အမြစ်မဲ့သံမဏိနှင့် ရွှေရောင် နိဗာန တာအိုသဲ
Vol. 70 Ch. 975
တစ်ဖက်လူက မိုဝူကျိ တိတ်ဆိတ်နေသည်ကို မြင်ပြီး ဆက်မပြောတော့သော်လည်း မိုဝူကျိက သူ စောင့်ကြည့်ခံနေရကြောင်း သိလိုက်သည်။
သို့သော်လည်း ဤအရာက ရှောင်ရှား၍ မရပေ။ ဤခန်းမအတွင်း နတ်ဘုရားကျောက် လုံလုံလောက်လောက် မရှိဘဲ ထိုင်နေသည့် ငတိတစ်ယောက်သာ ဖြစ်၏။ သူ လေလံပေးသည့် ပစ္စည်းများက အာရုံစွဲဆောင်နိုင်မည့်အရေးအား မတားဆီးနိုင်ချေ။ အကယ်၍ သူက အားကောင်းလိုလျှင် သူ့အနေနှင့် မည်သည့်အချိန် ပြုမူရမည်ကို ကောင်းကောင်း သိဖို့ လိုအပ်၏။
“ နောက်ပစ္စည်းကတော့ အဆင့် ၅ ဆေးပင်က ရတဲ့ ဆေးအဆီအနှစ် တစ်ပုံး ဖြစ်ပါတယ်။ ဒီဆေးအဆီအနှစ်က နှင်းစက်စိမ်းဆန်ကို စိုက်ပျိုးရာမှာ များစွာ အကျိုးပြုပေးနိုင်ပါတယ်ရှင်။ အဆင့်မြင့် နှင်းစက်စိမ်းဆန်ကို ထိပ်တန်းအဆင့်အထိ မြင့်တက်သွားစေနိုင်ပါတယ်။ ကြမ်းခင်းဈေးနှုန်းကတော့ အဆင့်မြင့် နတ်ဘုရားကျောက် သုံးသိန်းခွဲ ပါ။ တစ်ခါတိုးတိုင်း အနည်းဆုံး တစ်သောင်း တိုးရပါ့မယ်ရှင် ”
မိုဝူကျိက ထိုဆေးအဆီအနှစ်ကို ကြားလိုက်သည့်အခါ ဤအရာမှာ နိဗ္ဗာန် အသိပညာရပ်ကျောင်းတော်အတွက် လိုအပ်နေသည့် ပစ္စည်းကောင်း ဖြစ်ကြောင်း သိလိုက်သည်။ သူက ဤဆေးအဆီအနှစ် တစ်ပုံးသည် လူများစွာ လုယက်ဖို့ရာအတွက် လုံလောက်ကြောင်း အသေအချာကို သိနေ၏။
အချိန်တိုလေးအတွင်း ထိုဆေးအဆီအနှစ်၏ ဈေးနှုန်းမှာ အဆင့်မြင့် နတ်ဘုရားကျောက် ငါးသိန်းအထိ တက်သွားသည်။ ထို့အပြင် ဤဈေးနှုန်းမှာ ရပ်တန့်မသွားသေးဘဲ ဆက်တိုက် တက်နေဆဲ ဖြစ်၏။
ဤဆေးအဆီအနှစ် ပုံးကား အဆင့်မြင့် နတ်ဘုရားကျောက် တစ်သန်း သုံးသောင်းဖြင့် ဝယ်ယူသွားပေသည်။
မိုဝူကျိက ဖျင်ရွှေကို ဝယ်ယူထားသောကြောင့် တခြားဘာမှ မဝယ်သေးပေ။ အကြောင်းအရင်းတစ်ခုမှာ သူ့တွင် နတ်ဘုရားကျောက် မရှိ၍ ဖြစ်ပြီး ဒုတိယအကြောင်းအရင်းမှာ သူက တခြားသူများ၏ အာရုံကို ရရှိထားသောကြောင့် ဖြစ်၏။
