← Chapters

ချောင်းမြောင်းတိုက်ခိုက်ခြင်း

Vol. 4 Ch. 45

ချောင်းမြောင်းတိုက်ခိုက်ခြင်း

Vol. 4 Ch. 45

ဟန်လိက ခေါင်းငုံ့ကာ စဥ်းစားတွေးတောလိုက်သည်။ ကြည့်ရသည်မှာ သမားတော်မော့၏ စစ်ဆေးမှုကို ရှောင်တိမ်းနိုင်မည့် နည်းလမ်းမရှိသည့်ပုံပင်။

သမားတော်မော့က တွေဝေခြင်းမရှိဘဲ ဟန်လိကို အမှန်တကယ် ဖြေဆေးပေးခဲ့ကာ သူ၏ ရိုးသားမှုကို ရှင်းရှင်းလင်းလင်း ပြသခဲ့သည်။ ဟန်လိက ဝေ့လည်ကြောင်ပတ်လုပ်ရန် ကြိုးစားနေဆဲဖြစ်လျှင် သမားတော်မော့၏ သံသယမြင့်တက်လာလိမ့်မည် ဖြစ်ကာ ဟန်လိက ထာဝရနွေဦးကျင့်စဥ်၏ စတုတ္တအဆင့်သို့ မချိုးဖျက်ရသေးဘဲ သူ့ကို အလိမ်အညာစကားများ ပြောနေသည်ဟု တွေးသွားမိစေပေလိမ့်မည်။ ထိုသို့ဖြစ်လျှင် ကိစ္စများက အဆိုးဘက်သို့ ပြောင်းလဲသွားလိမ့်မည်ဖြစ်ကာ ကိစ္စများစွာက သူ၏ ထိန်းချုပ်မှုအောက်မှ လွတ်ထွက်သွားလိမ့်မည် ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ဟန်လိက ဤအခိုက်အတန့်ကို မျှော်လင့်နေခဲ့ပြီး အချိန်အကြာကြီး ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြပေသည်။ သမားတော်မော့က သွေးကြောစမ်းပြီးနောက် သူ့အပေါ် ဆိုးယုတ်သည့် ရည်ရွယ်ချက်များ ရှိခဲ့လျှင်ပင် ဟန်လိက ထွက်ပြေးဖို့ရာ အာမခံနိုင်သည့် နည်းလမ်းပေါင်းများစွာ ရှိနေဆဲဖြစ်သည်။

ထိုသို့တွေးလိုက်ပြီးသည်နှင့် ဟန်လိက ခေါင်းပြန်မော့လိုက်သည်။ သူက သမားတော်မော့ကို စိုက်ကြည့်ကာ ပြောလိုက်၏။ "လောင်မော့ ခင်ဗျား ကျုပ်ကို ဖြေဆေးပေးဖို့ဆန္ဒရှိတာကို ကြည့်ပြီး နောက်ဆုံးတစ်ကြိမ် ထပ်ယုံကြည်လိုက်မယ်။ ကျုပ်ကို စိတ်ပျက်အောင် မလုပ်ဖို့ မျှော်လင့်ပါတယ်။"

ထို့နောက် သူက တစ်ဖက်လူ၏ တုန့်ပြန်မှုကို တိတ်တဆိတ်လေ့လာနေရင်း သမားတော်မော့ထံ ညာဘက်လက်ကို ဆန့်ထုတ်ကာ ပေးလိုက်သည်။ တစ်ခုခုမူမမှန်သည်ကို မြင်သည်နှင့် သူက ချက်ချင်း ပြန်ရုတ်လိုက်မည် ဖြစ်သည်။

