← Chapters

မိစ္ဆာငွေလက်နှင့် အရိပ်မြူခိုးခြေလှမ်း

Vol. 4 Ch. 47

မိစ္ဆာငွေလက်နှင့် အရိပ်မြူခိုးခြေလှမ်း

Vol. 4 Ch. 47

"မိစ္ဆာငွေလက်(မော်ယင်ရှို)။"

ထိုစကားလုံးသုံးလုံးက သမားတော်မော့၏ ပါးစပ်မှ ဖြေးညင်းစွာ ထွက်ကျလာပြီး အသံလှိုင်းက အဝေးတစ်နေရာထိ ပျံ့နှံသွားပုံရသည်။ ၎င်းတို့တွင် အလွန် နက်နဲသိမ်မွေ့သည့် မိစ္ဆာစွမ်းအင်တို့ကို ပိုင်ဆိုင်ထားသည့်အတွက် ဟန်လိက အလိုလိုအေးခဲသွားကာ သူ့ခြေလှမ်းများ ရပ်တန့်သွားလေသည်။

သမားတော်မော့၏ အသံပျောက်ကွယ်သွားသည်နှင့် သမားတော်မော့ ခန္ဓာကိုယ်မှ ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်များ ပေါက်ကွဲထွက်ပေါ်လာနေသည်။ ဤပြင်းထန်သည့် သတ်ဖြတ်လိုစိတ်များသည် မိုးသက်လေပြင်းနှင့် ယှဥ်၍ပင် ရကာ အရပ်လေးမျက်နှာမှ အားကောင်းလာခဲ့ပြီး အိမ်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။

ဟန်လိက ရှေ့သို့ လျှောက်လာခဲ့သည်နှင့် သူက ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်များနှင့် ထိပ်တိုက်တွေ့ဆုံကာ သူ့အား နောက်သို့ အတင်းအကျပ် ဖိအားပေးခဲ့ပြီး သူ့ခန္ဓာကိုယ်ကို တည်ငြိမ်စွာ ပြန်မရပ်နိုင်ခင် ခြေလှမ်းအနည်းငယ်ခန့် ဆုတ်ခွာသွားစေခဲ့သည်။

ဟန်လိ၏ နှလုံးသားက အလွန် လျင်မြန်စွာ ခုန်လှုပ်လာခဲ့ပြီး သူ့ အမူအရာသည်လည်း အပြင်းအထန် ပြောင်းလဲသွားခဲ့ပေသည်။ သူသည် နောက်ဆုံး၌ သမားတော်မော့က သူ့အား လျှော့တွက်နေခြင်းကို ရပ်တန့်လိုက်ပြီး သူနှင့် ရင်ဆိုင်ရန် အန္တိမနည်းစနစ်တစ်ခုအား အသုံးရန် ဆုံးဖြတ်လိုက်ကြောင်း သိရှိပေသည်။ ဟန်လိ၏ ဓားတိုနှင့် တိုက်ခိုက်ခံလိုက်ရမှုက သမားတော်မော့ကို အမှန်တကယ် ဒေါသထွက်သွားစေခဲ့ပုံရသည်။

"ဟီးဟီး! ကောင်စုတ်လေး မင်း ကျုပ်ရဲ့ အန္တိမနည်းစနစ်ဖြစ်တဲ့ မိစ္ဆာငွေလက်ကို မြင်တွေ့ခွင့်ရတော့မယ်။ မင်းက ကံကောင်းမှုတွေကို သုံးဘဝစာလောက် စုဆောင်းခဲ့တာ ဖြစ်ရမယ်။"

သမားတော်မော့၏ နားကွဲလုမတတ် အော်ဟစ်ပြောဆိုသံက ဟန်လိ နားထဲသို့ အဆက်မပြတ် ဝင်ရောက်လာသည်။ ဟန်လိအတွက် ကံကောင်းသည်မှာ သမားတော်မော့သည် အစောပိုင်းက နည်းစနစ်အတွင်း ချီကို ထည့်သွင်းမထားခဲ့ပေ။ သမားတော်မော့က ဟန်လိနှင့် ရင်ဆိုင်ရင်း တစ်ဖန်ရှုံးနိမ့်သွားရမည်ကို မကြိုက်သောကြောင့် အစွမ်းထက်ဆုံး နည်းစနစ်ကို ထုတ်အသုံးပြုတော့မည်ပုံရပြီး ၎င်းက ဟန်လိကို အနည်းငယ် စိုးရိမ်ပူပန်သွားစေခဲ့သည်။

