← Chapters

ဖျင်ရွှေ

Vol. 70 Ch. 974

ဖျင်ရွှေ

Vol. 70 Ch. 974

မိုဝူကျိက နီကျစ်ကျန်း၏ နာမည်ကို ကြားသောအခါ အမျိုးသား ဖြစ်လိမ့်မည်ဟု ထင်မှတ်ခဲ့သည်။ သို့သော်လည်း အဝါရောင် ဝတ်ရုံနှင့် အမျိုးသားက စင်ပေါ်မှ ထွက်သွားပြီးနောက် အမျိုးသမီးတစ်ဦးက စင်ပေါ် တက်လာလေ၏။

နီကျစ်ကျန်းက အတော်လေး လှပသော်လည်း သတ်ဖြတ်လိုသည့် အငွေ့အသက်များနှင့် ဆွဲဆောင်မှုရှိသည့် ညို့ဓာတ်တချို့ ထုတ်လွှင့်နေသည်။ ထိုအချက်များအားလုံး ပေါင်းကြည့်လိုက်သည့်အခါ ထူးခြားသည့် ညို့ဓာတ်ကို ဖြစ်လာစေသည်။

“ ကျွန်မက နီကျစ်ကျန်းပါ။ နှင်းစက်ကျကုန်သည်အိမ်တော်ကို ကိုယ်စားပြုပြီးတော့ ကြွရောက်လာတဲ့ ဂုဏ်သရေရှိ ဧည့်ပရိတ်သတ်အပေါင်းကို ကျေးဇူးတင်ချင်ပါတယ်။ ကျွန်မတို့တွေ လေလံပွဲ မစခင် နိဗ္ဗာန် အသိပညာရပ်ကျောင်းတော်ရဲ့ စစ်ဆေးမှုမှာ ပါဝင်မဲ့ တာအိုရောင်းရင်း အားလုံးကို ရလဒ်ကောင်းကောင်းနဲ့ အောင်ဖို့ ကံကောင်းအောင် ဆုတောင်းပေးချင်ပါတယ်။ ကျွန်မတို့ရဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်ကြီးတို့က ဒီလေလံပွဲက နောက်တစ်နှစ်နေရင် ကျင်းပမဲ့ နိဗ္ဗာန် အသိပညာရပ်ကျောင်းတော် စစ်ဆေးမှုအတွက် ကျင်းပတာကို သိကြမှာပါ။ ကျွန်မတို့ ဧည့်သည်တော်တို့အနေနဲ့ သဘောကျနှစ်ခြိုက်တဲ့ ပစ္စည်းမျိုးကို ဝယ်ယူနိုင်ဖို့ မျှော်လင့်ပါတယ်။ အခု ကျွန်မတို့ရဲ့ လေလံပွဲကို စလိုက်ပါပြီ  ”

ထိုသို့ပြောပြီးနောက် နီကျစ်ကျန်းက လက်ဝှေ့လိုက်သည့်အခါ သူမ လက်ထဲ၌ ကျောက်စိမ်းသေတ္တာလေး ပေါ်လာသည်။ သူမက ကျောက်စိမ်းသေတ္တာလေးကို လှည့်ပတ်ပြလိုက်ရင်း

“ ပထမပစ္စည်းကတော့ အဆင့် ၁ သစ်သီးပါ။ နာမည်လေးက ကနဦး နတ်ဘုရားအသီးတဲ့ …. ကျွန်မ များများစားစား ရှင်းပြစရာ မလိုလောက်တော့ပါဘူး။ အားလုံးလည်း ကနဦး နတ်ဘုရား အသီးရဲ့ အသုံးဝင်ပုံကို သိကြမှာပါ။ သဘောတရားတွေအရတော့ အသီးတစ်သီးချင်းစီက ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူကို ကနဦး နတ်ဘုရားအဆင့် တဆင့် တိုးတက်စေပြီးတော့ ကျင့်ကြံသူ တစ်ယောက်က နှစ်လုံးကိုပဲ အများဆုံး စားနိုင်ပါတယ်။ အခု ကျွန်မဆီမှာ ကနဦး နတ်ဘုရားအသီး နှစ်လုံး ရှိပါတယ်။ ကြမ်းခင်းဈေးက အဆင့်မြင့် နတ်ဘုရားကျောက် ငါးသောင်းကနေ စပါ့မယ်ရှင် …. တစ်ခါတိုးတိုင်း နတ်ဘုရားကျောက် တစ်ထောင်ထက် နည်းလို့ မရပါဘူးရှင် ”

