← Chapters

တစ်ချက်တည်းနှင့် ခန္ဓာကိုယ်ကို ခုတ်ပိုင်းပစ်ခြင်း

Vol. 4 Ch. 46

တစ်ချက်တည်းနှင့် ခန္ဓာကိုယ်ကို ခုတ်ပိုင်းပစ်ခြင်း

Vol. 4 Ch. 46

သမားတော်မော့က သူ၏ ဘယ်ဘက်လက်ကို အံ့သြထိတ်လန့်စွာ ကြည့်ပြီးနောက် ဟန်လိဘက်သို့ ပြန်လှည့်ကာ အထင်အမြင်သေးစွာ ပြောလိုက်သည်။ "စိတ်ဝင်စားစရာပဲ။ ကြည့်ရတာ ဒီနှစ်တွေအတွင်း ပျင်းရိနေခဲ့ပုံတော့မရဘူး။ ဒီလို မထင်မှတ်ထားစရာ ထူးဆန်းတဲ့ စွမ်းရည်မျိုးကိုတောင် သင်ယူထားလိုက်သေးတယ်။ ဒါပေမယ့် ဒီလို ပေါပေါပဲပဲလှည့်ကွက်လေး တချို့ပေါ်မှာ အားကိုးပြီး ကျုပ်ရဲ့ ပြိုင်ဘက် ဖြစ်လာနိုင်မယ်လို့ မင်း တကယ် ထင်နေတာလား။"

"ကျုပ် မတိုက်ခိုက်ခဲ့ရတာ အချိန်အတော်ကြာပြီ ထင်ရတယ်။ အကြောအခြင်ပြေအောင် ကိုယ်တိုင် တိုက်ခိုက်ရတာလည်း မကောင်းတဲ့ အကြံအစည်တော့ မဟုတ်ဘူး။ အရင် စပြီး တိုက်ခိုက်ခွင့် မင်းကို ပေးလိုက်မယ်။"

ဟန်လိက သမားတော်မော့၏ စော်ကားသော စကားတို့ကို ဂရုမစိုက်ခဲ့ပေ။ သူက ပထမဆုံး တိုက်ကွက်ဖြင့် လက်ဦးမှုယူရန် ဆုံးဖြတ်ခဲ့ပြီး ဖြစ်သည်။ အရင်ဆုံး လှုပ်ရှားပြီး မည်သည့် အခွင့်အရေးကိုမဆို ရယူပါဟူသည့် စကားမျိုးပင် ရှိသေးသည်။

ဟန်လိက ဘယ်ဘက်လက်ထဲမှ ဓားအတိုလေးကို သူ့ခန္ဓာကိုယ်ရှေ့သို့ ထုတ်ယူလိုက်ပြီး သမားတော်မော့၏ အကြည့်များကို ဆွဲဆောင်လိုက်သည်။ သို့သော် သူ၏ ညာဘက်လက် အင်္ကျီစအတွင်းဘက်မှ အဖြူရောင်စက္ကူထုပ်လေးတစ်ခုကို သူ့လက်ဖဝါးအတွင်း တိတ်တိတ်လေး လျှောကျလာစေခဲ့သည်။ ထို့နောက် သူက လက်ကို ဝှေ့ယမ်းလိုက်ပြီး အဖြူရောင်စက္ကူအထုပ်ထဲမှ အမှုန့်များကို ​ပြန့်ကျဲသွားစေခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း ထူထဲသော အဖြူရောင်အခိုးအငွေ့များက ဟန်လိတစ်ကိုယ်လုံးကို လွှမ်းခြုံသွားကာ သူ့ပုံရိပ်အား ရှင်းရှင်းလင်းလင်း မမြင်ရတော့အောင် ဖြစ်သွားစေသည်။ ထို့နောက် အဖြူရောင်အခိုးအငွေ့များက တစ်အိမ်လုံးကို လျင်မြန်စွာ ပျံ့နှံ့လာပြီး အခန်းတစ်ခန်းလုံးကို အဖြူရောင်အလွှာတစ်ခု ဖုံးလွှမ်းသွားစေခဲ့သည်။ တစ်စုံတစ်ယောက်က လက်ဆန့်တန်းလိုက်လျှင်ပင် သူတို့၏ လက်ချောင်းများကို မြင်တွေ့နိုင်လိမ့်မည် မဟုတ်ပေ။ ဟန်လိက ထိုအခိုးအငွေ့များ၏ အလယ်တွင် ထူးဆန်းစွာ ပျောက်ဆုံးနေခဲ့သည်။

