← Chapters

ကွယ်ဝှက်ထားမှုအတွင်းမှ လျှို့ဝှက်ချက်

Vol. 4 Ch. 49

ကွယ်ဝှက်ထားမှုအတွင်းမှ လျှို့ဝှက်ချက်

Vol. 4 Ch. 49

နှစ်ဖက်လုံး ထိပ်တိုက်တွေ့ဆုံသွားသည့် အချိန်မှ ဟန်လိက သူ့ဓားမြှောင်အစွန်းအား အနည်းငယ် လှုပ်ရှားလိုက်သည်။ ဓားမြှောင်၏ အစွန်းလေး အနည်းငယ်မျှသာ ရွေ့သွားခြင်းဖြစ်သော်လည်း သမားတော်မော့၏ မျက်လုံးထဲတွင် သူ့တစ်လောကလုံးက ပရမ်းပတာဖြစ်သွားသကဲ့သို့ ကမ္ဘာတုန်လှုပ်ဖွယ် အပြောင်းအလဲ ဖြစ်သွားခဲ့ရသည်။

ဓားမြှောင်၏ အစွန်းတွင် ရောင်ပြန်ဟပ်သော သေးငယ်သည့် အလင်းလေးက ရုတ်တရက် ဒါဇင်ချီသည့် အလွန် တောက်ပသော အဖြူရောင် အလင်းလုံးလေးများ ဖြစ်လာပေသည်။ အလင်းရောင်တောက်ပနေမှုက ဖွင့်ဆိုပြော၍မရလောက်အောင် ပြင်းထန်လှပြီး သမားတော်မော့သည် သူ့မျက်လုံးများထဲ တိုက်ရိုက်ဝင်ရောက်လာသည့် တောက်ပမှုကို မရပ်တန့်နိုင်ခဲ့ပေ။

"မကောင်းတော့ဘူး။" သူက စိတ်ထဲတွင် တိတ်တဆိတ် ကျိန်ဆဲလိုက်ပြီး အနောက်သို့ အဆောတလျင် ဆုတ်ခွာလိုက်ကာ မျက်လုံးများကို ချက်ချင်း ပိတ်ပစ်လိုက်သည်။ သို့သော် ထိုသည်က အလွန် နောက်ကျသွားခဲ့ပြီ ဖြစ်၏။ အဖြူရောင်အလင်းက သူ့မျက်လုံးများထဲ ဝင်ရောက်သွားခဲ့ပြီးဖြစ်ကာ တိုက်ခိုက်ခြင်းမှ သူ့အား တားဆီးခဲ့သည်။

ချက်ချင်းပင် သမားတော်သည် သူ့မျက်လုံးများက ပူလောင်လာပြီး သူ့မျက်ဆံတို့က စတင်၍ ပြင်းပြင်းထန်ထန် နာကျင်လာပေသည်။ သူ့မျက်လုံးများမှ မျက်ရည်များက အထိန်းအချုပ်မဲ့စွာ အဆက်မပြတ် ကျဆင်းလာပြီး ၎င်းတို့ကို သုတ်ပစ်ရန် အချိန်ပင်မရှိခဲ့ချေ။ သူက မသက်မသာဖြစ်မှုကို တောင့်ခံရန် အလွန်ခက်ခဲနေပြီး မျက်လုံးများကို ဖွင့်ရန် ကြိုးစားလိုက်သော်လည်း သူမြင်နိုင်သည့် အရာအားလုံးမှာ အဖြူရောင်ပြင်ကြီးသာ ဖြစ်ကာ အရာဝတ္ထုများ၏ ပုံရိပ်များသည် ပုံရိပ်ယောင်များကဲ့သို့ အထပ်ထပ်ဖြစ်နေကာ ဝေဝေဝါးဝါးနှင့် မပြတ်မသားဖြစ်နေသည်။

သူက ချက်ချင်းပင် ဒေါသထွက်မှုကို ခံစားလိုက်ရပြီး ကြောက်ရွံ့တုန်လှုပ်သွားခဲ့သည်။ သူ၏ သေချာဂရုမစိုက်မှုကြောင့် ပြိုင်ဘက်၏ ထောင်ချောက်အတွင်း ကျရောက်သွားရပြန်သည်ကို နောင်တရနေခဲ့သည်။

