အပေးအယူတစ်ခုပြီးတစ်ခု
Vol. 49 Ch. 685
ကောင်းကင်ဝါးမျိုခြင်းဧကရာဇ်ရဲ့ အပြုအမူတွေအတွက် တာဝန်ရှိတဲ့သူတွေက ပြန်ဝင်စွက်ဖက်တာများလား။ ဒါမှမဟုတ် ဒိုင်မေးရှင်းအမြင့်က နောက်ထပ် နည်းဗျူဟာတစ်ခုလား။
ဝမ်ဝေ့က ထိုလက်ရှိအခြေအနေကို ရှင်းပြဖို့ရာ သုံးသပ်ချက်နှစ်ခု ရှိလာသည်။ ထိုနှစ်ဖွဲ့ကသာ အသင်္ချေအင်ပါယာကမ္ဘာ၏ မြင့်တက်မှုကို ဝင်ရောက်စွက်ဖက်လိုသူများ ဖြစ်၏။
တခြားအင်အားစုတွေက ကောင်းကင်ရွေးချယ်ခံတွေကို အသုံးပြုတာက ဝင်ရောက်စွက်ဖက်တဲ့ ကိစ္စမဟုတ်တော့ဘဲနဲ့ ဒီမျိုးဆက်တွေကြားက ပြိုင်ဆိုင်မှုတစ်ခု ဖြစ်သွားလိမ့်မယ်။ ဒါက ကောင်းကင်တာအိုရဲ့ ဝင်ရောက်စွက်ဖက်ခွင့် စည်းမျဉ်းရဲ့ ဟာကွက်ထဲကတစ်ခုပဲ…
“နောက်ထပ် သတင်းအချက်အလက်တွေ သိသေးလား”
“နှမြောစရာကောင်းတာက မသိဘူး” ရှုရှစ်က ပြောလိုက်သည်။
“သိုင်းပညာအုပ်စိုးသူကမ္ဘာမှာ ကျွန်မရဲ့ အုတ်မြစ်က အတော်လေးကို နိမ့်ကျတယ်။ အဲဒါကြောင့် အဆုံးမဲ့လေဟာနယ်ဆီက သတင်းအချက်အလက် များများစားစား မကြားမိဘူး”
“ကျုပ် သိပြီ။ သတင်းအချက်အလက်အတွက် ကျေးဇူးတင်ပါတယ်” ဝမ်ဝေ့က ထရပ်လိုက်သည်။ ထို့နောက် သူက လက်နှစ်ဖက်ယှက်ကာ သူမကို နှုတ်ဆက်လိုက်သည်။
“အလုပ်တွဲလုပ်ရတာ ဝမ်းသာပါတယ်။ ငါတို့ရဲ့ မိတ်ဆွေဆက်ဆံရေး ကြာရှည်ခံဖို့ မျှော်လင့်ပါတယ်။”
“အတူတူပါပဲ” ရှုရှစ်ကလည်း ပြန်လည်နှုတ်ဆက်လိုက်သည်။
“တိုက်ပွဲမှာ ကံကောင်းပါစေ”
“ရှင်က ကျွန်မထက် ပိုပြီးတော့ ကံကောင်းဖို့ လိုမယ် ထင်တယ်” သူမက အပြုံးချိုချိုလေးဖြင့် ပြောပြီးသည့်နောက် မိုးကုတ်စက်ဝန်းအတွင်း ပျောက်ကွယ်သွားသည်။
“အဲဒီမိန်းကလေး သူမရဲ့ ပျော်ရွှင်မှုကို ရှာတွေ့ပါစေလို့ပဲ မျှော်လင့်ပါတယ်…” ဝမ်ဝေ့က ပြုံးကာ ရေရွတ်လိုက်၏။
“အခု ငါ ဘာဆက်လုပ်ရမလဲ…”
လက်ရှိအခြေအနေနှင့် ပတ်သက်ပြီး သူက သိုင်းပညာအုပ်စိုးသူကမ္ဘာသည်သာ ဤနေရာသို့ ကူးသန်းပြောင်းရွှေ့ရောက်လာခြင်း မဟုတ်ကြောင်း မှန်းဆမိ၏။ နောက်ကွယ်မှ ကြိုးကိုင်သူသည် ထိုနည်းစနစ်ကို အသုံးချကာ သူတို့၏ လမ်းကြောင်းကို ဝှက်ထားလိမ့်မည်။