နီကျစ်ကျန်း၏ စကားများ အဆုံးသတ်သွားသည့်အခါ လေလံဆွဲသည့် အသံများက ထွက်ပေါ်လာသည်။

မိုဝူကျိက ဤအသီးကို သိပေသည်။ သူ ယခင် နတ်ဘုရားသိုက်မြုံအတွင်း ရှိခဲ့စဉ်အခါက ကနဦး နတ်ဘုရား အသီး ရင့်မှည့်လာသည်နှင့် ကြုံကြိုက်ခဲ့သည်။ သူက ဇာမဏီ နတ်ဝိညာဉ် ပရဝဏ်နှင့် နဝမဆင့်ကဲခြင်း ဂိုဏ်းသားတို့၏ ဝိုင်းထားခြင်းကို ခံထားရသည့်အတွက် ကနဦး နတ်ဘုရားအသီးကို ရဖို့ရာ အာရုံမရှိခဲ့ချေ။

သို့သော် ကနဦး နတ်ဘုရားအသီး၏ ဈေးနှုန်းမှာ အတော်လေး မြင့်မား၏။ ပြောရမည်ဆိုလျှင် အဆင့် ၁ ဆေးပင်များကြား အမြင့်ဆုံး ဖြစ်ပေသည်။ အဆင့် ၃ နှင့် အဆင့် ၄ တချို့ ဆေးပင်များပင် ကနဦး နတ်ဘုရားအသီး ဈေးနှုန်းနှင့် မယှဉ်နိုင်ချေ။

သူက ကနဦး နတ်ဘုရားအသီး နှစ်လုံးအား ဝယ်လိုသော်လည်း သူ့တွင် အဆင့်မြင့် နတ်ဘုရားကျောက် နှစ်သိန်းသာ ပါရှိ၏။ သူက စတင်၍ လေလံမဆွဲခင် ထိုအသီး၏ ဈေးနှုန်းမှာ တစ်သိန်း နှစ်သောင်းသို့ ရောက်ရှိနေလေပြီ။

မကြာခင် တစ်စုံတစ်ယောက်က ကနဦး နတ်ဘုရားအသီးအား အဆင့်မြင့် နတ်ဘုရားကျောက် တစ်သိန်း ခုနှစ်သောင်းဈေးဖြင့် ဝယ်ယူသွားတော့သည်။ မိုဝူကျိက လေလံဝင်မဆွဲလိုက်ပေ။ တစ်ဖက်လူ၏ ခြယ်လှယ်လွန်းသည့် အရှိန်အဝါဖြင့် သူက နှစ်သိန်းလုံး သုံးလိုက်လျှင်ပင် ထိုလူက သေချာပေါက် ဆက်လက် လေလံဆွဲဦးမည် ဖြစ်၏။ သူ လေလံဆွဲလိုက်ပါက တစ်ဖက်လူအား ရန်စသလိုသာ အဖတ်တင်မည် ဖြစ်၏။ သူက ဤနေရာသို့ အမြစ်မဲ့သံမဏိ ဝယ်ယူရန် ရောက်လာခြင်း ဖြစ်ရာ တစ်စုံတစ်ယောက်ကို ရန်မစမိဖို့ရာ မရှောင်နိုင်လောက်ချေ။ သို့သော်လည်း မိုဝူကျိက ရန်သူ တစ်ယောက် ထပ်တိုးသွားမည်ကို မလိုလားပေ။

ကနဦး နတ်ဘုရားအသီးကို တစ်သိန်း ခုနှစ်သောင်းဖြင့် ရောင်းချပြီးနောက် မိုဝူကျိက စိတ်ထဲမှသာ ကျိန်ဆဲလိုက်တော့သည်။ ထိုအသီးများကို တတ်နိုင်သောသူသည် စားသုံးမည့်သူ သေချာပေါက် မဟုတ်ပေ။