နောက်ထပ်အတော်ကြာ စောင့်ဆိုင်းပြီးနောက် မိုဝူကျိက သူ အကြားချင်ဆုံး ဖြစ်သည့် စကားများကို ကြားလိုက်ရတော့သည်။
နေ့တစ်ဝက်တာ ကြာမြင့်သွားပြီ ဖြစ်သော်လည်း နီကျစ်ကျန်း၏ အသံက ကျယ်လောင်ကြည်လင်နေဆဲ ဖြစ်ကာ “ နောက်ပစ္စည်းလေးကတော့ အမြစ်မဲ့ သံမဏိပါ။ နတ်ဘုရားကုန်းမြေက ကျင့်ကြံသူတွေအနေနဲ့ အမြစ်မဲ့သံမဏိကို မသိတဲ့သူ မရှိလောက်ဘူးဆိုတာ သေချာတယ်။ အရင်တုန်းက နတ်ဘုရားလောက ပိုင်းခြားမခံရသေးခင်က အမြစ်မဲ့သံမဏိက နတ်ဘုရားလောက တစ်ခုလုံးမှာ ဟို့ထျန်း ရတနာငါးမျိုးထဲက တစ်ခုအဖြစ် မှတ်ယူလို့ ရတယ်။ အမြစ်မဲ့သံမဏိက ရှန်းထျန်း ရတနာတွေထက်တောင် မနိမ့်ကျပါဘူး။ အမြစ်မဲ့သံမဏိကို မှော်ရတနာအဖြစ် ထုလုပ်ပြီးသွားရင် ဒီမှော်ရတနာက သူ့အလိုလို ဆက်တိုက် အဆင့်တိုးလာနိုင်တယ် ”
နီကျစ်ကျန်းက ထိုအထိ ပြောပြီးနောက် လက်ကို ဝှေ့ယမ်းလိုက်သည်။ စင်တီမီတာ ၆၀ အရှည်ရှိပြီး ခပ်မည်မည်း ကျောက်တုံးက လေလံ စားပွဲပေါ် ရှိနေသည်။
ဤသံမဏိကျောက်တုံး စားပွဲပေါ် ရောက်လာသည်နှင့် မိုဝူကျိက စိတ်စွမ်းအား ပို့လွှတ်လိုက်သည်။ သူ မျှော်လင့်ထားသည့်အတိုင်း အမြစ်မဲ့သံမဏိပေါ်တွင် အတားအဆီး မရှိသော်လည်း သူ့စိတ်စွမ်းအားက ထိုးဖောက်နိုင်စွမ်း မရှိချေ။
လူအုပ်ကြီး လေ့လာပြီးသည့်အထိ စောင့်ဆိုင်းပြီးနောက် နီကျစ်ကျန်းက လက်ဝှေ့ပြကာ ထိုအမြစ်မဲ့သံမဏိအား ကျောက်စိမ်းသေတ္တာထဲ ထည့်ကာ ပြောလိုက်သည် “ အမြစ်မဲ့သံမဏိက ရှန်းထျန်း ရတနာ နောက်ကောက်မကျတဲ့ ရတနာပါ။ ကြမ်းခင်းဈေးက အဆင့်မြင့် နတ်ဘုရားကျောက် ငါးသန်းကနေ စပြီးတော့ တစ်ခါတိုးတိုင်း တစ်သိန်းပါရှင် ”
မိုဝူကျိက လေအေးများ မှုတ်ထုတ်လိုက်သည်။ ဤဈေးနှုန်းမှာ မမြင့်ပေ။ အင်မတန် မြင့်နေခြင်းသာ ဖြစ်၏။ လေလံစမဆွဲခင် ဈေးနှုန်းက သန်းချီနေပြီ ဖြစ်၏။ လေလံဆွဲပြီးသည့်နောက် မည်သို့ ဖြစ်သွားမည်နည်း။
“ အဆင့်မြင့် နတ်ဘုရားကျောက် ခြောက်သန်း ”
“ ခြောက်သန်းခွဲ ”
“ ခုနှစ်သန်း ”
