← Chapters

ဝိညာဥ်ခုနစ်ပါးဝါးမြိုခြင်းနည်းစနစ်

Vol. 4 Ch. 52

ဝိညာဥ်ခုနစ်ပါးဝါးမြိုခြင်းနည်းစနစ်

Vol. 4 Ch. 52

ဟန်လိ၏ မျက်နှာက စိမ်းဖန့်လာပြီး သမားတော်မော့က ထိုထူးဆန်းသည့် ဓားကို လေထဲသို့ ပင့်မလိုက်သည်အား အကူအညီမဲ့စွာ ကြည့်နေခဲ့ရသည်။ နေအလင်းရောင်အောက်တွင် ဓားသွားအစွန်းက တလက်လက်တောက်ပနေခဲ့ပြီး သိသာထင်ရှားလှသည့် ထက်ရှမှုကို ပြသနေသည်။ သူ့နှလုံးသားက မသိလိုက်မသိဘာသာနှင့် စတင်တုန်ယင်လာသော်လည်း သူ၏ ဆင်ခြင်နိုင်စွမ်းက ပြောနေသည်မှာ သမားတော်မော့က သူ့ကို ခြိမ်းခြောက်နေခြင်းသာ ဖြစ်ပေသည်။ သမားတော်မော့က ဟန်လိအား အသက်ရှင်လျက် ဖမ်းဆီးရန် အများကြီး အားထုတ်ခဲ့လေရာ သူ့ကို သေချာပေါက်လွယ်လွယ် သတ်ပစ်လိမ့်မည် မဟုတ်ပေ။

ထက်ရှသည့် ဓားသွားက ကောင်းကင်မှ တဖြေးဖြေး ကျဆင်းလာပြီး သူ့ခန္ဓာကိုယ်ကို ထိုးဖောက်ရန် ပစ်မှတ်ထားလာသည်ကို မြင်လိုက်ရသော်လည်း ဟန်လိက တိတ်ဆိတ်နေဆဲဖြစ်ကာ သူ၏ အမူအရာကင်းမဲ့နေသည့် ဟန်ကို အတင်းအကျပ် ထိန်းသိမ်းထားပေသည်။

ထိုထူးဆန်းသည့် ဓားသွားက သူ့ခေါင်းကို ခွဲမိရန် လက်မဝက်ခန့်အလို ဆံပင်ထိပ်ဖျားလေးများပင် ထိုဓားမှ အေးစက်မှုလှိုင်းကို ခံစားနိုင်သည်အထိ နီးကပ်လာသောအခါ ဟန်လိ၏ စိတ်ထဲတွင် နောင်တအရိပ်အငွေ့များ ဖြစ်ပေါ်လာပြီး မျက်လုံးများအား မှိတ်လိုက်သည်။

'သမားတော်မော့က ငါ့ကို တကယ် သတ်ချင်တာ ဖြစ်နိုင်လား။ ငါ စောစောကသာ သိရင် အသက်ရှင်ခွင့်ရဖို့ တောင်းဆိုကြည့်မှာပေါ့။ အဲဒါဆို မျှော်လင့်ချက်နည်းနည်းလောက် ရှိနိုင်သေးတယ်။ ငါက အရမ်းငယ်သေးတယ်။ ဒီလိုမျိုးတော့ မသေချင်ဘူး။ ငါ သေသွားတဲ့သတင်းသာ ငါ့မိဘတွေဆီ ရောက်သွားရင် သူတို့ ဝမ်းနည်းလိမ့်မလား။ သူတို့ ငါ့ကို ချီးရွှမ်ဂိုဏ်းဆီ ပို့ခဲ့မိတာ နောင်တရလိမ့်မလား။"

သေခြင်းနှင့် ရှင်ခြင်းကြား အခြေအနေသို့ ရောက်နေသည့်အခါ ဟန်လိ၏ စိတ်ထဲတွင် အတွေးပေါင်းစုံ ယောက်ယက်ခတ်လာပြီး သူ့ကို လွှမ်းမိုးခြိမ်းခြောက်နေခဲ့သည်။ ထိုအခိုက်အတန့်တွင် ရုတ်တရက်ကြီး ဟန်လိက ဘဝတလျှောက် ပျော်ရွှင်ခြင်းဝမ်းနည်းခြင်း ဘဝအတွေ့အကြုံများကို ပြန်လှန်ခံစားမိကာ သေခြင်းရှင်ခြင်း ကိစ္စများနှင့် ပတ်သတ်၍ ဉာဏ်အလင်းတချို့ ရရှိသွားပုံရလေသည်။