သို့သော် သမားတော်မော့က သူ၏ အစွမ်းထက်ဆုံးနည်းစနစ်ဖြစ်သည့် မိစ္ဆာငွေလက်ကို အသုံးပြုမည်ဟု ကြားပြီးနောက် ဟန်လိက သူ့ပြိုင်ဘက်၏ လက်များကို စိုက်ကြည့်လိုက်မိသည်။

သူ ကြည့်ပြီးသည့်အခါ မြင်လိုက်ဂသည့်အရာကြောင့် ဟန်လိမျက်နှာက အံ့သြထိတ်လန့်စွာ ပါးစပ်အဟောင်းသားနှင့် အေးခဲသွားခဲ့သည်။

မူလက သစ်ကိုင်းများကဲ့သို့ ပိန်ပါးသည့် သမားတော်မော့၏ လက်များက ဖောင်းကားလာာကာ မူလအရွယ်ထက် နှစ်ဆကျော်ကြီးမားသွားခဲ့သည်။ ပို၍ ကြောက်မက်ဖွယ် ကောင်းသည်မှာ သူ၏ ဝါကျင့်ကျင့်နှင့် ဖြူဖျော့နေသော အသားအရေက ရုပ်ပိုင်းဆိုင်ရာ အပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့ပြီး ငွေရောင်သို့ ပြောင်းလဲသွားခဲ့ပေသည်။ နေမင်း၏ တောက်ပသော အလင်းတန်းများအောက်တွင် ၎င်းက အေးစက်သော ရွှေရောင်အလင်းတို့ ရောင်ပြန်ဟပ်နေကာ ငွေထည်ဖြင့် ထည်ဆောက်ထားပြီး ဖျက်ဆီး၍ မရနိုင်ပုံပေါ်သည်။

"ဒါက သမားတော်မော့ရဲ့ ခွန်အား အစစ်အမှန်လား။"

သမားတော်မော့၏ လက်များကို ကြည့်ပြီးနောက် ဟန်လိ၏ နှလုံးသားက ပို၍ပင် နစ်မြုပ်သွားခဲ့လေသည်။ သူက လက်တစ်ဖက်နှင့် ဓားတို၏ အရိုးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသော်လည်း သူ့လက်ဖဝါးတွင် ချွေးများဖြင့် ရွှဲနစ်နေသည့်အတွက် သူ၏ ဆုပ်ကိုင်ထားမှုက မတင်းကျပ်ဘဲ စိုစွတ်စွတ်နှင့် ချော်ထွက်နေခဲ့သည်။ သူ၏ တိုက်ပွဲအတွေ့အကြုံက အကန့်အသတ်ရှိပြီး သူ့ ပြိုင်ဘက်က ထုတ်ဖော်ပြသလာသည့် စွမ်းရည်အသစ်သည်ပင် ဟန်လိအား စိုးရိမ်ပူပန်အောင် လုပ်ရန် လုံလောက်နေပြီဖြစ်သည့်အတွက်ကြောင့် လေထုက အလွန် လေးလံလာခဲ့ပေသည်။

သို့သော် အပေါ်ယံတွင် ဟန်လိက မည်သည့် သက်ရောက်မှုမှ မရှိသကဲ့သို့ ထင်မှတ်ရပေသည်။ သူက တည်ငြိမ်သော မျက်နှာထားနှင့် စိုးရိမ်ပူပန်မှုကို အနည်းငယ်မျှပင် မဖော်ပြဘဲ သမားတော်မော့ ထုတ်ဖော်ပြသလာသည့် အန္တိမနည်းစနစ်ကိုပင် အထင်သေးနေပုံရသည်။