“ ဒုတိယပစ္စည်းလေးက‌တော့ လျိူ့ဝှက်ပညာရပ်ပါ။ အဲဒါကို မိုးစက်မြှားလို့ ခေါ်ပါတယ်။ အဲဒီ ကျင့်စဉ်ရဲ့ ကြမ်းခင်းဈေးက အဆင့်မြင့် နတ်ဘုရားကျောက် တစ်သိန်းပါ။ တစ်ခါတိုးတိုင်း အနည်းဆုံး ငါးထောင်ပါရှင့် ”

မိုဝူကျိက မိုးစက်မြှားဟု အမည်ကို ကြားလိုက်သည်နှင့် အသည်းအသန် လိုချင်လာမိတော့သည်။

သူ့လေလွတ်မြောက်ရေး နည်းစနစ်ကို သူက အဆင့်ကွဲငါးခုအဖြစ် ကောက်ချတ်ချနိုင်ပြီးပြီ ဖြစ်၏။ ယခုအခါ သူက လေရွေ့ပြောင်းခြင်း ဖြစ်သည့် တတိယအဆင့်သို့ ရောက်ရှိနေကာ သူ့အသက်ကိုလည်း များစွာ ကယ်တင်ပေးခဲ့သည်။ ထို့အပြင် အဆင့် ၄ နှင့် အဆင့် ၅ တို့ ဖြစ်သည့် လေအဟုန် လမ်းညွှန်နှင့် လေဆင့်ခေါ်ခြင်းတို့ကား လွတ်မြောက်ရေး နည်းစနစ်၏ နယ်ပယ်ကို ကျော်လွန်သွားပြီ ဖြစ်၏။

လေဆင့်ခေါ်ခြင်းကို သိရှိပြီးနောက် မိုဝူကျိက မိုး အမျိုးအစား လျိူ့ဝှက်ပညာရပ်ကို လိုချင်မိသည်။ လေဆင့်ခေါ်ခြင်းနှင့် မိုးရွာသွန်းစေခြင်းတို့ကား သူ အမှန်တကယ် လိုချင်သော လျို့ဝှက်ပညာရပ်များ ဖြစ်၏။ ကံဆိုးသည်က သူ့တွင် ယခင်က ရှိနေသော မိုး အမျိုးအစား သို့မဟုတ် ရေအမျိုးအစား လျို့ဝှက်ပညာရပ်များသည် သူ့အား မိုးရွာသွန်းစေခြင်းလိုမျိုး အသိအမြင် ပွင့်မလာစေပေ။

ယခု မိုး အမျိုးအစား လျိူ့ဝှက်ပညာရပ်က နတ်ဘုရားလောက၌ ပေါ်လာပြီ ဖြစ်ရာ သူ့အား မိုးရွာသွန်းစေနိုင်ရန် ကူညီပေးနိုင်သော ပညာရပ် ဖြစ်နိုင်လောက်၏။

သို့သော်လည်း ထိုအတွေးက မိုဝူကျိ စိတ်ထဲ ခဏတာမျှသာ ကြာမြင့်လိုက်ပြီး ပျောက်ကွယ်သွားတော့သည်။ မိုးစက်မြှား၏ တန်ဖိုးမှာ နှစ်သိန်းကို ကျော်လွန်သွား၍ ဖြစ်ပြီး မြင့်တက်နေဆဲ ဖြစ်သည်။ အဆုံးသတ်၌ ထိုလျို့ဝှက်ပညာရပ်ကို နှစ်သိန်း ခုနှစ်သောင်းဖြင့် ဝယ်ယူသွားပေတော့သည်။ မိုဝူကျိတွင် ပြတ်လပ်နေသော နတ်ဘုရားကျောက်များက ကြည့်ရှုသူအဖြစ်သာ ကျန်ရှိနေစေ၏။

တတိယပစ္စည်းမှာ အဆင့်မြင် တစ်ပိုင်း ပျံသန်းရေး ပစ္စည်း ဖြစ်၏။ မိုဝူကျိက ဝယ်လိုသော်လည်း မတတ်နိုင်ချေ။