သမားတော်မော့က မျက်ခုံးများကို ကျုံ့လိုက်သည်။ ဟန်လိ၏ လှုပ်ရှားမှုက သူ မျှော်မှန်းထားသည်ထက် ကျော်လွန်နေခဲ့သော်လည်း သူ့နှလုံးသားထဲ၌ ၎င်းကို လျစ်လျူရှုထားဆဲ ဖြစ်သည်။ ဤကဲ့သို့သော တတိယတန်းစားလှည့်ကွက်များကို ရင်ဆိုင်ခဲ့ဖူးသည့် သူ့အတွေ့အကြုံကြောင့် သူက ၎င်းကို တန်ပြန်တိုက်ခိုက်နိုင်သည့် နည်းလမ်းများစွာ ရှိပေသည်။ သူက ထိုအခိုးအငွေ့များထဲ၌ အဆိပ်ရှိနေမည်စိုးသောကြောင့်သာ အသက်အောင့်ထားခြင်း ဖြစ်သည်။ သူ၏ နက်ရှိုင်းစွာ ကျွမ်းကျင်မှုတို့ကြောင့် လေးဆယ့်ငါးမိနစ်မှ ခုနစ်ဆယ့်ငါးမိနစ်ခန့် အသက်အောင့်ထားခြင်းက ပြဿနာမရှိနိုင်ပေ။

"ဟမ့်! အသုံးမဝင်တဲ့ အရည်အချင်းပဲ။ အဲဒါမျိုးကို ကျုပ်ရှေ့မှာတောင် ထုတ်သုံးရဲသေးတယ်။" သမားတော်မော့က အေးစက်စွာ သရော်လိုက်သည်။ ရုတ်တရက် သူ၏ ညာဘက်လက်က မြောက်တက်လာကာ အခိုးအငွေ့များအတွင်းမှ တစ်နေရာကို ရိုက်ချလိုက်သည်။ အခိုးအငွေ့များက ကြီးမားသော တင်းပုတ်နှင့် အရိုက်ခံလိုက်ရသကဲ့သို့ လှုပ်ရှားသွားပြီး ချက်ချင်း အပြင်ဘက်ကို ပြန့်ကျဲသွားကာ ​ကြီးမားသည့် တွင်းပေါက်တစ်ခုကို ဖန်တီးလိုက်ပေသည်။

သမားတော်မော့က ဟန်လိ၏ ပုံရိပ်ကို မမြင်ရသော်လည်း မရပ်တန့်ခဲ့ပေ။ သူက နေရာအနှံ့ကို အဆက်မပြတ် တိုက်ခိုက်နေပြီး တစ်ခါလျှင် ဆယ်ချက်ထက်ပို၍ ဆက်တိုက် တိုက်ခိုက်လိုက်ကာ အခိုးအငွေ့များအားလုံးကို အရှေ့တံခါးမှ ထွက်သွားအောင် ပြုလုပ်လိုက်သည်။ အခန်းက ပုံမှန်အတိုင်းပြန်​ဖြစ်သွားသောအခါ ဟန်လိက ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်လေသည်။

"ထူးဆန်းတယ်။ ဒီကောင်လေးမှာ တကယ် စွမ်းရည်တချို့ ရှိနေတာပဲ။ ငါ သူ့ရှေ့မှာ ရှိနေတာတောင် သူ့ကိုယ်သူ မတည်ရှိတော့သလို ပျောက်သွားအောင် လုပ်နိုင်တယ်။" သမားတော်မော့က အံ့သြသွားခဲ့သော်လည်း ထိတ်လန့်ခြင်း မရှိခဲ့ပေ။ သူက တံခါးကို စိုက်ကြည့်နေခဲ့ပြီး ပတ်ဝန်းကျင်ကို စစ်ဆေးနေခဲ့သည်။ သန်းတစ်ကောင်ဖြတ်ပျံသွားခဲ့လျှင်ပင် သူ့စစ်ဆေးမှုအောက်မှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