ကမ္ဘာ့အသိုက်အဝန်းအားလုံး ရောက်ရှိလာလျှင် တစ်ယောက်ယောက်ကတော့ နောက်ကွယ်က ကြိုးကိုင်သူဖြစ်မှာပဲ။
အရေးကြီးတာက ထာဝရဧကရာဇ်နဲ့တောင် ယှဉ်နိုင်တဲ့ ကောင်းကင်တာအိုကို သုတ်သင်နိုင်စွမ်းရှိနေတဲ့ လျှို့ဝှက်ဆန်းကြယ်စွမ်းအားပဲ…
ဝမ်ဝေ့က ကောင်းကင်တာအို အငွေ့အသက်ကို ထုတ်ကာ လေ့လာလိုက်သည်။
အရင်ဆုံး အကျိုးအမြတ် ယူလိုက်ရအောင်…
သူက လီကျွင်းနှင့် ယန်းလီလင်းတို့ကို ဆက်သွယ်ကာ အမှန်တရားကို ရှာဖွေဖို့ တာဝန်ပေးလိုက်သည်။ ထိုစဉ် သူက ထိုအရှိန်အဝါကို အသုံးပြုကာ ကောင်းကင်တာအို၏ အလုပ်လုပ်ပုံကို နားလည်ဖို့ ကြိုးစားလိုက်၏။ သူက ဤအခွင့်အရေးကို အသုံးချကာ ဉာဏ်အလင်းပွင့်လာပြီး သူ့အစွမ်းထိန်းချုပ်ရေး ပညာရပ်ဖြင့် ကောင်းကင်တာအို ထိန်းချုပ်ရေးအဆင့်ကို ဖန်တီးနိုင်မလားဟု စမ်းသပ်ကြည့်ချင်မိသည်။ အနည်းဆုံးတော့ ထိုအဆင့်ကို ရောက်ရှိရန် နည်းလမ်းရှာတွေ့ဖို့ ဖြစ်၏။
ဝမ်ဝေ့က လက်ဝှေ့လိုက်ပြီး တောင်တစ်ဝိုက်တွင် အားကောင်းသည့် အစီအရင်များစွာကို ခင်းကျင်းလိုက်သည်။ သူက နယ်ခြားပိုးမွှားများ သူ့ကို အနှောင့်အယှက် ပေးမည်ကို မလိုချင်ပေ။
အကယ်၍ သူတို့သာ သူ့အစီအရင်များကို မဖြေရှင်းနိုင်ပါက သူကိုယ်တိုင် သူတို့ကို ဖြေရှင်းနေဖို့ မလိုအပ်ပေ။
နှမြောစရာကောင်းလှသည်က သူက သီးသန့်ကျင့်ကြံရေးသို့ မဝင်ရောက်ခင် ကောင်းကင်တာအိုဆီမှ အရေးပေါ် ဆက်သွယ်မှုကို လက်ခံရရှိလိုက်၏။
ဒီတစ်ကြိမ်က ဘာပါလိမ့် …
သူက မျက်လုံးမှိတ်ကာ ဒုတိယအကြိမ် ဆက်သွယ်လိုက်၏။
[မင်းရဲ့ အကူအညီကို လိုတယ်]
“ဒီတစ်ကြိမ် ဘာများလဲ”
[ ရှင်းလင်းရေးရဲ့ လက်ရှိအခြေအနေကို သိတယ်။ ကောင်းကင်ရွေးချယ်ခံတွေကို သွားပြီးတော့ ကူညီဖို့ လိုနေတယ်]
“ကျုပ်ရဲ့ ပြိုင်ဘက်တွေကို ကူညီပေးစေချင်တာလား။ အဲဒီလူတွေက နောက်ဆုံးတိုက်ပွဲမှာ ကျုပ်ကို သတ်ဖို့ ဘာမဆို လုပ်မဲ့သူတွေလေ။” ဝမ်ဝေ့က ဆွံ့အနေမိ၏။
“တကယ်လို့ ခင်ဗျားကြောင့်သာ မဟုတ်ရင် သူတို့ကို သတ်ပြီးတာ ကြာလှလောက်ပြီ။ ဘာလို့ သူတို့ကို ကူညီပေးရမှာလဲ”
