချင်တယ်။ တကယ်လို့ အလွှာအများကြီးကနေ ကျူးကျော်မှု ခံရမယ်ဆိုရင် ကျုပ်က ကျုပ်ဂိုဏ်းရဲ့ အသက်ရှင်ရေးကိုပဲ ဦးစားပေးမှာ။ ဒါက ခါးသီးတဲ့ အမှန်တရားပဲ”
ကောင်းကင်တာအိုက ချက်ချင်း ပြန်မဖြေပဲ ဝမ်ဝေ့၏ စကားများကို ထည့်စဉ်းစားကာ ဆုံးဖြတ်ချက်၏ သက်ရောက်မှုကို တွက်ချက်ကြည့်နေသည်။ ထိုအရာက ဝမ်ဝေ့သည် ထူးချွန်ပြောင်မြောက်သည့် ခေတ်ကာလ၏ အုတ်မြစ်ကို မည်သို့ဖန်တီးမည်ကိုပင် တွက်ချက်ကြည့်လိုက်၏။ ကံဆိုးစွာဖြင့် အစီအစဉ် အတိအကျကို မသိပေ။
သို့သော်လည်း ထိုခေတ်ကာလက မည်သို့ပင်ဖြစ်စေကာမူ တကယ့်သက်ရောက်မှု ဖြစ်လာစေဖို့ မျိုးဆက်အနည်းငယ် ကြာမြင့်လိမ့်မည်။ ထို့ကြောင့် ကောင်းကင်တာအိုက အရှိန်မြှင့်တင်လိုခြင်း ဖြစ်၏။ တာအိုကို သက်သေပြပြီးသည့်နောက် ဝမ်ဝေ့နှင့် တိထျန်းတို့၏ အင်အားကို တွက်ဆထားလျှင် သူတို့သည် ကျူးကျော်မှုကို တားဆီးပြီး စစ်ပွဲကို အသုံးပြုကာ အလွှာ၏ ကြီးထွားမှုနှင့် ပြန်လည်ကောင်းမွန်နိုင်စွမ်းကို အရှိန်မြှင့်တင်နိုင်လိမ့်မည်။
ကောင်းကင်တာအိုအနေနှင့် တိထျန်းအတွက် သူ့ဇနီး၏ အမှတ်အသားကို အသုံးပြု၍ ညှိနှိုင်းဖို့အထိပင် ပြင်ဆင်ထား၏။
ယခု ကောင်းကင်တာအိုက ဆုံးဖြတ်ချက် ဝေဝါးသွားသည်။ အထူးသဖြင့် လတ်တလော အလွှာအပြင်ဘက်တွင် နယ်ခြားကျင့်ကြံသူများနှင့် အဖြစ်အပျက် အပြီးတွင် ဖြစ်၏။
“ပြီးတော့ ရေတို မဟုတ်ဘဲနဲ့ ရေရှည် စဉ်းစားသင့်တယ်။ မိစ္ဆာမျိုးနွယ်က ကျုပ်တို့အလွှာရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာသရွေ့ အဲဒီအင်အားစုတွေက ကျုပ်တို့ကို ဆန့်ကျင်ဖို့ အဲဒီဟာကို အကြောင်းပြချက်အနေနဲ့ သုံးနေမှာပဲ။ အခု သူတို့ကို အနိုင်ယူနိုင်တယ်ပဲ ထားဦး။ ဒါပေမဲ့ နောက်မျိုးဆက်ရာချီ ကြာပြီးတဲ့နောက်မှာ သူတို့က တူညီတဲ့ အကြောင်းပြချက်ကိုပဲ သုံးပြီးတော့ စစ်ပွဲ စတင်လာဦးမှာပဲ။
အဲဒီအချိန်ကျရင် မိစ္ဆာမျိုးနွယ်ရဲ့ ပေါင်းစည်းမှုကလည်း ရှိသေးတယ်။ လူသားအပေါ် သူတို့ရဲ့ အမုန်းတရားက အသွေးအသားထဲအထိ နက်ရှိုင်းနေတာ။ ပေါင်းစည်းမှုပြီးသွားရင် အဲ့လိုမျိုး စိတ်ခံစားချက် ပြင်းထန်တာတွေက အချင်းအချင်း တိုက်ပွဲတွေ ဖြစ်လာစေလိမ့်မယ်။