ဈေးနှုန်းမှာ ဆက်တိုက် မြင့်တက်နေဆဲ ဖြစ်သည်။ မကြာခင် ဆယ်သန်း ကျော်သွားတော့သည်။ မိုဝူကျိက တိတ်ဆိတ်သွားလေ၏။ သူက သူ့ရွှေရောင် နိဗာနတာအိုသဲသည် အမြစ်မဲ့သံမဏိအတွက် လုံလောက်မည်လား မသိပေ။ အကယ်၍ သူ့ရွှေရောင် နိဗာန တာအိုသဲက မလုံလောက်လျှင် သူ့သဘာဝ အမြုတေ တစ်ခုက လုံလောက်ပေလိမ့်မည်။
သို့သော်လည်း မိုဝူကျိက သူ့လျှပ်စီး သဘာဝအမြုတေနှင့် အမှောင်ထု သဘာဝအမြုတေတို့နှင့် လေလံဆွဲရန် ဆန္ဒမရှိပေ။
ဈေးနှုန်းက ၁၂ သန်းအထိ မြင့်တက်သွားသည့်အခါ ဆက်လက် မြင့်တက်နေဆဲသာ ဖြစ်၏။ လေလံဈေး တက်နှုန်းမှာ အနည်းငယ် နည်းသွားသော်လည်း ဆက်လက် တက်နေဆဲသာ ဖြစ်သည်။
မိုဝူကျိက ရွှေရောင် နိဗာနတာအိုသဲကို လေလံထဲ ထည့်လိုက်သည်။ ထို့နောက် သူ့ရွှေရောင် နိဗာန တာအိုသဲကို လေလံဆွဲ ပိတ်ကားချပ်ပေါ် တင်လိုက်၏။ ယခင် သူ့သင်ခန်းစာမှ သင်ယူထားပြီးပြီ ဖြစ်၍ မိုဝူကျိက သူ့လေလံဈေးနှုန်းနောက်မှ သတ်မှတ်ချက် ထည့်ပေးလိုက်သည်။ သူက အဆင့် ၅ ဆေးပင် များများ လိုအပ်နေသည် မဟုတ်ပါလော။
မိုဝူကျိက ရွှေရောင် နိဗာန တာအိုသဲ ဈေးနှုန်းကို မသိထားသောကြောင့် အဆင့် ၅ ဆေးပင် မည်မျှ အလိုရှိသည့်အကြောင်း မရေးနိုင်ပေ။ အကယ်၍ လေလံအိမ်က ဤလေလံဈေးအား လျစ်လျူရှုမည်ဆိုလျှင်ပင် ကိစ္စ မရှိပေ။ သူက ထိုသတ်မှတ်ချက်ကို ဖယ်ရှား၍ ဆက်လက် လေလံဆွဲနိုင်သေး၏။
နောက်အခိုက်အတန့်လေး၌ ရွှေရောင် နိဗာနတာအိုသဲ၏ လေလံကား ပင်မ လေလံပိတ်ကားချပ်ပေါ်၌ ပေါ်လာသည်။
မိုဝူကျိက နည်းနည်း စိတ်လှုပ်ရှားမိသွားသည်။ သူက ဤလေလံဈေးသည် အမှန် လုပ်ရပ် ဟုတ်လား မသိတော့ပေ။
ရွှေရောင် နိဗာနတာအိုသဲ ပေါ်လာသည်နှင့် မိုဝူကျိက လူအုပ်အတွင်းမှ လှုပ်လှုပ်ရှားရှား ရေရွတ်သံများကို ကြားလိုက်ရ၏။
“ ရွှေရောင် နိဗာနတာအိုသဲလား ”
“ နိဗာနတာအိုသဲမှာ ရွေရောင် ရှိတာလား ”
……………
အကယ်၍ မိုဝူကျိ၏ ပြောင်းလဲရေး တာအိုအသီးသည် နီကျစ်ကျန်းအား အနည်းငယ် အံ့အားသင့်သွားစေသည်ဆိုလျှင် ဤရွှေရောင် နိဗာနတာအိုသဲသည် သူမအား လုံးဝ ကြောင်အမ်းသွားစေတော့သည်။
