ဝယ်ယူသူကို ရိုက်စားလုပ်ဖို့ ကြိုးစားသည့် ကုန်သည်အိမ်တော်
Vol. 70 Ch. 973
ကုန်းခိုင်က မိုဝူကျိ စကားများကို ပြန်မဖြေဘဲ မိုဝူကျိကို မျက်လုံးပြုးပြုးဖြင့် ကြည့်လိုက်သည်။
အဆင့် ၅ နတ်ဆေးပင်ကို များလေ ကောင်းလေတဲ့လား ….
အဆင့် ၅ နတ်ဆေးပင်တွေက ဈေးထဲက ဝယ်လို့ ရတဲ့ ဟင်းရွက်ကန်စွန်း မှတ်နေလားကွ …
ခဏအကြာတွင် ကုန်းခိုင်က သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းရင်း ပြောလိုက်သည် “ ဒီက တာအိုရောင်းရင်း အဆင့် ၅ နတ်ဆေးပင်ရဲ့ ဈေးနှုန်းကိုရော သိရဲ့လား ”
မိုဝူကျိ နဖူးပေါ်မှ ချွေးစက်များ စီးကျလာလေသည်။ သူက အဆင့် ၅ နတ်ဆေးပင်များ၏ ဈေးနှုန်းကို မသိထားချေ။
ကုန်းခိုင်၏ မျက်ဝန်း၌ စိတ်ပျက်လက်ပျက် အမူအယာ ပေါ်လာလေသည်။
ဒီလူကတော့ တကယ်ပါပဲ ….
သူက မိုဝူကျိအား ထောက်ထားစွာ ကြည့်လိုက်ပြီး စတင် ရှင်းပြလိုက်သည် “ အဆိုးဆုံး အဆင့် ၅ နတ်ဆေးပင်ရဲ့ တန်ဖိုးက အဆင့်မြင့် နတ်ဘုရားကျောက် တစ်သောင်းဝန်းကျင်လောက် ရှိတယ်။ တကယ်လို့ သာမာန် အဆင့် ၅ နတ်ဆေးပင် ဖြစ်မယ်ဆိုရင် ဈေးနှုန်းက သုံးသောင်းလောက်အထိ ဖြစ်သွားလိမ့်မယ်။ ကြည်လင်ကျောက်စိမ်း ပန်းပွင့်တို့လိုမျိုး အကောင်းဆုံးဆိုရင် လေလံပွဲတွေမှာ သန်းချီပေးပြီးတော့ ဆွဲရလိမ့်မယ် ”
မိုဝူကျိက ထိုအရာကို ကြားသောအခါ အနည်းငယ် နောင်တရလာမိသည်။ သူက ချီချွမ်းဆီမှ ကြည်လင် ကျောက်စိမ်းပန်းပွင့်ကို ယူထားလိုက်သင့်၏။ ထိုဆေးပင် တစ်ပင်ဖြင့် သူက နတ်ဆေးပင် အပုံလိုက် ရလာနိုင်သည်။
မိုဝူကျိက ချီပင်းကို တွေးမိသွားသည်။ ဤအမျိုးသမီးက ချမ်းသာကြွယ်ဝကာ အဆင့် ၅ ဆေးပင်ချည်း အပင်ရေ ၂၀၀ လောက် ပိုင်ဆိုင်ထားပြီး ကြည်လင်ကျောက်စိမ်း ပန်းပွင့်ကဲ့သို့သော ရှားပါးသော ဆေးပင်ကိုလည်း ပိုင်ဆိုင်ထားသေး၏။
ဤအမျိုးသမီးက ဤမျှနတ်ဆေးပင်များ ရရှိဖို့ရာ အန္တရာယ် မည်မျှ ဖြတ်ကျော်ခဲ့ရမည်နည်း။