သို့သော် သမားတော်မော့က တစ်ချိန်လုံး နေရာအနှံ့ ခရီးထွက်နေခဲ့သည့်အတွက်ကြောင့် အန္တရာယ်ရှိသော အခြေအနေအမျိုးမျိုးကို ကိုင်တွယ်ဖြေရှင်းနိုင်သည့် အတွေ့အကြုံ ကြွယ်ဝပေသည်။ သူက နောက်သို့ ခြေလှမ်းများစွာ ပြန်ဆုတ်လိုက်ပြီး ဟန်လိနှင့် အကွာအဝေးတစ်ခု ရရှိအောင် ကြိုးစားကာ သူ့ကိုယ်သူ အချိန်အနည်းငယ် ရရှိအောင် ကြိုးစားလိုက်သည်။

တစ်ချိန်တည်းတွင် သူက လက်ဝါးများကို ခန္ဓာကိုယ်အရှေ့တွင် ထားကာ အဆက်မပြတ် ဝှေ့ယမ်းလိုက်သည်။ မိစ္ဆာငွေလက်၏ အကာအကွယ်ပေါ် မှီခိုပြီး သူက အပေါ်ပိုင်းခန္ဓာကိုယ်မှ အရေးကြီးသော နေရာများကို ကာကွယ်ထားသည်။

သူက မျက်လုံးများ ပြန်မသက်သာခင် သူက အစပြုတိုက်ခိုက်ခြင်း မပြုလုပ်ရန် ဆုံးဖြတ်ထားသည်။ မည်သည့် တိုက်ခိုက်မှုကိုမဆို ပြုလုပ်ရန် သူက ရှင်းရှင်းလင်းလင်း ပြန်မြင်ရစေရန် စောင့်ဆိုင်းရလိမ့်မည် ဖြစ်သည်။ သမားတော်မော့သည် သူက ထိုကောင်စုတ်လေး၏ ထောင်ချောက်အတွင်း တစ်ဖန် အမိခံလိုက်ရကြောင်း သတိပြုမိပေသည်။

လက်ရှိတွင် သမားတော်မော့၏ ရင်ထဲမှ ဟန်လိအား အထင်အမြင်သေးနေမှုတို့ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ််သည်။ ဟန်လိနှင့် ရင်ဆိုင်ရင်း သူ ရုန်းကန်နေရသည့် အန္တရာယ်အဆင့်က သူ၏ အစောပိုင်းနှစ်များတွင် အစွမ်းထက်ပုဂ္ဂိုလ်များနှင့် ဆင်နွှဲခဲ့ရသည့် သေခြင်းရှင်ခြင်းတိုက်ပွဲများထက် အနည်းငယ်မျှ နိမ့်ကျခြင်းမရှိပေ။

သူက ဟန်လိ၏ လှုပ်ရှားမှုများကို မမြင်နိုင်လျှင်ပင် သမားတော်မော့က သူ့ နားများကို အသုံးပြု၍ အာရုံစိုက်ကာ နားထောင်ရင်း ဟန်လိ၏ နောက်ထပ် လှုပ်ရှားမှုက ခန့်မှန်းရန် အကြားအာရုံအား အသုံးပြုရန် ကြိုးစားလိုက်သည်။

ရုတ်တရက် သမားတော်မော့က လျှပ်ပြက်သလို အရိပ်တစ်ခုကို ဝိုးတဝါးမြင်လိုက်ရသည်။ တခဏကြာပြီးနောက် စူးရှသည့် ဆူညံသံတစ်ခုနှင့် သူ့အရှေ့မှ လေအေးတို့ ရုတ်တရက် တိုးဝှေ့တိုက်ခတ်လာသည်ကို ခံစားလိုက်ရသည်။

သမားတော်မော့သည် ဟန်လိက သူ့အား သတ်ဖြတ်ရန်ကြိုးစားလာသည်ကို ထိတ်လန့်မသွားဘဲ ပျော်ရွှင်သွားသည်။ ဟန်လိ၏ ဗျူဟာက အလွန် ရိုးရှင်းလှပေသည်။ ဟန်လိက ခိုးကြောင်ခိုးဝှက်တိုက်ခိုက်ရန် ပုန်းကွယ်နေခဲ့လျှင် သမားတော်မော့က စိတ်ပူနေရဦးမည် ဖြစ်သည်။ သို့သော် ရဲဝံ့စွာနှင့် အရှေ့မှ တိုက်ခိုက်လာမှုက မည်သည့် ကြောက်ရွံ့စရာမှ ရှိမနေပေ။ သူက အကြားအာရုံ စူးစိုက်မှုကို သေချာလေ့ကျင့်ထားသည့်အတွက် လေတိုက်သံကြားမှ ဓားမြှောင်ထိုးစိုက်သံနှင့် လက်နက်ပုန်း တိုက်ခိုက်မှုတို့ကို ရှင်းလင်းစွာ ကြားနိုင်စွမ်းရှိပေသည်။