ကုန်သည်အိမ်တော် တာဝန်ခံအနေနှင့် နီကျစ်ကျန်း၏ နိဗာနတာအိုသဲအပေါ် နားလည်နိုင်စွမ်းသည် နတ်ဘုရားဘုရင် ဝတ်ရုံစိမ်းထက်ပင် ပို၍ နက်နဲနေသေး၏။ သူမ အလုပ်အရ သူမသည် ရွှေရောင် နိဗာနတာအိုသဲအကြောင်း မသိထားလျှင် သူမအနေနှင့် လက်ရှိအနေအထားသို့ ရောက်ရှိလာခွင့် ရှိမည် မဟုတ်ပေ။
ဤရွှေရောင် နိဗာနတာအိုသဲကို ရရှိဖို့ရာ မည်မျှ ခက်ခဲကြောင်း သူမက တခြားသူများထက် ကောင်းကောင်း ပိုသိ၏။ အကြောင်းမှာ ဤရွှေရောင် နိဗာနတာအိုသဲသည် ချင်းဟိုင်လမ်းကြောင်းအတွင်း ပေါ်မလာ၍ ဖြစ်သည်။ တခြားနည်းဖြင့်ဆိုရလျှင် ဤရွှေရောင် နိဗာနတာအိုသဲကို ရရှိဖို့ရာ ချင်းဟိုင်လမ်းကြောင်း ပျောက်သွားသည့်အထိ စောင့်ဆိုင်းရမည် ဖြစ်၏။ မဟုတ်လျှင် ရွှေရောင် နိဗာနတာအိုသဲကို မရှာတွေ့နိုင်ပေ။
နီကျစ်ကျန်းကဲ့သို့ လေလံခန်းမတစ်ခုလုံးသည် မိုဝူကျိ၏ ရွှေရောင် နိဗာနတာအိုသဲကြောင့် ကြောင်အမ်းကုန်ကြသည်။
မိုဝူကျိ၏ ရွှေရောင် နိဗာနတာအိုသဲသည် လူအားလုံး၏ အာရုံကို ဖမ်းစားသွားလေ၏။
အမြစ်မဲ့သံမဏိ၏ ဈေးနှုန်းမှာ ၁၅ သန်း ရောက်ရှိနေသော်လည်း ဆက်လက်၍ တက်မလာတော့ပေ။
မူလက အမြစ်မဲ့သံမဏိ တန်ဖိုးအရ ၁၅ သန်းဖြင့် ရပ်တန့်သွားမည် မဟုတ်ပေ။ ရပ်တန့်သွားသည့် တစ်ခုတည်းသော အကြောင်းပြချက်မှာ ရွှေရောင် နိဗာနတာအိုသဲကြောင့် ဖြစ်၏။
ရွှေရောင် နိဗာနတာအိုသဲကို ဈေးနှုန်း သတ်မှတ်မရသေးသော်လည်း ဤအရာက နံပါတ်တစ် လေလံ ဈေး ဖြစ်လိမ့်မည်မှန်း အားလုံးက သိကြသည်။
“ ဒီက တာအိုရောင်းရင်း … ကျုပ်က ခင်ဗျားအတွက် အမြစ်မဲ့သံမဏိကို ဝယ်ပေးချင်ပါတယ်။ ပြီးတော့ ခင်ဗျားကို အဆင့်မြင့် နတ်သွေးကြောနဲ့ အဆင့်မြင့် နတ်ဘုရားကျောက် ဆယ်သန်း ပေးပါ့မယ်။ ကျုပ်အတွက် ရွှေရောင် နိဗာနတာအိုသဲ ရရင် ရပါပြီ … ဘယ်လိုလဲ ” မိုဝူကျိ နားထဲ ခပ်ဩဩ အသံတစ်သံ ထွက်ပေါ်လာလေ၏။ ခန်းမအတွင်းရှိ အတားအဆီးများက အသံဆက်သွယ်ရေးအား မတားမြစ်ထားပေ။
မိုဝူကျိက အတော်လေး အံ့ဩမိသွား၏။
ဤရွှေရောင် နိဗာနတာအိုသဲက ဒီလောက်တောင် တန်ဖိုးရှိတာလား ….
