စိတ်ရှင်းသွားခြင်း
Vol. 49 Ch. 684
ဝမ်ဝေ့က တောင်တစ်လုံးဆီ ကူးသန်းလာလိုက်သည့်အခါ တစ်စုံတစ်ယောက်က သူ့အား စောင့်ဆိုင်းနေသည်ကို မြင်လိုက်ရ၏။ သူမကို မြင်လိုက်သည်နှင့် သူမ၏ တည်ရှိမှုက ပတ်ဝန်းကျင်တစ်ခုလုံးကို တန်ဆာဆင်မွမ်းမံထားသကဲ့သို့ ကမ္ဘာကြီးပင် တောက်ပသွားသည့်ဟန်ပေါ်သည်။
“မိန်းကလေးရှုရှစ် အမြဲတမ်းလှနေတာပါ့ရော”
“ကျေးဇူးပါ။ ဒါပေမဲ့ ရှင်က တကယ်ပြောတာလား ဒါမှမဟုတ် လောကဝတ်အနေနဲ့ ပြောတာလား”
“တကယ် ပြောတာပါ”
“ရှင့်ကို ယုံကြည်ဖို့တော့ ခက်သား”
ဝမ်ဝေ့က ပြုံးကာ သူမအား ထိုင်ဖို့ လက်ဟန်ပြလိုက်ပြီးသည့်နောက်တွင် စားပွဲခုံတစ်လုံးနှင့် အဖန်ရည်အိုးတို့ကို ဖန်တီးလိုက်သည်။
“ရှင်းလင်းရေးတုန်းက မမြင်မိလို့ အံ့ဩနေမိတာ။ အခုတော့ ဘာကြောင့်လဲဆိုတာကို နားလည်သွားပြီ”
ဝမ်ဝေ့က သူမကို မြင်တွေ့ပြီးသည့်နောက်တွင် အကြောင်းအရင်း ၂ခုကို သဘောပေါက်သွားခဲ့၏။ ပထမတစ်ခုက သူမသည် ယခင်ကစားပွဲ၏ စံနှုန်းအရ အကြွင်းမဲ့ဘုရင် ဖြစ်သင့်ပေသည်။ သူမ၏ အင်အားက ယင်ကန်းနှင့် တူညီပြီး ပွင့်ချပ်ငါးလွှာအဆင့် ရှိ၏။ သူမက အထွတ်အထိပ်နယ်ပယ်အဆင့်တွင် ရှိနေသော်လည်း ကြီးထွားဖို့ အခွင့်အရေး ရှိနေသေးသည်။
ဒုတိယအကြောင်းအရင်းက သူမ၏ အရှိန်အဝါသည် အသင်္ချေအင်ပါယာကမ္ဘာမှ မဟုတ်ဘဲ နယ်ခြားတစ်ယောက် ဖြစ်နေသည့်အတွက် သူမသည် ကမ္ဘာသားတစ်ယောက် မဟုတ်တော့ပေ။
“ကိစ္စတွေအများကြီး ပြောင်းလဲသွားတယ်” ရှုရှစ်က ပြန်ပြောလိုက်၏။
“ကျုပ် သိပါတယ်။ မင်းက ပိုပြီးတော့ ယုံကြည်ချက်ရှိပြီးတော့ လွတ်လပ်သွားသလိုပဲ” ဝမ်ဝေ့က အဖန်ရည်တစ်ငုံ သောက်လိုက်ပြီးသည့်နောက်တွင် ဆက်ပြောလိုက်သည်။
“ဒါနဲ့ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို ပြောပြလို့ရမလား။ တကယ်လို့ စိတ် မရှိရင်ပေါ့”
“ကျွန်မ စိတ်မရှိပါဘူး”
………………………………
လွန်ခဲ့သည့်နှစ်တစ်ထောင်ခန့်က လှည့်ဖျားရေး စစ်ဆေးမှုအပြီးတွင်
ရှုရှစ်က သူမ၏ ဘဝအတွေ့အကြုံများကို တတိယ လူအမြင်မှ သုံးသပ်ကာ ပြန်လည်ခံစားရင်း အိပ်စက်သွားခဲ့သည်။ သူမ၏ တစ်ဘဝလုံးကို အကြိမ်ရာချီ ကြည့်ပြီးသည့်နောက်တွင် အဓိကအရေးပါသည့် အခိုက်အတန့် သုံးခုကို သတိပြုမိခဲ့၏။
