← Chapters

အသိဉာဏ်ပွင့်ခြင်း

Vol. 70 Ch. 976

အသိဉာဏ်ပွင့်ခြင်း

Vol. 70 Ch. 976

နှင်းစက်ကျ ကုန်သည်အိမ်တော်၏ လေလံပွဲကို ဆက်လက်၍ ကျင်းပ၏။ နှင်းစက်ကျ ကုန်သည်အိမ်တော် အဆောက်အဦးအတွင်းရှိ အခမ်းနားဆုံး အခန်း၌ ခပ်ဖြူဖြူ လူလတ်အရွယ် အမျိုးသားတစ်ဦးက ထိုင်နေသည်။ သူ့ရှေ့တွင် အမျိုးသား ကျင့်ကြံသူ နှစ်ဦး ရှိနေပြီး တစ်ဦးမှာ မိုဝူကျိနှင့် အလဲအလှယ် သွားလုပ်ခဲ့သည့် နတ်ဘုရား အုပ်စိုးသူ ဖြစ်ပြီး နောက်တစ်ဦးမှာ လက်နောက်ပစ်ထားသည့် မုတ်ဆိတ်အပြောင် ရိတ်ထားသော လူအိုကြီး တစ်ဦး ဖြစ်၏။

“ အဖွဲ့ခေါင်းဆောင် … အဲဒီလူက နှင်းစက်ကျမြို့ကို ထွက်သွားလောက်ပြီ။ သူက ထိပ်တန်းအဆင့် လွတ်မြောက်ရေး နည်းစနစ်ကို သုံးသွားတယ်။ သူ ထွက်သွားတာနဲ့ တည်နေရာ လှိုင်းတွန့်လေးတောင် မကျန်ရှိနေခဲ့ဘူး။ အဲကြောင့် ဒီဟာက လွတ်မြောက်ရေး နည်းစနစ်ထဲမှာ မြေ လွတ်မြောက်ရေး နည်းစနစ် ဖြစ်လောက်တယ် ” ပြောလိုက်သူမှာ နတ်ဘုရား အုပ်စိုးသူ ဖြစ်၏။

မုတ်ဆိတ်အပြောင်နှင့် လူအိုကြီးလည်း ဝင်ပြောလိုက်သည်  “ အမြစ်မဲ့သံမဏိရဲ့ တည်နေရာကို အာရုံခံမိသေးတယ်။ အဲဒါက အရမ်းကို လျင်မြန်တဲ့နှုန်းနဲ့ ရွေ့နေတယ် ”

ခပ်ဖြူဖြူ လူလတ်အရွယ် အမျိုးသားက မျက်လုံးဖွင့်ကာ ခပ်ယဲ့ယဲ့ ပြုံးလိုက်ရင်း  “ အဲဒီလူက မဆိုးဘူးပဲ …. သူ့ဆီမှာ ထိပ်တန်းအဆင့် လွတ်မြောက်ရေး နည်းစနစ်တောင် ရှိနေသေးတယ်။ သူ့နေရာကို ရောက်တဲ့အခါ ဘာမှမလုပ်ခင် အရင်ဆုံး သူ့နောက်ခံကို စစ်ဆေးကြည့်ဦး ”

“ အာ ” လူအိုကြီးက ဘာမှမပြောတော့ပေ။

“ ဘာဖြစ်တာလဲ ” အဖွဲ့ခေါင်းဆောင် ခေါ်ဝေါ်ခံရသော လူလတ်အရွယ် အမျိုးသားက မြန်မြန် မေးလိုက်သည်။

“ အမြစ်မဲ့ သံမဏိပေါ်က အမှတ်အသားက ပျောက်သွားပြီ။ အဲဒီလူရဲ့ တည်နေရာကို အာရုံခံလို့ မရတော့ဘူး ” လူအိုကြီး၏ မျက်နှာအမူအယာမှာ ပျက်ယွင်းသွားလေသည်။ နတ်ဘုရားဘုရင်များပင် သူ့အမှတ်အသားကို တစ်နာရီခွဲအတွင်း မဖယ်ရှားနိုင်ပေ။ ယခု ငတိတစ်ကောင်က ဘာမှ မဟုတ်သည့်အလား ပယ်ဖျက်လိုက်နိုင်သည်။