[ မင်းဆီက တောင်းဆိုလွန်းတာ များတယ်ဆိုတာကို သိပါတယ်။ ဒါပေမဲ့ ဒါက ကမ္ဘာအတွက် အကောင်းဆုံးအပြုအမူပါ။ အဲဒီပါရမီရှင်တွေ အများစုက အလားအလာရှိတဲ့ ထာဝရဧကရာဇ်တွေပဲ။ သူတို့သာ နောက်ဆုံးတိုက်ပွဲမှာ အသက်ရှင်နိုင်ပြီး စည်းပိတ်ခြင်းကနေ ကံကြွေးကို ဆေးကြောလိုက်ရင် တာအိုကို သက်သေပြနိုင်မှာ]
“ခဏ။ သူတို့ကို အခု ကယ်ခိုင်းပေမဲ့ ကောင်းကင်အလိုဆန္ဒ တိုက်ပွဲမှာကျတော့ သတ်ရင် ကိစ္စမရှိဘူးလို့ ပြောနေတာလား” သူက ကောင်းကင်တာအိုနှင့် ပြောဆိုသည့်အချိန်တိုင်း ထိုအရာ၏ တွေးခေါ်ပုံကြောင့် ဆွံ့အမိသည်။
[ကောင်းကင်အလိုဆန္ဒတိုက်ပွဲက မျိုးဆက်တစ်ခုရဲ့ အကောင်းဆုံးလူကို ရွေးထုတ်လိုက်တာပဲ။ အဲဒါကြောင့် သေခြင်းတရားက ရှောင်လွှဲလို့မရဘူး။ ဒါပေမဲ့ သူတို့ကို အလားအလာအပြည့်အထိ ကြီးထွားစေဖို့ ရည်ရွယ်ထားတယ်]
“အဲလိုတော့ အဓိပ္ပာယ်ရှိသား။ ဒါပေမဲ့ ကျုပ် မလုပ်ချင်ဘူး”
[ မင်းဆီမှာ ကမ္ဘာအတွက် ကြီးကြီးမားမား အစီအစဉ်တွေ ရှိတယ်။ အဲဒီလူတွေက မင်းအတွက် အကူအညီ ဖြစ်မှာပါ]
“အမှန်ပဲ” ဝမ်ဝေ့က ပါရမီရှင်များစွာရှိသည့် ပြောင်မြောက်သည့် မျိုးဆက်တစ်ခုအတွင်း မွေးဖွားလာသည်မှာ ကောင်းမွန်သည့် အခွင့်အလမ်းတစ်ခုဖြစ်သည်ဟု အမြဲတမ်းလိုလို ခံစားမိခဲ့သည်။ သူ့အစီအစဉ်နှင့် ပတ်သက်ပြီး လူများစွာက မဟာမိတ် ဖြစ်လာနိုင်သည်။ တချို့ကတော့ စိတ်အနှောင့်အယှက်ပေးမည့် ပိုးမွှားများသာ ဖြစ်လိမ့်မည်။
ထို့အပြင် လတ်တလော သူက မဟာမိတ်များများစားစား ဖွဲ့ထားဖို့ လိုအပ်သည်ဟု ခံစားမိလာ၏။ နောင်အနာဂတ်တွင် သူ့အတွက် အရေးကြီးလာနိုင်သည်။
“ဒါပေမဲ့ သူတို့ကို ကူညီမပေးချင်သေးဘူး။ တကယ်လို့ သူတို့ဒီမှာ သေသွားရင် သူတို့ကံကြမ္မာလိုပဲ သတ်မှတ်လို့ရတယ်လေ။ တကယ်လို့ အကူအညီလိုတယ်ဆိုရင် တိထျန်းဆီ သွားပြီးတော့ တောင်း။ သူကတော့ ကူညီချင် ကူညီမှာပေါ့”
[ သူက ငြင်းလိုက်တယ်]
“အဲလိုလား” ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်၏။ ကောင်းကင်တာအိုက မျှခြေသဘောဖြင့် သူ့အပေါ် လုံးဝမှီခိုထားခြင်း မဟုတ်ကြောင်း ခန့်မှန်းမိလိုက်သည်။ တိထျန်းသည်လည်း ထိုသို့လုပ်ဆောင်ဖို့ရာ ပြီးပြည့်စုံသည့် လူတစ်ယောက် ဖြစ်၏။