သူက မျက်လုံးများကို ကစားရင်း တစ်အိမ်လုံးအား ဂရုတစိုက်စစ်ဆေးနေခဲ့သည်။ စာအုပ်စင်အနီးတဝိုက်ကို စစ်ဆေးကြည့်လိုက်ပြီး စားပွဲနှင့် ကုလားထိုင်များကလည်း ထိထားဟန်မပေါ်ကာ အရာအားလုံးက တူညီစွာပင် ရှိနေခဲ့သည်။ ပုံမှန်မဟုတ်သော မည်သည့်အရာမှ ရှိမနေပေ။ သို့ဆိုလျှင် ဟန်လိကဲ့သို့ လူကောင်ကြီးကြီးနှင့် တစ်ယောက်က ဤနေရာကျဥ်းကျဥ်းလေးတွင် ပျောက်ကွယ်သွားအောင် မည်သို့ လုပ်နိုင်ခဲ့ပါသနည်း။

သမားတော်မော့၏ အမူအရာက ပြောင်းလဲသွားခဲ့သည်။ သူ့နှလုံးသားထဲတွင် သံသယ အနည်းငယ်ကို ခံစားလိုက်ရပြီး သူက အကြိမ်ရေအနည်းငယ်ခန့် ချောင်းဆိုးလိုက်သည်။ ထို့နောက် ဟန်လိ ပျောက်ကွယ်သွားရာသို့ ဒယိမ်းဒယိုင် လျှောက်သွားကာ အမှန်တကယ် မည်သို့ ဖြစ်ပျက်ခဲ့သည်အား အနီးကပ် ကြည့်ချင်ခဲ့သည်။

သူက ဟန်လိ ပျောက်ကွယ်သွားသည့်နေရာနှင့် ခြေလှမ်းအနည်းငယ် အကွာအဝေးသို့ ရောက်လာသောအခါ ရပ်တန့်လိုက်ပြီး မျက်ဆံများက ကျုံ့သွားခဲ့သည်။ သူသည် အနီးဝန်းကျင်မှ ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်ကို ခံစားလိုက်ရပြီး လှုပ်ရှားမှုပြုလုပ်ရန် အသင့်ပြင်လိုက်သည်။

သမားတော်မော့က အခန်းကို အသေးစိတ် စစ်ဆေးကြည့်နေခဲ့ပြီး သူ့ မျက်လုံးများမှ စွမ်းအင်များ ဖြာထွက်နေခဲ့သည်။ သို့ဆိုလျှင်ပင် သူက ပုံမှန်မဟုတ်သော မည်သည့်အရာကိုမှ ရှာမတွေ့ခဲ့ပေ။ သူသည် အနီးအနား၌ မည်သူမှ မရှိတော့သည့်အကြောင်း စတင်စိုးရိမ်လာသည်။ ဟန်လိက မြေလျှိုးပြီးမိုးပျံသွားခြင်းဖြစ်နိုင်သလား။

"မြေလျှိုးပြီး မိုးပျံတာလား။"  သမားတော်မော့က အတွေးထဲ ပျောက်ဆုံးသွားပြီး အရေးကြီးသည့် တစ်စုံတစ်ခုအား သတိပြုမိသွားလေသည်။ သူက ၎င်းကို တွေးတောနေစဥ်၌ ရုတ်တရက် 'ဒုန်း' ဟူသည့် အသံတစ်ခုကို သူ့ခေါင်းထက်မှ ကြားလိုက်ရပေသည်။

"မကောင်းတော့ဘူး။" ဟန်လိက ခေါင်မိုးမှ ထုပ်တန်းပေါ်တွင် သူ့ကိုယ်သူ ပုန်းကွယ်နေခြင်းဖြစ်ကြောင်း သမားတော်မော့က ရုတ်တရက် သတိပြုမိလိုက်သည်။ သူက အချိန်မီ မော့မကြည့်လိုက်နိုင်ခဲ့ပေ။ ဟစ်ကြွေးသံတစ်ခုနှင့်အတူ သမားတော်မော့က သူ့လက်ကို မြှောက်ကာ ပြိုင်ဘက်အား ပြင်းထန်စွာ ရိုက်ချလိုက်သည်။

အစွမ်းထက်သည့် ရိုက်ချက်နောက်တွင် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသော်လည်း စူးရှရှင်းလင်းသည့် 'ဒေါင်' ဟူသော အသံကိုသာလျှင် ကြားလိုက်ရပေသည်။