ဤနတ်ဘုရား အုပ်စိုးသူ မျက်နှာတွင် တအံ့တဩ အမူအယာ ရှိနေလေ၏။ သူက ဦးညွှတ်ကာ  “ အဖွဲ့ခေါင်းဆောင် … ကျုပ် ဝတ်ရုံပေါ်က အမှတ်အသားက နေရာတစ်ခုတည်းမှာပဲ ရပ်နေတယ်။ ကြည့်ရတာ သူ ချွတ်ပစ်လိုက်ပုံပဲ … ကျုပ် တစ်ချက် သွားကြည့်လိုက်ဦးမယ် ”

အဖွဲ့ခေါင်းဆောင်က လက်ဝှေ့ပြကာ  “ ထားလိုက်ပါတော့ … သူက ဒါတွေအားလုံး တွေးမိပြီးပြီဆိုတော့ သွားကြည့်လည်း မထူးတော့ဘူး။ ဒီကိစ္စက အခွင့်သာလို့ ဖြစ်လာတာပဲ။ ဆက် အာရုံစိုက်စရာ မလိုတော့ဘူး ”

“ ဟုတ်ကဲ့ ” လူအိုကြီးနှင့် နတ်ဘုရား အုပ်စိုးသူက စိတ်သက်သာစွာဖြင့် တုံ့ပြန်လိုက်ကြသည်။

နှင်းစက်ကျ ကုန်သည်အိမ်တော်က ကျင့်ဝတ်ရှိသည့် ကုန်သည်အိမ်တော် တစ်ခု ဖြစ်နေသေး၏။ သူတို့က သူတို့ရတနာများအပေါ် အမှတ်အသား ချန်ရစ်ထားခြင်းက ဝယ်ယူသူဆီမှ လိုက်ကာ ပြန်လုယက်ဖို့ရာအတွက် မဟုတ်ပေ။ ထို့အစား သူတို့က သူတို့ရောင်းချလိုက်သည့် ပစ္စည်း မည်သည့်နေရာသို့ ရောက်ရှိသွားကြောင်းသာ သိချင်မိ၏။ ထို့အပြင် တန်ဖိုးအရှိဆုံး ရတနာများကိုသာ ထိုသို့ အာရုံစိုက်ထားခြင်း ဖြစ်ပေသည်။

မိုဝူကျိ၏ အမြစ်မဲ့သံမဏိသည် ထိုသို့အရာမျိုး ဖြစ်၏။ သို့သော် ယခု အမြစ်မဲ့သံမဏိပေါ်မှ အမှတ်အသားက ဖယ်ရှားခံလိုက်ရပြီ ဖြစ်ရာ နှင်းစက်ကျကုန်သည်အိမ်တော်အနေနှင့် သေချာလိုက်လံ၍ စုံစမ်းမည် မဟုတ်ပေ။ အကြောင်းမှာ သူတို့ အပြုအမူက အစကတည်းက မှားယွင်းနေသောကြောင့် ဖြစ်၏။ သူတို့က ပစ္စည်းပေါ်ရှိ အမှတ်အသားမှာ လေလံပစ်သည့်သူ ချန်ထားခဲ့သည်ဟု ဆို၍ ရသော်လည်း အမှတ်အသား ပျောက်သွားပြီးနောက် သူတို့ လူကို စုံစမ်းဖို့ရာ လွှတ်သည်ဆိုလျှင် သူတို့အနေနှင့် မှားနေကြောင်း သိသာသွားမည် ဖြစ်၏။

အကယ်၍ နှင်းစက်ကျ ကုန်သည်အိမ်တော်က ထိုသို့အရာမျိုး လုပ်ဆောင်ပါက ယနေ့အခြေအနေမျိုးအထိ ရောက်ရှိနေမည် မဟုတ်ပေ။ အကယ်၍  ကုန်သည်အိမ်တော်တစ်ခုက ထိုသို့ ကလိမ်ကကျစ် လုပ်သည်ဆိုလျှင် သူတို့ မည်မျှပင် ဖုံးကွယ်ဖို့ ကြိုးစားစေကာမူ သူတို့အမှားများက ထွက်ပေါ်လာဦးမည်သာ ဖြစ်၏။ တန်ချင်းကုန်သည်အိမ်တော်က မိုဝူကျိအပေါ် အခွင့်ကောင်းယူစဉ်အခါကပင် သိသာထင်ရှားစွာ မဆောင်ရွှက်ကြပေ။ သူတို့က ဟာကွက်ကို အသုံးချရုံမျှသာ ဖြစ်၏။

…………....