“အဲဒါဆို သူနဲ့ အပေးအယူ မလုပ်ဘူးလား။”
[ လုပ်တယ်။ ဒါပေမဲ့ သူက ငြင်းလိုက်တယ်]
“သူ့ဇနီးရဲ့ အမှတ်အသားကို အပေးအယူအဖြစ် သုံးဖို့ ကြိုးစားမကြည့်ဖူးလား”
ဝမ်ဝေ့က ချောင်နဉ်၏ သေဆုံးမှုအတွင်း လင်းဖန်လိုမျိုး တည်ရှိမှုသက်ရောက်မှု ခံလိုက်ရကြောင်း ကောက်ချက်ချမိ၏။ သူမ သေဆုံးခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်သည့်အတွက် တိထျန်းအနေဖြင့် သူမကို အသက်ပြန်သွင်းဖို့ အချိန်များများစားစား ရှိမည်မဟုတ်ပေ။
[…]
ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ ပြုံးလိုက်၏။
“သူ့ဇနီးရဲ့ အမှတ်အသားကို ပိုကောင်းတဲ့ အပေးအယူလုပ်ဖို့ လိုချင်နေတာမလား။ သူ တာအိုကို သက်သေပြတဲ့အခါ အဲဒီကောင်းကင်ရွေးချယ်ခံတွေရဲ့ အသက်က ခင်ဗျားပြောသလောက် အရေးကြီးမှာ မဟုတ်ဘူး”
အခု ငါ စဉ်းစားကြည့်တော့မှ ချောင်နဉ်က အစောပိုင်းဧကရာဇ်ခေတ်ကာလအဆုံးမှာ သေဆုံးသွားတာဆိုတော့ သူမရဲ့ စိတ်စွမ်းအားနဲ့ စွဲလန်းမှုကို သုံးပြီး စိတ်ဝိညာဉ်ဖြစ်လာတယ်ဆိုရင်တောင် သူမရဲ့ အမှတ်အသားက ကြာကြာခံမှာ မဟုတ်ဘူး…
ဝမ်ဝေ့က ချောင်နဉ်သည် ကမ္ဘာတွင် မတည်ရှိသင့်သည့် လျှို့ဝှက်ဆန်းကြယ်မှု တစ်ခုဖြစ်ကြောင်း ယုံကြည်ထားသည်။ ဝူဟုန်ကလည်း သူ့စကားကို သဘောတူ၏။ မည်သို့ပင်ဆိုစေကာမူ သူမက သူမ၏ အမှတ်အသားများ ပျောက်ကွယ်သွားမှုကို မကာကွယ်နိုင်ပေ။
ကောင်းကင်တာအိုက နောင်အနာဂတ်အတွက် လိုအပ်လာရင်ဆိုပြီးတော့ လိုလိုမယ်မယ် သိမ်းမထားသရွေ့ပေါ့။ ဒီအရာက ငါ ထင်ထားတာထက် ပိုပြီးတော့ ဉာဏ်များတယ်…
ထိုအရာက အစစ်အမှန် ကောင်းကင်တာအို၏ တိထျန်းကို အပြစ်ပေးပြီး နောင်အနာဂတ်တွင် အပေးအယူ လုပ်နိုင်သည့် ဖြစ်နိုင်ချေလည်း ရှိနေသည်။
[ တဲ့တိုးပဲ ပြောမယ်။ တကယ်လို့ အဲဒီကောင်းကင်ရွေးချယ်ခံတွေကို ကယ်မယ်ဆိုရင် မင်းကို ရက်ရက်ရောရော ဆုလာဘ် ချီးမြှင့်မယ်]