သို့သော်လည်း မိုဝူကျိက တွေးကြည့်လေလေ ပို၍ သာမာန် ဖြစ်လာကြောင်း ခံစားလာရသည်။ အကယ်၍ ဤအမျိုးသမီးက စွန့်စားမှုသာ မလုပ်ခဲ့လျှင် နိဗာနတိတ်ဆိတ်မှု ပင်လယ်သို့ သွားကာ ဝိညာဉ်လမ်းကြောင်းများ ပျက်စီးလာမည် မဟုတ်ပေ။ မြစ်ဆီ သွားပါက ခြေထောက် ရေမစိုဖို့ရာ မရှောင်နိုင်ပေ။
မိုဝူကျိက ချီပင်း၏ အင်အားသည် သေချာပေါက် လက်ဖျားခါလောက်ဖွယ် ဖြစ်ကြောင်း မှန်းဆမိလိုက်သည်။ သူမက ကျင့်ကြံဆင့်တူအတွင်းရှိ လူများကို ကြောက်မည် မဟုတ်ပေ။ အမြဲတမ်း အသက်ကို စတေးထားသည့်သူက အဆင့်တူအတွင်းရှိ လူများကို လွှမ်းမိုးနိုင်စွမ်း ရှိပေသည်။
ဤသည်မှာ သူ့အတွက်လည်း အတူတူ ဖြစ်ကာ သူ့အနေနှင့် ကျင့်ကြံဆင့်တူအတွင်းရှိ လူများကို အလွယ်လေး သတ်ဖြတ်နိုင်၏။ သူ့လူသားတာအို၏ သဘာဝအပြင် သေမင်းနှုတ်ခါးဝ၌ လျှောက်လှမ်းနေရသော အတွေ့အကြုံ ရုန်းကန်မှုများကြောင့်လည်း ဖြစ်ပေသည်။
သူ့သေခြင်း ရှင်ခြင်း ကံကြမ္မာ စက်ဝန်းကို ရရှိစဉ်အခါက သူ အသတ်ခံရလုနီးပါး ဖြစ်ခဲ့ရသည်။ သူ သတ္တကမ္ဘာ လက်ချောင်းပညာရပ်ကို ရခဲ့စဉ်အခါကလည်း လုပ်ကြံခံခဲ့ရသည်။ သူ့လေလွတ်မြောက်ရေး နည်းစနစ်နှင့် ပုဆိန်လှံရှည် တိုက်ကွက် လေးမျိုးလည်း သူ့အနေနှင့် သေမင်းနှုတ်ခါးဝ လျှောက်ပြီး ရလာခြင်း မဟုတ်ပါလော။
ကျင့်ကြံရေးလောက၌ ဂိုဏ်းများနှင့် မျိုးနွယ်စု ဆယ်ချီ လိုက်ကာ အဖမ်းခံဖူးမည်နည်း။ မဟာယီရှန်းအဆင့်တွင် ရှိစဉ် မဟာဧကရာဇ်များက ဝိုင်းဖမ်းသည်ကို မည်သူက ကြုံဖူးမည်နည်း။ ကနဦး နတ်ဘုရားအဆင့်တွင် ရှိနေစဉ်အတွင်း ကနဦး နတ်ဘုရား ကျင့်ကြံသူများစွာနှင့် ကောင်းကင်နတ်ဘုရား ကျင့်ကြံသူများစွာ၏ ဝိုင်းဝန်းခြင်းကို ခံခဲ့ရပြီး နတ်ဘုရားဘုရင်၏ အမျက်ပင် ရှခဲ့သေး၏။ ထိုကိစ္စရပ်ကို မည်သူက ကြုံတွေ့ဖူးမည်နည်း။
သူက အားလုံးကို ကြုံတွေ့ခဲ့ရပြီး ဖြတ်ကျော်နိုင်ခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် သူက ကျင့်ကြံဆင့်တူအတွင်း လွှမ်းမိုးချုပ်ကိုင်နိုင်ပြီး အားကောင်းသည့် ပြိုုင်ဖက်များကို ကျော်လွန်သွားနိုင်ခြင်း မဟုတ်ပါလော။