လေးခုမြောက် ပစ္စည်းမှာ လျှပ်စီး အမျိုးအစား လျို့ဝှက်ပညာရပ် ဖြစ်ပြီး မိုဝူကျိက ဝယ်ယူလိုသော်ငြား မတတ်နိုင်လိုက်ချေ။

………….…

အဆုံးသတ်၌ မိုဝူကျိက မျက်လုံးသာ ပိတ်ထားလိုက်ရတော့သည်။ ဤလေလံပွဲ၌ ပစ္စည်းကောင်းများ ပေါများလှသည်။ ပစ္စည်းဆယ်ခုအနက် သူက ခုနှစ်ခုလောက် လိုချင်နေမိသည်။

သူ့ကို ဘယ်သူကများ မွဲတေနေခိုင်းလို့လဲ ….

သူက ဘာကိုမှ မတတ်နိုင်ပေ။ သူ တတ်နိုင်သည့်အရာမှာ ဆေးလုံးများသာ ဖြစ်ပြီး သူက လုံးဝ မလိုအပ်ပေ။

နာရီ နှစ်ဆယ် ကုန်ဆုံးသွားသည်။ မိုဝူကျိက အမြစ်မဲ့သံမဏိသည် အထွတ်အထိပ်အနေနှင့် နေရာယူထားမည်ကို စတင် စိုးရိမ်လာမိတော့သည်။ ထိုစဉ် နီကျစ်ကျန်း၏ စကားများက သူ့အား တစ်ဖန် စိတ်လှုပ်ရှားသွားစေ၏  “ ဖျင်ရွှေ တစ်စက် ”

ဖျင်ရွှေသည် ရေချိပ်အမှတ်အသား မဟုတ်သလို ရေချိပ်အမှတ်အသားလောက်လည်း တန်ဖိုး မရှိပေ။ အာကာပြင် ရေချိပ်အမှတ်အသားသည် ဟို့ထျန်း ရတနာ ငါးခုထဲမှ တစ်ခု ဖြစ်ပြီး အမြစ်မဲ့သံမဏိနှင့်ပင် နှိုင်းယှဉ်နိုင်သောအရာ ဖြစ်နေသည်။

တစ်ဖက်တွင် ဖျင်ရွှေသည် အင်မတန် ရှားပါးလှသော ရတနာတစ်မျိုး ဖြစ်ပြီး တန်ဖိုးအားဖြင့် လျို့ဝှက်ပညာရပ်နှင့် အကြမ်းဖျင်းနီးပါး တူညီ၏။

ဖျင်ရွေ ရှားပါးလှသည့် အကြောင်းအရင်းမှာ ကမ္ဘာနှစ်ခုမှ အစပြုလာ၍ ဖြစ်သည်။ ဖျင်ရွေသည် ကမ္ဘာနှစ်ခု တစ်ခုနှင့်တစ်ခု ပေါင်းစပ်သွားစဉ် လေလွင့်ရေမှ  ဖြစ်တည်လာခြင်း ဖြစ်၏။ ဤလေလွှင့်ရေသည် မိုးရေလည်း မဟုတ်သလို တိမ်တိုက်မှ ဖြစ်လာသည့် မိုးရေလည်း မဟုတ်ပေ။

ကျင့်ကြံသူများ စကားအရ လေလွှင့်ရေသည် ရေသဘာဝ စည်းမျည်းများ တုံ့ပြန်သည့်အခါ ဖွဲ့စည်းဖြစ်တည်လာသည့် ရေမျိုး ဖြစ်သည်။ ထိုရေသည် မြေပေါ် မကျရောက်ခင် လေလွှင့်ရေဟု ခေါ်ဆိုပေသည်။