သမားတော်မော့က ဆူညံသံကို ရှင်းလင်းစွာ ကြားလိုက်ရသော်လည်း သူ့လက်က တမင်သက်သက် နှေးချလိုက်ကာ သူ့ရှေ့တွင် ဟာကွက် အနည်းငယ်ပေးထားလိုက်သည်။ သေချာပေါက်ပင် အံ့အားသင့်ဖွယ် တိုက်ခိုက်မှုက ချက်ချင်း လမ်းကြောင်းပြောင်းသွားကာ မူလလမ်းကြောင်းမှ သွေဖယ်၍ သူ့လည်ပင်းထံ တည့်မတ်စွာ တိုးဝင်လာသည်။

သမားတော်မော့က လျှို့ဝှက်စွာ ရယ်မောလိုက်သည်။ တစ်ချိန်လုံး စောင့်ဆိုင်းနေခဲ့သည့် ညာဘက်လက်က ရုတ်တရက် လှုပ်ရှားလာသည်။ သူက ဓားမြှောင်၏ ထက်ရှသော ဓားသွားကို မကြောက်ရွံ့သကဲ့သို့ ရုတ်တရက် ဓားမြှောင်အစွန်းကို ဆုပ်ကိုင်လိုက်သည်။

ဟန်လိက ထိုအဖြစ်အပျက်၏ အလှည့်အပြောင်းကို သတိပြုမိခဲ့ပြီး ဓားမြှောင်အား နောက်သို့ အကြမ်းပတမ်း ပြန်ဆွဲထုတ်လိုက်သည်။ သို့သော် မိစ္ဆာငွေလက်က ဓားမြှောင်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည့်အတွက် ဟန်လိ၏ ကြိုးစားမှုကို အလဟဿဖြစ်စေခဲ့သည်။

သမားတော်မော့က သူ့ကိုယ်သူ အနည်းငယ် ဂုဏ်ယူသွားခဲ့သော်လည်း ဟန်လိက ဤအခွင့်အရေးကို သတိပြုမိကာ ဓားမြှောင်အား လွှတ်ချ၍ ထွက်ပြေးသွားမည်ကို စိုးရိမ်သောကြောင့် ဂရုမစိုက်ဘဲ မနေရဲခဲ့ပေ။ သူ၏ မြင်နိုင်စွမ်းကို ဆုံးရှုံးထားရသည့်အတွက် သမားတော်မော့က ရုတ်တရက် လက်တစ်ဖက်တည်းတွင် သူ့စွမ်းအားကို တစ်ရာရာခိုင်နှုန်းအပြည့် ထည့်ကာ အသုံးပြုလိုက်သည်။ သူက ဓားမြှောင်ကို တစ်ဖက်သို့ ဆွဲလိုက်ကာ ဟန်လိအား သူ့ရှေ့ အတင်းအကျပ် ဆွဲခေါ်ပြီး ကိုယ်တိုင် ဖိနှိပ်ချုပ်ကိုင်ချင်နေသည်။ သို့သော် သမားတော်မော့သည် သူ့လက်က ငှက်မွေးအလား ပေါ့ပါးသွားခဲ့ပြီး လက်ဝါးထဲတွင် မည်သည်မှ မရှိသလို ထင်မှတ်ရပေသည်။

သူက အတော်လေး ထိတ်လန့်သွားခဲ့သည်။ သူ သေချာပေါက် ဓားသွားအစွန်းကို ဖမ်းဆုပ်မိထားခဲ့သော်လည်း မည်သည့်အတွက်ကြောင့် သူ့လက်က ရုတ်တရက် ပေါ့ပါးသွားရသနည်း။ ဟန်လိက ဓားမြှောင်ကို လွှတ်ကာ စွန့်ပစ်ရန် ကြိုးစားခဲ့လျှင်ပင် သမားတော်မော့၏ လက်များက ထိုမျှ ပေါ့ပါးသွားခြင်းမဖြစ်သင့်ပေ။

