ချောမောသည့်လူ
Vol. 4 Ch. 53
ဟန်လိက ထိုလျှို့ဝှက်သိုင်းပညာရပ် အမည်ကို ကြားလိုက်ရသည်နှင့် အလိုလို တုန်ယင်သွားခဲ့ပေသည်။ အစောပိုင်းက ဖြစ်ပျက်ခဲ့သည်များမှာ သူ့အပေါ်တွင် ခိုင်မြဲသည့် ထင်မြင်ချက်မျိုး ကျန်ရစ်စေခဲ့သည်။ ၎င်းသည် ဤလောက၌ အမည်မသိကိစ္စရပ်များစွာ ရှိနေသေးကြောင်း သူ့အား သတိပေးနေခဲ့၏။
သမားတော်မော့ အော်ဟစ်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်ထဲ ထိုးစိုက်ခံထားကသော ထူးဆန်းသည့် ဓားသွားခုနစ်လက်က စတင်တုန်ယင်လာသည်။ ဓားသွား၏ နတ်ဆိုးဦးခေါင်းများမှ တဝီဝီအသံများ ထုတ်လွှတ်နေပြီး တစ်စထက်တစ်စ စူးရှကျယ်လောင်လာကာ အသက်ဝင်လာသကဲ့သို့ ထင်မှတ်ရပေသည်။
သမားတော်မော့က ထူးဆန်းသော ဓားသွားများ၏ တုန်ခါမှုကို ခံစားမိခဲ့သည်နှင့် တစ်စုံတစ်ခုအား ထက်သန်စွာ ရေရွတ်လိုက်သည်။ ဟန်လိသည် သမားတော်မော့က မည်သည်ကို ရေရွတ်နေကြောင်း မသိသော်လည်း ကောင်းမွန်သည့် တစ်စုံတစ်ရာ မဖြစ်နိုင်ကြောင်းကို သိရှိပေသည်။
သမားတော်မော့က ထရပ်လိုက်ကာ အခန်းကို ပတ်လျှောက်လိုက်ပြီး နောက်ဆုံး၌ သူက ဒေါသတကြီးခြေဆောင့်လိုက်သည်။ သူက လက်ညှိုးကို တွန့်ဆုတ်စွာ မြှောက်လိုက်ပြီး နတ်ဆိုးခေါင်းများထဲမှ တစ်ခု၏ ပါးစပ်ထဲသို့ ထည့်လိုက်သည်။
ထိုစဥ်၌ စိတ်ကူးကြည့်၍ပင် မရနိုင်လောက်သည့် မယုံကြည်နိုင်ဖွယ် အဖြစ်တစ်ခု ဖြစ်သွားခဲ့သည်။ သေနေသည်ဟု ထင်ရသည့် ထိုနတ်ဆိုးဦးခေါင်းက အမှန်တကယ် ပါးစပ်ကိုဖွင့်ကာ သမားတော်မော့၏ လက်ညှိုးကို နတ်သုဒ္ဓါသဖွယ် အားပါးတရ ကိုက်ချလိုက်ပေသည်။
သမားတော်မော့၏ ခန္ဓာကိုယ်က ပြင်းထန်သည့် နာကျင်မှုကို အတင်းအကျပ် ဖိနှိပ်နေရသကဲ့သို့ အနည်းငယ် တုန်ယင်သွားခဲ့သည်။ သူ့အသွင်အပြင်ကို မှေးမှိန်သွားစေသည့် အနက်ရောင်မြူများကြောင့် ဟန်လိက သမားတော်မော့၏ အမူအရာရို မမြင်နိုင်သော်လည်း ၎င်းက အလွန် ကြောက်မက်ဖွယ် ကောင်းသည်မှာ သေချာပေသည်။
လက်ဖက်ရည်တစ်ခွက်စာ ကျိုချက်ချိန်ကြာပြီးနောက် နတ်ဆိုးဦးခေါင်း၏ ဆာလောင်မှုက ပြေပျောက်သွားပုံရသည်။ ၎င်းက စိတ်ကျေနပ်စွာဖြင့် ပါးစပ်ကို ဖွင့်ကာ လက်ချောင်းအား လွှတ်ပေးလိုက်ပြီး ဆူညံသံများ ထုတ်လွှတ်နေမှုကလည်း စတင် ရပ်စဲလာခဲ့သည်။
ထို့နောက် သမားတော်မော့က အခြားနတ်ဆိုးခေါင်းများကိုလည်း ဆက်တိုက် သူ၏ လက်ချောင်းကို တွန့်ဆုတ်စွာ ထည့်ပေးနေခဲ့သည်။