နှမြောစရာကောင်းစွာဖြင့် သမားတော်မော့က သူ့မျက်နှာထက်တွင် အတုအယောင်အပြုံးတစ်ခုကို ထိန်းသိမ်းထားသည့်အတွက် ဟန်လိက မည်သည်ကိုမှ သဲလွန်စမရနိုင်ခဲ့ပေ။ သူ ပြုလုပ်ခဲ့သည့် တစ်ခုတည်းသော အမူအရာအပြောင်းအလဲမှာ ဟန်လိ သဘောတူလိုက်ပြီးနောက် မျက်ခုံးအား အနည်းငယ်ပင့်လိုက်ခြင်းသာ ဖြစ်သည်။ ထို့နောက် ချက်ချင်း ပုံမှန်အမူအရာ ပြန်ဖြစ်သွားခဲ့သည်။ ကြည့်ရသည်မှာ သမားတော်မော့က ဟန်လိ သဘောတူလာမည်ကို အချိန်အတော်ကြာအောင် စောင့်ဆိုင်းနေခဲ့ပုံပေါ်သည်။

သမားတော်မော့သည် မည်သည်မှ ပြန်မပြောဘဲ ဘယ်ဘက်လက်ကို တိတ်တဆိတ် ဆန့်ထုတ်၍ ဟန်လိ၏ လက်ကောက်ဝတ်ပေါ်သို့ တင်လိုက်သည်။ ထို့နောက် သမားတော်မော့၏ မျက်နှာထက်မှ တဖြေးဖြေး ရပ်တန့်သွားကာ နှိုင်းယှဥ်မရအောင် မြင့်မြတ်သည့် အပြုအမူကို ပြုလုပ်နေသကဲ့သို့ အလွန် လေးနက်သည့် အမူအရာကို ဖော်ပြလာသည်။

ဟန်လိသည် သူ့ခန္ဓာကိုယ်အတွင်းမှ ချီကို စတုတ္ထအဆင့်၌သာ ဖြစ်နေအောင် လျှို့ဝှက်စွာ ထိန်းချုပ်ထားခဲ့သည်။ သူက သမားတော်မော့၏ အမူအရာကို မြင်သောအခါ သံသယဖြစ်လာကာ သတိအနေအထားကို အမြင့်ဆုံးထိ တိုးမြှင့်ထားလိုက်ပြီး သူ့ဘယ်ဘက်လက်က လတ်တလောမှ ပြုလုပ်ထားသည့် ဓားအတိုလေးကို ဖွက်ထားသော ခါးနေရာသို့ တဖြေးဖြေး ရွေ့လျားသွားခဲ့သည်။

ဖြေးညင်းစွာနှင့် သမားတော်မော့၏ မျက်မှာထက်တွင် အလွန်အမင်း ပျော်ရွှင်နေမှုတို့ ပေါ်ထွက်လာသည်။ ဟန်လိ၏ သွေးကြောမှနေ၍ သူသည် ဟန်လိ ခန္ဓာကိုယ်အတွင်း၌ လျှို့ဝှက်ဆန်းကြယ်သည့် စွမ်အားတစ်ခုက မရပ်မနားစီးဆင်းနေကာ ၎င်းက  သူ၏ မျှော်မှန်းထားချက်ထက် ပြင်းထန်ပေသည်။

သူက လောကအတွေ့အကြုံပြည့်ဝသည့် ကောက်ကျစ်သော မြေခွေးအိုကြီးဖြစ်လင့်ကစား သူ၏ အသက်ကယ်တင်နိုင်မည့် တစ်ခုတည်းသော မျှော်လင့်ချက်က အောင်မြင်နိုင်မည့် အခွင့်အရေး အမှန်တကယ် ရှိသည်ကို မြင်သောအခါ အနည်းငယ် တုန်ယင်သွားခဲ့သည်။ သူ့မျက်နှာက စိတ်လှုပ်ရှားမှုတို့နှင့် တောက်ပနေခဲ့သည်။ သူ့အပြုံးက အလွန် တောက်ပလင်းလက်နေပြီး အ​စောပိုင်းက သူ့မျက်နှာထက်တွင် ရှိနေသည့် အပြုံးတုနှင့် ယှဥ်၍မရနိုင်ပေ။