ပထမတစ်ခုက သူမ၏ ကလေးဘဝ ဖြစ်သည်။ ရှုရှစ်က သူမ၏ ကလေးဘဝကို ပြန်လည်ကြည့်လိုက်သည့်အခါ အပြစ်မဲ့ကာ လွတ်လပ်နေသည်ကို တွေ့ကြုံခံစားခဲ့ရသည်။ သူမ၏ အဓိက မှတ်ဉာဏ်အပေါ် အာရုံစိုက်လိုက်၏။
ရှုကွမ်းနှင့် သူ့ဇနီးတို့က ကလေးငယ် ရှုရှစ်ကို သင်ကြားပေးနေသည်။
“ရှစ်အာ သေချာနားထောင်နော်။ မင်းရဲ့ အလှတရားက တကယ်ကို ပြိုင်ဘက်ကင်းတယ်။ တစ်ရက်ကျရင် မင်းက တုနှိုင်းမဲ့ ပါရမီရှင်ဖြစ်တဲ့ အနာဂတ်မဟာဧကရာဇ်နဲ့ လက်ထပ်ရလိမ့်မယ်။ အဲဒီနည်းနဲ့ မင်းက မိသားစုအတွက် ကြွယ်ဝချမ်းသာမှုကို ဆောင်ကျဉ်းပေးပြီးတော့ ပြုံးပြုံးရွှင်ရွှင် နေနိုင်လိမ့်မယ်”
သူ့ဇနီးဖြစ်သူကလည်း ခေါင်းညိတ်လိုက်ပြီး သူမကို ဇနီးကောင်း၊ မိန်းမပျိုကောင်း တစ်ယောက်ဖြစ်ဖို့ရာအတွက် သင်ကြားပြသပေးနေသည်။ သူမက မောင်းမဆောင် ဖြေရှင်းမည့် နည်းလမ်းလှည့်ကွက်များကိုပင် သင်ကြားပေးခဲ့၏။
ပထမဦးစွာ ရှုရှစ်က ထိုစကားနှင့် ပတ်သက်ပြီး ဘာမှမှားယွင်းသည်ဟု မထင်မိပေ။ သို့သော်လည်း အကြိမ်ရာချီမြင်တွေ့ပြီး အခြေအနေကို သုံးသပ်ပြီးသည့်နောက်တွင် ထိုပင်မမှတ်ဉာဏ်က သူမဘဝတွင် ထိခိုက်နစ်နာစေခဲ့ကြောင်း သဘောပေါက်ခဲ့၏။
ငါ့အဖေက ငါ့ကို ဘာလို့ တစ်ရက်ကျရင် ဇနီးသည်ဖြစ်ရမယ်လို့ပဲ ယုံကြည်နေခဲ့တာလဲ။ ငါ့ကို ဘာလို့ ကောင်းကင်ရွေးချယ်ခံ တစ်ယောက်လိုမျိုး မဆက်ဆံရတာလဲ…
သူမက မျက်မှောင်ကြုတ်လိုက်မိသည်။
တကယ်လို့ ငါ့ဆီမှာ ပါရမီ မရှိရင်တောင် ငါ့ရဲ့ အလှအပကို အသုံးပြုပြီး တခြားသူတွေရဲ့ ပါရမီကို ရယူဖို့ သင်ကြားပေးသင့်တာလေ။ ငါ့ရဲ့ တန်ဖိုးက ပါရမီရှိတဲ့ ကောင်းကင်ရွေးချယ်ခံကို လက်ထပ်ရမဲ့အပေါ်မှာ ဘာလို့ မူတည်နေတယ်လို့ အတွေးအခေါ်မျိုးကို ရိုက်သွင်းပေးနေရတာလဲ…
ရှုရှစ်က သူမ၏ ဘဝကို ဆက်လက် ကြည့်ရှုခဲ့သည်။ သူမ တွေ့ဆုံခဲ့ရသည့် တခြားသူများကလည်း တူညီသည့် အတွေးအခေါ်ကိုသာ ရိုက်သွင်းပေးလေ့ ရှိ၏။ သူတို့က သူမ၏ အလှတရားကို တပ်မက်ကာ အားလုံးက သူမသည် နောင်အနာဂတ်ဧကရာဇ်၏ ဇနီးဖြစ်လိမ့်မည်ဟုသာ ယုံကြည်ထားကြသည်။