သမားတော်မော့က အလွန် စိတ်မကျေမနပ် ဖြစ်သွားခဲ့သည်။ သူက ဟန်လိကို အမြင်သစ်​ဖြင့် ရှုမြင်လာခဲ့သော်လည်း ထိုဆယ်ကျော်သက်လေးကို ရင်ဆိုင်ရန် သူ၏ အစွမ်းထက်ဆုံး နည်းစနစ်အား ထုတ်ဖော်အသုံးပြုရသည်မှာ သစ်ကြားသီးခွဲရန် ကျောက်ခွဲတူအား အသုံးပြုနေရသလို သူ့ပြိုင်ဘက်ကို အလွန်အကျွံ အထင်ကြီးနေမိသလို ထင်မိပေသည်။ ထို့ကြောင့် သူက ဟန်လိက ထိတ်လန့်ကြောက်ရွံ့သွားပြီး သူ့အား သနားညှာတာပေးဖို့ရာ တောင်းပန်လာစေရန် မျှော်လင့်နေခဲ့သည်။ သို့မှသာလျှင်  သမားတော်မော့က သူ့မာနကို ထိန်းသိမ်းထားနိုင်မည် ဖြစ်သည်။

"ကျုပ် မင်းမျက်နှာပေါ်က အမူအရာကို အရမ်းမုန်းတယ်ဆိုတာ သိလား။ အမေ့နို့နံ့တောင်မစင်သေးတဲ့ ကောင်စုတ်လေးက အရာအားလုံး သူ့ထိန်းချုပ်အောက်မှာ ရှိနေသလိုမျိုး ရဲရဲတင်းတင်း ပြုမူနေရဲသေးတယ်။" သမားတော်မော့က အေးစက်စွာ ပြောလိုက်ပြီး ဟန်လိအပေါ် သူ၏ စက်ဆုပ်မှုနှင့် အမုန်းတရားတို့ကို ဖုံးကွယ်ထားရန် မကြိုးစားခဲ့ပေ။

"အိုး.. အဲဒီလိုလား။ လောင်မော့ကို မနှစ်မြို့စရာခံစားချက်ဖြစ်အောင် လုပ်နိုင်တာ ကျုပ်အတွက် ဂုဏ်ယူစရာပါပဲ။ အနာဂတ်မှာ ကျုပ်တော့ ဒီအရည်အချင်းကို ပိုတိုးတက်လာအောင် လုပ်သင့်ပြီလို့ ထင်တယ်။" ဟန်လိက ထေ့ငေါ့ကာ ပြောလိုက်ပြီး ပြိုင်ဘက်က သူ၏ ထေ့လုံးငေါ့လုံးများကြောင့် ဒေါသထွက်၍ ခြေချော်လက်ချော်နှင့် သူ့အား အခွင့်အရေး ပေးလာရန် မျှော်လင့်နေသည်။

သို့သော် ဟန်လိ၏ သိသာသော ရည်ရွယ်ချက်က မြင်သာပေသည်။ သမားတော်မော့က စကားပြောနေခြင်းကို ရပ်လိုက်ပြီး သူ့ လက်ဖဝါးနှစ်ဖက်ကို ရိုက်ခတ်လိုက်ကာ 'ဖန်း' ဟူသည့် အသံကို ဖြစ်ပေါ်လာစေသည်။ ၎င်းက သတ္တုများ ထိခတ်သံနှင့် တူညီပေသည်။ သူ၏ ရည်ရွယ်ချက်မှာ ပြိုင်ဘက်၏ နှလုံးသားအတွင်း အကြောက်တရားတို့ ဖြစ်ပေါ်လာစေရန် ဖြစ်သည်။

သမားတော်မော့၏ ပုံရိပ်က လှုပ်ရှားသွားပြီး သူက လေထဲသို့ ခုန်တက်ကာ သူ၏ ဖောင်းကားနေသော ငွေလက်ဝါးများကို လှုပ်ရှားလိုက်သည်။ လေပွေကဲ့သို့ အားကောင်းပြီး ထိုက်တောင်ကဲ့သို့ မာကြောသည့် ဟန်ဖြင့် သူက ဟန်လိထံ တိုးဝင်လာသည်။

သမားတော်မော့က ဟန်လိအား ​ဖမ်းရန်အတွက် အချိန်ဖြုန်းဖို့ရာ ရည်ရွယ်ချက် မရှိတော့ပုံရသည်။ သူက သူ၏ အန္တိမနည်းစနစ်နှင့် တိုက်ခိုက်ရန် တိုက်ကွက်တစ်ခု ပြုလုပ်လိုက်လိမ့်မည် ဖြစ်သည်။

