← Chapters

ဖြေဆေး

Vol. 4 Ch. 44

ဖြေဆေး

Vol. 4 Ch. 44

နေမင်းက ကောင်းကင်အမြင့်သို့ ရောက်ရှိလာပြီဖြစ်၏။ ယခုအချိန်က နှစ်တစ်နှစ်၏ ဆောင်းဦးအစပိုင်းဖြစ်သော်လည်း နေအပူက ပူပြင်းတောက်လောင်နေသည်။

သမားတော်မော့က သူ့အခန်းအတွင်းတွင် ဂနာမငြိမ်စွာ ရှိနေခဲ့သည်။ သူက ဟန်လိနှင့် ရင်ဆိုင်ရန် သူ၏ နည်းလမ်းများအပေါ် ယုံကြည်ချက်ရှိသော်လည်း အပြည့်အဝ စိတ်အေးလက်အေး ဖြစ်မနေပေ။

ရုတ်တရက် သူ၏ အိမ်အနီးသို့ ခပ်ဖြေးဖြေး ချဥ်းကပ်လာသည့် ခြေသံများကို ကြားလိုက်ရသည်။

ရင်းနှီးနေသည့် ခြေသံများကို ကြားလိုက်ရသည့်အခါ သမားတော်မော့၏ စိတ်ထဲ၌ ပျော်ရွှင်မှုများနှင့် ပြည့်နှက်သွားပေသည်။ သူက အလျင်စလိုသွားကာ တံခါးဖွင့်လိုက်သည်။

ထင်ထားသလိုပင် တံခါးအပြင်ဘက်၌ ရပ်နေသည်မှာ သူအချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရသည့် ပစ်မှတ် ဟန်လိ ဖြစ်လေသည်။

ဟန်လိက ဖြေးညင်းစွာ ချဥ်းကပ်လာသည်ကို ကြည့်ရင်း သမားတော်မော့သည် သူ့နှလုံးသားထဲမှ အူမြူးနေမှုကို အတင်းအကျပ် ဖိနှိပ်ကာ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"မဆိုးဘူး။ မင်းက တကယ့်ကို အချိန်တိကျတာပဲ။ မင်း ထွက်ပြေးဖို့ မကြိုးစားတာကို မြင်ရတာ ကျုပ် တကယ်ဝမ်းသာတယ်။ အဲဒါက မင်း ဉာဏ်ကောင်းတယ်လို့ ဆိုလိုနေတာပဲ။ ကျုပ်တို့ အိမ်ထဲဝင်ပြီး ကောင်းကောင်း ဆွေးနွေးကြတာပေါ့။"

သမားတော်မော့၏ မျက်နှာထက်မှ အမူအရာက ကြင်နာတတ်သော အိမ်နီးချင်း အကြီးအကဲတစ်ယောက်ကဲ့သို့ ဖြစ်လေသည်။ သူ့မျက်နှာထက်မှ အပြုံးက ပွင့်လန်းနေသည့်ပန်းသဖွယ် ​ထင်မှတ်ရသည်။

"မင်း စိတ်အေးအေးထားလို့ရတယ်။ ကျုပ် အိမ်ထဲမှာ ဘာထောင်ချောက်မှ ဆင်မထားဘူး။" သမားတော်မော့သည် ဟန်လိ မျက်လုံးများထဲမှ သတိထားနေသော အရိပ်အယောင်ကို မြင်သောအခါ အလျင်အမြန်ရှင်းပြလာသည်။

"ဟမ့်! ကျုပ် ဒီနေရာကို လာရဲမှတော့ ခင်ဗျားရဲ့ အိမ်ထဲ ဝင်ဖို့ ဘာကြောင့် ကြောက်ရမှာလဲ။" ဟန်လိက အနည်းငယ် ရန်စခြင်းကိုပင် သည်းမခံနိုင်သကဲ့သို့ ချက်ချင်းပြန်ဖြေလိုက်သည်။