တာအို ပညာရပ်က မည်မျှ အားကောင်းနေစေကာမူ ကိစ္စမရှိပေ။ အကယ်၍ သူက ထပ်မံ ကြုံတွေ့ရမည်ဆိုလျှင်လည်း ထိုအဆင့်မြင့် ကျင့်ကြံသူများကို ရန်စဖို့ တုံ့ဆိုင်းနေမည် မဟုတ်ပေ။ ပညာရှင်များက အခန်းထဲတွင် လေ့ကျင့်နေရင်း ဖြစ်ပေါ်လာခြင်း မဟုတ်ချေ။ သူ နောက်က အလိုက်ခံရသည့်အကြိမ်တိုင်း သေခြင်းတရားနှင့် ထိပ်တိုက် ရင်ဆိုင်ရသည့် အချိန်တိုင်း သူ့စိတ်ဆန္ဒက ပို၍ အားကောင်းလာသည်။
“ ကျုပ်က အကောင်းဆုံးတွေကို မလိုပါဘူး။ ကျုပ်ဆီမှာလည်း နတ်ဘုရားကျောက် များများ မရှိဘူး။ ဒါပေမဲ့ ကျုပ်ဆီမှာ ဒါလေး ရှိတယ်။ ဒါက နတ်ဘုရားကျောက် ဘယ်လောက်တန်မလဲ ” မိုဝူကျိက မေးလိုက်ရင်း ခရမ်း နိဗာန တာအိုသဲကို ထုတ်ယူလိုက်သည်။
သူ့တွင် ခရမ်း နိဗာနတာအိုသဲ လေးတုံးနှင့် ရွှေရောင် တစ်တုံး ရှိထား၏။ ကျန်အရာများမှာ မီးခိုးရောင်၊ လိမ္မော်ရောင် သို့မဟုတ် အစိမ်းရောင် ဖြစ်ကြ၏။
မိုဝူကျိက နိဗာနတာအိုသဲသည် အရမ်းကို အံ့ဩဖို့ ကောင်းသည့်အရာဟု ယုံကြည်ထားသည်။ နတ်ဘုရားဘုရင် ဝတ်ရုံစိမ်း၏ မှတ်တမ်းထဲတွင်ပင် နိဗာနတာအိုသဲအကြောင်း မပြောထားဘဲ အရောင်လေးရောင် ရှိကြောင်းသာ ရှင်းပြထား၏။ မိတ်ဆက်အရ ခရမ်းနိဗာန တာအိုသဲသည် လောကနတ်ဘုရားအား နတ်ဘုရားဘုရင်အဆင့် တက်လှမ်းရန် ခွင့်ပြုပေးသည်။ ထို့ကြောင့် ရွှေရောင် နိဗာနတာအိုသဲသည် နတ်ဘုရားဘုရင်အဆင့်အား သဟဇာတ နတ်ဘုရားအဆင့် တက်လှမ်းနိုင်ရန် ကူညီပေးနိုင်လောက်၏။
“ ခရမ်း နိဗာနတာအိုသဲလား ” ကုန်းခိုင်က စိတ်လှုပ်ရှားလွန်း၍ မိုဝူကျိ၏ ခရမ်း နိဗာန တာအိုသဲအား ဆွဲယူဖို့ ကြိုးစားလိုက်သည်။ သူက တာအိုသဲကို မထိလိုက်နိုင်ခင် မိုဝူကျိက အမြန် သိမ်းယူသွားလေ၏။
ကုန်းခိုင်၏ မျက်ဝန်း၌ ရှက်ရွံ့သည့် ပုံစံ ပေါ်လာကာ ပြောလိုက်သည် “ အားနာပါတယ်ဗျာ … ခရမ်းနိဗာန တာအိုသဲက အရမ်း ရှားတော့ ကျုပ် မသင့်တော်တာ လုပ်မိသွားတယ် ”
မိုဝူကျိက ခပ်ယဲ့ယဲ့ ပြုံးကာ သူ့စကားအား ဘာမှပြန်မပြောပေ။
ကုန်းခိုင်က ကုန်သည်အိမ်တော်၏ တာဝန်ခံ ဖြစ်၏။ မိုဝူကျိ၏ ခွင့်ပြုချက် မရှိဘဲ ကုန်းခိုင်က သူ့ပစ္စည်းကို ထိချင်နေခြင်း ဖြစ်ရာ လုံးဝကို မသင့်တော်ပေ။
