← Chapters

နံ့သာပေါင်းပိုးအဆိပ်

Vol. 4 Ch. 50

နံ့သာပေါင်းပိုးအဆိပ်

Vol. 4 Ch. 50

နောက်ဆုံး၌ သမားတော်မော့သည် ဟန်လိက မည်သည့်အတွက်ကြောင့် အခန်းထဲ ဝင်လာသည့် အခိုက်အတန့်တွင် တံခါးဖွင့်ထားရန် ဆုံးဖြတ်ခဲ့ကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။ ဟန်လိသည် နေရောင်ခြည်မှ အလင်းပြန်ခြင်းကို အသုံးပြုချင်သည့်အတွက် ထိုကဲ့သို့ တောင်းဆိုမှုမျိုး လုပ်ခဲ့ပုံရသည်။ သမားတော်မော့၏ ပြိုင်ဘက်က ထိုမျှငယ်ငယ်ရွယ်ရွယ်လေးသာ ရှိသေးပေသည်။ သူက မည်သို့ဖြစ်၍ ထိုကဲ့သို့ လုပ်ဆောင်နိုင်ပါသနည်း။ ဤကဲ့သို့သော အဖြစ်အပျက်အလုံးစုံ၏ အချိတ်အဆက်များကို စေ့စေ့စပ်စပ် တွက်ချက်နိုင်ခဲ့ပြီး ကျန်းဟူအတွင်း အတွေ့အကြုံများပြားလှသည့် လူအိုကြီးကိုပင် ပြန်မတိုက်ခိုက်နိုင်လောက်အောင် ဖြစ်သွားစေခဲ့သည်။ ဟန်လိ၏ ထူးချွန်ပြောင်မြောက်သော တွက်ချက်နိုင်စွမ်းက သူ့အသက်အရွယ်နှင့် အတွေ့အကြုံတို့ဖြင့် မလိုက်ဖက်လှပေ။ ဤလူက အမှန်တကယ် ပါရမီရှင်တစ်ဦးလား သို့မဟုတ်လျှင် အကျော်ဇေယျပုဂ္ဂိုလ်တစ်ဦး ပြန်ဝင်စားလာခြင်း ဖြစ်နိုင်သလား။

သူက နက်နက်နဲနဲ တွေးတောနေခဲ့သည်။ သူ ပို၍ တွေးမိလေ အကြောက်တရားက ပိုကြီးမားလာလေဖြစ်သည်။ ချွေးအေးတို့က သမားတော်မော့၏ ခေါင်းစခြေဆုံး ဖုံးလွှမ်းလာသည်။

မချင့်မရဲဖြစ်မှုကို တောင့်ခံရင်း သမားတော်မော့က ဟန်လိကြောင့် ပို၍ စိုးရိမ်ပူပန်လာခဲ့သည်။ သူက ထိုလူငယ်လေးကို သတိကြီးကြီးနှင့် လေးလေးနက်နက် ရင်ဆိုင်လိုက်သည်။ အချိန်တိုအတွင်း သူက ထပ်မံလှုပ်ရှားရဲခြင်း မရှိတော့ပေ။

ဟန်လိသည် သမားတော်မော့က မည်သည့်အတွက်ကြောင့် တိုက်ခိုက်ရန် ရည်ရွယ်ချက် အနည်းငယ်မျှမရှိဘဲ သူ့အား စိုက်ကြည့်နေရသည်ကို မသိရှိခဲ့ပေ။ နှစ်ဖက်လုံးက အချိန်ခဏကြာသည်အထိ ခေတ္တမျှ တိုက်ခိုက်ခြင်းကို ရပ်စဲ၍ တိတ်ဆိတ်နေရန် ဆုံးဖြတ်ခဲ့ကြသည်။ သူတို့က အချင်းချင်း စိုးရိမ်ကြောင့်ကြမှုတို့နှင့် စိုက်ကြည့်နေကြသည်။

ထိုကဲ့သို့ ကိုးယို့ကားယား အခြေအနေကို ခဏကြာအောင် ဖြတ်သန်းပြီးနောက် ဟန်လိက ရုတ်တရက် စတင် စကားပြောလိုက်သည်။ သူ့စကားက သမားတော်မော့အား စကားမပြောနိုင်လောက်အောင် အံ့အားသင့်၍ ကြောင်အသွားစေခဲ့သည်။

"လောင်မော့ ကျုပ်တို့ ဘာလို့ ငြိမ်းချမ်းရေးမယူကြတာလဲ။ မဟုတ်ရင် ​ကျုပ် အညံ့ခံလိုက်ရင်ရော ဘယ်လိုလဲ။ ခင်ဗျား ဘယ်လိုထင်လဲ။"