၎င်းကို ပြီးပြည့်စုံသည်အထိ ပြုလုပ်ပြီးနောက် သမားတော်မော့သည် ယခင်က ကြာပန်းပုံသဏ္ဌာန်လက်ဟန်ကို ပြန်လည်ပြုလုပ်လိုက်ပြီး မန္တာန်တချို့ကို ခပ်တိုးတိုးရေရွတ်နေပြီးနောက် 'ဝိညာဥ်ခုနစ်ပါးဝါးမြိုခြင်းနည်းစနစ်' ဟု တစ်ဖန် ဟစ်အော်လိုက်သည်။
ဤတစ်ကြိမ်၌ ထူးဆန်းသော ဓားသွားခုနစ်ပါးက အခြား မည်သည့် ထူးဆန်းအံ့သြဖွယ်ရာမှ မဖြစ်ပျက်တော့သည့်အပြင် စတင် တုန်ခါလာခြင်းလည်း မရှိတော့ပေ။ သို့သော် နတ်ဆိုးခေါင်းများ အားလုံး၏ မျက်လုံးများက ချက်ချင်း ပွင့်ဟလာခဲ့ပေသည်။ သွေးနီရောင်ရဲနေသော မျက်လုံးအစုံများကို ပြသလာပြီး ၎င်းတို့က ပါးစပ်များအား တပြိုင်တည်း ပွင့်ဟလိုက်ကာ လေထဲရှိ တစ်စုံတစ်ရာကို အလောတကြီး စုပ်ယူဝါးမြိုရန် ကြိုးစားနေပုံပေါ်သည်။
သမားတော်မော့၏ မျက်နှာထက်မှ တစ္ဆေမြူများက ကျရောက်လာတော့မည့် အန္တရာယ်ကို ခံစားခဲ့ရသကဲ့သို့ ပြင်းထန်စွာ စတင်တုန်လှုပ်လာခဲ့သည်။ တစ္ဆေမြူလက်တံများ၏ လှုပ်ရှားမှုတို့က ပြင်းပြင်းထန်ထန် ရုန့်ရင်း ကြမ်းတမ်းစွာ တိုးမြင့်လာသော်လည်း အချည်းနှီးပင် ဖြစ်သွားရသည်။
တစ္ဆေမြူများ၏ ထိပ်တွင် အလွန် သန့်စင်သည့် အနက်ရောင်ကြိုးမျှင်များ ပေါ်ပေါက်လာပြီး လေထဲတွင် လှပသည့် ကွန်ယက်သဖွယ် ယက်လုပ်နေခဲ့သည်။ မမြင်နိုင်သည့် စွမ်းအင်နှင့်အတူလိုက်ကာ စူးစမ်းနေဟန် လှုပ်ရှားနေသော အနက်ရောင်ကြိုးမျှင်များသည် စိိတ်အားထက်သန်စွာ စောင့်ဆိုင်းနေပုံပေါ်သည့် နတ်ဆိုးဦးခေါင်းများ၏ ပါးစပ်ထဲသို့ စုပ်ယူဝါးမြိုခံလိုက်ရပေသည်။
ဟန်လိက ထိုမြင်ကွင်းကို ထိတ်လန့်တုန်လှုပ်စွာ စိုက်ကြည့်နေခဲ့၏။ ထိုအဖြစ်အပျက်များအားလုံးက သူ့အရှေ့တွင် ဖြစ်ပျက်သွားသည်ဖြစ်ရာ တစ္ဆေမြူများနှင့် နတ်ဆိုးဦးခေါင်းများ၏ အပြုအမူတိုင်း၏ အသေးစိတ်အချက်အလက်များက သူ့စိတ်ထဲတွင် ထွင်းထုထားသကဲ့သို့ နက်ရှိုင်းစွာ ဝင်ရောက်လာသည်။ သူက ထိုနေရာနှင့် အလွန် နီးကပ်နေသောကြောင့် နတ်ဆိုးဦးခေါင်းများ ပါးစပ်ကို ဖွင့်ဟလာသည့်အခါ ၎င်းတို့၏ သွားများကိုပင် ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ခဲ့ပေသည်။
ဤသည်မှာ ဟန်လိအနေနှင့် အခြားအဆင့်တစ်ခုမှ တည်ရှိမှု၏ လျှို့ဝှက်ဆန်းကြယ်သော စွမ်းရည်တို့နှင့် အလွန် အနီးကပ်ထိတွေ့ရသည့် ပထမဆုံးအကြိမ်ဖြစ်ပေသည်။ သူက ထိတ်လန့်တုန်လှုပ်ကာ ထိုခံစားချက်ကြောင့် အံ့သြမှင်တက်နေခဲ့သည်။ ထူးဆန်းသော ဓားသွားများမှ နတ်ဆိုးခေါင်းများသည်လည်း သမားတော်မော့ မျက်နှာထက်မှ တစ္ဆေမြူများကဲ့သို့ ပြင်းထန်သည့် နတ်ဆိုးအငွေ့အသက်တို့ကို