ရွှပ်! ထူးဆန်းသော ဓားသွားက လူသားခန္ဓာကို လှီးဖြတ်လိုက်သည့် အသံမျိုး ထွက်ပေါ်လာသည်။

ဟန်လိ၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွားသော်လည်း အံ့အားသင့်ဖွယ်ကောင်းလှစွာဖြင့် ၎င်းမှ မည်သည့်နာကျင်မှုကိုမှ ခံစားခဲ့ရခြင်းမရှိပေ။

"ဘာတွေဖြစ်နေတာလဲ။" ဟန်လိက အံ့အားသင့်စွာဖြင့် မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။

ဟန်လိ မျက်လုံးများကို ဖွင့်လိုက်သည့် အခိုက်အတန့်၌ ထိတ်လန့်အံ့သြသွားခဲ့သည်။

ထင်မှတ်မထားစွာဖြင့် သူသည် ထိုထူးဆန်းသည့် ဓားသွားက သမားတော်မော့၏ ပခုံးရိုးကို စိုက်ဝင်နေခဲ့ပြီး အပြင်ဘက်တွင် ဓားအရိုးသာ ကျန်ရစ်နေခဲ့ကာ သူ့ခန္ဓာကိုယ်အတွင်း နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်နေခဲ့သည်ကို မြင်တွေ့လိုက်ရပေသည်။ ဓားသွားက အလွန်ထက်ရှသည့်အတွက် နက်ရှိုင်းသော ဒဏ်ရာဖြစ်သော်လည်း သွေးမထွက်ခဲ့ပေ။ ဟန်လိသည် ထိုမြင်ကွင်းကြောင့် ထိတ်လန့်တုန်လှုပ်သွားခဲ့သော်လည်း သမားတော်မော့က ကျိုးကြောင်းမဆီလျော်သည့် ရူးသွပ်နေသူနှယ် ဟန်လိအား စတင်၍ ချီးမွမ်းစကားဆိုလာသည်။

"သိပ်ကောင်းတယ် ကောင်စုတ်လေး။ မင်းက တကယ့်ကို သတ္တိရှိတာပဲ။ သေခြင်းတရားနဲ့ နီးကပ်လာတဲ့အချိန်မှာတောင် သနားညှာတာပေးဖို့ တောင်းဆိုမှုမလုပ်ခဲ့ဘူး။ သိပ်ကောင်းတယ် ဟားဟားဟား။"

"ကျုပ် အရင် ကျန်းဟူတစ်ခွင်မှာ ခရီးထွက်တဲ့အချိန်တုန်းက သူတို့ကိုယ်သူတို့ သေရမှာကို မကြောက်ဘူးလို့ ကြွေးကြော်ထားတဲ့ လူစွမ်းကောင်းတွေ အများကြီး တွေ့ခဲ့ဖူးတယ်။ ဒါပေမယ့် သူတို့ ကျုပ်လက်ထဲကို ရောက်လာပြီး ဖိအားနည်းနည်းလောက် ခံလိုက်ရတာနဲ့ သူတို့ကိုယ်သူတို့ လူစွမ်းကောင်းလို့ ကြွေးကြော်ထားတဲ့သူတွေက ငကြောက်တွေဖြစ်သွားခဲ့ပြီး ဒူးထောက်လို့ အသက်ချမ်းသာပေးဖို့ တောင်းပန်ကြတယ်။"

ဟန်လိက အေးခဲသွားခဲ့သည်။ သူက မည်သို့ ပြန်ဖြေရမည်ကို မသိခဲ့ဘဲ ရုတ်တရက် တိတ်ဆိတ်သွားခဲ့ပေသည်။

အစောပိုင်းက သူသည် ဖိအားများကြား လက်လျှော့ အရှုံးပေးကာ သူ့ကိုယ်သူ အရူးလုပ်မိလုနီးပါး ဖြစ်သွားခဲ့သည်။ သူက အံကြိတ်ရင်း မငိုမိအောင် အတင်းအကျပ် သည်းခံထားခဲ့သည်။ သမားတော်မော့က သူ့ကို မသတ်ဟု စိတ်ထဲမှ ယုံကြည်ခဲ့သောကြောင့် သူက ကံကောင်းစွာနှင့် ဤ'စမ်းသပ်မှု'ကို အောင်မြင်ခဲ့ပေသည်။ ထို့ပြင် ဟန်လိသည်လည်း မာနကြီးသော ယောက်ျားတစ်ယောက်ဖြစ်သောကြောင့် သူ၏ ရပ်တည်မှုကို ပြောင်းလဲကာ သနားညှာတာမှုပေးရန် သမားတော်အား တောင်းဆိုဖို့ရာ စိတ်ကူးမရှိခဲ့ပေ။