ဤသို့အရာမျိုး မည်မျှ ရှားပါးသည်ကို တွေးကြည့်၍ ရပေသည်။ ပုံမှန်အားဖြင့် ကမ္ဘာနှစ်ခုကြားရှိ တည်နေရာမှာ စည်းမျည်းများ ဖရိုဖရဲ ဖြစ်နေသည့် အာကာပြင် တစ်ခုသာ ဖြစ်၏။ ဤသို့ လေလွှင့်ရေ မည်သို့ ဖြစ်တည်လာမည်နည်း။ လေလွှင့်ရေ တစ်စက် ဖြစ်ပေါ်လာလျှင်ပင် ကျောက်တုံးပေါ် ကျလျှင်ကျ သို့မဟုတ် အငွေ့ပျံလျှင်ပျံ သို့မဟုတ် သိမ်းယူခံရဖို့သာ ရှိ၏။ ကမ္ဘာနှစ်ခုမှ လေလွှင့်ရေ ဆက်တိုက် ဖြစ်တည်လာသည့်အကြောင်းကို ထည့်မပြောလျှင်ပင် ပေါင်းစပ်ဖို့ရာကား မဖြစ်နိုင်သလောက်ပင်။

ဖျင်ရွှေသည် အခွင့်သာမှ ဖြစ်တည်လာနိုင်ခြင်း ဖြစ်၏။ ကမ္ဘာနှစ်ခု ချိတ်ဆက်ထားသည့် အာကာပြင်၌ အာကာပြင်အက်ကြောင်းများသည် ရုတ်ချည်း ဖြစ်ပေါ်လာတတ်ပြီး လေလွှင့်ရေစက်များ ကျဆင်းလာပြီး ပေါင်းစပ်သွားကြသည်။ ဤသည်မှာ ဖျင်ရွှေ မည်သို့ ဖြစ်တည်လာပုံ ဖြစ်၏။

ထို့ကြောင့် ဖျင်ရွှေသည် အရမ်း အဖိုးမတန်သော်လည်း အရမ်း ရှားပါးနေခြင်း ဖြစ်၏။

ဖျင်ရွှေ၏ တစ်ခုတည်းသော အသုံးပြုမှုမှာ ပန်းပဲလုပ်ရာ၌ စိမ့်ဝင်စေရန် ဖြစ်သည်။ ဤသည်မှာ ကိုယ်ပိုင် လျို့ဝှက်ပညာရပ်များ ပါဝင်နိုင်သည့် မှော်ရတနာကို ဖန်တီးနိုင်ပေမည်။ ဤလျို့ဝှက်ပညာရပ်ကို မှော်ရတနာ ကိုင်ဆောင်သူက အသုံးပြုနိုင်လိမ့်မည်။

မိုဝူကျိက လိုချင်နေသည့် အကြောင်းအရင်းမှာ  အမြစ်မဲ့သံမဏိအား ပုဆိန်လှံရှည် လုပ်ရာ၌ အသုံးပြုဖို့ ရည်ရွယ်ထားခြင်း ဖြစ်၏။ အကယ်၍ သူ့ပုဆိန်လှံရှည်က ကိုယ်ပိုင် လျို့ဝှက်ပညာရပ် ပါလျှင် သူ့အင်အားမှာ နောက်တဆင့် ရောက်ရှိသွားမည် ဖြစ်၏။

“ ဖျင်ရွှေရဲ့ ဈေးနှုန်းကတော့ အဆင့်မြင့် နတ်ဘုရားကျောက် ရှစ်သောင်းပါ။ တစ်ခါတိုးတိုင်း ငါးထောင်ထက် နည်းလို့ မရပါဘူးရှင့် ” နီကျစ်ကျန်း၏ အသံ ထွက်ပေါ်လာသည်။

ဖျင်ရွေကဲ့သို့ ပစ္စည်းမျိုးသည် လူတိုင်း အသုံးပြုနိုင်သည့်အရာမျိုး ဖြစ်၏။ သို့သော်လည်း ဈေးနှုန်းက မိုးစက်မြှားလောက် မမြင့်သည့် အကြောင်းအရင်းမှာ ထွက်ပေါ်လာသည့် လျို့ဝှက်ပညာရပ်က အရမ်းအားမကောင်း၍ ဖြစ်သည်။ တစ်ခါတစ်ရံ၌ လျို့ဝှက်ပညာရပ်များသည် အင်မတန် ဆိုးရွှားနေတတ်သည်။ ပန်းပဲလုပ်ငန်းစဉ်က ကောင်းကောင်း အဆင်မပြေလျှင် လျို့ဝှက်ပညာရပ်  မရှိလာခြင်းလည်း ဖြစ်လာနိင်သည်။ ဤအခါ ဖျင်ရွှေအပါ် သုံးထားသည့် ငွေများ အလကား ဖြစ်သွားနိုင်သည်။