ထုတ်လွှတ်ပေးနေသည်။ ဤဖြစ်စဥ်ကို သာမန်အမြင်နှင့် ရှင်းပြနိုင်လိမ့်မည် မဟုတ်ပေ။ ယခင်က ဟန်လိသည် သဘာလွန်အဖြစ်အပျက်များကို မည်သည့်အခါမှ ယုံကြည်ခဲ့ဖူးခြင်းမရှိချေ။ ယနေ့ သူက ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခဲ့ဖူးခြင်းမရှိလျှင် ၎င်းကို မည်သည့်အခါမှ ယုံကြည်လိမ့်မည် မဟုတ်သည်မှာ သေချာပေသည်။
သို့သော် ယခု ဟန်လိအနေနှင့် မည်သို့ မယုံကြည်ဘဲ နေနိုင်ပါတော့မည်နည်း။ ဒဏ္ဍာရီပုံပြင်များထဲမှာသာ ရှိသည့် အကြောင်းအရာများက သူ၏ မျက်လုံးရှေ့၌ အမှန်တကယ် ဖြစ်ပျက်နေခဲ့လေသည်။
ထိုအချိန်တွင် ဟန်လိ၏ စိတ်အခြေအနေက ပရမ်းပတာဖြစ်နေခဲ့သည်။ သူက ပစ်မှတ်ထားခံရသည်ကို သိသော်လည်း ဟန်လိသည် ဤထူးဆန်းပြီး လူမဆန်သည့် စွမ်းအားရှေ့မှောက်တွင် မည်သို့ တုန့်ပြန်ရမည်အား သေချာမသိခဲ့ပေ။
တဖြေးဖြေးနှင့် သမားတော်မော့၏ မျက်နှာထက်မှ တစ္ဆေမြူတို့က စတင် ပျောက်ကွယ်လာသည်။ နတ်ဆိုးဦးခေါင်းများ၏ ဝါးမြိုခံလိုက်ရသည့်အတွက် တစ္ဆေမြူထုထည်က မြင်နိုင်လောက်အောင် ပါးလွှာလာပြီး နောက်ဆုံး အမှောင်ထုတစ်လွှာကိုသာ ချန်ရစ်ကာ သမားတော်မော့၏ မျက်နှာထက် ခပ်ပါးပါးအရိပ်သာ ကျန်နေခဲ့ပေသည်။
တစ္ဆေမြူတို့ မှိန်ဖျော့လာသည်နှင့် သမားတော်မော့၏ မျက်နှာအသွင်အပြင်ကို စတင်ကာ တဖြေးဖြေး မြင်လာရသော်လည်း ဟန်လိက သမားတော်မော့မျက်နှာကို မြင်ရသည့်အခိုက်အတန့်တွင် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ လှုပ်ရှားမှုများ တုန့်ဆိုင်းသွားခဲ့ပေသည်။
ယနေ့တွင် သူ့ကို ထိတ်လန့်အံ့အားသင့်စေခဲ့သော ကိစ္စများစွာ ရှိပေသည်။ သို့သော် ယခင် ဖြစ်ပျက်သမျှအရာအားလုံးက ယခု သူ မြင်လိုက်ရသည့်အရာလောက် ထိတ်လန့်စေခြင်း မရှိခဲ့ပေ။
ဖော်ပြလာသည့် မျက်နှာအသွင်အပြင်က အသက်သုံးဆယ်အစောပိုင်းကာလရှိ လူတစ်ယောက်၏ ပုံစံမျိုး ဖြစ်သည်။ တစ်စုံတစ်ယောက်က အချိန်အတော်ကြာလေ့လာကြည့်ခဲ့လျှင် ထိုသူက သမားတော်မော့ဖြစ်သည်ကို ပြောနိုင်မည်မှာ သေချာပေသည်။ သူက ဆယ်စုနှစ်အနည်းငယ်စာ အသက်စွမ်းအားကို ပြန်ရလာအောင် လုပ်ဆောင်နိုင်ခဲ့ပုံရသည်။