ထိုသို့ပြောရင်း ဟန်လိက သူ့လက်များကို မြှောက်လိုက်သည်။ သူက သွားဖြူဖြူတို့ ပေါ်လာသည်အထိ ပြုံးပြီး သမားတော်မော့ကို ကြည့်ကာ သူ့လက်နက်များကို တိုက်ရိုက် ပစ်ထုတ်လိုက်သည်။ ထိုပုံစံနှင့် ဟန်လိက အလွန် ရိုးသားသည့် တောရွာမှ လူငယ်လေးတစ်ယောက်၏ အသွင်ဖြစ်နေပေသည်။

"အညံ့ခံတာလား။"

သမားတော်မော့သည် မူလက သူ့နားများ အကြားမှားသွားသည်ဟု ထင်နေခဲ့ခြင်း ဖြစ်သည်။ သို့သော် သူက ချက်ချင်း တုန့်ပြန်လိုက်၏။ သူက ဟန်လိ လွှင့်ပစ်လိုက်သော ဆူးချွန်လက်နက်ကို ကြည့်ပြီး အနည်းငယ်မှ ယုံကြည်ခြင်းမရှိသည့် အသံနှင့် ဒေါသတကြီးပြောလိုက်သည်။ "မင်းရဲ့ အစီအစဥ်က ဘာလဲ။ မင်း ပြောတဲ့ စကားလုံးအမှားတွေကို ကျုပ်က ယုံကြည်မယ်ထင်နေလား။ မင်းက အညံ့ခံချင်တာလား။ အဲဒါဆိုလည်း အစကတည်းက လုပ်လို့မရနိုင်ဘူးလား။ ကျေအေးလို့မရတော့အောင်ရန်သူတွေ ဖြစ်လာတဲ့အထိ စောင့်နေစရာမလိုဘူးလေ။ မင်းရဲ့ လှည့်ကွက်က ဘာလဲ။"

ဟန်လိက သမားတော်မော့ကို အပြုံးနှင့် ကြည့်လိုက်ပြီး စကားမပြောခဲ့ပေ။ ထို့အစား သူက ထိုစကားများကို တိတ်တဆိတ် သဘောတူပုံရလေသည်။ သူတို့နှစ်ယောက်က တစ်ကြိမ်ထက်ပိုပြီး ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ဖူးကြလေသည်။

တခဏကြာပြီးနောက် သမားတော်မော့က အလွန် ရယ်ရသည့် ကိစ္စတစ်ခုကို တွေးတောမိသွားပုံရသည်။ သူက အမှတ်တမဲ့ လက်များဖြင့် ဗိုက်ကိုနှိပ်ကာ အူလှိုက်သည်းလှိုက်ရယ်မောလေသည်။ သူက ရယ်မောခြင်းကို မထိန်းချုပ်နိုင်ဘဲ သူ့မျက်လုံးထောင့်မှ မျက်ရည်များ စီးကျလာပေသည်။

"ဟားဟား! ဟား! ဟားဟား! တကယ်ပဲ..... ဒါက တကယ်ကို စိတ်ဝင်စားစရာပဲ။ ဒီလို အရေးကြီးတဲ့ ရှုထောင့်မျိုးကို ကျုပ် တကယ်မေ့သွားရတယ်လို့။ ကျုပ်က တကယ်ပဲ... မင်းရဲ့ ထောင်ချောက်ထဲက ပစ်မှတ်ဖြစ်သွားရတယ်။" သမားတော်မော့က ဒွိဟဖြစ်စေသော အမူအရာနှင့် ရယ်မောနေရင်း ပြောလိုက်သည

ဟန်လိက မျက်မှောင်ကြုတ်လိုက်သော်လည်း မကြာခင်၌ ပြန်ပြေလျော့သွားခဲ့သည်။ သူက ပြတင်းပေါက်အပြင်သို့ လှမ်းကြည့်လိုက်ပြီး ပါးစပ်ထောင့်မှ အားကောင်းသော အပြုံးတစ်ခု ဖြစ်ပေါ်လာကာ တည်ငြိမ်စွာ ပြောလိုက်၏။ "လောင်မော့ အချိန်ဆွဲနေတာ အတော်ကြာပြီလို့များ မခံစားရဘူးလား။ အခုက အပြီးသတ်ဖို့ အချိန်ရောက်ပြီ။"

သမားတော်မော့၏ အူလှိုက်သည်းလှိုက် ရယ်မောနေခြင်းက နှောက်ယှက်ခံရကာ ရပ်တန့်သွားခဲ့သည်။