မိုဝူကျိက နှစ်သောင်း တိုးပေးဖို့ တုံ့ဆိုင်းမနေတော့ဘဲ သူက အဆင့်မြင့် နတ်ဘုရားကျောက် တစ်သိန်း ပေးဖို့ ကြိုးစားလိုက်၏။

မိုဝူကျိ၏ လေလံက ပိတ်ကားချပ်ပေါ် ပေါ်မလာခင် ဈေးနှုန်းက အဆင့်မြင့် နတ်ဘုရားကျောက် တစ်သိန်း နှစ်သောင်း ပြောင်းလဲသွားတော့သည်။

အမြင်နှင့်ပင် ဖျင်ရွှေအတွက် လေလံဆွဲနေသည်မှာ သူ တစ်ယောက်တည်း မဟုတ်ချေ။ မိုဝူကျိက အတော်လေး စိတ်လှုပ်ရှားသွားပြီး လေလံဈေးအား တစ်သိန်း ရှစ်သောင်း တိုးပေးလိုက်တော့သည်။

တစ်သိန်း နှစ်သောင်းမှ တစ်သိန်း ရှစ်သောင်းအထိ တိုးပေးခြင်းမှာ အလွန်ကြီးမားသော်လည်း ဖျင်ရွှေ၏ ဈေးနှုန်းမှာ တစ်သိန်းရှစ်သောင်း၌ အမှန်တကယ် ခတ္တ ရပ်တန့်သွားလေ၏။

နီကျစ်ကျန်းက သုံးရှိုက်စာမျှ စောင့်ဆိုင်းပြီးနောက် မည်သူကမှ ဆက်လက် လေလံဆွဲခြင်း မရှိပေ။ သူမက စတင်၍ ကြေညာလိုက်သည်  “ တစ်သိန်း ရှစ်သောင်း တစ်ကြိမ်၊ တစ်သိန်း ရှစ်သောင်း နှစ်ကြိမ် … တစ်ယောက်က ဈေးမြင့်ပေးလိုက်ပါပြီရှင့်။ ဖျင်ရွှေရဲ့ ဈေးနှုန်းမှာ အဆင့်မြင့် နတ်ဘုရားကျောက် နှစ်သိန်း ဖြစ်သွားပါပြီ။ ဆက်ပြီး လေလံဆွဲချင်တဲ့ တာအိုရောင်းရင်းများ ရှိသေးလားရှင့် ”

မိုဝူကျိက အစပိုင်းလောက် စိတ်မလှုပ်ရှားတော့ပေ။ သူက နီကျစ်ကျန်း၏ စကားကြောင့် တည်ငြိမ်မှု ပြန်ရလာပြီ ဖြစ်၏။ သူက အဆင့်မြင့် နတ်ဘုရားကျောက် နှစ်သိန်းသာ ရှိသော်လည်း ပိတ်ကားချပ်ရှိ ဈေးနှုန်းမှာ နှစ်သိန်း ဖြစ်နေလေပြီ။

“ အဆင့်မြင့် နတ်ဘုရားကျောက် နှစ်သိန်း တစ်သောင်း ” ဈေးနှုန်းက တဖန် မြင့်တက်သွားပြန်သည်။

သူက ကနဦး နတ်ဘုရား အသီးကို လက်လျော့ထားနိုင်ပြီး ပျံသန်းရေး ရတနာနှင့် မိုးသဘာဝ လျို့ဝှက်ပညာရပ်ကိုလည်း လက်လျော့နိုင်ပေသည်။ သို့သော်လည်း သူက ဤဖျင်ရွှေကိုတော့ လုံးဝ လက်မလျော့နိုင်ပေ။