အရင်ဆုံးတော့ သူတို့တွေက အားနည်းနေတာဆိုတော့ ပြဿနာက သိပ်ကြီးကြီးမားမားတော့ ဖြစ်မှာမဟုတ်ဘူး။ ဒါပေမဲ့ သူတို့ဖက်မှာသာ မဟာဧကရာဇ်တစ်ပါး ပေါ်ထွက်လာရင် ရွှေလူဝံဧကရာဇ်လိုမျိုး အခြေအနေ ပြန်ဖြစ်လာလိမ့်မယ်။ အဲဒီထက်ပိုပြီးတော့ ဆိုးရွားသွားနိုင်တယ်”
[ အဲဒီဖြစ်နိုင်ချေကို စဉ်းစားကြည့်ပြီးပြီ။ မင်းက အဲဒီပြဿနာကို ဖြေရှင်းဖို့ နတ်ဆိုးမျိုးနွယ်ကို လုပ်ခဲ့သလိုမျိုး သံတမန်ရေးရာကို သုံးဖို့ မျှော်လင့်တယ်]
ဝမ်ဝေ့၏ နှုတ်ခမ်းများက တွန့်ချိုးသွားလေ၏။ ကောင်းကင်တာအိုသည် သူ့ကို အထင်ကြီးသည့်အတွက် ကျေးဇူးတင်ရမလားပင် မသိတော့ပေ။
“ကျုပ်က ဒီလိုအားစိုက်ထုတ်ထားပေမဲ့ နတ်ဆိုးမျိုးနွယ်က အချိန်ကိုက် ဗုံးတစ်လုံးလို ဖြစ်နေတုန်းပဲ။ သူတို့ကို ကျေနပ်စေပြီး အခြေအနေ ကောင်းမွန်လာအောင် အချိန်တချို့ ယူထားပေမဲ့ အဲ့လိုဆိုရင်တောင် လူသားတွေအပေါ် သူတို့ရဲ့ အမုန်းတရားကို အပြီးတိုင် ဖယ်ရှားလိုက်တာမျိုး မဟုတ်သလို သူတို့ရဲ့ ယုံကြည်မှု အပြည့်အဝကိုလည်း ရယူနိုင်တာ မဟုတ်ဘူး။
မိစ္ဆာမျိုးနွယ်အတွက်က လူသားတွေအပေါ် မုန်းတီးမှုနဲ့ ရွံရှာမှုက အဆရာချီ ပိုဆိုးရွားတယ်။ ဒီအခြေအနေကို ဖြေရှင်းဖို့ အကောင်းဆုံးကြိုးစားခဲ့ရင်တောင် ကျုပ် ထွက်သွားပြီးတဲ့နောက်မှာ အရင်အတိုင်း ပြန်ဖြစ်သွားလိမ့်မယ်။ အတိအကျပြောရရင် နတ်ဆိုးမျိုးနွယ်အတွက်လည်း အဲ့လိုဖြစ်မှာကို စိုးရိမ်နေတုန်းပဲ”
[ နတ်ဆိုးတွေက အလွယ်တကူ ပုံသွင်းမရတဲ့ မျိုးစိတ်ပဲ။ အဲဒါကြောင့် အဲ့လိုဖြစ်နိုင်ချေများတယ်]
ဝမ်ဝေ့က ထိုစကားကို သဘောတူလေသည်။
