← Chapters

အပြည့်အဝပြင်ဆင်ပြီးစီးခြင်း

Vol. 4 Ch. 43

အပြည့်အဝပြင်ဆင်ပြီးစီးခြင်း

Vol. 4 Ch. 43

ထိုအချိန်တွင် ချီးရွှမ်ဂိုဏ်းအတွင်း ပြဿနာကြီးတစ်ခု ဖြစ်ပျက်နေခဲ့သည်။

'စီနီယာတပည့်လီ' သည် သူ၏ သက်တူရွယ်တူတန်းများထက် သာလွန်သော သိမြင်ပိုင်းခြားနိုင်မှုကို ပိုင်ဆိုင်ထားပြီး လက်ရှိမျိုးဆက်၏ စံပြအဖြစ် ပြောင်းလဲသွားခဲ့လေသည်။ သူသည် ဝံပုလွေရိုင်းဂိုဏ်း၏ သူလျှိုနှစ်ယောက်ကို သိရှိခဲ့ပြီး တောင်ပေါ်မှ အဝေးသို့ သွားရောက်၍ စွန့်စားမှုတို့ပြုလုပ်နေသော တပည့်များ၏ နာမည်စာရင်းကို ခိုးယူမည့် အကြံအစည်အား အလျင်အမြန် ဖော်ထုတ်ခဲ့သည်။ အခြားတပည့်ဆယ်ယောက်နှင့်အတူ သူတို့က ထိုလူများကို တစ်ချက်တည်း ဖမ်းဆီးနိုင်ခဲ့သည်။ ထိုသည်မှာ အလွန် ချီးကျူးထိုက်သည့် အပြုအမူပင် ဖြစ်သည်။

ရက်အတော်လေးကြာပြီးနောက် ဂိုဏ်းချုပ်က တပည့်များစွာကို ကိုယ်စားပြုသည့် စောင့်ရှောက်သူရာထူးအား လီဖေးယွီထံ ပေးအပ်ခဲ့သည်။ ဤသည်မှာ သူ့ကို ချီးရွှမ်ဂိုဏ်းအတွင်း အလယ်အလတ်အဆင့်အတန်းသို့ ရောက်ရှိသွားစေခဲ့ပြီး အာရုံစိုက်မှုများ၏ အလယ်ကို ရောက်ရှိသွားစေခဲ့ပြီး လီဖေးယွီ၏ ဂုဏ်သတင်းအား ပိုမိုကြီးမားလာစေသည်။

ဟန်လိက ထိုအရာအားလုံးကို မသိရှိခဲ့ပေ။ သူက လက်ရှိတွင် တောင်အတွင်းရှိ သစ်သားအိမ်လေးထဲ၌ အထူးလေ့ကျင့်ရေး ပြုလုပ်နေခဲ့သည်။ တစ်ခါတစ်ရံ မီးဖိုချောင်သို့ သွားကာ အစားအစာအချို့ပြုလုပ်သည်မှလွဲ၍ သူက အခြား မည်သူနှင့်မှ အဆက်အဆံ မရှိခဲ့ပေ။ သူသည် လက်ရှိ၌ သူ၏ အရင်းနှီးဆုံး သူငယ်ချင်းက ထိုမျှ အဆင့်အတန်းမြင့်မြင့် ရရှိသွားကြောင်း မသိခဲ့ချေ။

နွေရာသီကုန်ဆုံးသွားပြီး ဆောင်းဦးသို့ ဝင်ရောက်လာပြီ ဖြစ်သည်။အချိန်က အလွန် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး နောက်ဆုံး ချိန်းဆိုထားသည့် ရက်သို့ ရောက်ရှိလာပြီ ဖြစ်၏။

