နောက်ထပ်အပေးအယူ
Vol. 49 Ch. 683
မိန်းမလှတစ်ဦးက အာကာပြင်မုခ်ပေါက်မှ ထွက်လာပြီး စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်သည်။ သူမ၏ တည်ရှိမှု သို့မဟုတ် အလှတရားက သူမ ရပ်နေသည့်မြေကြီး၊ မြောလွင့်နေသည့် တိမ်တိုက်နှင့် ရှူသွင်းလိုက်သည့် လေများကိုပင် မှေးမှိန်သွားစေ၏။
သူမ ထွက်ပေါ်လာပြီး စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သူမ၏ စိတ်ထဲ နဖူးအပေါ်တွင် အနီရောင်အမှတ်အသား ရှိသည့်လူများကို အမဲလိုက်ဖို့ရာအတွက် သတင်းအချက်အလက် ပေါ်ပေါက်လာသည်။
“ဘာတွေဖြစ်နေတာလဲ” ရှုရှစ်က ရေရွတ်လိုက်၏။ သိပ်မကြာသေးခင်က ကမ္ဘာတွင် ထာဝရအထွတ်အထိပ် တစ်ယောက်၏ အမွေအနှစ်ရှိသည့် လျှို့ဝှက်နယ်မြေအကြောင်း အံ့မခန်း အလျင်နှုန်းဖြင့် ပျံ့နှံ့လာသည့်အတွက် ကောင်းကင်ရွေးချယ်ခံများက သူတို့ကိုယ်တိုင် သွားရောက်စစ်ဆေးလိုကြ၏။
ပထမဦးစွာ ရှုရှစ်က သူမ၏ ကမ္ဘာဦးဟွင်သွမ်း ကျင့်စဉ်သည်လည်း ထာဝရအထွတ်အထိပ်အဆင့် ကျမ်း ဖြစ်သည့်အတွက် စိတ်မဝင်စားပေ။ သို့သော် သူမ၏ ကမ္ဘာမှ တစ်ယောက်ယောက် ရယူသွားမည်ကို မလိုချင်သည့်အတွက် လာရောက်စစ်ဆေးကြည့်ခြင်း ဖြစ်၏။ လျှို့ဝှက်နယ်မြေဖွင့်ပြီးသည့်နောက် သိပ်မကြာခင် လျှို့ဝှက်ဆန်းကြယ် စွမ်းအားတစ်ခုက အားလုံးကို ဤနေရာသို့ ခေါ်ဆောင်လာပြီး နဖူးပေါ်တွင် အနီရောင်အမှတ်အသား ရှိသည့်လူများကို သတ်ဖို့ရာ ပြောနေသည်။
ရှုရှစ်က တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားမိနေ၏။ လျှို့ဝှက်နယ်မြေတစ်ခုလုံး၏ အခြေအနေက အလျင်လိုနေကာ သံသယဖြစ်ဖွယ် ကောင်းနေသည်။
ပတ်ဝန်းကျင်တစ်ခုလုံးကို စစ်ဆေးကြည့်ပြီးသည့်နောက်တွင် အနောက်မြောက်ဘက်သို့ ဦးတည်လိုက်၏။ ရှုရှစ်၏ စိတ်ထဲ အနီရောင်အမှတ်အသား ရှိနေသည့် အနီးဆုံးလူကို ပြနေသည့် မြေပုံတစ်ခုလိုမျိုး ရှိနေသည်။ စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သူမက ထိုလူကို မြင်လိုက်ရ၏။