သမားတော်မော့က ဇဝေဇဝါဖြစ်သွားပြီး ခေါင်းကို မော့၍ ထုပ်တန်းကို ကြည့်လိုက်သည်။ သူသည် မည်သည့် လူအရိပ်အ​ယောင်မှ ရှိမနေသည့် အပေါ်ဘက်ရှိ ဗလာနတ္ထိဖြစ်နေသော နေရာကို ကြောင်အစွာ စိုက်ကြည့်နေခဲ့မိပေသည်။ ထိုနေရာတွင် သူ၏ ရိုက်ချက်ကြောင့် မရပ်မနား အသံမြည်နေသော ခေါင်မိုးထုပ်တန်းမှ တွဲလောင်းကျနေသည့် အနက်ရောင် သတ္တုခေါင်းလောင်းလေးတစ်ခုသာလျှင် ရှိပေသည်။ ၎င်းက 'ဒေါင်' ဟူသော အသံကို ထွက်ပေါ်လာစေသည့် တရားခံ ဖြစ်လေသည်။ ထိုနေရာတွင် ဟန်လိ၏ အရိပ်အယောင်မျှပင် ရှိမနေခဲ့ပေ။

သမားတော်မော့က အပေါ်သို့ မော့ကြည့်နေသည့်အချိန်တွင် အေးစက်သော အလင်းတန်းတစ်ခုက မိုးချုန်းသံကဲ့သို့ အသံနှင့်အတူ သမားတော်မော့၏ ဝမ်းဗိုက်အောက်ပိုင်းသို့ ပြင်းပြင်းထန်ထန် ထိုးသွင်းလာခဲ့သည်။ ၎င်းအရှိန်က လျှပ်စီးနှင့် ယှဥ်နိုင်လောက်အောင်  အလွန် လျင်မြန်လှပေသည်။ ထိုအလင်းက သူ့အဝတ်အစားများကို ထိခါနီးမှသာ သမားတော်မော့က သတိထားမိခဲ့လေသည်။

သမားတော်မော့က ထိတ်လန့်မှုကြောင့် တုန်လှုပ်သွားခဲ့သည်။ သူက အလိုလိုပင် ခန္ဓာကိုယ်ကို လျင်မြန်စွာ လှုပ်ရှား၍ ရှောင်တိမ်းလိုက်သည်။ သူ၏ ခန္ဓာကိုယ်က ကျောရိုးမရှိသကဲ့သို့ နောက်သို့ လှန်၍ လေးကိုင်းသဏ္ဌာန် ကွေးချလိုက်သည်။ ဤအန္တရာယ်ရှိသော ဓားတိုလေး၏ တိုက်ခိုက်မှုက သူ့ဗိုက်ကို ခြစ်မိရုံမျှ ခပ်သေးသေးသာ ဖြတ်မိသွားသော်လည်း သူ၏ အစာအိမ်ကို ဖွင့်ထုတ်ပိုင်းဖြတ်မိလုနီးပါး ဖြစ်သွားရသည်။

ထိုတိုက်ခိုက်မှုကို တွေ့ကြုံပြီးနောက် သမားတော်မော့က စိတ်အေးလက်အေး ရှိမနေရဲတော့ပေ။ သူက အနေအထားကို ပြောင်းလဲခြင်းမရှိဘဲ သူ့ ဖိနပ်အောက်၌ စပရိန်ပါနေသလို နောက်သို့ မီတာများစွာ ခုန်ကာ ဆုတ်ခွာသွားခဲ့သည်။ နောက်သို့ အတော်ဝေးဝေး ဆုတ်ခွာသွားပြီးနောက်မှ သတိကြီးစွာဖြင့် မတ်မတ်ပြန်ရပ်ရဲခဲ့ပြီး ဓားအလင်းထွက်ပေါ်လာသည့် နေရာသို့ ဒေါသတကြီးစိုက်ကြည့်လိုက်သည်။