ဟန်လိက ပြန်ဖြေပြီးသွားသည်နှင့် အိမ်ထဲသို့ ခြေလှမ်းလိုက်၏။

သမားတော်မော့က ချက်ချင်းပင် သူ့ခန္ဓာကိုယ်ကို ဘေးသို့ ရွှေ့ကာ ဟန်လိအား ဝင်ခွင့်ပြုလိုက်သည်။ ဟန်လိ ဝင်ရောက်သွားပြီးနောက် သူက တံခါးပိတ်ရန် လက်လှမ်းလိုက်သည်နှင့် ဟန်လိက ခေါင်းပင်လှည့်မလာဘဲ ဖြတ်ပြောလိုက်သည်။

"ခင်ဗျား တံခါးပိတ်ရဲရင် ခင်ဗျား လှည့်ကွက်တချို့ လုပ်ဖို့ ရှိနေတယ်လို့ ယူဆလိုက်မယ်။ ကျုပ် ခင်ဗျားနဲ့ ဘာတစ်ခုမှ ဆွေးနွေးစရာအကြောင်း မရှိတော့ဘူး။"

ဟန်လိ၏ စကားများကို ကြားပြီးနောက် သမားတော်မော့က ထိတ်လန့်သွားသည်။ သို့သော် သူက ချက်ချင်း ပြန်ကောင်းမွန်သွားပြီး တံခါးကို ဖွင့်ထားလိုက်သည်။ ထို့နောက် မကျေမနပ်နှင့် ရေရွတ်လိုက်သည်။

"ကျုပ်က မင်းနဲ့ တကယ်ပဲ ဆွေးနွေးချင်တာပါ။ မင်းကို ထိခိုက်စေဖို့ ရည်ရွယ်ချက်မရှိဘူး။ မင်းက တံခါးမပိတ်စေချင်မှတော့ မပိတ်ဘဲ ထားလိုက်ကြတာပေါ့။"

ထိုသို့ပြောပြီးနောက် သမားတော်မော့က သူ့ ကုလားထိုင်ပေါ်၌ ထိုင်ချလိုက်သည်။ သူတို့နှစ်ယောက်က အချင်းချင်း တိတ်ဆိတ်စွာ စိုက်ကြည့်နေခဲ့ကြသည်။ သူတို့က နှစ်တစ်ဝက်ခန့် အချင်းချင်း မတွေ့ခဲ့ရသည့်အတွက် အပြန်အလှန် လေ့လာသုံးသပ်ကြည့်နေခြင်း ဖြစ်သည်။

ဟန်လိ၏ မျက်လုံးများထဲတွင် သမားတော်မော့က သိသိသာသာ အားနည်းဆုတ်ယုတ်သွားခဲ့ကြောင်း မြင်ရသည်။ သူသည် ပို၍ပင် အရွယ်ကျသွားခဲ့ပြီး ညှိုးနွမ်းနေကာ အသက်ခုနစ်ဆယ်အရွယ် အဘိုးတစ်ယောက်နှင့် မခြားနားတော့ပေ။ မသိလိုက်မသိဘာသာနှင့် ဟန်လိက နှလုံးသားထဲမှ ရေရွတ်လိုက်သည်။ 'သူပြောတာ တကယ်ပဲ အမှန်ဖြစ်နိုင်လား။ သူလိုချင်တာအားလုံးက သူ့ရဲ့ အသက်စွမ်းအားကို ပြန်ပြီး ကောင်းမွန်လာစေချင်ရုံပဲလား။ တခြားကောက်ကျစ်တဲ့ အကြံအစည်မျိုးမရှိတာ အမှန်ဖြစ်နိုင်လား။ ငါပဲ အတွေးလွန်မိနေတာလား။'

ဟန်လိက ပတ်ဝန်းကျင်ကို လေ့လာနေရင်း သူ့မျက်လုံးများက အနည်းငယ် ကျုံ့သွားခဲ့သည်။ ထိုတောင့်တင်းသန်မာသည့် ကြွက်သားများနှင့် လျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်က အလောင်းကောင်ကဲ့သို့ ထောင့်တစ်နေရာတွင် တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။ ဟန်လိသာ ထောင့်နေရာတိုင်းကို စေ့စပ်စွာ မစစ်ဆေးမိခဲ့ပါက ထိုသူ့ကို သေချာပေါက် တွေ့ရှိလိမ့်မည် မဟုတ်ပေ။