မိုဝူကျိအပေါ် အမှတ်အသား ချန်ထားဖို့ ကြိုးစားကြသည့် လူအရေအတွက်မှာ မရေတွက်နိုင်လောက်အောင် များပြားပေသည်။ သူ့နောက်ကို လိုက်ဖို့ ကြိုးစားကြသူများလည်း အတူတူ ဖြစ်၏။ ထို့ကြောင့် နတ်ဘုရားဘုရင်ပင် မိုဝူကျိအပေါ် စိတ်စွမ်းအား သုံးကာ  နောက်ယောင်ခံ၍ ရမည် မဟုတ်ပေ။

သူ့လေလွှတ်မြောက်ရေး နည်းစနစ်ကို သုံးကြိမ် ထုတ်သုံးပြီးသည့်နောက်တွင် မိုဝူကျိက တာဝန်ခံ’ အပြင်ဝတ်ရုံကို ဖယ်ရှားလိုက်ပြီး သူ ဝယ်ယူလာသော ပစ္စည်းအားလုံးကို ထာဝရကမ္ဘာအတွင်း ပစ်ထည့်ထားလိုက်တော့သည်။ သူ့လေလွှတ်မြောက်ရေး နည်းစနစ်ကို နောက်ထပ် နှစ်နာရီကြာ အသုံးပြုပြီးနောက် မိုဝူကျိက သူ့ထာဝရကမ္ဘာအတွင်း ဝင်ကာ ပစ္စည်းများပေါ်တွင် အမှတ်အသားများ ပါ၊ မပါ စစ်ဆေးကြည့်လိုက်သည်။ အမှတ်အသားအားလုံး ဖယ်ရှားပြီးသည်ကို အတည်ပြုပြီးနောက် အဝတ်အစားအသစ် လဲလှယ်ကာ မိုးကောင်းကင်မြို့သို့ ဦးတည်ထွက်လာလိုက်တော့သည်။

နှစ်ရက်ကြာမြင့်ပြီးနောက် မိုဝူကျိက အကြွင်းမဲ့ကုထုံး ဆေးခန်းဆီ ပြန်လည် ရောက်ရှိလာသည်။

သူ ဆေးခန်းသို့ ပြန်လည် ရောက်ရှိလာသည်နှင့် ဒုတိယအထပ်သို့ သွားကာ အဆင့် ၅ ဆေးပင်များကို စတင် လေ့ကျင့်လိုက်တော့သည်။

ယခု သူ့ပညာရှင်နှလုံးသားက အဆင့် ၃ နတ်ဘုရားမီးတောက် ဖြစ်လာပြီ ဖြစ်ရာ အဆင့် ၅ ဆေးလုံး ဖော်စပ်ဖို့ ပိုမို လွယ်ကူလာလေ၏။ သို့သော်လည်း လဝက်တာ ဆက်တိုက် လေ့ကျင့်ပြီးနောက် မိုဝူကျိက အဆင့် ၅ ဆေးလုံးကို အောင်အောင်မြင်မြင် မဖော်စပ်နိုင်သေးပေ။

ထို့အပြင် သူက ဆေးပင်များ၏ တစ်ဝက်လောက်ကို သုံးပြီးသွားလေပြီ။

မိုဝူကျိက ထိုအရာကို မတားဆီးနိုင်ကြောင်း သိထား၏။ အကြောင်းမှာ သူ့ဆေးလုံးတာအိုကြောင့် မဟုတ်သလို ဆေးမီးဖို သို့မဟုတ် မီးတောက်ကြောင့်လည်း မဟုတ်ချေ။

အဓိက အကြောင်းအရင်းမှာ သူ့ကျင့်ကြံဆင့် လိုအပ်နေ၍ ဖြစ်သည်။ သူက ကနဦး နတ်ဘုရားအဆင့်သာ ရှိသေးသော်လည်း အဆင့် ၅ နတ်ဆေးလုံးကို ဖော်စပ်ဖို့ ကြိုးစားနေမိသည်။ နောက်ထပ် အရေးကြီးသည့် အချက်မှာ နတ်ဘုရားကုန်းမြေ၏ မိုးမြေစည်းမျည်းများက အားပျော့နေ၍ ဖြစ်၏။