"ဒါ အံ့သြစရာပဲ။ မင်း တကယ်ပဲ ထာဝရနွေဦးကျင့်စဥ်ရဲ့ စတုတ္တအဆင့်ကို ချိုးဖျက်သွားနိုင်ခဲ့တယ်။ ဟားဟား... အရမ်း အံ့သြစရာကောင်းတယ်။ ဟားဟားဟား...." သမားတော်မော့သည် ဟန်လိ၏ ရှေ့၌ အမူအရာအား ထိန်းသိမ်းရန်ပင် အလုပ်ရှုပ်မခံတော့ဘဲ အူလှိုက်သည်းလှိုက် ရယ်မောလာပေသည်။ သူ၏ ရယ်မောသံက အိမ်တစ်ခုလုံး ပဲ့တင်ထပ်သွားပြီး သူက ဟန်လိကို လွှတ်ပေးရန် ဆန္ဒမရှိသကဲ့သို့ လက်ကောက်ဝတ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။

"လောင်မော့ ဘာလုပ်နေတာလဲ။ ကျုပ်ကို လွှတ်ပေး။" ဟန်လိ၏ အမူအရာက အေးစက်သွားသည်။ သူသည် တစ်ခုခုဖြစ်ပွားတော့မည်ကို သတိထားမိပြီး သမားတော်မော့ စစ်ဆေးပြီးနောက် လက်ကို ပြန်ရုတ်ရန် ကြိုးစားခဲ့သော်လည်း သမားတော်မော့က သူ့ကို ထိုသို့အခွင့်အရေး မပေးခဲ့ပေ။

"မင်းကို လွှတ်ပေးရမှာလား။ သေချာတာပေါ့။" သမားတော်မော့က အရယ်ရပ်လိုက်သည်။ သို့သော် သူ့မျက်နှာအမူအရာက ပြောင်းလဲသွား၏။

သူက ရုတ်တရက် အော်ဟစ်လိုက်သည်။

ဟန်လိသည် သူ့နားထဲ၌ ကျယ်လောင်စွာ ပေါက်ကွဲသွားသလို ခံစားလိုက်ရပြီး သူ့မျက်လုံးများထဲတွင် လောကကြီးက အမှောင်ကျသွားခဲ့လေသည်။ သူ့ခန္ဓာကိုယ်က ဟန်ချက်ညီမှုကို ဆုံးရှုံးသွားခဲ့ကာ ကြမ်းပြင်ပေါ်သို့ အရုပ်ကြိုးပြတ် ပြုတ်ကျသွားခဲ့သည်။ ဓားအတိုလေး၏ အရိုးကို ဆုပ်ကိုင်ထားသည့် လက်က ပြေလျော့သွားကာ မြေပေါ်သို့ ကျသွားခဲ့လေသည်။

"သေစမ်း!" သူ့စိတ်က ရှင်းလင်းနေသေးလျှင်ပင် ဟန်လိ၏ ခန္ဓာကိုယ်က သူ့အမိန့်ကို လိုက်နာရန်ငြင်းဆန်နေခဲ့သည်။ သူက ကြိုတင်ကာကွယ်မှုများစွာ ပြုလုပ်ထားသော်လည်း သမားတော်မော့ထံမှ အလစ်တိုက်ခိုက်မှုကို ခံလိုက်ရဆဲဖြစ်ကာ အချိန်မီမလှုပ်ရှားနိုင်ခဲ့ပေ။

"ကောင်​လေး.. မင်းက အတွေ့အကြုံနုသေးတယ်။ မင်းဆီမှာ လှည့်ကွက်တွေ ဘယ်လောက်ပဲရှိနေပါစေ မင်း အခု ထုတ်သုံးနိုင်စရာအကြောင်းမရှိဘူး။" အရာအားလုံးက သူ ခန့်မှန်းထားသည့်အတိုင်း ဖြစ်ပျက်နေသည်။ သမားတော်မော့က ရယ်မောလိုက်ကာ သူ့ရည်မှန်းချက်အောင်မြင်ပြီးနောက် ကျေနပ်နေပုံရသည်။

"ဒီကိုလာခဲ့။" သမားတော်မော့က ဟန်လိ၏ လက်ကို ဆွဲမကာ ဟန်လိ ခန္ဓာကိုယ်အား သူ့ခြေထောက်နားသို့ ဆွဲသွားခဲ့သည်။ သမားတော်မော့က ကိုယ်ကို ကိုင်းကာ ညာဘက်လက်ညှိုးကို ဆန့်ထုတ်၍ ဟန်လိရင်ဘတ်နားမှ သွေးကြောမှတ်ကို ထောက်လိုက်သည်။

ဖန်း...!