ဟန်လိကို စေ့စပ်စွာ ကြည့်ရှုစစ်ဆေးကြည့်ပြီးနောက် သမားတော်မော့က သူ့အခြေအနေနှင့် ပတ်သတ်၍ အလွန် ကျေနပ်သွားခဲ့သည်။ ထို့ကြောင့် သူက နွေးထွေးစွာ ပြောလိုက်သည်။ "လက်ရှိမင်းကို ကြည့်ရတာ မင်း ဆယ်နှစ်အရွယ် ဂိုဏ်းကို ဝင်လာကာစနဲ့ယှဥ်ရင် အတော်​လေး ထွားလာတာပဲ။"

စကားပြောသည့် အကြောင်းအရာ ရုတ်တရက်ပြောင်းလဲသွားခြင်းက ဟန်လိကို တအံ့တသြဖြစ်သွားစေပြီး သမားတော်မော့၏ ရည်ရွယ်ချက်ကို စိတ်ပူလာစေသည်။ သို့သော် ဟန်လိက သူ့နှလုံးသားထဲတွင် သတိထားမှုကို အမြင့်ဆုံးသို့ တိုးမြှင့်လိုက်ပြီ ဖြစ်၏။ ထိုမြေခွေးအိုကြီး စားခဲ့သည့် ဆားက ဟန်လိစားခဲ့သည့် ထမင်းထက် ပိုများပေသည်။ ဟန်လိက အနည်းငယ် ဂရုမစိုက်မိလျှင် ထောင်ချောက်ထဲကျသွားလိမ့်မည်မှာ သေချာပေသည်။

"လောင်မော့ ခင်ဗျား ကျုပ်အပေါ် ဂရုစိုက်ပေးခဲ့တာတွေကို ဘယ်တော့မှ မမေ့ဘဲ အမြဲအမှတ်ရနေတယ်။ ခင်ဗျားမှာ တောင်းဆိုချင်တာ တစ်ခုခုရှိရင် ပြောလိုက်ပါ။ ကျုပ် အကောင်းဆုံး ကြိုးစားပြီး ဖြည့်ဆည်းပေးမယ်။" ဟန်လိ၏ အမူအရာက နွေးထွေးနေပြီး လွန်ခဲ့သောနှစ်များမှ နာခံတတ်သော တပည့်အဖြစ် ပြန်လည်ရောက်ရှိသွားသလိုပင် ဖြစ်သည်။

"ကောင်းတယ်။ သိပ်ကောင်းတယ်။ မင်းရဲ့ စကားလုံးတွေက ကျုပ် မင်းအပေါ် သုံးခဲ့တဲ့ အချိန်နဲ့ အားထုတ်မှုတွေ အလကားမဖြစ်ဘူးဆိုတာ သက်သေပြလိုက်တာပဲ။ လာခဲ့.. ထာဝရနွေဦးကျင့်စဥ်မှာ မင်းရဲ့ တိုးတက်မှုဘယ်လောက်ရှိလဲ ကြည့်ရအောင်။" ထိုအချိန်တွင် သမားတော်မော့က အမှန်တကယ် ကြင်နာတတ်သည့် ဆရာသမားအဖြစ် ဟန်ဆောင်နေခဲ့ပေသည်။ သူက ထရပ်လိုက်ပြီး ဟန်လိ၏ သွေးကြောများကို စမ်းသပ်ရန် ကြိုးစားလိုက်သည်။

'ကောက်ကျစ်တဲ့ မြေခွေးအိုကြီး ဘယ်လောက် ကောက်ကျစ်ပြီး အရေထူလိုက်သလဲ။' ဟန်လိက နှလုံးသားထဲမှ ကျိန်ဆဲလိုက်ရင်း ဘေးသို့ အလျင်အမြန် ခြေလှမ်းကာ သမားတော်မော့၏ လက်ကို ရှောင်လိုက်သည်။