မိုဝူကျိက ပြန်မဖြေခင် ရွှေရောင် နိဗာနတာအိုသဲ၏ ဈေးနှုန်းကား သတ်မှတ်ပြီးသွားလေပြီ။ နံပါတ်တစ် လေလံဈေးအဖြစ် ရောက်ရှိသွားလေ၏။
“ ဒီက တာအိုရောင်းရင်းတို့ ကျုပ်တို့နှင်းစက်ကျ ကုန်သည်အိမ်တော်က သီးသန့်အရောင်းအဝယ်ကို ခွင့်မပြုထားပါဘူး။ ဒါက ခင်ဗျားအတွက် ပထမဆုံ သတိပေးတာပါ။ ဒုတိယအကြိမ်ကျ ဒီလေလံပွဲနေရာကနေ နှင်ထုတ်ခံရလိမ့်မယ် ” အေးစက်စက် ခပ်ရှရှ အသံတစ်သံ ထွက်ပေါ်လာ၏။ ထို့နောက် ခပ်ဩဩ အသံပိုင်ရှင် ထပ်မပေါ်လာတော့ပေ။
မိုဝူကျိက စိတ်ထဲ မထားပေ။ လေလံအိမ်က သီးသန့်အရောင်းအဝယ် ခွင့်ပြုထားလျှင်ပင် သူ့အနေနှင့် ထိုလူ၏ ကမ်းလှမ်းမှုအား သဘောတူမည် မဟုတ်ချေ။
လေလံအိမ်အတွင်း အရောင်းအဝယ် လုပ်သည့်အခါ သူက ကူးပြောင်းရေး အစီအရင်ပြားပေါ် တင်ပေးလိုက်ရုံသာ ဖြစ်၏။ ထိုအရာက လေလံအိမ်တော်အတွင်း တန်း ရောက်ရှိသွားမည် ဖြစ်သည်။ ထို့နောက် သူ အလိုရှိသော ပစ္စည်းသည် သူ့ရှေ့မှောက် ပေါ်လာလိမ့်မည်။ ဤသည်က အန္တရာယ် အကင်းဆုံးနှင့် အားအထားရဆုံး နည်းလမ်း ဖြစ်၏။
တစ်ဖက်တွင် သီးသန့် အရောင်းအဝယ်များ၌ သူက တစ်ဖက်လူနှင့် မျက်နှာချင်းဆိုင် တွေ့ဖို့ လိုအပ်၏။ တစ်ဖက်လူက သူ့အား နတ်ဘုရားကျောက် သန်းတစ်ထောင် ပေးနေလျှင်ပင် သူ လက်ခံမည် မဟုတ်ပေ။ သူ့ကျင့်ကြံဆင့်လေးဖြင့် တခြားသူများနှင့် မည်သို့ အရောင်းအဝယ် လုပ်နိုင်မည်နည်း။ သူက သူ့ရွှေရောင် နိဗာနတာအိုသဲကိုပင် လေလံမတင်ရဲပေ။
လေလံပွဲအတွင်းရှိ မည်သူကမှ ဆက်လက်၍ လေလံမဆွဲကြတော့ပေ။ ယခု ရွှေရောင် နိဗာနတာအိုသဲ ပေါ်လာပြီ ဖြစ်ရာ သူတို့ မည်သို့ လေလံဆွဲနိုင်မည်နည်း။
နတ်ဘုရားကျောက် သန်းတစ်ရာလား ….
နတ်ဘုရားကျောက် သန်းတစ်ရာဖြင့် လေလံဆွဲလျှင်ပင် လေလံအိမ်က ပထမနေရာ မှတ်ယူမည် မဟုတ်ပေ။ နံပါတ်တစ်နေရာကား ရွှေရောင် နိဗာနတာအိုသဲသာ ကျန်ရှိနေဦးမည် ဖြစ်၏။
နီကျစ်ကျန်းက ပြန်လည် တည်ငြိမ်လာ၏။ သူမ လေသံက အနည်းငယ် စိတ်လှုပ်ရှားနေသော်လည်း “ ကျွန်မတို့ နှင်းစက်ကျ ကုန်သည်အိမ်တော်က အမြစ်မဲ့သံမဏိကို ရွှေရောင် နိဗာနတာအိုသဲနဲ့ အလဲအလှယ် လုပ်ဖို့ ဆန္ဒ ရှိပါတယ်။ ပြီးတော့ ကျွန်မတို့ဘက်က အဆင့် ၅ ဆေးပင် ၇၀၀ ပေးဖို့ လိုလားပါတယ်။ တာအိုရောင်းရင်း ဘယ်လို ထင်ပါသလဲရှင့် ”
အဆင့် ၅ ဆေးပင် ၇၀၀ တဲ့လား ….