“မိစ္ဆာအကြောင်းပြောရမယ်ဆိုရင် သူတို့က ကျုပ်တို့နေရာမှာ လက်ခံလိုက်တာက နောက်ထပ် ဂယက်ရိုက်မှုတွေ ဖြစ်လာနိုင်တယ်။ ကျုပ်တို့အလွှာကနေ တက်လှမ်းသွားတဲ့ မဟာဧကရာဇ်တွေအပေါ် ဘယ်လိုသက်ရောက်မှု ရှိမယ်ဆိုတာလည်း မသိရဘူး။ ကျုပ် သိထားသလောက်တော့ ဒိုင်မေးရှင်းအမြင့်မှာ သူတို့က အတော်လေးကို အမုန်းခံရလိမ့်မယ်။ ဖြစ်နိုင်တာက တချို့အင်အားစုတွေက ပူးပေါင်းပြီးတော့ ကျုပ်တို့အလွှာကလူတွေကို မိစ္ဆာမျိုးနွယ်ကို ကိုယ်ပိုင်ဘက်သားအဖြစ် လက်ခံလိုက်လို့ တိုက်ခိုက်တာအထိတောင် လုပ်လာနိုင်တယ်”
[ ဒိုင်မေးရှင်းအမြင့်က ငါ့တာဝန်နယ်နိမိတ်ရဲ့ အပြင်ဘက်မှာ။ အဲဒီဖြစ်နိုင်ချေကို မစဉ်းစားမိခဲ့ဘူး]
ကောင်းကင်တာအိုက မဟာဧကရာဇ်များသည် ဒိုင်မေးရှင်းအနိမ့်တွင် မြင့်မားသည့်အဆင့် ရောက်တာမျိုး သို့မဟုတ် ထူးခြားပြောင်မြောက်ဖွယ် လုပ်ရပ်မျိုးကို အောင်မြင်ခဲ့လျှင် အကျိုးအမြတ်မြောက်များစွာ ဖြစ်မည်မှန်း သိလေသည်။ သို့သော်လည်း မဟာဧကရာဇ်တစ်ပါး တက်လှမ်းသွားသည့်အခါ သူတို့၏ ညွှန်ကြားလုပ်ဆောင်ချက်ထက် ကျော်လွန်သွားလေသည်။
“နောက်ဆုံးအနေနဲ့ အနောက်ပိုင်းကုန်းမြေမှာ ကျင့်ကြံသူတွေလည်း ရှိသေးတယ်။ သူတို့က တခြားအင်အားစုတွေရဲ့ ဖိအားတွေနဲ့ အာဏာလစ်ဟာမှုကြောင့်သာ ငြိမ်နေတာ။ ဒါပေမဲ့ မိစ္ဆာတွေသာ ပေါင်းစည်းသွားရင် အဲဒီမိစ္ဆာကျင့်ကြံသူတွေကလည်း အဲဒီမိစ္ဆာနဲ့ ပေါင်းစည်းပြီးတော့ သူတို့အင်အားကို မြှင့်တင်ပြီးတော့ ပဋိပက္ခတွေ ဖန်တီးလာကြလိမ့်မယ်”
ဝမ်ဝေ့က ထိုမိစ္ဆာကျင့်ကြံသူများကို မည်သို့လုပ်ရမည်ကို မဆုံးဖြတ်ထားပေ။ သူ့တစ်စိတ်တစ်ပိုင်းက သူတို့သည် ပြဿနာအရင်းအမြစ်ဖြစ်ကာ ပေါက်ကွဲဖို့ စောင့်ဆိုင်းနေသည့် အချိန်ကိုက် ဗုံးတစ်လုံးလို ဖြစ်နေသည့်အတွက် သုတ်သင်ပစ်လိုသည်။ နောက်ထပ် တစ်စိတ်တစ်ပိုင်းအနေနဲ့မူ သူတို့၏ ရက်စက်မှုနှင့် ရူးသွပ်မှုများက ကောင်းမွန်စွာ အသုံးချပါက တပ်ဖွဲ့၏ အင်အားကို အကျိုးပြုနိုင်သည့်အတွက် အကူအညီ ဖြစ်စေနိုင်သည်။
ကောင်းကင်တာအိုက သူရွေးချယ်ထားသည့် လူ၏ ပြောဆိုမှုများကို ထည့်သွင်းစဉ်းစားပြီး ကမ္ဘာ၏ အနာဂတ်ကို တွက်ချက်ကြည့်လိုက်ကာ ယခင်ဆုံးဖြတ်ချက်ကို ချင့်ချိန်လိုက်သည်။ ထိုအရာက ရွေးချယ်ခံသားတော်၏ တစ်ကိုယ်ကောင်းဆန်သည့် အပြုအမူမျိုးလည်း ဖြစ်နေနိုင်သည်ကို ထည့်စဉ်းစားလိုက်၏။