သိပ်မကြာခင် သူမက သူမဘဝ၏ ဒုတိယမြောက် မှတ်ဉာဏ်ကို မြင်လိုက်ရ၏။ ထိုအရာက ကောင်းကင်ရွေးချယ်ခံ စစ်ဆေးမှု မတိုင်ခင် တွေ့ဆုံပွဲတွင် ဖြစ်၏။ သူမက အခန်းတွင် လွင့်မြောကာ သူမနှင့် ဝမ်ဝေ့၏ စကားဝိုင်းကို ကြည့်နေလေသည်။
“သူမက အလှပန်းအိုးကလွဲပြီး ဘာမှမဟုတ်ဘူး”
“အလှပန်းအိုးလား”
“သူမလိုမျိုး အမျိုးသမီးတွေက လက်တွဲဖော်အတွက် ဘာမှမပေးနိုင်ဘူး။ သူမက ငါ့အတွက် တန်ဆာဆင်ထားတဲ့ အလှအပ ပစ္စည်းတစ်ခုအပြင် ဘာမှ ပိုမှာမဟုတ်ဘူး။ မင်းတို့ကို မေးပါဦးမယ်။ သူမ ဗျပ်စောင်း တီးတာကို နားထောင်ရတုန်းက ဘယ်လိုခံစားရတုန်း”
ရှုရှစ်အနေဖြင့် ဝမ်ဝေ့က သူမ ဗျပ်စောင်းတီးသည်ကို နားထောင်ပြီးနောက် သူမ၏ အကျင့်စရိုက်ကို ကောက်ချက်ချခဲ့သည့်အချိန်ကို ပြန်လည်ကြည့်ရှုလိုက်သည်။
ငါ့ကို အမျိုးသားတွေအပေါ်ပဲ မှီခိုတယ်လို့ ပြောရအောင် သူက မှားနေတယ်…
ရှုရှစ်က ထိုမှတ်ဉာဏ်ကို ပြန်လည်ဖတ်ရှုရင်း တွေးလိုက်မိသည်။
သူက သူမကို အလှပန်းအိုးဟု ခေါ်စဉ်အခါက ဒေါသနှင့် အမုန်းတရားသာ နိုးထလာခဲ့သည်။
ဘာကြောင့်လဲ…
သူမက စဉ်းစားနေရင်း သူမ၏ ဘဝကို ပြန်လည်တွေးတောမိသွားသည်။
“ငါက သူ မှားတာကို သက်သေပြချင်တယ်။ မဟုတ်ဘူး … ငါက မျက်နှာလှလှလေး ရှိထားတာတင် မကဘူးဆိုတာကို ငါကိုယ်တိုင် သက်သေပြချင်တာ။ ကြည့်ရတာ ငါက ငါ့ကို အလှတန်ဆာအဖြစ် မြင်နေတဲ့ အဖေ၊ မိသားစုနဲ့ မိတ်ဆွေတွေကိုလည်း မုန်းတီးတယ်…”
ထိုဖြစ်ရပ်အပြီးတွင် သူမ၏ ဖခင်ဖြစ်သူက လင်းဖန်နှင့် မင်္ဂလာပွဲကို လက်ခံခဲ့သည်။ ရှုရှစ်က ဇနီးကောင်းဖြစ်အောင် ကြိုးစားခဲ့ပြီး သူမ၏ အမုန်းတရားများကို ဝမ်ဝေ့ဆီသာ ပုံချခဲ့သည်။ သူမ၏ ယောက်ျားဖြစ်သူက သူ့ကို ဖျက်ဆီးကာ ဘယ်သူက အလှပန်းအိုးလဲဟု ပြသဖို့ရာ မျှော်လင့်နေမိ၏။
ဒါတွေအကုန်လုံးက ငါ့ကိုယ်ငါ ရင်မဆိုင်ချင်လို့ ဖြစ်လာတာတွေ…
ရှုရှစ်က သူမယောက်ျားနှင့် ဆက်ဆံရေးကို တွေးပြီးသည့်နောက်တွင် ဘဝ၏ အတွေ့အကြုံများကို ဆက်လက်ကြည့်ရှုလိုက်သည်။
ငါက သူ့ကို ချစ်ပေမဲ့ ဒါက မိဘသဘောတူတဲ့ လက်ထပ်ပွဲပဲ။ သူက ငါ့ကို အလိုလိုက်လို့သာ ငါ သူ့အပေါ် ချစ်မြတ်နိုးလာခဲ့တာ။ ဒါပေမဲ့…