“ တာဝန်ခံကုန်း ဒီနိဗာန တာအိုသဲက ဘယ်လောက်တန်တယ်လို့ ထင်လဲ ” မိုဝူကျိက မေးလိုက်သည်။
ကုန်းခိုင်က ခဏတာ တွေဝေသွားပြီး “ ဘယ်လိုလဲ … ခင်ဗျားကို အဆင့် ၅ အပင် လေးဆယ် ပေးမယ်လေ ”
မိုဝူကျိက နှာခေါင်းရှုံ့ကာ နိဗာနတာအိုသဲကို သိမ်းထားလိုက်ပြီး မတ်တတ်ရပ်လိုက်တော့သည် “ ဒီလိုဆိုမှတော့ ကျုပ် သွားလိုက်ပါဦးမယ် ”
“ ဒီက တာအိုရောင်းရင်းက ဘာလို့ ရုတ်တရက်ကြီး ထွက်သွားချင်တာလဲ ” ကုန်းခိုင်က အနည်းငယ် ဒေါသထွက်သွားသည်။
ခရမ်း နိဗာနတာအိုသဲသည် နတ်ဘုရားနယ်မြေနှင့် စာလျှင် နတ်ဘုရားကုန်းမြေ၌ ပို၍ အဖိုးတန်ပေသည်။ နတ်ဘုရားကုန်းမြေက နိဗာနတာအိုသဲ အသုံးပြုပုံကို ရှာတွေ့ထားသည်မှာ ကြာမြင့်လှပြီ ဖြစ်ပြီး နတ်ဘုရားနယ်မြေကား ယခုလတ်တလောလေးမှ သိရှိထားခြင်း ဖြစ်၏။ ဤနှစ်များစွာ၌ အားလုံးက ချင်းဟိုင်လမ်းကြောင်း ပေါ်လာသည့်အခါတိုင်း ခရမ်း နိဗာနတာအိုသဲကို ရှာဖွေကြသည်။ ဤနှစ်များစွာ ကြာမြင့်ပြီးနောက် နိဗာနတာအိုသဲ မည်မျှသာ ကျန်ရှိတော့မည်နည်း။
“ ကျုပ်က နတ်ဆေးပင် ဝယ်ဖို့ ရောက်လာတာကို ခင်ဗျားက ကျုပ်ကို လှည့်ဖျားဖို့ လုပ်နေတာလေ။ ကျုပ်က ကျုပ်ပစ္စည်းကို တခြားကုန်သည်အိမ်တော်နဲ့ အလဲအလှယ်လုပ်လို့ ရတာပဲ ” မိုဝူကျိက မကျေမနပ် ပြောလိုက်သည်။
ကုန်းခိုင်က နေရခက်စွာဖြင့် “ ဒီလိုဆိုရင်ရော …. တာအိုရောင်းရင်းက ဈေးပြောလိုက်ပါ။ တောင်းဆိုတဲ့ဈေးက မိုးတမျှ မြင့်နေပေမဲ့ ပေးတဲ့ဈေးက မြေကြီးတမျှ နည်းနေနိုင်တာပဲလေ ”
“ တာအိုရောင်းရင်းကုန်း … တကယ်လို့ ခရမ်းနိဗာနတာအိုသဲနဲ့ ကြည်လင် ကျောက်စိမ်း ပန်းပွင့်ကို ယှဉ်ရင် ဘယ်ဟာက ပိုအဖိုးတန်မယ် ထင်လဲ ” မိုဝူကျိက ကုန်းခိုင်အား ကြည့်ကာ မေးလိုက်သည်။
ကုန်းခိုင်က တုံ့ဆိုင်းနေပြီးနောက် “ သူတို့က အတူတူလောက်ပါပဲ ”