အလွန်အကျွံကြီးထွားနေကာ ချွန်ထက်ထက် ဆူးများရှိသည့် အန္တရာယ်ရှိသော နွယ်ပင်အုပ်အလယ်တွင် ထူးဆန်းကာ တုနှိုင်းမဲ့သည့် ပုံရိပ်တစ်ခု ရပ်နေခဲ့သည်။ မည်သည့် ချွန်ထက်သော အကိုင်းအခက်များကမှ အခိုးအငွေ့သဏ္ဌာန် လွင့်မျောနေသည့် ပုံရိပ်ကို ထိခိုက်နိုင်စွမ်းမရှိခဲ့ပေ။ သူက ထူထဲပြီး ကွန်ယက်သဖွယ် ဖြစ်နေသည့် ဆူးပင်အုပ်၏ အောက်တွင် လွင့်မျောနေသည့် နတ်ဆိုးသဖွယ် လှုပ်ရှားသွားလာနေသည်။ တခဏတွင် သူက အနီးတစ်နေရာတွင် ပေါ်ပေါက်လာပြီး နောက်တခဏတွင် အဝေးတစ်နေရာ၌ ထွက်ပေါ်လာသည်။ ထိုလှုပ်ရှားမှုများက အလွန် ဆိတ်ငြိမ်ပြီး သူက အသွေးအသားနှင့် ဖွဲ့စည်းထားခြင်း မဟုတ်ဘဲ မ​မြင်နိုင်သည့် သဏ္ဌာန်တစ်ခုကဲ့သို့ ထင်မှတ်ရသည်။

နောက်ဆုံးတွင် ထိုပုံရိပ်က သစ်ပင်ထိပ်ဖျား၌ ရပ်တန့်သွားသည်။ သူက သစ်ပင်၏ ထိပ်ဖျားတွင် ရပ်နေခဲ့ပြီး အဝေးပတ်ဝန်းကျင်ကို စူးစမ်းစစ်ဆေးနေခဲ့၏။ ထိုသူမှာ သူ၏ ကျင့်ကြံရေးနည်းစနစ်တွင် အောင်မြင်မှုအချို့ ရရှိခဲ့သည့် ဟန်လိ ဖြစ်သည်။

လက်ရှိတွင် သူ၏ ခန္ဓာကိုယ်ပေါ်မှ အဝတ်အစားများက အနည်းငယ် ဟောင်းနွမ်းကာ စုတ်ပြတ်နေပြီး သူ့အသားအရေကိုပင် ထုတ်ဖော်ပြသနေသည်။ သူ့ဆံပင်က ပွထနေသော အမွေးများနှင့် ကျီးကန်းကဲ့သို့ ထင်မှတ်ရပြီး သူ့မျက်နှာတွင် အဖြူအမည်းကွက်များနှင့် ညစ်ထေးနေခဲ့ကာ သူ၏ မူလရုပ်သွင်ပင် မပေါ်တော့လောက်အောင် ဖြစ်နေခဲ့သည်။ ပို၍ အံ့သြစရာကောင်းသည်မှာ သံခေါင်းလောင်းအသေးလေးများကို သူ့လည်ပင်း၊ ခါး၊ လက်၊ ပေါင်နှင့် ခြေကျင်းဝတ်တို့တွင် ချိတ်ဆွဲထားခဲ့ခြင်း ဖြစ်သည်။

ထိုသံခေါင်းလောင်းလေးများကို မြင်ပြီးနောက် ဟန်လိ၏ တောအုပ်အတွင်းမှ တစ္ဆေသရဲကဲ့သို့ လှုပ်ရှားမှုကို တွေးကြည့်သည့်အခါ ဟန်လိ၏ ခန္ဓာကိုယ်နည်းစနစ်သည် အစစ်အမှန် နတ်ဆိုးတစ်ကောင်၏ လှုပ်ရှားမှုနှင့်ပင် ခွဲခြားရန် ခက်ခဲလိမ့်မည် ဖြစ်ပေသည်။

အမူအရာကင်းမဲ့စွာဖြင့် သူက နတ်ဘုရားလက်တောင်ကြားဘက်သို့ ခေါင်းလှည့်ကြည့်ပြီး ရေရွတ်လိုက်သည်။ "အချိန်ကျပြီ။ ငါ ဒီနောက်ဆုံးနေ့ရောက်မှ အရိပ်မြူခိုးခြေလှမ်းကို ကျွမ်းကျင်လာရုံလေးပဲ ရှိသေးတာ။ ဒါပေမယ့် ဒီနည်းစနစ်နဲ့ဆို ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် အတော်လေး စိတ်ချရလိမ့်မယ်။"

သူ့ မျက်နှာအမူအရာကို ရှင်းလင်းစွာ မမြင်နိုင်သော်လည်း သူ့မျက်လုံးများထဲမှ ပျော်ရွှင်မှုက ဖုံးကွယ်ထား၍ မရနိုင်ပေ။