သူက သူ့ကိုယ်သူ မတ်မတ်ရပ်လိုက်ပြီး မျက်နှာထားက တောင့်တင်းသွားခဲ့သည်။ အမူအရာကင်းမဲ့သည့် မျက်နှာနှင့် သူက ဟန်လိကို အချိန်အတော်ကြာအောင် စိုက်ကြည့်ပြီးနောက် ပြန်ဖြေလိုက်သည်။ "ကျုပ်လည်း အဆုံးသတ်ရမယ့် အချိန်ရောက်ပြီလို့ ခံစားမိပါတယ်။"

သူတို့နှစ်ယောက်က သက်ဆိုင်ရာအနိုင်ရနိုင်သည့် အခွင့်အရေးများကို တွက်ချက်လိုက်ကြသည်။ ထိုစက္ကန့်ပိုင်းအတွင်း သူတို့နှစ်ယောက်လုံးက ပြိုင်ဘက်၏ ဝှက်ဖဲများကို အတင်းအကျပ် ထုတ်ဖော်ခိုင်းနိုင်မည့် နည်းလမ်းအား တွေးတောနေကြပေသည်။

ကိုးယို့ကားယားနှင့် အချိန်တခဏမျှ တိတ်ဆိတ်နေပြီးနောက် ဟန်လိက သူ့ပါးစပ်ကို ဖြေးညင်းစွာ ဖွင့်လိုက်သည်။ သူက သမားတော်မော့ကို အညံ့ခံရန် ဖိအားပေးနိုင်စွမ်းရှိသည့် ယုံကြည်ချက်မှလွဲ၍ အခြားအတွေးမရှိခဲ့ပေ။

"လောင်မော့ ခင်ဗျားသိရဲ့လား။ ခင်ဗျားရဲ့ အသက်က ကျုပ်လက်ထဲမှာဆိုတာကိုလေ။" ဟန်လိ၏ စကားလုံးများက တစ်ဖက်လူကို အလွန် အံ့အားသင့်သွားစေခဲ့သည်။

"ကျုပ် အသက်က မင်းလက်ထဲမှာလား။" သမားတော်မော့က သရော်လိုက်ပြီး သူ့မျက်နှာအမူအရာက မယုံကြည်ဟန်ဖြစ်သွားခဲ့သည်။

"ခင်ဗျားရဲ့ ဒဏ်ရာက နည်းနည်းလောက် ထူးဆန်းနေတယ်လို့ မထင်ဘူးလား။"

"အဓိပ္ပါယ်မရှိတာ။ ကျုပ် သေချာကြည့်ပြီးသွားပြီ။ မင်းရဲ့ ဓားမြှောင်မှာ... မရှိ..." သမားတော်မော့က သူ့စကားလုံးများကို ယုံကြည်ရန် ငြင်းဆန်သော်လည်း ပြောနေရင်း တစ်ဝက်တွင် အမူအရာက အကြီးအကျယ်ပြောင်းလဲသွားခဲ့သည်။ သူ ရရှိခဲ့သည့်ဒဏ်ရာက ဓားမြှောင်ကြောင့် မဟုတ်ဘဲ လျှို့ဝှက်ဆူးချွန်ကြောင့် ​ဖြစ်သည်ကို သတိရလိုက်မိ၏။

"ကြည့်ရတာ ကျုပ် ထပ်ပြောဖို့ မလိုတော့ဘူးထင်တယ်။ လောင်မော့က ကျုပ်ရဲ့ ဆိုလိုရင်းကို နားလည်သွားခဲ့ပြီပဲ။" ဟန်လိက သမားတော်မော့ကို ကြည့်ရင်း ခပ်သာသာ ရယ်လိုက်သည်။

"ကျုပ်က အဆိပ်ခတ်ခံလိုက်ရရင်တောင် မင်း မမေ့နဲ့။ မင်း တတ်ထားတဲ့ ဆေးပညာတွေအားလုံးကို ကျုပ် သင်ပေးခဲ့တယ်ဆိုတာ။ ကျုပ် မဖြေနိုင်တဲ့အဆိပ်ဆိုတာ မရှိဘူး။" သမားတော်မော့က တည်ငြိမ်စွာ ပြောလိုက်သည်။ သူ့မျက်နှာက ချက်ချင်း ပုံမှန်ပြန်ဖြစ်သွားခဲ့၏။

"ဟီးဟီး! ကျုပ် ပြောဖို့မေ့သွားတာ။ ကျုပ် ဓားသွားမှာ သုတ်ထားတဲ့ အဆိပ်ကို 'နံသာပေါင်းပိုးအဆိပ်' လို့ခေါ်တယ်။"

"နံ့သာပေါင်းပိုးအဆိပ်လား။" သမားတော်မော့က တအံ့တသြ အော်လိုက်မိသည်။ ထိုသည်က သူ၏ မျှော်မှန်းချက်ထက် အကြီးအကျယ် ကျော်လွန်နေပေသည်။