မိုဝူကျိက စိတ်ထဲမှ အေးစက်စွာ ရယ်မောလိုက်တော့သည်။ သူက ကြည်လင်ကျောက်စိမ်း ပန်းပွင့် ဈေးနှုန်းသည် သူ့ခရမ်း နိဗာနတာအိုသဲထက် ပိုမြင့်မားမည်ကို ယုံကြည်ထားသည်။ နိဗာန တာအိုသဲသည် တခြားသူ၏ တာအိုအသိမှ ဖြစ်တည်လာခြင်း ဖြစ်ပြီး ကြည်လင်ကျောက်စိမ်း ပန်းပွင့်သည် သဘာဝအတိုင်း မိုးမြေစည်းမျည်းများမှ ဖြစ်တည်လာခြင်း ဖြစ်၏။
သို့သော်လည်း နတ်ဘုရားကုန်းမြေ၌ လူအများစုမှာ ခရမ်း နိဗာနတာအိုသဲသည် ပို၍ အဖိုးတန်ကြောင်း ယုံကြည်ကြလိမ့်မည်ဟု အသေအချာ သိနေသည်။ အကယ်၍ သူတို့ တန်ဖိုးသည် အတူတူ ဖြစ်ပါက ချီပင်းသည် သူမအသက်ကို စွန့်စား၍ နိဗာန တိတ်ဆိတ်မှု ပင်လယ်အထိ သွားမည် မဟုတ်ပေ။
ကြည်လင်ကျောက်စိမ်း ပန်းပွင့်၏ အသုံးဝင်မှုမှာ နတ်ကျောက်စိမ်း ဆေးလုံးအဖြစ်သာ အသုံးပြုနိုင်သောကြောင့် ဖြစ်၏။ နတ်ကျောက်စိမ်း ဆေးလုံးသည် အဆင့် ၅ ဆေးလုံးများ၌ ဖော်စပ်ဖို့ရာ အခက်ခဲဆုံး ဆေးလုံး ဖြစ်ပြီး သာမာန် အဆင့် ၅ ဆေးလုံးဘုရင်များ မဖော်စပ်နိုင်ကြပေ။ နတ်ဘုရားကုန်းမြေ၌ အဆင့် ၅ နတ်ဆေးလုံးဘုရင် မည်မျှ ရှိမည်နည်း။ သူတို့ကြား၌ အဆင့် ၅ နတ်ကျောက်စိမ်း ဆေးလုံးကို လူမည်မျှ ဖော်စပ်နိုင်မည်နည်း။
ဤသို့သော ပန်းပွင့်မျိုးကို ရရှိခြင်းက ကံကောင်းခြင်းဟု ဆိုလို့ ရပေသည်။ သို့သော် ဆေးလုံး ဖော်စပ်ခြင်း ကျရှုံးသွားပါက ဒုတိယ ပန်းပွင့် ရှာတွေ့ဖို့ရာ ကံကောင်းနိုင်မည်လား။
မိုဝူကျိက ကုန်းခိုင် စကားများကို ပြန်မဖြေဘဲ တည်တည်ငြိမ်ငြိမ် ထပ်ပြောလိုက်သည် “ အဲဆို ကျုပ်တို့တွေ ဈေးအတူတူ သတ်မှတ်ကြတာပေါ့။ အခု တာဝန်ခံကုန်းက ကြည်လင်ကျောက်စိမ်း ပန်းပွင့်က အဆင့်မြင့် နတ်ဘုရားကျောက် သန်းချီပေးပြီး လေလံဆွဲရတယ်လို့ ပြောခဲ့တယ်မလား။ ကျုပ်က အဲလောက် မတောင်းဆိုပါဘူး။ ခင်ဗျားတို့ ကုန်သည်အိမ်တော်က ကျုပ်ကို အဆင့် ၅ ဆေးပင် ၃၀၀ ပေးရမယ် ”
“ မဖြစ်နိုင်ဘူး … ၃၀၀ က လွန်လွန်းနေပြီ။ အများဆုံး ၂၅၀ အထိပဲ ပေးနိုင်မယ် ” ကုန်းခိုင်က ချက်ချင်း ပြောလိုက်၏။
မိုဝူကျိက ထပ်မညှိနှိုင်းတော့ဘဲ “ အဲဆိုလည်း ၂၅၀ ပေါ့ ”
“ တာအိုရောင်းရင်းက တည့်တိုးဆန်တာပဲ။ ခဏလောက် စောင့်ပေးပါ ” ကုန်းခိုင်က မိုဝူကျိ စကားများကို သဘောတူလိုက်သည်။ သူက မိုဝူကျိအား ခပ်ယဲ့ယဲ့ ပြုံးကာ အခန်းထဲမှ ထွက်သွားတော့သည်။