“ဟို့ဖုန်းဟွမ်လား”
“ရှုရှစ်လား” ရှေးဟောင်းမျိုးနွယ်၏ အမွေဆက်ခံသူက မေးလိုက်သည် “ဘာတွေဖြစ်နေတာလဲ။ ဒါနဲ့ နင့်အပေါ်မှာ ဘာလို့ အမှတ်အသား မရှိတာလဲ”
ရှုရှစ်က ချက်ချင်းပြန်မဖြေဘဲ တစ်စုံတစ်ခုကို မှန်းဆမိသွားသည်။
“နင် သတိထားတာ ကောင်းလိမ့်မယ်”
သူမ၏ ယခင်ပြိုင်ဘက်ကို သတိပေးပြီးသည့်နောက်တွင် ရှုရှစ်က သူမ မြေပုံရှိ အနီးဆုံးအမှတ်အသားရှိရာဆီ ပျံသန်းလာလိုက်သည်။ ထင်ထားသည့်အတိုင်း ထိုသူကလည်း အသင်္ချေအင်ပါယာကမ္ဘာမှ ဖြစ်နေလေ၏။
တစ်ယောက်ယောက်ကတော့ သေချာပေါက် အကွက်ကွက်ကျကျ ကြံစည်နေတာပဲ…
ရှုရှစ်က အခြေအနေကို သုံးသပ်ကာ တွေးလိုက်မိသည်။ ဧကရာဇ်ဉာဏ်အလင်းပွင့်ကျောင်းတော်က ဤကုန်းမြေတွင် ဘယ်သူမှ မရှိသည့်အတွက် ဤဖရိုဖရဲအခြေအနေတွင် များများစားစား ဆုံးရှုံးမည် မဟုတ်ပေ။ အကျိုးဆက်အားဖြင့် သူမက ထိုလူများကို မသတ်နိုင်ပေ။ ထိုအရာက ကျောင်းတော်အတွက် ရန်သူများစွာကို ဖန်တီးမိသလိုသာ ဖြစ်လိမ့်မည်။
ငါ ခပ်သွက်သွက် လှုပ်ရှားနိုင်ရင် ဒီအခြေအနေကို အရေးသာအောင် ပြောင်းလဲပစ်နိုင်တယ်
သူမက အချိန်မဖြုန်းဘဲ အကွာအဝေးတစ်ခုဆီ ကူးသန်းပြောင်းလဲသွားလိုက်သည်။ သူမက နောက်ထပ် ပိုင်နက်တစ်ခုဆီ ဦးတည်လိုက်ခြင်း ဖြစ်၏။
……………………………….
ဒေါသ ပိုင်နက်
“ဝမ်ဝေ့” ဒေါသက သူ့ရှေ့တွင် ပေါ်ထွက်လာသည့် ရုပ်ချောချော လူငယ်လေးကို ကြည့်ကာ ရေရွတ်လိုက်သည်။ သူမက မိစ္ဆာဒဏ်ခတ်ရေးဓားကို ကိုင်စွဲထားပြီး တိုက်ပွဲအတွက် အသင့်ပြင်လိုက်သည်။
“ဘယ်လိုလုပ် အထဲရောက်လာတာလဲ”
“ဒီကုန်းမြေပေါ်မှာ ဖြစ်လာတဲ့ မူမမှန်မှုကြောင့် စံအိမ်ရဲ့ အစီအရင်ကို ပျက်စီးသွားစေတယ်။ ငါ့အတွက် အာရုံမခံမိစေဘဲ ဝင်လာဖို့က အလွယ်လေးပဲ” သူက ပြုံးကာ ပြန်ဖြေလိုက်၏။
“စိတ်အေးအေးထားပါ။ မင်းကို ထိခိုက်အောင် လုပ်ဖို့ ရောက်လာတာ မဟုတ်ဘူး။ မဟုတ်ရင် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လိုက်မှာပေါ့”