လေးလံသော အမူအရာနှင့် ဟန်လိက သမားတော်မော့ ချဥ်းကပ်လာသည့်အပေါ် အာရုံအပြည့်စိုက်ထားခဲ့သည်။ သမားတော်မော့က လေထဲသို့ ခုန်တက်သွားသည်ကို မြင်သောအခါ ဟန်လိက လက်ထဲမှ ဓားတိုကို မြှောက်ပြီး အားနည်းချက် နေရာတစ်ခုဖြစ်သည့် သမားတော်မော့၏ လည်ပင်းသို့ ရည်ရွယ်လိုက်သည်။

သမားတော်မော့က ဟန်လိ မည်မျှ မောက်မာနေကြောင်း မြင်သည့်အခါ အနည်းငယ် မကျေမနပ်ဖြစ်သွားသည်။ ဟန်လိသည် အမှန်တကယ်ပင် သူ၏ 'မာကျောသော' နည်းစနစ်နှင်ပ ထိပ်တိုက်ရင်ဆိုင်ချင်နေသည်လား။ သမားတော်မော့က အရူးအမူးရယ်မောလိုက်မိပြီး သူ့နှလုံးသားထဲမှ ပျော်ရွှင်မှုကို ခံစားလိုက်ရသည်။ "သွားသေလိုက်။"

သူက ငွေရောင်လက်ကို မြှောက်ကာ ဟန်လိ၏ ဓားတိုကို ဖမ်းလိုက်ပြီး အခြားတစ်ဖက်က ဟန်လိ၏ ပခုံးကို ရိုက်ချရန် ရည်ရွယ်လိုက်သည်။ လက်နှစ်ဖက်က ကြောက်မက်ဖွယ် အရှိန်နှုန်းနှင့် လေထဲသို့ ဖြတ်သန်းသွားခဲ့ပေသည်။

ဟန်လိ၏ ပခုံးပေါ်သို့ ကျရောက်လာသည့် ရိုက်ချက်က အားပြင်းပြီး ကြောက်မက်ဖွယ်ကောင်းပုံပေါ်သော်လည်း သမားတော်မော့သည် ထိုတိုက်ခိုက်မှု၌ သူ့ခွန်အား တစ်ဝက်မျှကိုသာ အသုံးပြုထားခဲ့ပေသည်။ သူသည် ဟန်လိ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားမည်ကို စိုးရိမ်သည့်အတွက် သူ့လက်ဝါးအတွင်း အင်အားအပြည့်အဝ အသုံးပြုနိုင်ခဲ့ခြင်း မရှိပေ။

ဟန်လိသည် ထိုအကြောင်းကို အမှန်အတိုင်း မသိသောကြောင့် တိုက်ခိုက်မှုအား အလွန်လေးနက်စွာ ရင်ဆိုင်ခဲ့သည်။ သူသည် ပြိုင်ဘက်၏ ငွေရောင်လက်၏ မာကျောမှုကို စမ်းသပ်ရန် ကိုယ်ပိုင်ခန္ဓာကိုယ်အား အသုံးပြုလိမ့်မည် မဟုတ်ပေ။ ထို့အစား သူက လက်ကောက်ဝတ်ကို ပေါ့ပါးစွာ လှုပ်ရှားလိုက်ပြီး ဓားတိုအား လေထဲတွင် လေးကိုင်းသဏ္ဌာန် အလျားလိုက် ဝေ့ဝိုက်ခုတ်ပိုင်းလိုက်သည်။ သူသည် ထိုလှုပ်ရှားမှုကို အသုံးပြု၍ ခန္ဓာကိုယ်အထက်ပိုင်းကို ကာကွယ်ရန် ရည်ရွယ်ပေသည်။

သမားတော်မော့က နှာခေါင်းရှုံ့လိုက်သော်လည်း သူ့လက် လှုပ်ရှားမှုက ပြောင်းလဲမသွားခဲ့ဘဲ ဓားတိုကို ရှောင်တိမ်းရန် ရည်ရွယ်ချက်မရှိသကဲ့သို့ ဆက်လက်တိုးဝင်လာနေဆဲ ဖြစ်သည်။