အသံတစ်ခု ထွက်ပေါ်လာသည်။ သမားတော်မော့၏ လက်ချောင်းက သတ္တုပြားတစ်ခုကို ထိုးဖောက်ရန် ကြိုးစားလိုက်ရသကဲ့သို့ ခုခံမှုတစ်ခုနှင့် တွေ့ဆုံခဲ့သည်။ သူ့လက်ချောင်းများက ပြင်းထန်စွာ ထိုးနှက်ခံရခြင်းကြောင့် နာကျင်စွာ တုန်ယင်သွားသည်။ အကြောင်းပြချက်တချို့ကြောင့် သူ၏ အပ်စိုက်မှတ်လှုံ့ဆော်ခြင်းနည်းစနစ်က ကျရှုံးသွားခဲ့သည်။

"ဘာဖြစ်တာလဲ။" သူသည် ရုတ်တရက် ထိတ်လန့်သွားကာ သူ့နှလုံးသားက တုန်ယင်လာသည်။

"သူ့ အင်္ကျီအောက်မှာ သတ္တုချပ်ဝတ်တစ်ခု ဝတ်ထားတာများလား။" သမားတော်မော့က ထိုခုခံကာကွယ်မှုနှင့် တွေ့လိုက်ရသောအခါ အံ့အားသင့်သွားခဲ့သည်။

သူ့အကြည့်များက ဟန်လိ၏ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်သည်။ သို့သော် ဟန်လိ၏ အဝတ်အစားများက မည်မျှပါးလွှာကြောင်း မြင်တွေ့ပြီးနောက် ခေါင်းယမ်းလိုက်ကာ ထိုအတွေးကို ပယ်ဖျက်လိုက်သည်။

သမားတော်မော့ စိတ်ပျံ့လွင့်နေသည့် အချိန်အတွင်း ဟန်လိက သူ့ခန္ဓာကိုယ်အား ထိန်းချုပ်နိုင်စွမ်း ပြန်လည်ရရှိသွားခဲ့​ပြီ ဖြစ်သည်။ သူ၏ ပြန်လည်သက်သာနိုင်သည့် စွမ်းရည်က သမားတော်မော့ ခန့်မှန်းနိုင်သည်ထက် အများကြီး သာလွန်ပေသည်။

ဟန်လိ၏ ကျင့်ကြံဆင့်အမှန်မှာ ထာဝရနွေဦးကျင့်စဥ် ဆဋ္ဌမအဆင့် ဖြစ်လေသည်။ သူက ကျင့်ကြံခြင်း၌ သူ၏ အားထုတ်မှုနှင့် အချိန်ကို ဖြုန်းတီးခဲ့ခြင်းမရှိပေ။ သူ၏ ပြန်လည်သက်သာနိုင်သည့် နှုန်းက ထူးခြားလှပြီး သူကိုယ်တိုင်၏ မျှော်မှန်းထားမှုထက်လည်း သာလွန်နေခဲ့သည်။

ထိုအခိုက်အတန့်တွင် သမားတော်မော့က သူ၏ အတွေးရထားကြီးကို ပြတ်ပြတ်သားသား ဖြတ်ချလိုက်ပြီး သံသယများနှင့် ဇဝေဇဝါဖြစ်မှုတို့ကို ရှင်းထုတ်လိုက်သည်။ သူက ဟန်လိကို ထိန်းချုပ်ရန် နောက်ထပ်နည်းလမ်းအား စတင်တွေးတောလိုက်သော်လည်း ချက်ချင်းပင် သူ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည့် ဟန်လိ၏ လက်က ဆီစွတ်ထားသလို ချော်ထွက်လာသည်ကို သတိပြုမိလိုက်သည်။ သူက ခွန်အားကို အတင်းအကျပ် ထုတ်သုံးကာ ဟန်လိ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားရန် မဖြစ်နိုင်ခဲ့ပေ။