ရှုရှစ်က လင်းဖန် သေဆုံးမှုကြောင့် သူမဘဝ၏ အပြောင်းအလဲကြီးကို ပြန်လည်ကြည့်ရှုခဲ့သည်။ သူက သူမကို တာအိုအဆင့် အမွေအနှစ် မျိုးစေ့ပေးခဲ့ပြီး အနာဂတ်အကြောင်း ခွဲခွာရမည့် စကားများနှင့် သူတို့၏ ကလေးများကိုပင် မမြင်နိုင်ကြောင်း၊ ထိုအရာများကို မမြင်တွေ့ရသည့်အတွက် နောင်တရကြောင်းများကိုသာ ပြောခဲ့သည်။
သူက ငါ့ကို ချစ်လား။ ဖြစ်တော့ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သူက ငါ ချစ်သလောက် ချစ်ရဲ့လား။ သူက ချစ်ခြင်းမေတ္တာသက်သက်ကြောင့် ဒီမျိုးစေ့ကို ပေးခဲ့တာ ဟုတ်ပါ့မလား…
ရှုရှစ်၏ စိတ်ထဲတွင် အတွေးများစွာ ပေါ်ထွက်လာ၏။
သတ်ဖြတ်ရေးစစ်ဆေးမှုအပြီးမှာ သူက ငါ လက်ထပ်ခဲ့တဲ့သူနဲ့ ကွဲပြားသွားတဲ့လူ တစ်ယောက်လိုပဲ။ သူက ပိုပြီးဉာဏ်များလာပြီးတော့ အကွက်ကျကျ စီစဉ်တတ်လာတယ်။ သူ့ရဲ့ နောက်ဆုံးအပြုအမူတွေက ချစ်ခြင်းမေတ္တာကြောင့်ဘဲ မဟုတ်ဘူးဆိုတာကို ပြသနေတယ်။ မဟုတ်သေးဘူး။ ပြောရမယ်ဆိုရင် သူ့အသက်ရှင်နိုင်ချေတွေကို သေချာအောင် လုပ်ခဲ့တဲ့ကိစ္စပဲ။ တစ်ရက်ကျရင် သူ ပြန်လည်အသက်ရှင်နိုင်အောင်ပေါ့။
ရှုရှစ်က သူမ၏ စိတ်ထဲ အတားအဆီးတချို့ ကျိုးပျက်သွားသလို ခံစားလိုက်ရသည်။ နောက်ဆုံးတွင် သူ့ကို ပြန်လည်အသက်သွင်းဖို့ သူမ၏ စွဲလမ်းစိတ်ကို သဘောပေါက်သွားခဲ့၏။ ထိုအရာက တွက်ဆထားခဲ့သည့် သူ့အပြုအမူသာ ဖြစ်သည်။
“ဒီလိုမျိုး ကြိုးကိုင်ခြယ်လှယ်မဲ့အစား တိုက်ရိုက်ပဲ တောင်းဆိုခဲ့သင့်တာ” ရှုရှစ်က သက်ပြင်းချကာ ရေရွတ်လိုက်၏။
ထို့နောက် သူမက အစီအရင်မှ နိုးထလာကာ မှတ်ဉာဏ်များက ပျက်ဆီးသွားသည်။
“သမီး ဘယ်လိုနေသေးလဲ”
“နည်းနည်းမူးနေတယ်။ ဒါပေမဲ့ အဖေနဲ့ ဆွေးနွေးဖို့လိုတဲ့ ကိစ္စတချို့တော့ ရှိတယ်” ရှုရှစ်က အနည်းငယ် မကျေမနပ် ပြောလိုက်သည်။
ရှုကွမ်းက မလုံမလဲသာ ပြုံးလိုက်၏။
……………………………
ယနေ့
“အဲဒါဆိုတော့ ဒီလိုတွေ ဖြစ်ခဲ့တာကို” ဝမ်ဝေ့က မျက်နှာပူသွားမိရင်း ရေရွတ်လိုက်သည်။ သူမက သူ့စကားများသည် ရှုရှစ်အပေါ် သက်ရောက်မှုများစွာ ရှိထားလိမ့်မည်ဟု ထင်မထားမိခဲ့ပေ။ ထိုကျောင်းတော်တွင် ထိုစကားများကို ပြောခဲ့စဉ်အခါက သူ့အတွေးအစစ်အမှန်များ ဖြစ်သော်လည်း ဝူဟုန်အား သူ့ကို အထင်ကြီးစေရန် လုပ်ခဲ့ခြင်းသာ ဖြစ်၏။