မိုဝူကျိက စိတ်ထဲ ပျော်ရွှင်ဝမ်းမြောက်သွားသည်။ ကံကောင်းစွာဖြင့် သူက ထိုအခြေအနေကို ထပ်ထည့်လိုက်ခြင်း ဖြစ်သည်။ မဟုတ်လျှင် သူ့အနေနှင့် အဆင့် ၅ ဆေးပင် မည်သည့်နေရာမှ ရရှနိုင်မည်နည်း။
ထို့အပြင် မိုဝူကျိက သူသာ ထပ်တောင်းဆိုလျှင် လေလံအိမ်တော်က သဘောတူဦးမည် ဖြစ်ကြောင်း ပြောနိုင်၏။ သို့သော်လည်း မိုဝူကျိက ဈေးနှုန်းအား မမြင့်လိုက်ပေ။ သူက အသံပြောင်းလဲ၍ “ ကျုပ် လိုလားပါတယ်။ ဒီပစ္စည်းက အရမ်း အဖိုးတန်တယ်ဆိုတော့ လေလံအိမ်တော်က ကျုပ် နေရာကို လာပြီး မျက်နှာချင်းဆိုင် တွေ့ဆုံဖို့ မျှော်လင့်ပါတယ် ”
မိုဝူကျိက မတန်တဆ တောင်းဆိုခြင်း မရှိဘဲ မျက်နှာချင်းဆိုင် အရောင်းအဝယ်ကိုသာ တောင်းဆိုသည့်အတွက် နီကျစ်ကျန်းကလည်း သဘောတူဖို့ တုံ့ဆိုင်းမနေပေ။ ထို့အပြင် မိုဝူကျိ၏ တောင်းဆိုချက်က ကျိုးကြောင်းသင့်ပေသည်။ ဤသို့ အရေးကြီးသည့်အရာမျိုးဖြင့် သူက မျက်နှာချင်းဆိုင် မတွေ့ဘဲ မည်သို့ စိတ်ချလက်ချ နေနိုင်မည်နည်း။
ပင်မခန်းမကား ဆွေးနွေးမှုများနှင့် ပြည့်နှက်သွားသည်။ ရွှေရောင် နိဗာနတာအိုသဲက ဒဏ္ဍာရီလာ ပစ္စည်းတစ်ခု ဖြစ်ခဲ့သည်။ ယခုအခါ အမှန်တကယ် ပေါ်လာပြီ ဖြစ်၏။ အကယ်၍ ဤလေလံပွဲတွင် ရွှေရောင် နိဗာနတာအိုသဲ ပေါ်လာကြောင်း သိမည်ဆိုလျှင် ဤလေလံပွဲသို့ နတ်ဘုရားဘုရင်များစွာလည်း တက်ရောက်လာနိုင်၏။
သိပ်မကြာခင် နတ်ဘုရားအုပ်စိုးသူ တစ်ယောက်က မိုဝူကျိ၏ နေရာသို့ ရောက်ရှိလာသည်။ သူက မိုဝူကျိ၏ အရှိန်အဝါသည် မထင်မရှား ဖြစ်နေကြောင်း မြင်လိုက်သောအခါ မိုဝူကျိသည် ဆိုးဆိုးရွားရွှား ပါရမီရှိကြောင်း သိလိုက်၏။ သူ့အပြုံးပင် ခဏတာ တွန့်ချိုးသွားတော့သည်။
လူတစ်ယောက်က ရွှေရောင် နိဗာနတာအိုသဲကို မည်သို့ ရရှိလာသနည်း။
မိုဝူကျိက အသံဟန့်တား အတားအဆီးကို ချမှတ်လိုက်ပြီး မတ်တတ်ရပ်လိုက်ကာ လက်နှစ်ဖက် ယှက်လိုက်ရင်း ပြောလိုက်သည် “ ကျုပ်ရဲ့ ရွှေရောင် နိဗာနတာအိုသဲကြောင့် လူအများကြီး ကျုပ် နောက်လိုက်မှာကို စိုးရိမ်လို့ပါ။ ဒီအလဲအလှယ်ပြီးရင် ခင်ဗျားက ကျုပ်အစား ကျန်နေပေးပြီး ကျုပ် ချက်ချင်း ထွက်သွားနိုင်အောင် ကူညီပေးလို့ ရမလား။ အဆင်ပြေမလား ”