လေ့ကျင့်ခြင်းနှင့် လေ့လာဆန်းစစ်ခြင်းတို့ကို လပေါင်းများစွာ လုံ့လဝီရိယရှိရှိ ပြုလုပ်ပြီးနောက် ဟန်လိသည် ထူးခြားသည့် လျှို့ဝှက်နည်းစနစ်များကို အရေအတွက်တစ်ခုထိ ဖမ်းဆုပ်မိထားပြီ ဖြစ်သည်။ သူက ထိုနည်းစနစ်များအပေါ် အတော်လေး ယုံကြည်ချက်ရှိပေသည်။ သူက သမားတော်မော့၏ နက်နဲသိမ်မွေ့သော စွမ်းရည်တို့ကို ရင်ဆိုင်တိုက်ခိုက်နိုင်ရန် ယုံကြည်ချက်မရှိသော်လည်း သူ့ကိုယ်သူ ကာကွယ်နိုင်သည့် ယုံကြည်ချက်မျိုးတော့ ရှိပေသည်။

ပေါ့ပါးလတ်ဆတ်သည့် လေပြေလေးက တိုက်ခတ်လာသည်။ ဟန်လိက သူ့ခန္ဓာကိုယ်ပေါ်မှ အနည်းငယ် အေးစိမ့်မှုကို ခံစားလိုက်ရသည်။ သူက ခေါင်းငုံ့ကာ သူ၏ အဝတ်အစားများကို ကြည့်လိုက်သည်။ သူ၏ လက်ရှိ အသွင်အပြင်ကို မြင်သည့်အခါ သူက မနေနိုင်ဘဲ ခါးသက်စွာ ပြုံးလိုက်မိသည်။

အရိပ်မြူခိုးခြေလှမ်းအား လေ့ကျင့်ခဲ့သည့် အချိန်ကို ပြန်စဥ်းစားမိသည့်အခါ သူက အကြောက်တရားတချို့ကို ခံစားမိလိုက်သည်။ သူ အရိပ်မြူခိုးခြေလှမ်းကို လေ့ကျင့်ရာ ဤဆူးခြုံတောအုပ်အတွင်း ကြောက်မက်ဖွယ် အတွေ့အကြုံတို့ကို ပိုင်ဆိုင်ခဲ့ရသည်။ ဤထူးဆန်းသော နည်းစနစ်ကို စတင်လေ့ကျင့်သည့်အခါ မာကြောသည့် ဆူးချွန်များကို မရှောင်တိမ်းနိုင်ဘဲ သူ့တစ်ကိုယ်လုံး ခြစ်ရာများ ဖြတ်ရှရာများဖြင့် ပြည့်နှက်နေခဲ့သည်။

ကံကောင်းစွာနှင့် သူ့တွင် ခံနိုင်ရည်မြှင့်တင်ပေးနိုင်သည့် ဆေးများကို ပိုင်ဆိုင်ထား၏။ ၎င်းက အတွင်းဒဏ်ရာများကို ကုသနိုင်ခြင်းအပြင် အပြင်ဒဏ်ရာများအတွက်လည်း အံ့အားသင့်ဖွယ် အာနိသင်ရှိပေသည်။ ဆေးတစ်လုံးစားပြီးနောက် ဒဏ်ရာအတွက် စိတ်ချရသည့် အခြေအနေဖြစ်သွားရုံမက နောက်တစ်နေ့၌ အနာရွတ်ပင် ကျန်နေခဲ့ခြင်း ရှိလိမ့်မည် မဟုတ်ပေ။

ဟန်လိက အံ့အားတသင့်ဖြင့် ကျစ်ခနဲစုတ်သပ်လိုက်သည်။ ဤဆေးက သာမန် ဖော်စပ်ထားသော ဆေးများထက် အလွန် ပြင်းထန်သည့် အာနိသင်ရှိပေသည်။ သူ့ကို ဇဝေဇဝါဖြစ်စေသည့် တစ်ခုတည်းသောအရာမှာ ဆေးလုံးအမည်က မည်သည့်အတွက်ကြောင့် 'ခံနိုင်ရည်မြှင့်တင်ခြင်းဆေးလုံး' ​ဖြစ်နေရသနည်းဟူသည်ပင် ဖြစ်သည်။ ထိုဆေးလုံးကို 'အမာရွတ်ပျောက်ဆေး' နှင့် 'သွေးတိတ်ဆေး' ဟု ခေါ်ခြင်းက ပို၍ သင့်တော်မည်ဟု သူ ထင်မြင်မိပေသည်။