“ရှင်က ဒီလိုနိမ့်ကျတဲ့ နည်းဗျူဟာမျိုး သုံးတာ မရှက်ဘူးလား”
“မရှက်ပါဘူး”
“လူသားတွေက ကျွန်မတို့မိစ္ဆာတွေထက်တောင် ပိုပြီးတော့ မိစ္ဆာဆန်သေးတယ်လို့ အမြဲယုံခဲ့မိတာ။ အခုတော့ အမှန်ပဲကိုး”
“အမှန်ပဲ။ ဒါပေမဲ့ ကောင်းတဲ့အရာတွေနဲ့ သနားညှာတာစိတ်ကလည်း မင်းတို့မိစ္ဆာတွေ တွေ့ကြုံခံစားနိုင်တဲ့အရာ မဟုတ်ဘူး” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။
“အဲ့ကိစ္စတွေကို မပြောဘဲ နေကြစို့။ ငါက မင်းရဲ့ဆရာ ပြောလို့ ရောက်လာတာ။ နောက်ထပ် မင်းက ဘာလုပ်မှာလဲဆိုတာ ပြောစမ်းပါဦး”
“စကားတွေ နည်းနည်းပြောရုံနဲ့ ရှင့်ကို ယုံမယ်လို့များ ထင်နေလား”
ဝမ်ဝေ့က သက်ပြင်းချလိုက်ပြီးသည့်နောက်တွင် သူမ လက်ထဲမှ ဓားကို ကြည့်လိုက်၏။
“စိတ်ဝင်စားစရာပဲ။ ငါလည်း ဒီနည်းလမ်းကို တစ်ခါက အသုံးပြုဖူးတယ်”
သူက ထိုဓားသည် နတ်ဆိုးအထွတ်အထိပ်ကမ္ဘာတွင် သူ သုံးခဲ့သော တူညီသည့် နည်းလမ်းကို အသုံးပြု၍ ဖန်တီးထားကြောင်း သဘောပေါက်သွားသည်။ မိစ္ဆာမျိုးနွယ်၏ အဆိုးမြင် ခံစားချက်များနှင့် ကံကြွေးများကို စုစည်းထားခြင်း ဖြစ်၏။
အသင်္ချေအင်ပါယာကမ္ဘာ၏ လက်ထဲတွင် နှစ်များစွာ ခံစားပြီးသည့်နောက်တွင် မိစ္ဆာမျိုးနွယ်က အဆိုးမြင် စိတ်ခံစားချက်များ များပြားနေသည်။
ဓားက အလားအလာ ကောင်းတယ်…
ဝမ်ဝေ့က တွေးလိုက်မိသည်။ လက်ရှိ ဤဓားက မိစ္ဆာနတ်ဘုရားကိုးပါးကမ္ဘာတွင် ကန့်သတ်ခံထားရသည်။ သို့သော် တစ်ရက်ကျ ဒေါသသာ တာအိုကို သက်သေပြနိုင်ခဲ့ပါက ဒိုင်မေးရှင်းအနိမ့်ရှိ မိစ္ဆာအားလုံး၏ ခံစားမှုမှ စွမ်းအားကို စုစည်းနိုင်လိမ့်မည်။ ဒိုင်မေးရှင်းအမြင့်တွင်ပင် ဖြစ်နေနိုင်၏။
ဒီလိုလက်နက်မျိုးရဲ့ စွမ်းအားက မဟာဧကရာဇ် တာအိုအရင်းအမြစ်ရဲ့ ဆေးကြောခြင်းခံပြီးသွားရင် အတော်လေးကို ပြိုင်ဘက်ကင်းသွားမှာပဲ…