နတ်ဘုရားကုန်းမြေ၌ နတ်ဘုရားဘုရင်အဆင့် တက်လှမ်းဖို့ရာ ခက်ခဲပေသည်။ ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူက အဆင့် ၅ နတ်ဆေးလုံးကို ဖော်စပ်နေသည့်အကြောင်းအား စကားထဲ ထည့်ပြောဖို့ပင် မလိုတော့ပေ။

အဆင့် ၅ ဆေးပင်များစွာ သုံးစွဲပြီးနောက် မိုဝူကျိက အမြန်နှုန်း နှေးဖို့ရာ ဆုံးဖြတ်လိုက်တော့သည်။

သူ့အင်မော်တယ် မော်တယ် ကျင့်စဉ်သည် ဆေးလုံး ဖော်စပ်ဖို့နှင့် ပန်းပဲထုလုပ်ဖို့အတွက် အသင့်တော်ဆုံး ဖြစ်၏။ ပြီးပြည့်စုံသည့် အဆင့်များလည်း ပြီးပြည့်စုံပြီးသား ဖြစ်နေလေပြီ။ သူ ဆေးလုံးဖို့ ကြိုးစားရာ၌ ပြဿနာ ပေါ်ပေါ်လာတတ်ခြင်းသာ ဖြစ်၏။ သူက နည်းနည်းတော့ လိုအပ်နေပေသည်။ အကယ်၍ သူ့ကျင့်ကြံဆင့်က ကောင်းကင်နတ်ဘုရားအဆင့် ဖြစ်နေလျှင် အောင်မြင်နိုင်လောက်၏။

မိုဝူကျိက တစ်ရက်လျှင် တစ်သုတ်စာမျှ လေ့ကျင့်ဖို့ ပြောင်းလဲလိုက်သည်။ သူ ဆေးတစ်သုတ်စာ ဖော်စပ်ဖို့ ကြိုးစားသည့်အချိန်တိုင်း အောင်မြင်ဖို့ရာ မရည်ရွယ်ထားဘဲ အပြောင်းအလဲ ဖြစ်လာဖို့သာ ကြံရွယ်ထား၏။

ပထမတန်းစား ဂိုဏ်းပင်  မိုဝူကျိလို လပိုင်းလေးအတွင်း အဆင့် ၅ ဆေးပင် တစ်ထောင်နီးပါး အသုံးပြုပစ်ဖို့ လုပ်ဆောင်နိုင်မည် မဟုတ်ပေ။

အဆင့် ၅ ဆေးလုံးဘုရင်များသည် နတ်ဘုရားကုန်းမြေ၌ အတော်လေး ရှားပါးလှသည်။ မိုးမြေစည်းမျည်း၏ ကန့်သတ်ချက်ကြောင့်သာမက ထိုအဆင့် ရောက်ရှိဖို့ရာ အဆင့် ၅ ဆေးပင်များ ရှားပါးမှုလည်း ပါဝင်နေပေသည်။

အကယ်၍ မိုဝူကျိက နှင်းစက်ကျ ကုန်သည်အိမ်တော်မှ အဆင့် ၅ ဆေးပင် ၇၀၀ သာ မရရှိထားလျှင် အဆင့် ၅ ဆေးလုံးဘုရင် ဖြစ်လာဖို့ အခွင့်အရေးပင် ရှိလောက်မည် မဟုတ်ချေ။

“ ခွမ်း ” ဆေးမီးဖိုအတွင်းရှိ ဆေးလုံးမှာ ကွဲကြေသွားပြီး တူးရနံ့ ထွက်လာသည်။ မိုဝူကျိက ဆေးမီးဖိုကို မသန့်စင်သေးဘဲ မည်းနေသည့် ဆေးလုံးနီကို ကောက်ယူလိုက်၏။

မိုဝူကျိက ဆေးလုံးနီကို စိုက်ကြည့်နေပြီး အချိန်အတော်ကြာသည့်အထိ လှုပ်ရှားမှု မရှိပေ။

ဟုတ်တယ် ….