သမားတော်မော့ထံမှ ချီးကျူးမှုနှင့် ရင်ဆိုင်ရသည့်အခါ ဟန်လိက ၎င်းကို အသေးစိတ်ရှင်းမပြနိုင်သော်လည်း သူ့နှလုံးသားထဲတွင် မရေတွက်နိုင်သော ဝိရောဓိဖြစ်မှုတို့ တိုးပွားလာခဲ့ပြီး သူက ပျော်သင့်သလား စိတ်ပျက်လက်ပျက် ဖြစ်သင့်သလား မသိတော့ပေ။

ဟန်လိ၏ စိတ်ထဲတွင် အတွေးပေါင်းစုံ ဖြစ်ပေါ်လာခဲ့သည့်အချိန်တွင် သမားတော်မော့သည် ကျန်နေသည့် ထူးထူးဆန်းဆန်းဓားသွားတို့ကို ဆွဲယူကာ သူ့ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းတွင် နက်နက်ရှိုင်းရှိုင်း စိုက်ဝင်သွားအောင် လုပ်ဆောင်ခဲ့ပြီး ထူးဆန်းသည့်ဓားများ၏ နတ်ဆိုးခေါင်းများကိုသာလျှင် မြင်တွေ့ရပေတော့သည်။

ဟန်လိက ထိတ်လန့်နေမှုမှ ပြန်လည်သက်သာလာပြီးနောက် သူသည် သမားတော်မော့၏ ခန္ဓာကိုယ်တွင် ထက်ရှသည့် ဓားခုနစ်လက် စိုက်ဝင်နေခဲ့ကြောင်း သတိပြုမိခဲ့သည်။ ဓားများက သူ့ ပခုံးနှစ်ဖက်၊ ခြေထောက်နှစ်ဖက်၊ ဝမ်းဗိုက်အောက်ပိုင်းနှင့် ကျန်သည့် ဓားများက ရင်ဘတ်အရှေ့ပိုင်းတွင် မြုပ်ဝင်နေခဲ့၏။ အဝေးမှကြည့်သည့်အခါ သမားတော်မော့၏ ခန္ဓာကိုယ်က အပိုင်းပိုင်း ခုတ်ထစ်ခံရပြီး ပရမ်းပတာအခြေအနေတွင် ကျရောက်နေသလို ထင်မြင်ချက်မျိုး ပေးစွမ်းပေသည်။

ဟန်လိသည် သမားတော်မော့၏ သူ့ကိုယ်သူ ညှင်းပန်းနေခြင်းကို ပျော်ရွှင်ရမည်လား ကြောက်လန့်သင့်သည်လား မသိတော့ပေ။ ကြည့်ရသည်မှာ ထိုသည်က အလွန် အစွမ်းထက်သည့် သိုင်းပညာရပ်တစ်ခုကို စတင်နေခြင်းဖြစ်သလား။ သမားတော်မော့က ဟန်လိနှင့် ရင်ဆိုင်ရန် အစွမ်းထက်သိုင်းပညာရပ်တစ်ခုကို အသုံးပြုရန် ကြိုးစားနေခြင်း ဖြစ်နိုင်သလား။

သမားတော်မော့က သူ့ကိုယ်သူ ထိုးစိုက်၍ ပြီးသွားသောအခါ ကျင့်ကြံခြင်းအခြေအနေသို့ ဝင်ရောက်သွားခဲ့ပြီး အနှောက်အယှက်များအားလုံးကို လျစ်လျူရှု၍ စကားတစ်ခွန်းမှမဆိုတော့ပေ။

ဟန်လိ၏ နှလုံးသားက အနည်းငယ် တုန်ယင်သွားခဲ့သည်။ သူသည် ဤသည်က ထွက်ပြေးလွတ်မြောက်ရန် အဖိုးတန်အခွင့်အရေးဟု ခံစားမိခဲ့ပေသည်။ သို့သော် သူ လှုပ်ရှားမှုပြုလုပ်လိုက်ချင်သည့် အချိန်မှာပင် ရုတ်တရက် ရပ်တန့်သွားပြီး တစ်စုံတစ်ခုကို သတိပြုမိသွားပုံပေါ်ပေသည်။