သမားတော်မော့က မည်သည်တို့ ဖြစ်နေကြောင်း မဖော်ထုတ်နိုင်ခင် သူ၏ လည်မျိုရှေ့ လက်မအနည်းငယ်အကွာတွင် လေထုကို ဖြတ်သန်းလာသည့် ထက်ရှသော ခံစားမှုကို ခံစားလိုက်ရပေသည်။ အလွန် လျင်မြန်လှသော အရှိန်နှင့် ပါးလွှာကာ ထက်ရှသည့် အရာဝတ္တုတစ်ခုက သူ့ကို ထိုးစိုက်လာပုံရသည်။ ၎င်းက ပစ်မှတ်နေရာသို့ မရောက်ရှိခင်မှာပင် ဆောင့်တိုးလာသည့် လေထုက သူ့လည်ပင်းကို အနည်းငယ် ကိုက်ခဲသွားစေပြီ ဖြစ်သည်။

သမားတော်မော့က ၎င်းကို တွေးနေရန် လုံလောက်သော အချိန်မရှိပေ။ သူ့ခန္ဓာကိုယ်က ချက်ချင်းပင် တုန့်ပြန်လှုပ်ရှားသွားပြီး သူ၏ စွမ်းအားအကုန် အသုံးပြု၍ ခေါင်းကို ဘေးတစ်ဖက်သို့ စောင်းချလိုက်သည်။ သေစေနိုင်လောက်သည့် တိုက်ခိုက်မှုကို ရှောင်တိမ်းရန် သူ့လည်ပင်းက သိမ်မွေ့နက်နဲသော အနေအထားမျိုး ကွေးညွှတ်သွားခဲ့သည်။

သမားတော်မော့သည် စွမ်းရည်အများကြီးကို ကျွမ်းကျင်အောင် နှစ်ပေါင်းများစွာ ကြာအောင် လေ့ကျင့်ခဲ့ပြီး နောက်ဆုံး၌ ၎င်းတို့၏ အသုံးဝင်မှုကို ဖော်ပြနိုင်ခဲ့ပြီ ဖြစ်သည်။ ထိုအခိုက်အတန့်တွင် သမားတော်မော့သည် အေးစက်သည့် ခံစားမှုတစ်စုံတစ်ရာကို ခံစားခဲ့ရပြီး ထက်ရှသည့် အရာဝတ္တုတစ်ခုက သူ့လည်ပင်းအား ထိုးစိုက်လာပေသည်။ ၎င်းက သူ့အရေပြားကို ပွန်းပဲ့သွားရုံမျှသာ ဖြစ်ပြီး ဒဏ်ရာမဖြစ်စေခဲ့ပေ။

ထိုတိုက်ခိုက်မှုကို ရှောင်တိမ်းပြီးနောက် သမားတော်မော့သည် ဟန်လိထံ၌ ကျန်နေသေးသည့် လှုပ်ရှားမှုအချို့ ရှိနေဦးမည်ကို ကြောက်ရွံ့နေခဲ့ပေသည်။ မည်သည်ကိုမှ မတွေးတော့ဘဲ သူသည် ဟန်လိ၏ ယခင် ထွက်ပြေးမှုလှည့်ကွက်ကို အသုံးပြုကာ ခန္ဓာကိုယ်တစ်ခုလုံးကို ကြမ်းပြင်ပေါ် လှဲချလိုက်ပြီး အဝေးသို့ လှိမ့်ထွက်သွားခဲ့သည်။ ဟန်လိနှင့် အလွန် ကွာဝေးသည့်နေရာအထိ လှိမ့်သွားပြီးနောက်မှသာ မတ်တပ်ထရပ်ရဲခဲ့ပေသည်။

သူက လည်ပင်းမှ သွေးထွက်နေခြင်းကို ရပ်တန့်ဖို့ရာ သွေးလွှတ်ကြောကို ဖိနှိပ်ရန် လက်နှစ်ချောင်းအား အဆောတလျင် အသုံးပြုခဲ့သည်။

ထိုအခိုက်တွင် သူ့နှလုံးသားထဲမှ ကြောက်ရွံ့မှုတချို့ လှိုက်တက်လာခဲ့၏။ အစောပိုင်းက သူသည် တိုက်ခိုက်မှုကို ရှောင်တိမ်းရန် မဖြစ်နိုင်ဟု ခံစားခဲ့ရသော်လည်း သူ၏ ရှင်သန်လိုစိတ်ပြင်းထန်သည့် ဗီဇပင်ကိုစရိုက်က အမှန်တကယ်ပင် သူ့ကို သေခြင်းတရားမှ လွတ်မြောက်နိုင်သည့် ကျပန်းအခွင့်အရေးတစ်ခု ဖန်တီးပေးခဲ့ပေသည်။