ခံနိုင်ရည်မြှင့်တင်ခြင်းဆေးလုံးကို ဖန်တီးခဲ့သည့် ကျွမ်းကျင်ပညာရှင်များကသာ ဟန်လိ ထိုသို့တွေးနေကြောင်း သိခဲ့လျှင် သူတို့က ဒေါသကြောင့် သွေးအန်မိကြလိမ့်မည် ဖြစ်သည်။ ဤအထူးနက်နဲသိမ်မွေ့သည့် အတွင်းဒဏ်ရာကုသနိုင်သော ဆေးလုံးကို ကျန်းဟူအတွင်းမှ သာမန်ဆေးလုံးဖြစ်သည့် 'အနာကျက်ရွှေဆေးလုံး(ကျင်းချွမ်းဆေးလုံး)' နှင့် အမှန်တကယ် နှိုင်းယှဥ်နေပြီး ဟန်လိသည် ခံနိုင်ရည်မြှင့်တင်ခြင်းဆေးလုံးက အာနိသင်အနည်းငယ် ပိုပြင်းခြင်းသာဖြစ်ကြောင်း တွေးနေခဲ့သည်။ ထိုကျွမ်းကျင်ပညာရှင်များက မည်သို့ ဒေါသမထွက်ဘဲ နေနိုင်ပါမည်နည်း။

သို့ပေမယ့် သူသည် အန္တရာယ်များလှသော ပတ်ဝန်းကျင်မျိုးတွင် လေ့ကျင့်ခဲ့ရသည့်အတွက်ကြောင့် ဟန်လိက သူ၏ အရည်အချင်းကို အမြင့်ဆုံးထိ မြှင့်တင်နိုင်စွမ်းရှိခဲ့သည်။ ဤအချိန်တိုအတွင်း သူ၏ အရိပ်မြူခိုးခြေလှမ်းက ချက်ချင်းပင် ကောင်းကောင်းမွန်မွန် ထုတ်အသုံးပြုနိုင်သည်အထိ ကျွမ်းကျင်အဆင့်သို့ ရောက်ရှိခဲ့သည်။

ထို့ပြင် ဟန်လိ၏ ထာဝရနွေဦးကျင့်စဥ်သည်လည်း မထင်မှတ်ထားစွာဖြင့် လတ်တလောတွင်မှ ဆဋ္ဌမအဆင့်သို့ ချိုးဖျက်တက်ရောက်သွားခဲ့သည်။ ထိုအဆင့်သည် သမားတော်မော့ သူ့အားပေးခဲ့သည့် ကျင့်စဥ်၏ အမြင့်ဆုံးအဆင့် ဖြစ်လေသည်။ ထိုဆေးလုံးဆယ်မျိုး၏ အကူအညီကြောင့် မဟုတ်ခဲ့လျှင် သူ့တစ်သက်လုံး ထိုအဆင့်ထိ အောင်မြင်နိုင်ရန် ခက်ခဲလိမ့်မည် ဖြစ်သည်။

နှစ်အနည်းငယ်ကျင့်ကြံခဲ့ပြီးနောက် ဟန်လိသည် ထာဝရနွေဦးကျင့်စဥ်နှင့် ပတ်သတ်၍ အတွေ့အကြုံနှင့် နားလည်သဘောပေါက်မှုတို့၌ အတော်လေး တိုးတက်လာပေသည်။ သူသည် ထိုအဆင့်ထိ အောင်မြင်လာခြင်းမှာ အလွန် ပုံမှန်မဟုတ်ဟု ခံစားမိခဲ့သည်။ မည်သို့ပင်ဖြစ်စေ သူ ကျင့်ကြံခဲ့သည့် ကျင့်စဥ်၏ အကျိုးသက်ရောက်မှုနှင့် ရလဒ်များက သာမန်သိုင်းကျင့်စဥ်များနှင့် လုံးဝကွာခြားပေသည်။

အစပိုင်းတွင် ဟန်လိသည် ထိုထူးခြားသော ကျင့်စဥ်ကို ကျင့်ကြံခြင်း၏ အောင်မြင်မှုနှုန်းမှာ တစ်စုံတစ်​ယောက်၏ နားလည်သဘောပေါက်နိုင်မှု အရှိန်နှင့် ပင်ကိုပါရမီအပေါ် မူတည်သည်ဟု တွေးထင်ခဲ့သည်။