"လောင်မော့ ဒီလောက် အလျင်မလိုပါနဲ့။ ကျုပ် ထာဝရနွေဦးကျင့်စဥ်မှာ စတုတ္ထအဆင့်ရောက်နေပြီဆိုတာ အမှန်ပြောတာပါ။ ဒါပေမယ့် ခင်ဗျား ကျုပ်ကို ပိုးမွှားအလောင်းကောင်ဆေးလုံးရဲ့ ဖြေဆေးအရင်ပေးတာ ကောင်းမယ်။ ကျုပ် ကုသပြီးသွားရင် ခင်ဗျားကို ကျုပ်ရဲ့ ကျင့်စဥ်တိုးတက်မှု စစ်ဆေးခွင့်ပြုမယ်။" ဟန်လိက ရိုးသားသည့် အသံကို အသုံးပြုရာ အပြုံးနှင့် ပြောလိုက်သည်။

"အိုး.. အိုး... ကျုပ်ရဲ့ စိတ်က ရှုပ်ထွေးနေတာ ဖြစ်ရမယ်။ ကျုပ် မှတ်ဉာဏ်တွေက အရင်ကလို မကောင်းတော့ဘူး။ အစတုန်းက မင်း ဝင်လာတာနဲ့ ဖြေဆေးပေးဖို့ ရည်ရွယ်ထားတာ။" သမားတော်မော့က အလန့်တကြားအမူအရာနှင့် တစ်ခုခုကို ပြန်တွေးတောနေပုံရသည်။

သူက သူ့ဝတ်ရုံအတွင်းမှ ငွေရောင်ပုလင်းလေးတစ်ခု ဆွဲထုတ်လိုက်ပြီး အထဲမှ သာမန်ဆန်လှသည့် အနက်ရောင် ဆေးလုံးတစ်လုံးကို ထုတ်ယူကာ ဟန်လိထံ ပစ်ပေးလိုက်သည်။

ဟန်လိက သူ့ထံပစ်ပေးလာသည့် ဆေးလုံးကို ကိုးယို့ကားယားနှင့် ဖမ်းယူလိုက်ရသည်။ သူက ဆေးကို နှာခေါင်းနားသို့ ယူကာ အနံ့ရှူကြည့်လိုက်၏။ စူးရှသော အနံ့လှိုင်းများ ဆေးလုံးမှ ထုတ်လွှတ်လာသည်။ သူက ခေါင်းကို ငဲ့ကာ သမားတော်မော့ကို ကြည့်လိုက်သည့်အခါ သမားတော်မော့က သူ့အား ပြုံးပြနေသည်ကိုသာ တွေ့ခဲ့ရသည်။

သူက တွေဝေနေပြီး ထိုဆေးလုံးက အစစ်အမှန် ဟုတ်မဟုတ် သံသယဖြစ်နေခဲ့သည်။

သို့သော်လည်း ပိုးမွှားအလောင်းကောင်ဆေးလုံးက မကြာခင် အသက်ဝင်လာတော့မည်ဖြစ်၍ ၎င်းကို သေချာလေ့လာရန် နည်းလမ်းမရှိတော့ပေ။ သူက ယခု ဖြေဆေးကို မသောက်ခဲ့လျှင် ကိုယ့်ကိုယ်ကိုယ် သတ်သေနေသည်နှင့် ထူးမခြားနား ဖြစ်သွားရပေလိမ့်မည်။ ဟန်လိသည် သမားတော်မော့က သူ့ကို အသုံးချစရာရှိနေသေးသည့်အတွက် ဖြေဆေးအတုပေးခြင်းမှ ရှောင်ရှားလိမ့်မည်ဟု ယုံကြည်လိုက်သည်။ ဟန်လိ၏ အမူအရာက လေးနက်သွားပြီး ဖြေဆေးကို မြိုချရန် ရွေးချယ်လိုက်ကာ ဆေးအာနိသင် ထွက်ပေါ်လာစေရန် စောင့်ဆိုင်းနေခဲ့သည်။