ဤအရာက အဆင့် ၅ မီးတောက်စုဆေးလုံး ဖြစ်ပြီး သုံးလကြာ တံခါးပိတ် လေ့ကျင့်ပြီးနောက် ဖော်စပ်လာနိုင်သည့် တစ်ခုတည်းသော အဆင့် ၅ ဆေးလုံး ဖြစ်၏။

ဤအဆင့် ၅ ဆေးလုံးကို ဖော်စပ်ခြင်းက ဘာကိုမှ ကိုယ်စား မပြုပေ။ သို့သော်လည်း မိုဝူကျိက ဤဆေးလုံးကို မည်သို့ ဖော်စပ်ထားကြောင်း အတိအကျ သိနေသည်။

သူ့မီးတောက်စု ဆေးလုံး ပေါက်ကွဲတော့မည့်ဆဲဆဲတွင် သူက ကံတရားကို စမ်း၍ ကိုယ်ပိုင်စည်းမျည်းများနှင့် စမ်းသပ်ကြည့်ဖို့ ဆုံးဖြတ်ခဲ့သည်။ ယခင် ဆေးလုံး ဖြစ်တည်လာဖို့ မိုးမြေစည်းမျည်းများကို ဌားယူမည့်အစား သူ့လူသားတာအို၏ တာအိုစည်းမျည်းများကို အသုံးပြုခဲ့သည်။

ယခင် သူ မစမ်းကြည့်သည့် အကြောင်းအရင်းမှာ သူက သူကိုယ်သူ ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူဟုသာ တွေးခဲ့မိ၍ ဖြစ်သည်။ တစ်ဖက်တွင် နတ်ဘုရားကုန်းမြေအတွင်းရှိ စည်းမျည်းများက နတ်ဘုရားဘုရင်များ မွေးထုတ်ပေးနိုင်သည့်အထိ အားကောင်းနေပေ၏။ အကယ်၍ ထိုစည်းမျည်းများက နတ်ဆေးလုံး ဖွဲ့စည်းဖို့ရာ မလုံလောက်လျှင် သူ့လူသားတာအိုမှ တာအိုစည်းမျည်းကို စဉ်းစားကြည့်ဖို့ပင် မလိုတော့ပေ။

သူက ကနဦး နတ်ဘုရား အဆင့် ၅သာ ရှိသေးပြီး သူ့လူသားတာအိုမှာလည်း အလွန်အားနည်းနေသည်။ သို့သော်လည်း သူက သူ့လူသားတာအို စည်းမျည်းကို ဆေးလုံးအတွင်း ထည့်သွင်းခဲ့သည့်အတွက် ဤအဆင့်နိမ့် အဆင့်် ၅ ဆေးလုံးကို ရရှိလာခြင်း ဖြစ်၏။

သူ့ရှေ့မှောက်၌ မှုန်ဝါးဝါး တံခါးတစ်ချပ် ပေါ်လာဟန် ရှိ၏။ ယခင် သူ မိုးကောင်းကင်ငယ်ဂိုဏ်းတွင် နှင်းစက်စိမ်းဆန် စိုက်ပျိုးနေစဉ်အခါက ထိုသို့မျိုး အံ့ဖွယ် တာအိုကို ရိပ်ခနဲ ခံစားလိုက်ရ၏။ ကံဆိုးစွာဖြင့် ထိုတာအိုက ဝေဝါးလွန်းနေခဲ့ပေသည်။ သူ မည်မျှပင် ကြိုးစားစေကာမူ မဖမ်းဆုပ်နိုင်ခဲ့ပေ။ သူ့အနေနှင့် ဆက်လက် စောင့်ဆိုင်းဖို့သာ တတ်နိုင်ပေ၏။ ယနေ့ သူက အဆင့်နိမ့် မီးတောက်စု နတ်ဆေးလုံး ဖော်စပ်နေစဉ်  ထိုတံခါးချပ်အား ထပ်မံ မြင်တွေ့လိုက်ရပြီ ဖြစ်၏။

စည်းမျည်း …. ထိုအရာများက သူ့စည်းမျည်းများ ဖြစ်၏။

မိုဝူကျိက လက်ထဲတွင် ဆေးလုံးလေး ကိုင်ထားရင်း မှင်တက်နေဟန်ဖြင့် ဆက်လက် နေနေသည်။

တစ်ရက်၊ နှစ်ရက် …

ထိုစဉ် မိုဝူကျိက သူ ဆေးလုံး ဖော်စပ်ခြင်း လေ့ကျင့်နေကြောင်းကိုပင် မေ့လျော့သွားတော့သည်။ သူက ဆိုင်ပိုင်ရှင် ဖြစ်နေသည့် အကြောင်းကိုလည်း မေ့သွားလေ၏။ သူက ထိုင်နေရင်း အချိန်ကုန်သွားသော်လည်း တစ်လက်မလေးမှ လှုပ်ရှားခြင်း မရှိပေ။