ဒန်! ဟန်လိ၏ ဓားတိုနှင့် ငွေရောင်လက်တို့ ထိပ်တိုက်တွေ့ဆုံသွားသည့်အခါ စူးရှသည့် အသံတို့ ထွက်ပေါ်လာပြီး မီးပွင့်လေးများ အနည်းငယ် လွင့်စင်လာစေသည်။ သို့သော် ဓားတိုက သမားတော်မော့၏ လက်ဝါးကို ခြစ်ရာလေးပင် မပြုလုပ်နိုင်ခဲ့ပေ။

သမားတော်မော့က ထိုအခွင့်အရေးကို အသုံးချလိုက်သည်။ သူက လက်ကို ပြောင်းပြန်လှန်ကာ ဟန်လိအား လက်နက်ပြန်ရုတ်သိမ်းရန် အခွင့်အရေးမပေးဘဲ လက်ချောင်းတစ်ချောင်းကို ဆန့်ထုတ်၍ ဓားတိုကို အသာအယာ ပုတ်လိုက်သည်။ ဟန်လိသည် ပြင်းထန်သည့် ပေါက်ကွဲမှုအားကို ခံစားမိလိုက်ပြီး ဓားတိုက အဝေးသို့ လွင့်စင်သွား၍ နံရံအတွင်း စိုက်ဝင်နေခဲ့ပေသည်။

အခြားငွေရောင်လက်တစ်ဖက်က လက်သည်းများ ဖြစ်တည်လာပြီး ဟန်လိ၏ ပခုံးရိုးကို လှမ်းကုပ်ဆွဲလိုက်ကာ ဟန်လိ လှုပ်ရှားမှုများကို ရပ်တန့်၍ အရှင်ဖမ်းနိုင်ရန် မျှော်လင့်နေသည်။

အခြေအနေက လျင်မြန်စွာ အဆိုးဘက်ပြောင်းလဲသွားသော်လည်း ဟန်လိက မည်သည့် ထိတ်လန့်တုန်လှုပ်မှုကိုမှ မပြသခဲ့ပေ။ သူ့ပခုံးများကို အနည်းငယ် လှုပ်ရှားလိုက်ကာ ရှေ့သို့ ပြေးသွားခဲ့ပြီး သမားတော်မော့ ရှေ့မှောက်မှာပင် အခိုးအငွေ့များအဖြစ် ပြောင်းလဲသွားခဲ့ပေသည်။

ထိုကဲ့သို့သော တစ္ဆေဆန်သည့် ခန္ဓာကိုယ်လှုပ်ရှားမှု နည်းစနစ်မျိုးကို မြင်သောအခါ သမားတော်မော့က ထိတ်လန့်တုန်လှုပ်သွားခဲ့ပေသည်။ သို့သော် သူက တိုက်ခိုက်မှုကို ဆက်လက်ပြုလုပ်နေခဲ့ပြီး သူ့ရှေ့တွင် အကာအကွယ်အလင်းလွှာတစ်ခု ရှိနေသကဲ့သို့ လက်နှစ်ဖက်ကို တွန်းကန်ထားကာ အခိုးအငွေ့တို့ကို တားဆီးထားပေသည်။ သူက ဟန်လိအား လွတ်မြောက်ခွင့်ပြုရန် ရည်ရွယ်ချက်မရှိပေ။

အခိုးအငွေ့များက အလွန် ပုံမှန်မဟုတ်ပေ။ ၎င်းတို့က ခေတ္တမျှ တွေဝေနေပြီးနောက် ထွက်ပြေးရန် အခွင့်အရေးကို ချင့်ချိန်တွေးတောနေသကဲ့သို့  အရပ်လေးမျက်နှာသို့ ဖြန့်ကျက်ခွဲထွက်သွားပေသည်။ ၎င်းသည် ထူးဆန်းသည့် ထောင့်များအတိုင်း ရွေ့လျားနေပြီး အလင်းလွှာကို ထိုးဖောက်ရန် ကြိုးစားနေခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း အခိုးအငွေ့များက သမားတော်မော့၏ အိမ် ဘယ်ဘက်ထောင့်သို့ လျင်မြန်စွာ ရွေ့လျားသွားခဲ့ပြီးနောက် ရပ်တန့်လိုက်ကာ ဟန်လိအဖြစ်  ပြန်လည် ပြောင်းလဲသွားခဲ့သည်။ 

All Chapters