ငါ အသုံးမပြုနိုင်တာ နှမြောစရာပဲ။ မိစ္ဆာကပဲ အဲဒီလက်နက်ကို ကိုင်စွဲနိုင်တယ်။ လူသားတစ်ယောက်အနေနဲ့ဆိုရင် အဲဒီဓားက ပုန်ကန်မှာပဲ။ သူ အကြွင်းမဲ့စွမ်းအားသုံးပြီး ဖိနှိပ်ထားတယ်ဆိုရင်တောင် လူသားတစ်ယောက်ရဲ့ ကိုင်ဆောင်တာကို တားဆီးဖို့ သူ အလိုလိုဖျက်ဆီးပစ်လိမ့်မယ်…
“ဓားကို ဆေးလုံးအဖြစ် သုံးပြီးတော့ စွမ်းအားကို စုပ်ယူလို့ရတယ်။ အဲဒါက မင်းရဲ့ နဝမအဆုံးစွန်အုတ်မြစ်ကို ပြုပြင်ပေးပြီးတော့ အဆင့် ၂ တာအိုဘိုးဘေးစွမ်းအားကို ရစေလိမ့်မယ်။ အဲဒီနောက် မင်းက ဓားရဲ့ စွမ်းအားကို အသုံးပြုပြီး အဆင့် ၅ ဘိုးဘေးနဲ့ အချိန်တစ်ခုကြာ ထိပ်တိုက် ရင်ဆိုင်နိုင်လိမ့်မယ်။”
ထို့နောက် သူက သူမကို စိုက်ကြည့်လိုက်သည်။
“မင်းရဲ့ အကြည့်ထဲမှာ မိစ္ဆာမျိုးနွယ်ကို မစွန့်ပစ်ဘူးဆိုတာကို မြင်နေရတယ်။ မင်းက မိစ္ဆာမျိုးနွယ်ကို ယာယီစွန့်ပစ်ပြီးတော့ မင်းကိုယ်မင်း အသင်္ချေအင်ပါယာကမ္ဘာသား ဖြစ်ဖို့ အရင်အစီအစဉ်အတိုင်း လုပ်ဖို့ ကြံစည်နေတာပဲ။ အဲလိုဆိုရင် မင်းက ထာဝရဧကရာဇ်ဖြစ်လာဖို့ တာအိုကို သက်သေပြပြီး စည်းတံဆိပ်ကို ဖြေရှင်းပြီး မျိုးနွယ်ကို ကာကွယ်ပေးမှာမလား”
“ဆရာက သူ ရင်ဆိုင်ဖူးသမျှထဲမှာ ရှင့်လိုမျိုး တာအိုနယ်ရှင်တွေက ရင်ဆိုင်ရ အခက်ဆုံးလို့ ပြောဖူးတယ်” ဒေါသက လှောင်ပြောင်ဟန်ဖြင့် ပြောလိုက်သည်။
“ကြည့်ရတာ သူ ပြောတာမှန်နေတာပဲ။ ရှင့်ရဲ့ မောက်မာမှုနဲ့ အကုန်သိ အကုန်တတ် လုပ်နေပုံက အတော်လေးကို စိတ်ပျက်ဖို့ကောင်းတယ်”
“မင်းသာ အစီအစဉ်ကို ပြောပြခဲ့ရင် ဒီလိုလုပ်နေစရာ မလိုဘူး။ အဲဒီအစား မင်းက ခေါင်းမာပြီးတော့ ငါ့ရဲ့ အသိဉာဏ်တွေနဲ့ မင်းရဲ့ အစီအစဉ်တွေကို ထုတ်ဖော်အောင်လုပ်ဖို့ ဖိအားပေးနေတာလေ။ အဲဒါကြောင့် ဒီလိုစကားဝိုင်း ဖြစ်လာခဲ့တာပဲ။ တကယ်လို့ မင်းသာ အခြေအနေအတိုင်း လိုက်နေနိုင်မယ်ဆိုရင် ငါ့ရဲ့ မောက်မာမှုတွေကို ဘာမှခံစားနေစရာ မလိုဘူး။”