ခပ်ဖျော့ဖျော့ တာအိုအရှိန်အဝါလေးက သူ့ခန္ဓာကိုယ်ပတ်လည် ရစ်ပတ်နေပြီးနောက် စတင် ဖွဲ့စည်းသိပ်သည်းလာသည်။

……………

“ အစ်ကိုကြီး ရွိုက်ကော … အစ်ကိုကြီးမို တံခါးပိတ် လေ့ကျင့်တာ ဘယ်လောက် ကြာမှာလဲဟင် ” နှစ်ဝက်နီးပါး စောင့်ဆိုင်းပြီးနောက် ကိစ္စများက ဆက်လက်၍ မစောင့်ဆိုင်းနိုင်တော့ပေ။

ချီချွမ်းက စိတ်မရှည် ဖြစ်နေခြင်း မဟုတ်ဘဲ သူ့အစ်မဖြစ်သူက ဆက်လက်၍ တောင့်မခံနိုင်တော့ကြောင်း ခံစားမိနေ၍ ဖြစ်သည်။ သူက ခရမ်း နိဗာနတာအိုသဲကို တိုက်နေသော်လည်း သူ့အစ်မဖြစ်သူ၏ အသက်ဓာတ်မှာ ဖြည်းဖြည်းချင်း လွှင့်ပါးလာသည်။ သိပ်မကြာခင် သူ့အစ်မက ဤလောကကြီးမှ ထွက်သွားတော့မည်ဟန် ပေါ်နေသည်။

ရွိုက်ကောက ခြေသည်းဖြင့် ချီချွမ်း ပခုံးကို လှမ်းပုတ်ပေးကာ  “ ချွမ်းလေး … မင်း စိုးရိမ်မကြီးသင့်ဘူးလေကွာ။ ငါ မင်းကို ပြောပြမယ်။ ငါတို့တွေ တံခါးပိတ် လေ့ကျင့်တဲ့အခါ နှစ်တွေ ကြာတယ် မဟုတ်ဘူးလား။ ငါ့သခင်ကြီးက အခုမှ နှစ်ဝက်ပဲ ရှိသေးတယ်လေကွာ။ မင်းက ဒါလေးကြောင့် အရမ်းစိုးရိမ်နေရင် အနာဂတ်ကျ မင်းကို ဘာလုပ်မှာလဲ ”

“ဒါပေမဲ့ အစ်မကြီးက … ”

ရွိုက်ကောက ချီချွမ်း စကားကို ဖြတ်ပြောလိုက်သည်  “ စိတ်ချနေစမ်းပါကွာ … မင်းက ငါ့သခင်ကြီးရဲ့ စွမ်းရည်တွေကို မမြင်သေးလို့ပါ။ ငါ့ဆီမှာ တာ့ဟွမ်လို့ ခေါ်တဲ့ ညီလေး ရှိတယ်။ သူ့ဒဏ်ရာတွေက မင်းအစ်မထက်ကို ပြင်းထန်တယ်။ ဒါပေမဲ့ ငါ့သခင်ကြီးက ကယ်ပေးနိုင်ခဲ့တာပဲ ”

ရွိုက်ကော၏ စကားကို ကြားပြီး ချီချွမ်းက နည်းနည်း တည်ငြိမ်သွားလေ၏။ သို့သော်လည်း အကယ်၍ သူသာ ရွိုက်ကော ပြောသည့် တာ့ဟွမ်က အင်မော်တယ် အရုပ် ဖြစ်ကြောင်း သိခဲ့လျှင် ရွိုက်ကောနှင့် ရန်ဖြစ်နေလောက်လေပြီ။

…………….