မိုဝူကျိက ဆိုးဆိုးရွားရွား ခံစားချက် ရနေမိသည်။ သို့သော်လည်း သူက ဤသို့သော ကုန်သည်အိမ်တော်ထဲ၌ ကုန်သည်အိမ်တော်၏ သတ်မှတ်ချက်ကို သဘောတူပြီးလျှင် သူ့စကားအတိုင်း လိုက်နာရမည် ဖြစ်ကြောင်း သိပေသည်။ ဤသည်မှာ နှုတ်သဘောတူညီချက် ဖြစ်၏။ အကယ်၍ သူက ဖောက်ဖျက်ဖို့ ရွေးချယ်လျှင် အကျိုးယုတ်မည့်သူမှာ သူ ဖြစ်သွားလိမ့်မည်။ သူက ကုန်သည်အိမ်တော် တစ်ခုလုံးကို ဖိအားမပေးနိုင်သရွေ့ ဖြစ်သည်။
မိုဝူကျိက ကုန်းခိုင် ပြန်လာဖို့ရာ အကြာကြီး မစောင့်လိုက်ရပေ။ သူက မိုဝူကျိထံ သိုလှောင်အိတ် ပေးလိုက်ရင်း “ တာအိုရောင်းရင်းမို ဒီမှာ အဆင့် ၅ အပင် ၂၅၀ ပါ။ တစ်ချက် ကြည့်ကြည့်ပါဦး ”
မိုဝူကျိ၏ စိတ်စွမ်းအားက သိုလှောင်အိတ်အပေါ် ရောက်ရှိသွားသည့်အခါ သူ့အမူအယာမှာ ပျက်ယွင်းသွားတော့သည်။ အပင် ၂၅၀ ထဲ၌ အပင်တရာက အမျိုးအစား အတူတူ ဖြစ်နေသည်။ ထို့အပြင် မိုဝူကျိက ထိုအမျိုးအစားကို သေချာသိထား၏။ ထိုအရာမှာ သဘာဝတိုက်စား မြက်ဟု ခေါ်ဆိုပေသည်။
သဘာဝတိုက်စားမြက်သည် အဆင့် ၅ ဆေးပင် ဖြစ်သော်လည်း ဈေးနှုန်းအားဖြင့် အဆင့် ၁ ဆေးပင်လောက်ပင် တန်ဖိုးမရှိပေ။ အကြောင်းမှာ ဆေးဖော်စပ်ရာ၌ အသုံးမပြုနိုင်သောကြောင့် ဖြစ်ပြီး တစ်ခုတည်းသော အသုံးဝင်မှုမှာ ကျင့်ကြံသူ၏ နတ်ဝိညာဉ်စွမ်းအားများအား တိုက်စားရာ၌ ဖြစ်သည်။ ထို့အပြင် ဤအတိုင်း တန်း၍ အစာခြေဖျက်နိုင်သော်လည်း မည်သူကမှ ဤမြက်ကို စားပြီး သူတို့၏ နတ်ဝိညာဉ်စွမ်းအားများအား ပျက်စီးအောင် လုပ်မည် မဟုတ်ပေ။
ကုန်းခိုင်က ပြုံးကာ “ သဘာဝတိုက်စားမြက်က အတော်လေး အသုံးဝင်တယ်လေ။ နတ်ဘုရားဘုရင်ရဲ့ သဘာဝစွမ်းအားကိုတောင် တိုက်စားပစ်နိုင်တယ်။ တိုက်ပွဲအတွင်း တစ်ဖက်လူကို သဘာဝတိုက်စားမြက် ကျွေးနိုင်တာနဲ့ တစ်ဖက်လူရဲ့တိုက်ခိုက်စွမ်းက သေချာပေါက် ကျဆင်းသွားလိမ့်မယ် ”