ယခု ထိုအပြုအမူများကို ပြန်လည်ကြည့်ရှုပြီးသည့်နောက်တွင် သူက မည်မျှပင် ကြောင်သူတော်ဆန်မှန်း သဘောပေါက်သွားခဲ့သည်။ သူက ရှုရှစ်ရှေ့တွင် ဒေါင်းဖိုများကဲ့သို့ အမြီးတကားကားနှင့် ဆန့်ကျင်ဘက်လိင်ကို ဖားယားနေသည့် ကောင်းကင်ရွေးချယ်ခံများကို လှောင်ပြောင်ရင်း သူကလည်း ဝူဟုန်အတွက် အတူတူ လုပ်ဆောင်နေခဲ့မိသည်။
“အဲဒါဆိုတော့ လင်းဖန်နဲ့ ပတ်သက်ပြီး အခု ဘာလုပ်မှာလဲ”
“သူ့ကိုတော့ အသက်ပြန်သွင်းမှာ။ ဒါပေမဲ့ ကျွန်မရဲ့ ကံကြွေးကို ပြန်လည်ပေးဆပ်ရုံပဲ။ ကျွန်မတို့လက်ထပ်ပွဲအတွက်ကတော့ အခုထိ မဆုံးဖြတ်ရသေးဘူး”
“ဘယ်လိုဆုံးဖြတ်ချက်ပဲလုပ်လုပ် မင်း စိတ်ချမ်းသာဖို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ ဒီရှင်းလင်းရေးမှာ ဘာလို့ရောက်မလာတာလဲဆိုတာ မပြောရသေးဘူးနော်”
“ကျွန်မ ဉာဏ်အလင်းပွင့်ပြီးတဲ့နောက်မှာ ကျောင်းတော်က တာအိုကို သက်သေပြဖို့ တခြားကောင်းကင်အလိုဆန္ဒကမ္ဘာဆီ စေလွှတ်ဖို့ ဆုံးဖြတ်ခဲ့တယ်”
“မင်းက ဘယ်ကို သွားခဲ့တာလဲ”
“သိုင်းပညာအုပ်စိုးသူ ကမ္ဘာ။ ကျောင်းတော်က ပြိုလဲလုနီးပါးဖြစ်နေတဲ့ ဧကရာဇ်မျိုးဆက်ကို ရှာပြီးတော့ သူတို့ကို ဇစ်မြစ်အမှတ်အသားပြားအစား အလဲအလှယ် လုပ်ခဲ့တယ်” ရှုရှစ်က ပြောလိုက်သည်။
“ဒါက ဉာဏ်ကောင်းတဲ့ အပြုအမူပဲ” ဝမ်ဝေ့က ပြောလိုက်၏။ သူက အဖန်ရည်တစ်ငုံ သောက်သုံးလိုက်ကာ “အဲဒါဆို ဒီသတင်းအချက်အလက်တွေကို ဘာလို့ ငါ့ကို ပြောပြနေတာလဲ”
“မိတ်ဆွေဖွဲ့ဖို့ပါ” ရှုရှစ်က ပြောလိုက်သည်။
“ကျောင်းတော်နဲ့ တာအိုအခွင့်အလမ်းဂိုဏ်းကြားက ပဋိပက္ခတွေအကြောင်းကို သိထားပါတယ်။ ဒါပေမဲ့ တိုက်ခိုက်နေမဲ့အစား တစ်ယောက်နဲ့တစ်ယောက် မဟာမိတ်ဖွဲ့တာ အကောင်းဆုံးလို့ ထင်မိတယ်”
“ဒါက မင်းရဲ့ အဓိကရည်ရွယ်ချက်တော့ မဟုတ်ဘူးမလား”
“ဟုတ်တယ်။ နောက်ထပ်တစ်ခုလည်း ရှိသေးတယ်။ ကျွန်မကို လင်းဖန်ရဲ့ အမှတ်အသားတွေ ယူခွင့်ပြုစေချင်တယ်” ရှုရှစ်က ဧကရာဇ်များသည် သူတို့အလွှာကို တခြားသူများ ဝင်ရောက်စွက်ဖက်သည်ကို သဘောမကျကြောင်း သိထားလေသည်။ ထို့ကြောင့် သူမက အသင်္ချေအင်ပါယာကမ္ဘာမှ ဖြစ်သော်လည်း ယခုအခါ နယ်ခြားတစ်ယောက် ဖြစ်နေလေပြီ။