ထိုအချိန်တွင် သမားတော်မော့က အလွန် သက်သောင့်သက်သာ ဖြစ်နေခဲ့၏။ သူက သူ၏ မူလရည်ရွယ်ချက်ကို မေ့နေသကဲ့သို့  မသိလိုက်မသိဘာသာဖြင့် ဟန်လိနှင့် စကားစမြည်ပြောရန် စတင်လိုက်သည်။

သိပ်မကြာခင်မှာပင် ဟန်လိသည် သူ့အစာအိမ်ထဲမှ ထွက်ပေါ်လာသည့် ပြင်းထန်သော နာကျင်မှုလှိုင်းကို ခံစားလိုက်ရသော်လည်း ထိုနာကျင်မှုက ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ သူက ခန္ဓာကိုယ်ကို အလျင်အမြန် စစ်ဆေးကြည့်လိုက်သည့်အခါ ပိုးမွှားအလောင်းကောင်ဆေးလုံးက အစအနမကျန်အောင် ပျောက်ကွယ်သွားသည်ကို သတိပြုမိလိုက်သည်။ သူ့နှလုံးသားထဲ၌ ပျော်ရွှင်မှုတို့နှင့် ပြည့်နှက်သွားပြီး သူ့မျက်နှာထက်တွင် အပြုံးတစ်ခု ထွက်ပေါ်လာသည်။

ထိုအပြောင်းအလဲက သမားတော်မော့၏ သတိပြုမိမှုအောက်မှ ပြေးမလွတ်ခဲ့ပေ။ သူက ဟန်လိ စစ်ဆေးမှု ပြီးသွားသည်အထိ စောင့်ဆိုင်းနေခဲ့သည်။ သူ့မျက်နှာထက်တွင် အပြုံးကြီးတစ်ခုရှိနေခဲ့ပြီး သူက ပြောလိုက်သည်။

"အာ.. ဟန်လိ ကျုပ် မင်းကို ပိုးမွှားအလောင်းကောင်ဆေးလုံး ပေးလိုက်တုန်းက မင်းရဲ့ စိတ်အားထက်သန်မှုကို နှိုးဆွပေးချင်ရုံပါပဲ။ အဲဒါကြောင့်သာမဟုတ်ရင် မင်းက ထာဝရနွေဦးကျင့်စဥ်ရဲ့ စတုတ္တအဆင့်ကို ဘယ်လိုလွယ်လွယ် ချိုးဖျက်နိုင်မှာလဲ။"

"သမားတော်မော့ရဲ့ ကြင်နာတဲ့ ရည်ရွယ်ချက်အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် အနာဂတ်မှာ ဒီလိုရည်ရွယ်ချက်မျိုး ရှိဖို့မလိုအပ်ဖို့ မျှော်လင့်ပါတယ်။" ပြန်သက်သာလာပြီးနောက် ဟန်လိ၏ စိတ်အခြေအနေက အနည်းငယ် မြင့်တက်လာပြီး သူက သမားတော်မော့၏ ရိုးသားမှုကို အနည်းငယ် စတင် ယုံကြည်လာသည်။ သူက ယခင်ကကဲ့သို့ သမားတော်မော့ကို တိုက်ရိုက်ဆန့်ကျင်ခြင်း မရှိတော့ပေ။

"အခု ဒီလူအိုကြီးကို မင်းရဲ့ သွေးကြောစမ်းဖို့ ခွင့်ပြုလို့ရပြီလား။"

သမားတော်မော့၏ စကားက ဟန်လိ အမူအရာကို အနည်းငယ် အရုပ်ဆိုးသွားစေသည်။ သမားတော်မော့က ယခုထိ သူ့ကျင့်ကြံခြင်းကို စစ်ဆေးရန် တောင်းဆိုနေသေးသည်လား။ သမားတော်မော့က သူ့အား ထိန်းချုပ်ရန် ဤအခွင့်အရေးကို ဖမ်းဆုပ်ကာ ထိခိုက်လာစေမည်လား မည်သူသိပါမည်နည်း။

All Chapters