မိုဝူကျိ၏ မူလရည်ရွယ်ချက်အရ သူက လေလံပွဲအပြီးတွင် သူ့အငွေ့အသက် ထည့်သွင်းထားသည့် အရုပ်ကို ထားခဲ့ပြီး သူက တည်းခိုဆောင်သို့ ပြန်သွားမည် ဖြစ်၏။ ထို့နောက် သူက အမြန်ဆုံး လေလွတ်မြောက်ရေး နည်းစနစ်ကို အသုံးပြုပြီး နှင်းစက်ကျမြို့မှ ထွက်သွားမည် ဖြစ်၏။
ယခု ရွှေရောင် နိဗာနတာအိုသဲ၏ ဈေးနှုန်းမှာ အလွန်အံ့ဖွယ် ဖြစ်နေသောကြောင့် သူ့အကြံကို ပြောင်းကာ ချက်ချင်း ထွက်သွားဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။ ထို့အပြင် သူက ဤနိဗာနတာအိုသဲဖြင့် လေလံအိမ်တော်သည် ဤတောင်းဆိုချက်အား သဘောတူလိမ့်မည် ဖြစ်ကြောင်း ယုံကြည်ထားသည်။
ဤနတ်ဘုရား အုပ်စိုးသူသည် ချက်ချင်း နားလည်သွားပြီး ပြန်ပြောလိုက်သည် “ ကျုပ် အရင် မေးကြည့်လိုက်ပါဦးမယ် ”
အသက်ရှိုက်စာအနည်းငယ်အတွင်း နတ်ဘုရား အုပ်စိုးသူက မိုဝူကျိထံ ပြန်ပြောလိုက်သည် “ ရပါတယ် … ကျုပ်တို့တွေ ခင်ဗျား တောင်းဆိုတဲ့အတိုင်း လုပ်ပေးမယ်။ ဒီအလဲအလှယ်ပြီးရင် ကျုပ်ရဲ့ ဝတ်စုံနဲ့ ထွက်သွားလိုက်ပါ။ ကျုပ် ဒီနေရာမှာ နှစ်နာရီ နေပေးမယ် ”
“ ကျေးဇူးပါ ” မိုဝူကျိက သူ့ရွှေရောင် နိဗာနတာအိုသဲကို ထုတ်ပေးလိုက်သည်။
ဤနတ်ဘုရား အုပ်စိုးသူက အမြစ်မဲ့သံမဏိနှင့် အဆင့် ၅ ဆေးပင် ၇၀၀ ကို မိုဝူကျိထံ ပေးလိုက်သည်။ မိုဝူကျိက အားလုံးကို အမြန် စစ်ဆေးကြည့်လိုက်သည်။ အမှန်ပင် အမြစ်မဲ့သံမဏိပင် ဖြစ်၏။ ထို့အပြင် ဤနှင်းစက်ကျ ကုန်သည်အိမ်တော်က ယခင် တန်ချင်းကုန်သည်အိမ်တော်နှင့် ယှဉ်လျှင် အတော်လေး ကရုဏာ ကြီးပေသည်။ အဆင့် ၅ ဆေးပင် ၇၀၀ လုံးက အသုံးဝင်လှပြီး အသုံးမဝင်သည့် ဆေးပင်မျိုး မဟုတ်ပေ။
အလဲအလှယ်အပြီးတွင် ဤနတ်ဘုရား အုပ်စိုးသူက ကူးပြောင်းရေး အစီအရင်ပြားမှ တဆင့် ရွှေရောင် နိဗာနတာအိုသဲကို ပို့လွှတ်လိုက်သည်။ အသက်နှစ်ရှိုက်စာအတွင်း သူက ပြန်ကြားချက်တစ်ခုကို လက်ခံလိုက်ရ၏။ ထို့နောက် သူက အပေါ်ဝတ်ရုံကို ဖယ်ကာ မိုဝူကျိထံ ပေးလိုက်သည်။
မိုဝူကျိက နဂိုကတည်းက ရုပ်ဖျက်လာခြင်း ဖြစ်၏။ နတ်ဘုရား အုပ်စိုးသူ၏ အပြင်ဝတ်ရုံကို ဝတ်ဆင်ပြီးနောက် သွင်ပြင်ကို အလွယ်တကူ ပြောင်းလဲလိုက်ရင်း လေလံအိမ်တော်၏ ဘေးတံခါးမှ ထွက်သွားတော့သည်။
လေလံအိမ်တော်မှ ထွက်လာသည်နှင့် မိုဝူကျိက သူ့လေလွတ်မြောက်ရေး နည်းစနစ်ကို ချက်ချင်း ထုတ်သုံးလိုက်သည်။ သူက နှင်းစက်ကျ ကုန်သည်အိမ်တော်ကိုလည်း စိုးရိမ်မိ၏။
***