ထိုစကားဝိုင်းအပြီးတွင် ဝမ်ဝေ့က ဒေါသသည် မည်သို့လူမျိုးဖြစ်ကြောင်း ကောက်ချက်ချနိုင်ခဲ့သည်။ သူမသည် ဉာဏ်ကောင်းပြီး ပါရမီရှိကာ သစ္စာရှိသော်လည်း အတွေ့အကြုံ လိုအပ်နေသေးသည်။ သူက သူ့ဆရာသည် သူမအပေါ် ကာကွယ်လွန်းသည်ကို မှန်းဆကြည့်မိသည်။ ထို့ကြောင့် သူမက စိတ်ခံစားချက် လှုံ့ဆော်ရာတွင် ကောင်းမွန်စွာ မကိုင်တွယ်နိုင်ခြင်း ဖြစ်၏။
သူမထက် အားနည်းသည့်သူများနှင့် ရင်ဆိုင်သည့်အခါ အဆင်ပြေလိမ့်မည်။ သို့သော် သူမထက် အားကြီးသည့်သူနှင့် ရင်ဆိုင်ရပါက သူမအတွက် ဖိအားများစွာ ကျရောက်လာလိမ့်မည်။
ဒေါသက အသက်ပြင်းပြင်းရှူကာ “ရှင်သိသွားပြီဆိုတော့ အခု ဘာဆက်လုပ်မှာလဲ”
“အရင်ဆုံးမင်းက အသင်္ချေအင်ပါယာကမ္ဘာသား ဖြစ်လာလို့ မရဘူး။ ငါတို့ကမ္ဘာကို မိစ္ဆာမျိုးနွယ်နဲ့ ဆက်နွယ်မှုရှိတာ မဖြစ်စေချင်ဘူး။ မင်းတို့က လူသားလို့ မှတ်ယူထားတယ်ဆိုရင်တောင်ပေါ့” ဝမ်ဝေ့က ပြောလိုက်သည်။
“မဖြစ်နိုင်ဘူး။ အသင်္ချေအင်ပါယာကမ္ဘာက ကျွန်မတို့ မိစ္ဆာမျိုးနွယ်နှင့် ကံဆက်နွယ်မှု အကောင်းဆုံး ရှိတယ်။ အောင်မြင်နိုင်ချေရှိတာက ဒီအလွှာပဲ ရှိတယ်”
ဒေါသက သူ့ဆရာနှင့် အခြေအနေကို ဆွေးနွေးကြည့်ပြီး တူညီစွာ ကောက်ချက်ချခဲ့ကြသည်။ ထို့ကြောင့် ဤကုန်းမြေ၏ အစီအရင်က အသင်္ချေအင်ပါယာကမ္ဘာ၏ ကမ္ဘာမှ ကျဆုံးသွားသော စစ်သားများ၏ သွေးကို တိတ်တဆိတ် ဝါးမျိုပြီး သူတို့၏ ကမ္ဘာသား အဆင့်အတန်းနှင့် လူသားမျိုးနွယ် အဆင့်အတန်းကို ရယူဖို့ လုပ်ဆောင်နေခြင်း ဖြစ်၏။
“မင်းအဆင့်အတန်းကို ရယူနိုင်မဲ့ နောက်ထပ် နည်းလမ်းတစ်ခု ရှိတယ်။ အစစ်အမှန် ကောင်းကင်တာအို။ အဲဒါက တခြားအလွှာတွေရဲ့ ကောင်းကင်တာအိုထက် ပိုပြီးတော့ တရားဝင်တယ်” ဝမ်ဝေ့က ပြန်လည်ချေပလိုက်၏။
“အစစ်အမှန် ကောင်းကင်တာအိုကို ဘယ်လိုဆက်သွယ်ရမှာလဲ။ ပြီးတော့ ကျွန်မ ဆရာရဲ့ လုပ်ရပ်တွေအပြီးမှာ ကောင်းကင်တာအိုက မိစ္ဆာမျိုးနွယ်အပေါ် မုန်းတီးနေတာ။ အဲဒါက ဘာလို့ ကျွန်မတို့ကို ကူညီပေးမှာလဲ”