ဟန်လိက ခါးသက်စွာ ပြုံးလိုက်သည်။ သူက မည်သို့ဖြစ်၍ သံမဏိအစေခံက သမားတော်မော့ဘေးတွင် ရှိနေသည်ကို မေ့နေရပါသနည်း။ ထိုလူက အမြဲတမ်း ဟန်လိ၏ လှုပ်ရှားမှုများကို စူးစမ်းလေ့လာနေသည်ဖြစ်ရာ သူက မည်သို့ ထွက်ပြေးရန် အခွင့်အရေး ရနိုင်ပါမည်နည်း။

ကျင့်ကြံခြင်းအခြေအနေသို့ ဝင်ရောက်မသွားခင် သမားတော်မော့က အရာအားလုံးကို စေ့စေ့စပ်စပ် စီစဥ်ပြီးသား ဖြစ်ပုံရပေသည်။ သူသည် ဟန်လိက မ​ည်သည့် လှည့်ကွက်ကို ထုတ်သုံးသည်ဖြစ်စေ မကြောက်ရွံ့သည့်ပုံပေါ်သည်။ 'သံမဏိအစေခံ' ဟုခေါ်သည့် ဤလူထူးဆန်းက အချို့သော လျှို့ဝှက်ဆန်းကြယ်သည့် နေရာတချို့မှ လာခဲ့ခြင်း​ဖြစ်နိုင်သည်။ သူ့ခန္ဓာကိုယ်က သမားတော်မော့၏ မိစ္ဆာငွေလက်နှင့် တူညီပြီး သူ့ခန္ဓာကိုယ် မာကျောမှုက အမျိုးသားများ၏ သေစေနိုင်သော အားနည်းချက် ဖြစ်သည့် (ပေါင်ခြံကဲ့သို့သောနေရာ)မျိုးကိုပင် ဓား သို့မဟုတ် လှံတို့ဖြင့် ထိုးဖောက်၍ မရနိုင်အောင် မာကျောလှသည်။ ထွက်ပြေးလွတ်မြောက်ရန် ဟန်လိ၏ အကြံအစည်အားလုံးမှာ ထိုလူထူးဆန်း၏ တည်ရှိမှုကြောင့် ဖျက်ဆီးခံလိုက်ရပေသည်။

ဟန်လိသည် ထိုလူထူးဆန်းကို သူ့နှလုံးသားထဲမှ တိတ်တဆိတ် ကျိန်ဆဲလိုက်ပြီးနောက် သူ့ရှေ့တွင် နတ်ဆိုးဆန်လှသည့် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်ကို မြင်လိုက်ရသည်။

သမားတော်မော့၏ မျက်နှာအသွင်အပြင်က စတင်၍ တွန့်ရှုံ့လာပြီး သူ့တစ်ကိုယ်လုံးက ပြင်းထန်စွာ တုန်ယင်လာခဲ့သည်။ သူက ပြင်းထန်စွာ နာကျင်နေရသကဲ့သို့ သူ့မျက်နှာက အပြင်းအထန် ရှုံ့မဲ့နေခဲ့ပေသည်။ ထူးဆန်းသည့် ဓားသွားများနှင့် သူ့ခန္ဓာကိုယ်ကို ထိုးစိုက်ခဲ့သော သမားတော်မော့ ရှိနေသည့် အခန်းထဲ၌ မြင့်တက်လာသော အေးစက်မှုမှာ လူတိုင်းကို ကြောက်လန့်တုန်လှုပ်မှု ခံစားရစေမည် ဖြစ်သည်။

ရုတ်ချည်းပင် သမားတော်မော့၏ တုန်ယင်နေမှုက ရပ်တန့်သွားခဲ့သည်။ သို့သော် အလွန် ထူးဆန်းသည့် ခပ်တိုးတိုးအော်မြည်သံတစ်ခုက သူ့လည်ချောင်းအတွင်း  နက်ရှိုင်းသည့်တစ်နေရာမှ ဆူညံစွာ ထွက်ပေါ်လာနေသည်။ ထိုအသံသည် ရှေးဦးမျိုးနွယ်သားရဲရိုင်းတစ်ကောင်ကောင်၏ အသံနှင့် ဆင်တူပေသည်။ ထိုခဏတွင် သမားတော်မော့က လူသားတစ်ယောက်မဟုတ်တော့ဘဲ ရှေးဦးခေတ်မှ ကြောက်မက်ဖွယ် တောရိုင်းသားရဲတစ်ကောင် ဖြစ်လာပုံပေါ်လေသည်။

ထို့ပြင် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသည့် အရာဖြစ်လာခဲ့သည်။ ယခင်တစ်နှစ်ခန့်က သမားတော်မော့၏ မျက်နှာတွင် ပေါ်ပေါက်လာဖူးသော တစ္ဆေမြူတို့က တစ်ဖန် ထွက်ပေါ်လာပေသည်။