“မဟာမိတ်တဲ့လား” ဝမ်ဝေ့က တွေးလိုက်မိသည်။ သူ၏ စောင့်ကြည့်မှုအောက်တွင် လင်းဖန်၏ အမှတ်အသားများကို ယူဆောင်ခြင်းကို စိတ်ထဲမထားပေ။ အကယ်၍ သူ့တည်ရှိမှုက သက်ရောက်မခံရလျှင် ကျောင်းတော်က သူ့အမှတ်အသားပြားကို ယူဆောင်ခဲ့ပြီးသား ဖြစ်လိမ့်မည်။ သူ ဘိုးဘေး ဝမ်ဝူချန်ကို လုပ်ပေးခဲ့သလိုမျိုး ဖြစ်၏။
သူမနှင့် မဟာမိတ်ဖွဲ့ဖို့အတွက်လား…
သူက ကျောင်းတော်၏ ကျောင်းအုပ်အဖြစ် သူမ၏ အဆင့်အတန်းကို ဂရုမစိုက်ပေ။ သူက ကျောင်းတော်ကို သုတ်သင်ဖို့ရာ ဘယ်သောအခါမှ စီစဉ်မထားပေ။ ပြောရလျှင် ဧကရာဇ်ခုံကြောင့် ဖြစ်၏။ သူက ကပ်ပါးခုနစ်ကောင်နှင့် ရင်ဆိုင်ဖို့ရာ မဟာမိတ်များကို လိုအပ်နေသည်။ သို့သော်လည်း သူ ဂရုစိုက်သည်က သူမ တာအိုကို သက်သေပြမည့်နေရာ သိုင်းပညာအုပ်စိုးသူကမ္ဘာကို ဖြစ်၏။
အသင်္ချေအင်ပါယာကမ္ဘာနှင့် အနီးဆုံး ကမ္ဘာ့အသိုက်အဝန်းဖြစ်သောကြောင့် တိုက်ခိုက်ရေးအတွက် နည်းဗျူဟာ နေရာကောင်းလည်း ဖြစ်ပေသည်။ ထို့ကြောင့် သူ့အနေနှင့် ကပ်ပါးများသည် ဒိုင်မေးရှင်းအမြင့်မှ သူလျှိုများကို ထိုနေရာတွင် တာအိုကို သက်သေပြဖို့ စေလွှတ်ထားလိမ့်မည်ဟု ခန့်မှန်းမိထားသည်။
တကယ်လို့ ရှုရှစ်သာ အနိုင်ရရှိတဲ့သူဖြစ်လာပြီး အဲဒီနေရာမှာ အခြေခံအုတ်မြစ် တည်ဆောက်နိုင်တယ်ဆိုရင် ငါ့အတွက်လည်း အရေးသာချက် ဖြစ်လာနိုင်တယ်…
“မဟာမိတ်ကို သဘောတူတယ်” ဝမ်ဝေ့က ပြောလိုက်ပြီးနောက် နှစ်ဦးသားက စာချုပ်ချုပ်ဆိုခဲ့ကြသည်။ ရှုရှစ်က သူ့ယောက်ျားဖြစ်သူကို ပြန်လည်အသက်သွင်းလိုရုံသာမက သူမ၏ ကိုယ်ပိုင်လိုအပ်ချက်များလည်း ချရေးခဲ့၏။ ကံကောင်းစွာဖြင့် နှစ်ဦးသားက အကျိုးအကြောင်းသင့်သည့် စာချုပ်ကို ချုပ်ဆိုခဲ့ကြသည်။
“ရှင်လည်း ဂရုစိုက်ဦး” ရှုရှစ်က သတိပေးလိုက်သည်။
“အသင်္ချေအင်ပါယာကမ္ဘာကို တစ်ယောက်ယောက်က ပစ်မှတ်ထားနေတဲ့ပုံပဲ”
သူမက လျှို့ဝှက်နယ်မြေ ရုတ်ချည်း ပေါ်ထွက်လာသည့်အကြောင်းနှင့် ဤနေရာသို့ ကူးသန်းပြောင်းရွှေ့ခံလိုက်ရသည့်အကြောင်းကို ပြောပြခဲ့သည်။
***