မကြာခင် မိုဝူကျိ၏ အမူအယာမှာ ပုံမှန် ပြန်ဖြစ်လာသည်။ သူက မထူးမခြားနား ပြောလိုက်၏ “ တာဝန်ခံကုန်းက အတော်လေး ဉာဏ်ကောင်းသားပဲ … နောက်တစ်ခါကျ တာဝန်ခံ ကုန်း ဒီလို ဆက်လုပ်မယ်ဆိုရင်တော့ တာဝန်ခံကုန်းကို ဒီသဘာဝတိုက်စားမြက်တွေ သေချာပေါက် မြည်းစမ်းကြည့်ခိုင်းရတာပေါ့။ နှမြောစရာကောင်းတာက ခင်ဗျားတို့ ဂုဏ်သရေကြီးမားတဲ့ ကုန်သည်အိမ်တော်က သဘာဝတိုက်စားမြက် တစ်ရာပဲ ပါလာတာပဲ …. မဟုတ်ရင် ကျုပ်တော့ အပင် ၂၅၀ လုံး ဖြစ်နေလောက်တယ် ”
ကုန်းခိုင်က ဘာမှမပြောနိုင်ခင် မိုဝူကျိက ကုန်းခိုင်ထံ ခရမ်း နိဗာနတာအိုသဲအား ပေးလိုက်ပြီးနောက် လှည့်ထွက်သွားတော့သည်။
သူက နေရာတစ်ဝှက်ရှိ စိတ်စွမ်းအားများစွာကို ခံစားမိပေသည်။ သူတို့က သူ ဆန့်ကျင်သည်ကို စောင့်ဆိုင်းနေကြခြင်းသာ ဖြစ်ပေလိမ့်မည်။
မိုဝူကျိက ခရမ်းနိဗာန တာအိုသဲကို ဆိုးရွားလှသည့် အဆင့် ၅ ဆေးပင် တစ်ရာကျော်နှင့် လဲလှယ်လိုက်ရခြင်းကို မမျှတကြောင်း တွေးမိသော်လည်း သူက လက်ခံရမည် ဖြစ်၏။ သို့သော် သူက ယနေ့ ကုန်းခိုင် လုပ်ခဲ့သည့် အရာကို လုံးဝ မေ့ပစ်မည် မဟုတ်ပေ။ တစ်ရက်ရက်၌ ဤကိစ္စအား ပြန်ပေးဆပ်ရမည် ဖြစ်၏။
ယခု သူ လုပ်နိုင်သည့်အရာ မရှိချေ။ တန်ချန်းကုန်သည်အိမ်တော်သည် အဆင့် ၅ ဆေးပင်များစွာကို ထုတ်ပေးနိုင်သည့် တစ်ခုတည်းသော နေရာ ဖြစ်နေ၏။
တခြားနည်းဖြင့်ဆိုရလျှင် တခြားသော ကုန်သည်အိမ်တော်များက ဆေးပင်များစွာနှင့် ကမ်းလှမ်းလာလျှင်ပင် သူက မသွားရဲချေ။ အကြောင်းမှာ သူ့တွင် နောက်ခံ မရှိသလို ပတ်သတ်ဆက်နွယ်မှုများလည်း မရှိချေ။ တန်ချန်းကုန်သည်အိမ်တော်လို ကုန်သည်အိမ်တော်ကြီး တစ်ခုက သူ့အား လှည့်ဖျားဖို့ ကြိုးစားခဲ့သေးသည် မဟုတ်ပါလော။ တခြားသူများက ပို၍ ဆိုးရွားတာ လုပ်သွားနိုင်သည်။
တန်ချန်း ကုန်သည်အိမ်တော်မှ ထွက်လာပြီးနောက် မိုဝူကျိက လေထဲ ပျောက်ကွယ်သွားတော့သည်။ ထို့နောက် သူက လူအိုကြီးအသွင် ရုပ်ဖျက်ကာ တည်းခိုဆောင် သေးသေးလေးထဲ ဝင်လာသည်။
သူ့လေလွတ်မြောက်ရေး နည်းစနစ်၏ အကြီးမားဆုံး အားသာချက်မှာ အမြန်နှုန်း မဟုတ်ဘဲ အသံတိတ်ဆိတ်ပြီး နောက်ယောင်ခံ မလိုက်နိုင်ခြင်း ဖြစ်၏။