မိုးကောင်းကင်ဂိုဏ်း၏ ကောင်းကင်နီတောင်အတွင်း သာမည ဥယျာဉ်လေးအတွင်း လူငယ်လေးက သူ့စိုက်ပျိုးထားသော နှင်းစက်စိမ်းဆန်များကို စိတ်လှုပ်ရှားစွာ ကြည့်နေလေ၏။ သူက လက်သီးကိုပင် ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။

သူ့နှင်းစက်စိမ်းဆန်များကို မကြာခင် ရိတ်သိမ်းတော့မည် ဖြစ်၏။ သူက နှင်းစက်စိမ်းဆန်ကို တစ်ခါမှ မစိုက်ပျိုးဖူးသောကြောင့် မည်သို့ မျှော်လင့်ရမည်ကို မသိပေ။ သို့သော် နှင်းစက်စိမ်းဆန်ပေါ်ရှိ ရွှေရောင်ဖျော့ဖျော့လေးကို မြင်လိုက်သည့်အခါ သူ စိုက်ပျိုးထားသော နှင်းစက်စိမ်းဆန်က အဆင့်မြင့် ဖြစ်ကြောင်း သိလိုက်၏။

ဤနှစ်ဝက်အတွင်း သူက ဥယျာဉ်မှ ထွက်သွားခြင်း မရှိပေ။ သူက သူ့နှင်းစက်စိမ်းဆန်ပေါ်မှ ဖြည်းဖြည်းချင်း ဖြစ်တည်လာသော ရွှေရောင်ဖျော့ဖျော့ သင်္ကေတများကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရခြင်း ဖြစ်၏။

အကယ်၍ ဤအရာများက အဆင့်မြင့် နှင်းစက်စိမ်ဆန် ဖြစ်နေလျှင် သူ့အနေနှင့် အားလုံးကို ပြောပြချင်မိသည်။ သူ ချူချန်းတန်က မမှားယွင်းကြောင်း သက်သေပြချင်မိ၏။

သူက တခြားသူများ ရှုံ့ချကြည့်ခြင်းကို ငြီးငွေ့နေပြီ ဖြစ်၏။

ယခင် ဆရာကြီး ကွမ်းကျန်းက မိုးကောင်းကင်ဂိုဏ်းသို့ လာ၍ နှင်းစက်စိမ်းဆန် စိုက်ပျိုးရေးအကြောင်း သင်ကြားပေးခဲ့သည်။ သို့သော်လည်း သူနှင့်တာ့ကျဲတို့က မိုဝူကျိထံမှ သင်ယူရန် သွားခဲ့ကြ၏။ မိုဝူကျိက သူတို့ကို နေ့တစ်ဝက် …. မဟုတ်သေးဘူး တစ်နာရီလောက်သာ သင်ကြားပေးခဲ့သည်။

မိုဝူကျိကို ခေါ်ဆောင်လာသော တာဝန်ခံ ချီခွန်းပင် ထိုအရာကို ကြားသောအခါ သက်ပြင်းသာ ချနိုင်တော့သည်။ သူက တစ်နာရီအတွင်း မည်သို့များ သင်ကြားပေးလိုက်သနည်း။

ချူချန်းတန်၏ ဥယျာဉ်အပြင်ဘက်၌ ချူချန်းတန်၏ ရလဒ်ကို စစ်ဆေးရန် တာဝန်ခံ နှစ်ယောက် ရှိနေသည်။ မိုးကောင်းကင်ဂိုဏ်းမှ ချမှတ်ထားသော စည်းမျည်းများအရ ပါဝင်ယှဉ်ပြိုင်မည့် တပည့်များသာ နှင်းစက်စိမ်းဆန် လယ်ကွင်းအတွင်း ခြေချခွင့် ရှိ၏။ တခြားမည်သူကိုမှ ဝင်ခွင့် မပြုပေ။

ထို့ကြောင့် သူတို့က ချူချန်းတန်၏ ရလဒ်ကို စစ်ဆေးရန် ရောက်ရှိလာသော်ငြား အပြင်ဘက်၌သာ စောင့်ဆိုင်းနေရ၏။

“ စရမဲ့ အချိန်ပဲ ”  ချူချန်းတန်က သူ့နှင်းစက်စိမ်းဆန်ဆီ ဦးဆုံး ရောက်ရှိသွားသည်။ သူက လက်ကို ဆန့်တန်း၍ အားလုံးကို ရိတ်သိမ်းလိုက်သည်။ ထို့နောက် လက်တစ်ချက် အဝှေ့ဖြင့် ရွှေရောင်ဖျော့ဖျော့ နှင်းစက်စိမ်းဆန်များက သူ ပြင်ဆင်ထားသော ကျောက်စိမ်းတောင်းထဲ ရောက်ရှိသွားသည်။

***

All Chapters