“အဲဒါက မင်းတို့ရဲ့ မျိုးနွယ်ကို မုန်းတီးနေတာ မဟုတ်ဘူး။ မင်းတို့ရဲ့ အပြုအမူကြောင့် စိတ်ပျက်သွားရုံပဲ။ အဲဒါကြောင့် အပြစ်ပေးဖို့ ဆုံးဖြတ်ခဲ့တာ။ ဒါပေမဲ့ ကောင်းကင်တာအိုက မျှခြေကို ဂရုစိုက်တယ်။ အလင်းမျိုးနွယ် ဆိုတာရှိရင် မိစ္ဆာမျိုးနွယ်ကလည်း ပြန်လည်ရှင်သန်ခွင့်ဆိုတာ ရှိတယ်။
ဘယ်လိုဆက်သွယ်ရမလဲဆိုတော့ ကောင်းကင်တာအိုနဲ့ ဆက်သွယ်သလို နည်းလမ်းအတိုင်းပဲပေါ့။ တစ်ခုက မိစ္ဆာမျိုးနွယ်ရဲ့ ရှင်သန်ထမြောက်မှုလိုမျိုး အကျုံးဝင်တဲ့ ကိစ္စမျိုးကိုပဲ ပြန်လည်တုံ့ပြန်နိုင်တယ်”
“ ရှင် ပြောတာ မှန်ရင် မှန်မှာပါ။ ဒါပေမဲ့ အစစ်အမှန် ကောင်းကင်တာအိုက ကျွန်မ တောင်းဆိုတာရဲ့ အကြံပြုချက်ကို လက်ခံပေးမှာ မဟုတ်ဘူး”
“အမှန်ပဲ။ မင်းက ငါ့ရဲ့ ကောင်းကင်တာအိုအတွက် ဘာနဲ့ အလဲအလှယ် လုပ်ဖို့ စဉ်းစားထားတာလဲ”
“ရှင့်ရဲ့ ဟာလား”
“အဲလို အသေးအဖွဲ့ကိစ္စတွေကို ဂရုမစိုက်ပါနဲ့”
ဒေါသက သူ့ကို ထူးထူးဆန်းဆန်း ကြည့်လိုက်ပြီးနောက် ပြန်ဖြေလိုက်သည် “ကျန်ရှိနေတဲ့ မိစ္ဆာနတ်ဘုရားရဲ့ ခန္ဓာကိုယ်တစ်ခုနဲ့ လဲလှယ်ဖို့ လုပ်နေတာ”
“အဲလိုလုပ်နိုင်တယ်လား။ ဒီကုန်းမြေက ပျက်စီးသွားတဲ့ ကောင်းကင်တာအိုနဲ့တောင်လေ”
“ဟုတ်တယ်။ အစီအရင်က အကောင်းအတိုင်း ကျန်ရှိနေသေးတယ်။ ပြီးတော့ မိစ္ဆာနတ်ဘုရားတွေက ကျွန်မတို့မျိုးနွယ်ရဲ့ အနာဂတ်အတွက် သူတို့ကိုယ်သူတို့ စွန့်စားဖို့ လိုလာကြတယ်”
“စတေးလိုတဲ့ မိစ္ဆာလား။ ငါ့ဘဝမှာ အရာတော်တော်များများကို မြင်တွေ့ခဲ့ရတာပဲ”
“ရှင်တို့လူတွေက သမိုင်းကြောင်းတစ်လျှောက်မှာ ကျွန်မတို့ကို မကောင်းဆိုးဝါးဆန်တယ်လို့ပဲ မြင်ခဲ့ကြတာလေ။” ဒေါသက ပြန်လည်ချေပလိုက်၏။
“ဒါမှမဟုတ် လက်ရှိမျိုးနွယ်က မင်းတို့မျိုးနွယ်ရဲ့ ပင်ကိုမျိုးနွယ်ဆိုင်ရာ ကန့်သတ်ချက်ထက် ကျော်လွန်အောင် ဆင့်ကဲပြောင်းလဲဖို့ ဖိအားပေးလိုက်တာလည်း ဖြစ်ရင် ဖြစ်မှာပေါ့”
“ ရှင်နဲ့ ငြင်းခုန်ချင်နေတာ မဟုတ်ဘူး”
“ကောင်းပြီ။ ပြောလက်စကို ပြောရအောင်။ အစစ်အမှန် ကောင်းကင်တာအိုက မင်းရဲ့ အပေးအယူကို လက်ခံချင်မှ လက်ခံလိမ့်မယ်။ မင်း လုပ်ဖို့လိုနေတာက ကုသိုလ်ပဲ။ ပြောရမယ်ဆိုရင် အမြင့်မားဆုံး ခရမ်းရောင် ကုသိုလ်ပေါ့”