ထို့နောက်မှသာ သမားတော်မော့ အစောပိုင်းက ရပ်ခဲ့သည့် ကြမ်းပြင်က တဖြေးဖြေး စတင်ဖောင်းကြွလာသည်ကို မြင်လိုက်ရသည်။ ထင်မှတ်မထားစွာဖြင့် ဖောင်းကြွလာမှုက ပို၍ ကြီးမားကာ မြင့်မားလာပြီး နောက်ဆုံး၌ ဟန်လိ ထွက်ပေါ်လာပေသည်။ သူက အရိုးပျော့ပညာရပ်၊ အသက်ရှူထိန်းချုပ်ခြင်းပညာရပ်နှင့် အတုအယောင်ဖုံးကွယ်ခြင်းနည်းစနစ်တို့ကို အသုံးပြုခဲ့သည်။

ထိုအချိန်တွင် ဟန်လိ၏ အဝတ်များက အဝါရောင်မြေပြင်နှင့် တူညီသော အရောင်ဖြစ်နေခဲ့သည်။ သူ၏ ဘယ်ဘက်လက်တွင် သမားတော်မော့အား ထိုမိလုနီးပါးဖြစ်ခဲ့သော ဓားတိုကို ကိုင်ထားခဲ့ပြီး သူ့မျက်လုံးများက စိတ်အနှောက်အယှက် ဖြစ်သည့် အရိပ်အယောင်တို့ ရှိနေခဲ့သည်။ ကြည့်ရသည်မှာ ဟန်လိက သူ့ပစ်မှတ်ကို လွဲချော်သွားရသည့်အတွက် နှမြောနေပုံရသည်။

ယခင်က တိုက်ခိုက်ခံရမှုသည် ထို သမားတော်မော့အား ထိုဓားကို ကြောက်ရွံ့သွားစေခဲ့ပြီး သူ့ နှလုံးသားက အရူးအမူး ခုန်ပေါက်နေခဲ့သည်။ သူသည် ထိုကဲ့သို့ အန္တရာယ်ရှိသည့် အခြေအနေနှင့် မည်သည့်အခါကမှ မကြုံတွေ့ဖူးခဲ့သူ မဟုတ်သော်လည်း သူ့ အသက်အန္တရာယ်ရှိသည့် အခြေအနေမျိုးနှင့် ရင်ဆိုင်ရခြင်းက လက်တစ်ဆုပ်စာခန့်သာ ရှိလေသည်။ ပို၍ ကြောက်မက်ဖွယ် ကောင်းသည်မှာ သူ့ကို ထိုအခြေအနေနှင့် ကြုံတွေ့ရအောင် လုပ်ခဲ့သည်က သူအမြဲတမ်း အထင်အမြင်သေးခဲ့သော ဟန်လိမှ လုပ်ဆောင်ခဲ့ခြင်း ဖြစ်လေသည်။

သူက အသက်ပြင်းပြင်းရှုလိုက်ပြီး နောက်ဆုံး၌ အမူအရာက တည်ငြိမ်လာကာ ခြောက်သွေ့ကြမ်းရှသည့် အသံနှင့် ပြောလိုက်သည်။ "ချစ်တပည့်လေး ကျုပ် မင်းကို လျှော့တွက်မိလိုက်ပုံရတယ်။ မင်း ထုတ်ပြလာတဲ့ စွမ်းရည်က မဆိုးဘူးပဲ။ ကျုပ်အနေနဲ့ မင်းကို လေးလေးနက်နက် ဆက်ဆံဖို့ ထိုက်တန်တယ်။"

ထိုစကားများကို ပြောပြီးနောက် သမားတော်မော့က သူ့လက်များကို မျက်လုံးရှေ့သို့ မြှောက်ကာ စကားတစ်လုံးမှ ထပ်မပြောတော့ဘဲ သူ့လက်များကို နူးညံ့ကြင်နာသော အကြည့်တို့ဖြင့် ကြည့်လိုက်သည်။ သူ့အကြည့်များမှာ ချစ်သူတစ်ယောက်အား တမ်းတမ်းတတကြည့်နေဟန်ပေါ်ကာ ဟန်လိအကြောင်းကို မေ့သွားခဲ့သလိုပင် ထင်မှတ်ရသည်။

ဟန်လိက မျက်ခုံးများကို ပင့်ကာ လှောင်ပြုံးပြုံးလိုက်သည်။ သူက လက်တစ်ဖက်တွင် ဓားအတိုလေးကို ဆုပ်ကိုင်ထားပြီး သမားတော်မော့ထံသို့ တစ်လှမ်းချင်း နှေးကွေးစွာ ချဥ်းကပ်လာခဲ့လေသည်။

All Chapters