…….…
တစ်ညတာကား တိတ်တိတ်ဆိတ်ဆိတ် ကုန်ဆုံးသွားတော့သည်။ ဒုတိယမြောက် မနက်ခင်း၌ မိုဝူကျိက လေလံပွဲရှိရာသို့ ဦးတည်လာလိုက်သည်။
၈၇ တန်းမြောက်ကား ရှေ့နှင့် နီးကပ်သည်ဟု ယူဆနိုင်ပေသည်။ ၁၃၂ ခုံမြောက်မှာလည်း ထောင့်ဘေးခုံ ဖြစ်နေ၏။
မိုဝူကျိက စိတ်ထဲ မထားပေ။ သူက လေလံဆွဲနိုင်သရွေ့ အားလုံး အဆင်ပြေပေသည်။ တစ်ချိန်တည်းဆိုသလို သူက ရွှေရောင် နိဗာနတာအိုသဲနှင့် အမြစ်မဲ့ သံမဏိကို လဲလှယ်နိုင်ခြေမှာ သိပ်မမြင့်မားကြောင်း သိထားသည်။ ခရမ်း နိဗာနတာအိုသဲနှင့် ကြည်လင်ကျောက်စိမ်း ပန်းပွင့်လိုမျိုး သိသာနေပေသည်။
ကြည်လင်ကျောက်စိမ်း ပန်းပွင့် ဆယ်ပွင့်ပင် အမြစ်မဲ့ သံမဏိနှင့် နှိုင်းယှဉ်၍ မရချေ။
မိုဝူကျိက ထိုင်ခုံကို ရောက်သည်နှင့် ဘေးပတ်လည်တွင် အတားအဆီး ဖယ်ရှားလိုက်သည်။
ခန်းမထဲမှ ထိုင်ခုံ ဖြစ်နေသော်လည်း နေရာအတော်လေး ကျယ်၏။ သူ့ရှေ့၌ လေလံဆွဲသည့် ပိတ်ကားချပ်နှင့် ပစ္စည်း ပြသရေး ပိတ်ကားချပ်တို့ ရှိပေသည်။ ထို့အပြင် ကူးပြောင်းရေး အစီအရင်ပြား အသေးလေး ပါရှိသေး၏။
လေလံပွဲ ပုံစံကား အဝိုင်းသဏ္ဍာန် ဖြစ်ပြီး တခြားသော လေလံပွဲများကဲ့သို့ လေလံတင် စားပွဲကား အလယ်ခေါင်တွင် ရှိသည်။
မိုဝူကျိက တစ်နာရီကျော်ကြာ စောင့်ဆိုင်းပြီးသည့်နောက်တွင် ခန်းမအတွင်း လူများပြည့်နှက်လာ၏။ လေလံပွဲစင်မြင့်ပေါ်သို့ အဝါရောင် ဝတ်ရုံနှင့် အမျိုးသားက တက်လှမ်းလာသည်။
အဝါရောင် ဝတ်ရုံ အမျိုးသားက လက်နှစ်ဖက် ယှက်ကာ “ ကြွရောက်လာကြတဲ့ ဧည့်ပရိတ်သတ်အပေါင်းတို့ ကျေးဇူးပြုပြီး နေရာမှာ ထိုင်ပေးကြပါ။ လေလံပွဲက မကြာခင် စတင်ပါတော့မယ်။ လေလံပွဲ အဆုံးမသတ်ခင်အထိ ဘယ်သူကမှ လေလံပွဲနေရာကနေ ထွက်သွားခွင့် မရှိပါဘူး။ မလိုတမာစိတ်နဲ့ လေလံဆွဲတာမျိုး ဒါမှမဟုတ် အလဲအလှယ် မလုပ်နိုင်တာမျိုးဆိုရင် သက်ညှာခြင်းမရှိ အသတ်ခံရမှာ ဖြစ်ပါတယ်။ ဒီလေလံပွဲကို ဦးစီးကျင်းပပေးမှာက နှင်းစက်ကျ ကုန်သည်အိမ်တော်ရဲ့ တာဝန်ခံ နီကျစ်ကျန်းပါ။ လေလံပွဲ စတင်ပါပြီခင်ဗျာ … ”
***