မိုဝူကျိ၏ စိတ်စွမ်းအားက သူ့ထာဝရကမ္ဘာအတွင်း ရောက်ရှိသွားသည်။ သိပ်မကြာခင် သူက ပြောင်းလဲ‌ရေး တာအိုအသီးကို ထုတ်၍ လေလံဈေး ပိတ်ကားချပ်ပေါ် တင်ပေးလိုက်သည်။ ထို့နောက် သူက အဆင့်မြင့် နတ်ဘုရားကျောက် ရှစ်သောင်းနှင့် ပြောင်းလဲရေး တာအိုအသီးကို လေလံဈေး ပေးလိုက်တော့သည်။

ပြောင်းလဲရေး တာအိုအသီးသည် အဆင့်မဲ့ တာအိုအသီး ဖြစ်၏။ သို့သော် နတ်ဘုရားကုန်းမြေ၏ အဓိပ္ပါယ်အရ ပြောင်းလဲရေး တာအိုအသီးသည် သီးခြား ယုံမှားတာအိုအသီးဟုလည်း ယူဆ၍ ရပေသည်။ ထိုအသီးမှာ အသုံးပြုဝင်မှု တစ်ခု ရှိသောကြောင့် နတ်ဘုရားကုန်းမြေ၏ အစစ်အမှန် တာအိုအသီးနှင့် နှိုင်းယှဉ်၍ မရပေ။

သို့သော်လည်း ပြောင်းလဲရေး တာအိုအသီး၏ အသုံးပြုမှုသည် ယုံမှားဖြစ်ရုံသာ ရှိ၏။ ဤတာအိုအသီးသည် မိစ္ဆာ ပြောင်းလဲရေး အသီး ဖြစ်၏။

တာအို၌ ခြားနားသော လမ်းကြောင်းကွဲများ ရှိသော်လည်း တူညီသည့် ဆုံမှတ်သို့ ဦးတည်နေခြင်းသာ ဖြစ်သည်။ ဤလမ်းကြောင်းတစ်ခုမှာ တာအိုကျင့်ကြံသူသော မည်သည့်သက်ရှိမဆို လူသားအသွင် ဖြည်းဖြည်းချင်း ပြောင်းလဲလာနိုင်ပေမည်။ အကြောင်းမှာ လူသားအသွင်က မိုးမြေတာအိုနှင့် ဆက်နွယ်ဖို့ရာအတွက် အသင့်တော်ဆုံး ဖြစ်နေ၍ ဖြစ်သည်။

မိစ္ဆာအများစုက တာအိုလမ်းစဉ် ကျင့်ကြံရာ၌  ပြီးပြည့်စုံသည့် ပြောင်းလဲမှု မအောင်မြင်ကြသောကြောင့် သူတို့ တာအိုလမ်းစဉ်၌ အတားအဆီး ပိတ်ဆို့မှုများနှင့် ရင်ဆိုင်ရတတ်သည်။ သို့‌သော်လည်း ကျင့်ကြံဆင့် မည်မျှ မြင့်မားစေကာမူ လူသားအသွင် လုံးဝ အသွင်မပြောင်းလဲနိုင်သည့် မိစ္ဆာလည်း ရှိနေသေးသည်။

မိုးမြေ စည်းမျည်းများ ကန့်သတ်မှုကြောင့် လူသားအသွင် မပြောင်းလဲနိုင်သည့်  မိစ္ဆာတချို့မှ လွဲ၍ ပြောင်းလဲရေး တာအိုအသီးသည် မိစ္ဆာအား ပြီးပြည့်စုံသည့် ပြောင်းလဲမှုကို ဖြစ်လာစေသည်။

မိုဝူကျိက ပြောင်းလဲရေး တာအိုအသီး၏ ဈေးနှုန်းကို အပြည့်အဝ နားမလည်သေးသောကြောင့် အဆင့်မြင့် နတ်ဘုရားကျောက် ရှစ်သောင်း ထပ်ထည့်ပေးလိုက်ခြင်း ဖြစ်သည်။ အကယ်၍ ဤလေလံဈေးက အလုပ်မဖြစ်လျှင် သူက နှစ်သန်းတစ်ထောင် သစ်သားအဆီအနှစ်ကို ထုတ်ရမည်။ မည်သို့ပင် ဖြစ်စေကာမူ သူက ဤဖျင်ရွှေအား ဝယ်ယူရမည် ဖြစ်၏။ ထို့အပြင် ဤဖျင်ရွှေသည် သူ့အတွက် များစွာ အသုံးဝင်လိမ့်မည်ဟု ခံစားမိနေသည်။