ကောင်းမွန်သော ပင်ကိုပါရမီဖြင့် ချီးမြှောက်ခြင်းခံထားရသည့် တစ်စုံတစ်ယောက်သည် မျှော်မှန်းထားသည့်အတိုင်း မည်သည့်အတားအဆီးမှမရှိ အောင်မြင်နိုင်မည် ဖြစ်သည်။ ထိုကဲ့သို့သော တစ်စုံတစ်ယောက်က ပြင်ပအကူအညီများ မရှိလျှင်ပင် ခက်ခက်ခဲခဲ အားထုတ်စရာမလိုဘဲ မြင့်မားသောအဆင့်သို့ ရောက်ရှိနိုင်စွမ်း ရှိပေလိမ့်မည်။

သို့သော် တစ်စုံတစ်ယောက်၏ အထုံပါရမီက မကောင်းမွန်လျှင် တိကျသေချာသည့် အဆင့်တစ်ခုသို့ ရောက်ရှိပြီးပါက ထိုသူသည်ဆေးဝါးများ၏ အကူအညီမရှိဘဲ ခြေတစ်လှမ်းစာမျှပင် ရှေ့ဆက်တိုးရန် ခက်ခဲလိမ့်မည် ဖြစ်သည်။ ဟန်လိသည် သာမန်ကျင့်ကြံသူတစ်ယောက်၏ ဘဝတစ်သက်တာအတွင်း ကျင့်ကြံခြင်းက အနည်းငယ်မျှပင် ရှေ့ဆက်မတိုးနိုင်ဘဲ ရပ်တန့်နေလိမ့်မည်ဟု ခန့်မှန်းမိပေသည်။ ထိုအတွေးအမြင်က သူ့အပေါ် အလွန် ထင်ဟပ်နေသည်။ အတိတ်က သူသည် တတိယအဆင့်ထိ အလွန် ချောမွေ့စွာ ကျင့်ကြံနိုင်ခဲ့သော်လည်း စတုတ္တအဆင့်သို့ ရောက်သည့်အခါ နှိုင်းယှဥ်၍မရအောင် ခက်ခဲသည့် အခက်အခဲမျိုးနှင့် တွေ့ကြုံခဲ့ရပြီး  အနည်းငယ်မျှပင် တိုးတက်လာခြင်းမရှိခဲ့ပေ။

သို့သော် တစ်စုံတစ်ယောက်၌ ဆေးဝါးများသာရှိလျှင် မဖြစ်နိုင်သည်များက ဖြစ်လာလိမ့်မည်ဖြစ်ကာ သူတို့၏ ပင်ကိုအရည်အချင်း အကန့်အသတ်ကို ချိုးဖျက်၍ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်လိမ့်မည် ဖြစ်သည်။ ဤသည်ကို တွေးကြည့်လျှင် ဆေးဝါးများ၏ စွမ်းအားပေါ် မှီခို၍ ကျင့်ကြံခြင်းက အလွန် ကောင်းမွန်သည်မှာ သိသာပေသည်။

သို့သော် ဆေးဝါးများကို အဆာပြေမုန့်များကဲ့သို့ နေ့တိုင်း စားနိုင်သည့် ဟန်လိကဲ့သို့သော သူများက လောကတစ်ခုလုံးတွင် များများစားစားမရှိဟု ဆိုရပေမည်။ ထို့ကြောင့် စတုတ္တအဆင့်ကို ကျင့်ကြံစဥ်အချိန်က အခက်အခဲများ ကြုံတွေ့ခဲ့ရသည့် ဟန်လိက ပို၍ပင် ခက်ခဲနိုင်သည့် ပဉ္စမအဆင့်နှင့် ဆဋ္ဌမအဆင့်ကို ချိုးဖျက်တက်ရောက်ရာတွင် မည်သည့်အခက်အခဲမှ မကြုံတွေ့ခဲ့ရဘဲ သက်သက်သာသာရောက်ရှိသွားခြင်းမှာ ကျိုးကြောင်းဆီလျော်ပေသည်။