သူသည် ထိုအချက်ကို အပြင်းအထန် တွေးနေခဲ့ပြီး နောက်ဆုံး၌ သမားတော်မော့က ခေါင်းမော့ကာ ဟန်လိကို ကြည့်လိုက်သည်။ ထိုအချိန်တွင် သူက အခန်းအတွင်းရှိ အရာဝတ္တုများကို ရှင်းလင်းစွာ မြင်နိုင်ပြီဖြစ်ကြောင်း သတိပြုမိလိုက်သည်။ သူသည် သူ့အမြင်အာရုံက မည်သည့်အချိိန်က ပုံမှန်အတိုင်း ပြန်ဖြစ်သွားကြောင်းကိုပင် သတိမထားမိခဲ့ပေ။

သမားတော်မော့သည် ဟန်လိက သူ့ကို မကျေမနပ်ဖြင့် စိုက်ကြည့်နေသည်ကိုသာ မြင်နိုင်ပြီး သမားတော်မော့က သူ့လက်နက်၏ တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်သည့်အတွက် မကျေနပ်ဖြစ်နေသည်မှာ သိသာပေသည်။

ဟန်လိ၏ လက်ထဲတွင် အသွားထက်ရှသည့် ခြောက်လက်မအရွယ် လက်နက်တစ်ခုကို ကိုင်ဆောင်ထားသည်။ ၎င်း၏ ပုံသဏ္ဌာန်အရ ထူးဆန်းသည့် ဆူးချွန်တစ်ခုနှင့် တူသော်လည်း လက်ကိုင်မှာ မူလဓားမြှောင်အရိုး ဖြစ်သည်။ လက်နက်ကို ကြည့်ရသည်မှာ တစ်စုံတစ်ရာ ထူးဆန်းနေပေသည်။ ယင်းမျက်နှာပြင်၌ သွေးအချို့စွန်းနေခဲ့သည်။ ထိုသည်မှာ အမှန်တကယ်ပင် သမားတော်မော့အား ဒဏ်ရာရစေခဲ့သည့် ထူးဆန်းသော လက်နက်ဖြစ်ပေသည်။

သမားတော်မော့၏ အမူအရာက မည်းမှောင်သွားပြီး သူ့မျက်လုံးများထဲတွင် ဒေါသတို့နှင့် ပြည့်နှက်နေခဲ့သည်။ သူက အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်သော ကျဥ်းထဲကျပ်ထဲ ကျရောက်စေနိုင်သည့် တိုက်ခိုက်မှုများကြား ရောက်နေခဲ့သည်။ ထိုသည်မှာ သမားတော်မော့အား စိတ်ရှည်သည်းခံမှု ပျောက်ဆုံးသွားစေပြီး ဒေါသတို့ ပေါက်ကွဲထွက်လာစေသော်လည်း သူ့ညာဘက်လက်ထဲ၌ တစ်စုံတစ်ခု ကိုင်ထားဆဲဖြစ်သည်ကို သတိပြုမိလိုက်သည်။

သူက ငုံ့ကြည့်လိုက်သည့်အခါ ဓားသွားတစ်ခုဖြစ်နေသည်ကို မြင်လိုက်ရသည်။ သူက ၎င်းကို မ,၍ အနီးကပ်သေချာကြည့်လိုက်သည်။ ရုတ်တရက် သူ သတိပြုမိလိုက်သည်မှာ ထိုဓားသွားက အခေါင်းပေါက်ဖြစ်နေပြီး ဓားသွားအတွင်းမှ လွတ်နေသော နေရာက ထက်ရှသည့် ဆူးချွန်၏ သဏ္ဌာန်နှင့် တူနေကြောင်း သိလိုက်ရသည်။ ထိုဓားသွားသည် ဆူးချွန်လက်နက်ကို သူ့အမြင်မှ ဖုံးကွယ်ရန် အသုံးပြုထားသည့် အဖုံးအကာသက်သက်သာ ​ဖြစ်လေသည်။

ဤရှာဖွေတွေ့ရှိမှုကြောင့် သူ့ထံ၌ ပြည့်နှက်နေသည့် ဒေါသမီးက ချက်ချင်း ဟုပ်ခနဲ ငြိမ်းသက်သွားခဲ့ပေသည်။

All Chapters