"ဟုတ်တယ်။ လောင်မော့အနေနဲ့ အဲဒီအဆိပ်ကို ဖြေရှင်းဖို့ ဘယ်လောက်ခက်လဲ သိမယ်ထင်ပါတယ်။"

"အဓိပ္ပါယ်မရှိတာ။ မင်းက ဒီအဆိပ်မျိုး ဘယ်လို ဖော်စပ်နိုင်မှာလဲ။ အဲဒီဖော်စပ်နည်းကိုတောင် ကျုပ် တစ်ခါမှ ထုတ်မပြောခဲ့ဖူးဘူးလေ။" သမားတော်မော့၏ အမူအရာက အလွန် တည်တင်းနေပြီး သူက ဟန်လိ၏ စကားများကို မယုံကြည်ပုံရလေသည်။ သို့သော် သူသည် ဒဏ်ရာမှ ထူးဆန်းသည့် ခံစားချက်ကို ခံစားနေရပြီး ဟန်လိက သူ့ကို အမှန်တကယ် အဆိပ်ခတ်လိုက်ကြောင်း သူ့နှလုံးသားထဲ၌ သေချာနေခဲ့ပြီဖြစ်သည်။

သမားတော်မော့က ရှုံးနိမ့်ကြောင်း ဝန်မခံသေးသည်ကို ကြည့်ကာ ဟန်ဘိက သက်ပြင်းချလိုက်သည်။ ထို့နောက် သူက ထပ်ရှင်းပြလိုက်၏။

"ခင်ဗျားရဲ့ စာကြည့်တိုက်ထဲက စာအုပ်တွေကို ကျုပ်ဖတ်ဖို့ ခွင့်ပြုပေးထားခဲ့တာကို မေ့နေတာလား။ ဒီဆေးညွှန်းက မထင်မရှား ဆေးစာအုပ်တစ်အုပ်ကြားထဲမှာ ညပ်နေခဲ့တာ။ ကျုပ်သာ သေချာဂရုမစိုက်မိရင် မတွေ့လိုက်ရမှာတောင် စိုးရတယ်။"

သမားတော်မော့က ထိုအကြောင်းကို ပြန်စဥ်းစားလိုက်၏။ ယခင်က သူ ထိုအညွှန်းစာရွက်ကို ရသည့်အချိန်၌ ၎င်းသည် ပါဝင်ပစ္စည်းအများအပြားလိုအပ်ပြီး နည်းလမ်းမှာလည်း အလွန်ရှုပ်ထွေးလှသည့်အတွက် သူ မေ့သွားလိမ့်မည်ကို စိုးသောကြောင့် ဆေးအညွှန်းအား အသေးစိတ် ကူးရေးထားသည့် စာရွက်ကို ကျပန်းစာအုပ်တစ်အုပ်တွင် သာမန်ကာလျှံကာ ညှပ်ထားခဲ့သည်။ နောက်ပိုင်းတွင် သူက ကိစ္စအများအပြားကို ကိုင်တွယ်ရန် လိုသည့်အတွက် ထိုဆေးညွှန်းစာရွက်အကြောင်း မေ့ပျောက်သွားခဲ့ပေသည်။ သူသည် ထိုကိစ္စကြောင့် ဟန်လိက အကျိုးအမြတ်ရသွားပြီး သူ့အား ပြဿနာဖြစ်စေလိမ့်မည်ဟု ထင်မှတ်မထားမိခဲ့ပေ။

"ကျုပ်တို့ ထိုင်စရာရှာပြီး သေချာဆွေးနွေးသင့်တယ်မလား။ လာ...  လက်ဆွဲနှုတ်ဆက်ပြီး ငြိမ်းချမ်းရေးယူလိုက်ရအောင်။" ဟန်လိက ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။

ဟမ့်! သမားတော်မော့က ဟန်လိအား ဂရုမစိုက်နေခဲ့ပေ။ သူ့ ဦးနှောက်က နံ့သာပေါင်းပိုးအဆိပ်၏ အာနိသင်များကို မှတ်မိစေရန် အလုပ်များနေခဲ့သည်။

နံ့သာပေါင်းပိုးအဆိပ်။ ဤအမည်က ကြောက်မက်ဖွယ် မကောင်းလှပေ။ လူအများသည် ထိုအမည်အား ကျက်သရေရှိပြီး စိတ်ကူးယဥ်ဆန်သည်ဟုပင် တွေးမိနိုင်ပေသည်။ သို့သော် ထိုအဆိပ်၏ အင်အားမှာ အရူးအမူးချစ်နေသည့် အမျိုးသမီးတစ်ယောက်၏ ပြင်းပြသောစိတ်ဆန္ဒကဲ့သို့ အရိုးထဲထိတိုင် သည်းမခံနိုင်လောက်အောင် ဖြစ်စေနိုင်ပေသည်။

All Chapters