ထာဝရနွေဦးကျင့်စဥ်၏ ဆဋ္ဌမအဆင့်သည် ဟန်လိကို ယခင်ကထက် ပို၍ ကြံ့ခို​င်ဖြတ်လတ်လာသလို ခံစားမိစေရုံသာမက စိတ်အာရုံခံစားမှုများကိုပါ ပိုမိုထက်မြက်လာစေသည်။ အချိန်တစ်ခုကြာသည်အထိ သူက အခြားမည်သည့် အံ့သြစရာ သက်ရောက်မှုကိုမှ ရှာမတွေ့ခဲ့ပေ။ ထူးဆန်းသည်မှာ သူ ထာဝရနွေဦးကျင့်စဥ်ကို ကျင့်ကြံကတည်းက သူ့ဝိညာဥ်၊ စိတ်နှင့် အာရုံငါးပါးက အဆင့်တစ်ခုချင်းစီတိုင်း၌ ပို၍ အားကောင်းလာသော်လည်း သူ့ခန္ဓာကိုယ် ကျန်းမာရေးကို အနည်းငယ်သာ သက်ရောက်ပေသည်။ သူက ရွေးချယ်စရာမရှိဘဲ သူ့ခန္ဓာကိုယ်အား ကြံ့ခိုင်အောင် လုပ်ပြီး ခြေလှမ်းများကို ဖျတ်လတ်ပေါ့ပါးလာအောင် လုပ်ရတော့သည်။ ထို့ပြင် သူ၏ ထာဝရနွေဦးကျင့်စဥ်ကို ကျင့်ကြံခြင်းက စီးဆင်းနေသည့် စွမ်းအင်အသစ်တစ်မျိုး ဖြစ်ပေါ်လာပြီး ဟန်လိက ၎င်းကို စစ်မှန်ချီအတုအယောင်ဟု ခေါ်လေသည်။ ၎င်းက စစ်မှန်သောချီ၏ လမ်းကြောင်းတလျှောက် လှုပ်ရှားနေသော်လည်း ထိတွေ့ခံစားမှုကိုသာ အနည်းငယ် ပို၍ လှုံ့ဆော်ပေးနိုင်သည်။ ၎င်းသည် စစ်မှန်သောချီကဲ့သို့ တူညီသည့် ကြောက်မက်ဖွယ်စွမ်းအားများ မရှိခဲ့ပေ။

ထိုအဆင့်ထိ လေ့ကျင့်ပြီးသည့်အခါ သူသည် ဆဋ္ဌမအဆင့်က ကျင့်စဥ်၏ အဆုံးသတ်မဟုတ်ကြောင်း သေချာသွားခဲ့သည်။ နောက်ပိုင်းအဆင့်များတွင် ထို့ထက်ပို၍ အံ့အားသင့်ဖွယ်ကောင်းသော အကျိုးသက်ရောက်မှုများကို ထုတ်ဖော်ပြကောင်း ထုတ်ဖော်ပြနိုင်လိမ့်မည်။

ထိုသို့တွေးလိုက်မိသည့်အခါ သူက အကူအညီမဲ့စွာ ခေါင်းကို ခါယမ်းရင်း သက်ပြင်းချလိုက်သည်။ သမားတော်မော့နှင့် သူ၏ လက်ရှိဆက်ဆံရေးအရ ကျင့်စဥ်၏ နောက်ဆုံးအပိုင်းကို ရရှိနိုင်ရန်မှာ အိပ်မက်တစ်ခုသာ ဖြစ်နိုင်ပေသည်။

ဟန်လိက အတွေးများကို ရပ်တန့်လိုက်ပြီး သစ်ပင်ပေါ်မှ ခုန်ဆင်းကာ မြေပြင်သို့ ညင်သာစွာ ဆင်းသက်လိုက်ပြီး မည်သည့်အသံမှ ထွက်ပေါ်လာခဲ့ခြင်း မရှိပေ။ ထို့နောက် ခြေလှမ်းကျဲများဖြင့် သူ့အိမ်သို့ လျှောက်သွားခဲ့လေသည်။

မနက်ဖြန်၌ သူက သမားတော်မော့နှင့် တွေ့ဆုံရလိမ့်မည်ဖြစ်သော်လည်း ထိုအချိန်မတိုင်ခင် သူ၏ ပင်ကိုစွမ်းရည်များကို အပြည့်အဝအသုံးချနိုင်ရန် လုပ်ဆောင်ရမည်ဖြစ်သည်။ သူ၏ စိတ်ထဲတွင် သမားတော်မော့နှင့် ရင်ဆိုင်ရသည့်အခါ လှမ်းမည့် ခြေလှမ်းတိုင်းကို ကြိုတင်စီစဥ်နေခဲ့သည်။ မဖြစ်ပွားသေးသော်လည်း ဖြစ်နိုင်ချေရှိသည့် အန္တရာယ်တိုင်းကို တွက်ဆကာ ခြိမ်းခြောက်မှုများအား တန်ပြန်နိုင်မည့် အစီအစဥ်များကို စိတ်ထဲ၌ တွေးတောချမှတ်နေခဲ့ပေသည်။

All Chapters