“အခုမှပဲ စကားကောင်းကောင်း ပြောရတော့တယ်။ ခင်ဗျားရဲ့ အပေးအယူကဘာလဲ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။
[ ဗလာခေတ်ကာလက တိုက်ပွဲတစ်ခုဖြစ်ခဲ့တဲ့ လျှို့ဝှက်နယ်မြေတစ်ခုပဲ။ အဲဒီထဲမှာ မင်းရဲ့ တာအိုသက်သေပြပစ္စည်းအဖြစ် သန့်စင်နိုင်တဲ့ ပျက်စီးနေတဲ့ ဟွင်သွမ်းရတနာ အမြောက်အများရှိတယ်။ ပြီးတော့ ပင်ကိုနဲ့ ကမ္ဘာဦးနတ်ဘုရားတွေရဲ့ သွေးတွေလည်း ရှိတယ်။]
အခု ငါ့ကံအပြောင်းအလဲ အခွင့်အရေးက ဘယ်လိုရောက်လာတယ်ဆိုတာကို သိသွားပြီ…
ဝမ်ဝေ့က ထိုအပေးအယူအကြောင်း တွေးလိုက်မိသည်။
“ကောင်းပြီ သဘောတူတယ်” သူ့အနေဖြင့် ကို့ရို့ကားရားနိုင်သည့် တောင်းဆိုချက်များ လုပ်ဆောင်နိုင်သော်လည်း ကောင်းကင်တာအိုနှင့် သူ့ဆက်ဆံရေးကို မပျက်ဆီးစေလိုပေ။
“ဒါပေမဲ့ ကျုပ်ဆီမှာ တောင်းဆိုချက် တစ်ခုတော့ ရှိတယ်။ သူတို့အားလုံးကို မကယ်နိုင်ဘူး”
[ ဘာလို့လဲ]
“တချို့က အားနည်းလွန်းတယ်။ နောက်ဆုံးတိုက်ပွဲမှာ တခြားသူအတွက် အမြှောက်စာပဲ ဖြစ်လာလိမ့်မယ်။ တကယ်လို့ သူတို့ကို ဒီမှာ သေခိုင်းလိုက်ရင် ကျုပ် အနိုင်ရနိုင်ချေ မြင့်တာပေါ့”
သူက သူ့သက်လုံကို သုံးရမည့် အဖွဲ့လိုက် နည်းဗျူဟာအကြောင်းကို အမြဲတမ်း စိတ်ပူနေခဲ့မိကာ တိထျန်းနှင့် မတွေ့ခင် အကောင်းဆုံးအခြေအနေ မရှိမည်ကိုလည်း စိုးရိမ်နေခဲ့မိသည်။ ထို့အပြင် သူက ဒိုင်မေးရှင်းအမြင့်၏ နည်းဗျူဟာများကိုလည်း သတိကြီးကြီးထားနေရသေးသည်။ သူတို့က သူ့အင်အားကို သိပြီးသည့်နောက်တွင် အလွယ်တကူ လက်လျှော့မည်ဟု မယုံပေ။
ထိုအားကောင်းသည့်သူများကို အနိုင်ယူဖို့ အားနည်းသည့်သူများအတွက် အကောင်းဆုံးနည်းလမ်းတစ်ခုက ပုရွက်ဆိတ်အဖွဲ့ဖြင့် အာရုံများအောင် လုပ်ထားပြီး နောက်ဆုံးမှ ဝင်ရောက်စွက်ဖက်လိုက်ခြင်း ဖြစ်သည်။
ထိုအရာများအပြင် ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်ကဲ့သို့သော အပြောင်းအလဲမျိုးလည်း ရှိနေသေးသည်။ ဝမ်ဝေ့က ဉာဏ်များကာ ရက်စက်သည့် ထာဝရဧကရာဇ် တစ်ယောက်ကို ဘယ်သောအခါမှ လျှော့တွက်မည် မဟုတ်ပေ။