“ကျွန်မက အဲ့လိုဟာမျိုးကို ဘယ်က ရနိုင်မှာမလို့လဲ” မိစ္ဆာမျိုးနွယ်က စိတ်ကူးကောင်းသည့် မျိုးနွယ်မျိုး မဟုတ်ပေ။ ထို့ကြောင့် သူတို့အတွက် ကုသိုလ်ရယူဖို့ မလွယ်ကူလှပေ။ ပုံမှန်အားဖြင့် သူတို့သည် ထိုသို့အရင်းအမြစ်မျိုး ရရှိဖို့အတွက် တခြားမျိုးနွယ် သို့မဟုတ် တခြားကမ္ဘာများကိုသာ အုပ်စိုးလေ့ရှိကြသည်။
“အဲဒါက ငါ အသုံးဝင်လာတဲ့ နေရာပဲ။ မိစ္ဆာနတ်ဘုရားရဲ့ ခန္ဓာကိုယ်အတွက် ကုသိုလ်ကို အလဲအလှယ် လုပ်ပေးမယ်”
“အဲဒီအလဲအလှယ်မှာ ကျွန်မတို့ဘက်က ဆုံးရှံးနေတာ မဟုတ်ဘူးလား”
“အရာအားလုံးက လိုအပ်ချက်အပေါ် မူတည်တာပဲ။ မင်းရဲ့ လက်ရှိအခြေအနေမှာဆိုရင် မင်း လိုအပ်တာကို ပေးနိုင်တာ ငါ တစ်ယောက်ပဲ ရှိမယ်”
“တကယ်ကို အရှက်မရှိတဲ့ ခေါင်းပုံဖြတ်သမားပဲ”
“ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ခရမ်းရောင်ကုသိုလ်က ဧကရာဇ်ခန္ဓာလိုမျိုး ရှားပါးတဲ့ အရင်းအမြစ်တစ်ခုပဲ။ အဲဒါကြောင့် အလဲအလှယ်က မင်း ထင်သလို တစ်ဖက်သတ်တော့ မဟုတ်ဘူး”
စိတ်ထိန်း စိတ်ထိန်း …
သူမက သူ၏ အရှက်မဲ့မှုကြောင့် တိုက်ခိုက်လိုသော်လည်း “နောက်ထပ်ဘာရှိသေးလဲ”
“နောက်ထပ် နှစ်ခုရှိသေးတယ်။ မင်းတို့က အဆင့်အတန်းကို ရယူပြီးရင် တာအိုကို တခြားကမ္ဘာ့အသိုက်အဝန်းမှာ သက်သေပြလိုက်ပါ။ မင်းကို စောင့်ရှောက်ပေးမယ်လို့ မင်းဆရာဆီမှာ ကတိပေးထားတယ်။ ဒါပေမဲ့ ငါ့ရဲ့ ကိစ္စတွေမှာ မင်း ဝင်စွက်ဖက်တာ မလိုချင်ဘူး”
“ကျွန်မတို့ကို ရောဂါကပ်ဆိုးတွေလိုမျိုး ဘာလို့ ဆက်ဆံနေတာလဲ”
“မင်းတို့က အဲ့လိုမျိုး ဖြစ်နေလို့ပေါ့။ နောက်အနာဂတ်မှာ ငါ မင်းကို ကူညီပေးနိုင်တယ်။ ဒါပေမဲ့ လျှို့ဝှက်ပြီးတော့ပဲ”