သို့သော် ထိုအရာက ဤအလွှာ၏ ဇာတ်လိုက်ဖြစ်သည့် လူသားများသည် တစ်ကိုယ်ကောင်းဆန်မှုနှင့် လိုအင်ဆန္ဒကဲ့သို့ စိတ်ခံစားချက်များနှင့် လှုပ်ရှားနေသည့် မျိုးနွယ်ဖြစ်သည့်အတွက် စိတ်ထဲ မထားပေ။ ထိုအရာက အကောင်းအဆိုးကို ချင့်ချိန်ကြည့်လိုက်သည်။
[ မင်းရဲ့စကားကို ကြားပြီးတဲ့နောက်မှာ ငါ့ရဲ့ အစောပိုင်းဆုံးဖြတ်ချက်က ပြစ်ချက်ရှိနေတာကို သုံးသပ်မိတယ်]
“အဲဒါဆိုတော့ ပေါင်းစည်းမှုကို တားဖို့ သဘောတူတယ်လား”
[ဟုတ်တယ်]
ဝမ်ဝေ့က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်၏။ သူက ထိုပေါင်းစည်းမှုကို တားဆီးဖို့ ပြင်းပြင်းထန်ထန် မလုပ်လိုပေ။
“တွေ့ခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
ကောင်းကင်တာအိုက ဘာမှပြန်မပြောဘဲ ဝမ်ဝေ့ကို ပြန်လွှတ်လိုက်သည်။ ထိုဆုံးဖြတ်ချက်မြန်ဆန်သည့် အဓိကအကြောင်းအရင်းမှာ ကောင်းကင်တာအိုက ရွေးချယ်ခံသားတော်နှင့် သဘောထားကွဲလွဲမည်ကို မလိုချင်၍ ဖြစ်သည်။
နှစ်များစွာ တွက်ချက်ပြီးသည့်နောက်တွင် ကောင်းကင်တာအိုက သူသည်သာ ပြောင်မြောက်သည့်ခေတ်ကာလကို ဖန်တီးနိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်ကြောင်း ကောက်ချက်ချထားသည်။ ခေတ်ကာလသားတော်ကို ရရှိထားသည့် တခြားသူများက အတိတ်နှင့် ယှဉ်နိုင်သည့် ခေတ်ကာလကို ဖန်တီးနိုင်သော်လည်း ထိုအရာကို ကျော်လွန်နိုင်မည် မဟုတ်ပေ။
လက်ရှိ ကောင်းကင်ရွေးချယ်ခံများကြား ဤသို့သော လူများကို ရှာတွေ့ဖို့က ရှားပါးလှ၏။ အများစုက ခေတ်ကာလကို ဖွံ့ဖြိုးအောင်လုပ်ဖို့ အင်အားရှိကြသော်လည်း အမြင်၊ အသိဉာဏ်၊ ဩဇာတိက္ကမနှင့် ကမ္ဘာကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်မည့် လိုအင်ဆန္ဒတို့ လစ်ဟာနေသည်။
အကယ်၍ တိထျန်းသာ တခြားသူတွေနှင့် ပူးပေါင်းလုပ်ကိုင်နိုင်ပါက ကောင်းကင်တာအိုသည် ဝမ်ဝေ့အပေါ် အကုန်ပုံအောထားမည် မဟုတ်သလို ဤပေါင်းစည်းမှုအကြောင်း မြန်မြန်အဆုံးသတ်ပစ်မည်လည်း မဟုတ်ပေ။
***