[ မင်းရဲ့အပေးအယူကို လက်ခံတယ်။ ဒါပေမဲ့ သေအောင် ပစ်ထားမဲ့သူတွေအတွက်လည်း လိုအပ်ချက်တချို့တော့ ရှိသေးတယ်]
ကောင်းကင်တာအိုက အင်အား၊ ပါရမီ၊ တာအိုနှလုံးသားတို့နှင့် ကယ်တင်ခံရမည့် ကောင်းကင်ရွေးချယ်ခံတို့၏ ထူးခြားချက်များ၏ အသေးစိတ် လိုလားချက်များကို ပေးလာသည်။ ထိုအဆင့်အောက် ရှိသူများက သူတို့ ကံကြမ္မာအပေါ်သာ မူတည်လေသည်။
ဝမ်ဝေ့က မျက်လုံးမှိတ်ကာ အသက်ပြင်းပြင်း ရှူထုတ်လိုက်၏။ သူက သူ့ရှေ့တွင် အမှတ်အသားပြားတစ်ခု မြောလွင့်နေသည်ကို မြင်လိုက်ရသည်။ ထိုအရာက လျှို့ဝှက်နယ်မြေတစ်ခု ဖြစ်ကြောင်း သိလိုက်သည်။ သူက ထိုအရာကို သိမ်းဆည်းပြီးနောက် ပြောလိုက်၏။
“ငါ့ရဲ့ ခေတ်ကာလသားတော်ရဲ့ ကံကောင်းမှုက အထွတ်အထိပ်ကို ရောက်လာပြီ။ ပြန်ကျဆင်းတဲ့အချိန်ကို သတိထားရမယ်”
သူက တစ်စုံတစ်ခုကို ခံစားမိ၍ အဝေးတစ်နေရာကို လှမ်းကြည့်လိုက်၏။
သူက အံ့ဖွယ်အသိစိတ်ကို နာရီဝက်ကျော်အောင် ဖြန့်ကျက်လိုက်ရသည်။
“ဟား…ဟား…ဟား… ကိစ္စတွေက အတော်လေး စိတ်ဝင်စားဖို့ ကောင်းလာပြီပဲ” သူ့မျက်နှာအထက် တောက်ပသည့် အပြုံးမျိုးပေါ်ထွက်လာသည်။
သူက ကောင်းကင်အထက် လက်ညှိုးထိုးလိုက်ပြီးသည့်နောက်တွင် ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည့် မမြင်နိုင်ဖွယ် အစီအရင်တစ်ခုကို ဖန်တီးလိုက်ပြီး လိုအပ်လာသည့်အခါ လူများကို ကယ်တင်ဖို့ လုပ်ဆောင်လိုက်သည်။ ထို့နောက် သူက လက်ဝှေ့လိုက်ပြီးသည့်နောက် ကံကြမ္မာမြစ်ကြောင်းကို ဖန်တီးကာ အစီအရင်နှင့် ဆက်နွယ်လိုက်သည်။
“မင်းတို့ကို ကယ်မယ်။ ဒါပေမဲ့ မင်းတို့က ကံကြွေးတင်သွားပြီ” ဝမ်ဝေ့က ပြောလိုက်၏။ ကောင်းကင်တာအိုက ခွင့်ပြုမထားသည့်အတွက် နောက်ဆုံးတိုက်ပွဲအတွင်း ထိုကံကြွေးကို အသုံးမပြုနိုင်သော်လည်း အသက်ရှင်သည့်သူများအတွက်မူ အသုံးပြုနိုင်သေးသည်။ ထိုနည်းဗျူဟာဖြင့် သူ့အစီအစဉ်အများစုက တာအိုကို သက်သေပြပြီးသည့်နောက်တွင် ပိုမိုလွယ်ကူလာလိမ့်မည်။
ထိုအရာများ လုပ်ဆောင်ပြီးသည့်နောက်တွင် ဝမ်ဝေ့က မျက်လုံးမှိတ်ကာ သီးသန့်ကျင့်ကြံရေး ဝင်ရောက်လိုက်၏။
***