ဝမ်ဝေ့က မိစ္ဆာမျိုးနွယ်အပေါ် ကိုယ်ပိုင်ခံစားချက် သို့မဟုတ် အမုန်းတရားများ မရှိပေ။ သို့သော်လည်း သူ၏ ခေတ်ကာလကို ရှည်ကြာလိုပါက အသင်္ချေအင်ပါယာကမ္ဘာသည် မိစ္ဆာမျိုးနွယ်နှင့် တိုက်ရိုက်ဆက်နွယ်၍ မရပေ။ မဟုတ်ပါက လူများသည် ထိုအရာကို အကြောင်းအရင်းအဖြစ် အသုံးပြုကာ သူ ထွက်သွားပြီးသည့်နောက်တွင် တိုက်ခိုက်လာကြလိမ့်မည်။
“ဒုတိယအချက်ကရော” ဒေါသက တည်ငြိမ်သွားလေသည်။ သူမက နောက်ကွယ်မှ ကူညီပေးမည်ဆိုလျှင်ပင် တစ်စုံတစ်ယောက်က ကူညီပေးလိုသည့်သူ ရှိခြင်းက မည်မျှအရေးပါမှန်း သဘောပေါက်၏။
“မင်းဆီကနေ ဖျက်ဆီးလိုက်ခံရတဲ့ ကောင်းကင်တာအိုရဲ့ အရှိန်အဝါ တချို့ လိုချင်တယ်”
ဒေါသက မျက်မှောင်ကြုတ်လိုက်ပြီးနောက် သူ ဘာကြောင့် လိုချင်မှန်း မမေးပေ။ သူမက အဆောင်မှ အစိတ်အပိုင်းတစ်ခုကို ထုတ်ကာ ပေးလိုက်သည်။
“ကြည့်ရတာ ငါတို့တွေ ယုံကြည်မှုတစ်ခုတော့ တည်ဆောက်ပြီးတဲ့ပုံပဲ” သူက ခရမ်းရောင် သတ္တုလုံးကို ထုတ်ကာ သူမဆီ ပေးလိုက်၏။
“ဒါက ငါတို့အပေးအယူရဲ့ တစ်စိတ်တစ်ပိုင်းပဲ ရှိသေးတယ်။ မင်း မိစ္ဆာနတ်ဘုရားရဲ့ ခန္ဓာကိုယ်ကို ပေးတာနဲ့ ကျန်တာကို ပေးမယ်”
ဒေါသက ခရမ်းရောင်ကုသိုလ်ကို ကြည့်ကာ ပြောလိုက်သည် “ကျွန်မကို ခဏတော့ အချိန်ပေးဦး။ အပေးအယူကို မြန်မြန်ဆန်ဆန် ဖြည့်စည်းပေးပါ့မယ်”
“ငါ စောင့်နေမယ်”
ဝမ်ဝေ့က ထိုအပေးအယူကြောင့် စိတ်သက်သာရာရသွားမိ၏။ အသက်ရှင်ကာ အတော်လေး အားနည်းနေသည့် မဟာဧကရာဇ်ဖြင့် သိပ္ပံပညာရှင်များသည် ဒဿမအဆုံးစွန်အုတ်မြစ် ရောက်ရှိဖို့ ကူညီပေးရာ၌ အောင်မြင်နိုင်ချေ မြင့်မားလေသည်။
နောက်ဆုံးသော တိုက်ပွဲက အလျင်အမြန် ချဉ်းကပ်လာပြီဖြစ်၍ သူ့အနေနှင့် ဖိအားများစွာ ခံစားနေရပြီး ထိုလုပ်ဆောင်ချက် အောင်မြင်ဖို့ စိတ်လောနေမိသည်။
“မင်းနဲ့ အလုပ် တွဲလုပ်ရတာ ကောင်းတယ်” သူက ပြောပြီးသည့်နောက်တွင် စံအိမ်မှ ထွက်လာလိုက်၏။ သူက ဤကုန်းမြေ၏ အပြောင်းအလဲများကို ရှာဖွေတော့မည့်ဆဲဆဲတွင် တစ်စုံတစ်ခုကို ရုတ်ချည်းခံစားမိလိုက်၏။
တစ်စုံတစ်ယောက်က ငါ့ကို ခေါ်နေတာလား…
သူက အဝေးတစ်နေရာတွင် ပျောက်ကွယ်သွားသည်။
***