ယခင်နှစ်ကနှင့် ယှဥ်လျှင် ယခု ထွက်ပေါ်လာသည့် တစ္ဆေမြူများက ပိုမိုရှင်းလင်းပြတ်သားလာသည်။ ယခုအခါ ၎င်းက ထုထည်ပိုမိုများပြားလာခဲ့ပြီး မြူအရောင်သည်လည်း ပို၍ မည်းနက်သထက် မည်းနက်လာခဲ့ပေသည်။ ထိုမြူတို့က သမားတော်မော့၏ မျက်နှာထက်တွင် ပေါ်လာသည့်အခါ သူ့ မူလအသွင်အပြင်တို့ကို မှေးမှိန်သွားစေသည့် အနက်ရောင်မျက်နှာဖုံးကို ဝတ်ဆင်ထားသကဲ့သို့ ထင်မှတ်ရစေသည်။

တစ္ဆေမြူများထံမှ မှုန်ဝါးဝါးလက်တံများလည်း စတင်ထွက်ပေါ်လာသည်။ ထို့ပြင် တစ္ဆေမြူများ၏ အောက်တွင် ကမ္ဘာတုန်လှုပ်ဖွယ် အပြောင်းအလဲတို့ ဖြစ်ပေါ်လာသည်ကို ခံစားမိရစေသည်။ မှုန်ဝါးဝါးလက်တံများ၏ အလယ်တွင် အနက်ရောင်မြူမှုန်များက ချောမွေ့ကာ တောက်ပြောင်သည့် အသွင်အပြင်ကို ရရှိလာပုံရသည်။ ၎င်းတွင် ကိုယ်ပိုင်အသိစိတ်ရှိနေပုံရကာ ထိန်းချုပ်၍မရအောင် ကြီးမားကျယ်ပြန့်လာပြီး သမားတော်မော့၏ မျက်နှာထက်၌ အရူးအမူး ကခုန်နေသည့်ပုံပေါ်ပေသည်။

သမားတော်မော့၏ လက်နှစ်ဖက်လုံးက ကြာပန်းသဏ္ဌာန် ပုံဖော်ကာ ထူးဆန်းသည့် အနေအထားတစ်ခုကို ဖော်ပြလာခဲ့သည်။ သူ့ နှုတ်ခမ်းများက မန္တာန်တစ်ခုခုကို ရွတ်ဆိုနေဟန်ဖြင့် အနည်းငယ်လှုပ်ရှားသွားသည်။ သူ့အသံက အလွန် တိုးလျနေသဖြင့် ဟန်လိအနေနှင့် သူ့ရွတ်ဆိုမှုကို မကြားနိုင်ခဲ့ပေ။

သမားတော်မော့၏ ထူးဆန်းသော အပြုအမူနှင့်အတူ သူ့မျက်နှာထက်မှ တစ္ဆေမြူများက အလွန် သွေးထိုးလှုံ့ဆော်ခံလာရပုံပေါ်သည်။ ၎င်းသည် ပွက်ပွက်ဆူနေသည့် အိုးပူပူပေါ်သို့ ရေခဲရေလောင်းချလိုက်သကဲ့သို့ တစ္ဆေမြူများက စတင် ဆူပွက်လှုပ်ရှားလာပြီး လေထဲတွင် ခြိမ်းခြောက်နိုင်သည့် လက်တံသေးသေးလေးများက လူးလွန့်ကာ အများအပြားပေါ်ပေါက်လာသည်။ ၎င်းတို့က သမားတော်မော့ တစ်ခုခုလုပ်နေသည်ကို တားမြစ်ချင်နေပုံရလေသည်။

အနက်ရောင်မြူတို့ အများပြားဆုံးဖြစ်လာသည့် အခိုက်အတန့်တွင် သမားတော်မော့က ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်သည်။ ပြင်းထန်သည့် အနက်ရောင်မြူအလွှာများကြားမှ သမားတော်မော့၏ မျက်လုံးများထဲတွင် သက်ဝင်တက်ကြွကာ အာရုံစူးစိုက်မှုအပြည့် ဖြစ်နေသည်ကို ဟန်လိ မြင်တွေ့နိုင်ခဲ့ပေသည်။

"ဝိညာဥ်ခုနစ်ပါးဝါးမြိုခြင်းနည်းစနစ်။"

သမားတော်မော့က ဟန်လိအပေါ် အသုံးပြုရန် ကြံစည်ထားသည့် လျှို့ဝှက်သိုင်းပညာရပ်၏ အမည်ကို ဟစ်ကြွေးလိုက်သည်။

All Chapters