မယုံကြည်နိုင်မှုက သူ့မျက်နှာကို ဖုံးလွှမ်းသွားသည်။ ခွန်အားကို ပိုမိုထုတ်သုံးကာ ဆုပ်ကိုင်ရန် ကြိုးစားခဲ့သော်လည်း ဟန်လိ၏ လက်က မြေဆီလွှာအတွင်းရှိ တီကောင်ကဲ့သို့ သူ့လက်ထဲမှ အလွယ်တကူ ချော်ထွက်သွားခဲ့သည်က သမားတော်မော့ကို အံ့အားသင့်သွားစေခဲ့သည်။

သမားတော်မော့၏ ထိတ်လန့်တုန်လှုပ်မှုကို လျစ်လျူရှုကာ ဟန်လိ၏ လက်များ လွတ်လပ်သွားပြီးနောက် သူက ကြမ်းပြင်ပေါ်တွင် အလျင်အမြန် လှိမ့်သွားခဲ့ပြီး အခန်းထောင့်သို့ ရောက်အောင်သွားခဲ့သည်။ သူသည် သမားတော်မော့၏ အဝေးသို့ ရောက်သွားမှသာ မတ်တပ်ထရပ်ရဲပေသည်။

လက်ရှိတွင် ဟန်လိ မျက်နှာထက်၌ မည်သည့်အမူအရာမှ ရှိမနေပေ။ သူ့မျက်လုံးများက သမားတော်မော့အား အေးစက်စွာ စိုက်ကြည့်နေခဲ့သည်။

သမားတော်မော့အနေနှင့် မည်သည့် အဓိပ္ပါယ်မရှိသော စကားကိုမှ ပြောနေရန် မလိုအပ်တော့ပေ။ ဟန်လိသည် သမားတော်မော့၏ အပြုအမူ နောက်ကွယ်မှ အကြောင်းပြချက်ကို မသိသော်လည်း သမားတော်မော့၌ မကောင်းသော ရည်ရွယ်ချက်တို့ ရှိနေသည်မှာ သေချာပေသည်။

​

ကြည့်ရသည်မှာ အစောပိုင်းက သမားတော်မော့ပြောသည့် စကားများအားလုံးက အလိမ်အညာများသာဖြစ်ကာ ယုံကြည်ရန်မထိုက်တန်ပုံရပေသည်။

သူ့မိသားစုနှင့် သူ ကိုယ်တိုင် လုံခြုံရေးအတွက် ဟန်လိက ခါးအနီးတွင် ဖွက်ထားသည့် ဓားအတိုလေးကိာ ဆွဲထုတ်လိုက်သည်။ ဤဓားက တစ်ပေခန့်သာရှည်သော်လည်း နှိုင်းယှဥ်၍မရအောင် ထက်ရှပေသည်။ ဓားသွားတွင် အစိမ်းရောင်အလင်းတို့ဖြင့် လင်းလဲ့နေသည်။ ၎င်းက ပထမတန်းစားဓားတစ်လက် ဖြစ်လေသည်။

"ဒီနေ့ ခင်ဗျား နဲ့ ကျုပ် တစ်ယောက်မဟုတ် တစ်ယောက် သေရမယ်။ ကျုပ်တို့နှစ်ယောက်ထဲက တစ်ယောက်ပဲ ဒီနေရာကနေ အသက်ရှင်လျက် ထွက်သွားနိုင်မယ်။" ဟန်လိက ဒေါသတကြီး အံကြိတ်ရင်း သမားတော်မော့ကို စိုက်ကြည့်ကာ အေးစက်စက်ပြောလိုက်သည်။

All Chapters