မိုဝူကျိ၏ လေလံဈေးက မကြာခင် ပိတ်ကားချပ်ပေါ်၌ ပေါ်လာလေသည်။ ဖြူဖွေးဖွေး ပြောင်းလဲရေး တာအိုအသီး၏ ပုံရိပ်က ပိတ်ကားချပ်၌ ပေါ်လာသည်။

ပိတ်ကားချပ်ပေါ်၌ လေလံဈေးကား ရပ်တန့်သွားတော့သည်။ တစ်ချိန်တည်းဆိုသလို နီကျစ်ကျန်းလည်း ခဏတာ ကြောင်အမ်းသွားမိသည်။ ပြောင်းလဲရေး တာအိုအသီးက ဖျင်ရွှေထက် ရဖို့ရာ ပိုလွယ်ကူသော်လည်း ဈေးနှုန်းကား ဖျင်ရွှေထက် နိမ့်ကျမည် မဟုတ်ပေ။ အကြောင်းမှာ နတ်ဘုရားကုန်းမြေ၌ လူများစွာက ပြောင်းလဲရေး တာအိုအသီးကို ဝယ်ယူလိုကြသည်။

နီကျစ်ကျန်းက ခဏတာမျှသာ ကြောင်အမ်းသွားပြီးနောက်  သူမ မျက်နှာထက်၌ အပြုံးတစ်ပွင့် ဖြစ်တည်လာကာ  “ ကျွန်မတို့ နှင်းစက်ကျကုန်သည်အိမ်တော်က ဒီလေလံဈေးကို လက်ခံပါ့မယ်ရှင့်။ တာအိုရောင်းရင်း နံပါတ် ၈၇၃၂ က ဖျင်ရွှေတစ်စက်ကို ရရှိသွားပါတယ်ရှင် ”

မိုဝူကျိက အဆင့်မြင့် နတ်ဘုရားကျောက် ရှစ်သောင်းနှင့် ပြောင်းလဲရေး တာအိုအသီးကို ကူးပြောင်းရေး အစီအရင်ပြားပေါ် တင်ပေးလိုက်သည်။ သူက လေလံဈေး ပိုပေးလိုက်ကြောင်း မှန်းဆမိလိုက်၏။ သို့သော် သူက ပြောင်းလဲရေး တာအိုအသီး ဈေးနှုန်းကို အသေအချာ မသိသည့်အတွက် မတတ်နိုင်ပေ။

မိုဝူကျိက သူ့ပစ္စည်းများကို ပေးပို့ပြီးနောက် ဖျင်ရွှေတစ်စက်က သူ့ရှေ့ ချက်ချင်း ပေါ်လာသည်။

မိုဝူကျိက ဖျင်ရွှေကို မစစ်ဆေးကြည့်တော့ဘဲ ဖျင်ရွှေတစ်စက်အား သူ့သိုလှောင်လက်စွပ်အတွင်း ထည့်သိမ်းလိုက်တော့သည်။ သူက လေလံပွဲနေရာမှ ထွက်လာပြီးသည့်နောက်ပိုင်းမှ  ဖျင်ရွှေအား သူ့ထာဝရကမ္ဘာထဲ ထည့်ဖို့ရာ ရည်ရွယ်ထား၏။

“ တာအိုရောင်းရင်း တကယ်လို့ ပြောင်းလဲရေး တာအိုအသီး ရှိရင် ကျုပ်တို့ တန်ချင်းကုန်သည်အိမ်တော်က ဈေးမြင့်မြင့်ပေးပြီး ဝယ်ချင်ပါတယ် ” မိုဝူကျိ နားထဲ အသံတစ်သံ ထွက်ပေါ်လာသည်။

မိုဝူကျိက လုံးဝ မတုံ့ပြန်ပေ။ သူက ထိုစကားများကို မရှိသည့် လေကဲ့သို့သာ ဆက်ဆံလိုက်၏။

***

All Chapters