ထိုမျက်နှာတွင် သူရဲကောင်းဆန်သော အငွေ့အသက်တို့ရှိနေပြီး မျက်လုံးများတွင် တောက်ပသည့် ဆွဲဆောင်မှုတို့ရှိကာ သူ့နှုတ်ခမ်းထက် အေးစက်သော အပြုံးတစ်ခုကို ချိတ်ဆွဲထားပြီး မည်သို့ကြည့်ပါစေ သြဇာတိက္ကမနှင့် ပြည့်စုံသော မျက်နှာမျိုးဖြစ်ကာ အလွန် ချောမောသော မျက်နှာပေါက်ရှိသူတစ်ဦး ဖြစ်ပေသည်။ နက်ရှိုင်းသည့် ဆွဲဆောင်မှုနှင့် ညို့ဓာတ်ပြည့်ဝသော ထိုမျက်နှာမျိုးက အမျိုးသမီးများစွာကို ဆွဲဆောင်နိုင်သူ ဖြစ်လာရန် ကြမ္မာရှိပေသည်။ ထိုကဲ့သို့သော ဆွဲဆောင်မှုမျိုးကို အပျိုအအိုအရွယ်မရွေး တောင့်ခံနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ သူ့လက်ချောင်းလေးကို အသာလှုပ်ရှားလိုက်ရုံဖြင့် သူ ဆန္ဒရှိသရွေ့ အချစ်ပင်လယ်ထဲ လက်ပစ်ကူးလိုသည့် အမျိုးသမီးများက ရုန်းထွက်နိုင်စွမ်းမရှိဘဲ သူ့ရင်ခွင်ထဲ အလိုလို ဝင်ရောက်လာကြမည်မှာ သေချာပေသည်။
သမားတော်မော့၏ မျက်နှာကို မြင်တွေ့လိုက်ရပြီးနောက် ဟန်လိသည် တစ်စုံတစ်ယောက်က သူ့နှလုံးသွေးကြောများကို တတိတိကိုက်ဖြတ်နေခဲ့ပြီး နှလုံးသားကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် လုပ်ဆောင်နေသည်ဟု ခံစားလိုက်ရပေသည်။ ၎င်းသည် ဤချောမောသည့် လူ၏ မျက်နှာထားက အခြားယောက်ျားလေးများ၏ မနာလိုမှုကို နှိုးဆွပေးနိုင်သည့် ပုံပေါ်ပေသည်။
နောက်ဆုံးလက်ကျန် တစ္ဆေမြူများကို နတ်ဆိုးဦးခေါင်းများက ဝါးမြိုလိုက်သည်နှင့် ဟန်လိသည် သမားတော်မော့က သူ့အသက် သုံးဆယ်သာလျှင် ရှိသေးကြောင်း ပြောခဲ့ဖူးသည်ကို ရုတ်တရက် အမှတ်ရလိုက်သည်။ သူသည် ဆိုးဆိုးဝါးဝါး ဒဏ်ရာရခဲ့ပြီး ပြန်လည်သက်သာအောင် လုပ်ဆောင်နေစဥ် မတော်တဆမှုတစ်ခု ဖြစ်ခဲ့သောကြောင့် သူ၏ အသက်စွမ်းအားများက ယုတ်လျော့သွားခဲ့ကာ အိုမင်းရင့်ရော်လာခြင်း ဖြစ်ပေသည်။
ထိုသို့တွေးလိုက်သည့်အခါ အနည်းဆုံး သမားတော်မော့က ထိုအချက်တွင် သူ့ကို လိမ်ညာခဲ့ခြင်းမရှိပေ။ ဤသည်မှာ သမားတော်မော့၏ မူရင်းမျက်နှာဖြစ်ပြီး ယခု သမားတော်မော့က သူ့မူလအသွင်အပြင်ကို ပြန်လည်ရယူရန် အသုံးပြုခဲ့သည့် နည်းလမ်းမှာ အလွန် လျှို့ဝှက်ဆန်းကြယ်ပြီး နားမလည်နိုင်လှအောင် နက်နဲလှပေသည်။
ထိုအချိန်တွင် ဟန်လိသည် သမားတော်မော့က ငယ်ရွယ်သည့် မျက်နှာသွင်ပြင်၊ ခန္ဓာကိုယ်နှင့် သူ့ ဆံပင်များသည်ပင် အံ့အားသင့်ဖွယ် ပြောင်းလဲမှုအောက် ရောက်ရှိနေခဲ့ကြောင်း သတိပြုမိခဲ့ပေသည်။ ထိုပိတုန်းနက်ရောင်ဆံပင်၊ ကြံ့ခိုင်သန်စွမ်းသည့် ခန္ဓာကိုယ်တို့သည် သံသယဖြစ်ဖွယ်မရှိ သူ့ ငယ်ရွယ်စဥ်အချိန်က အကောင်းမွန်ဆုံး ရုပ်ပိုင်းဆိုင်ရာ အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်မှာ သေချာပေသည်။
"ဒါပေမယ့် သမားတော်မော့က သူ့ရဲ့ အသက်စွမ်းအားနဲ့ နုပျိုမှုကို ပြန်လည်ရယူနိုင်တဲ့ နည်းလမ်းရှိရင် ငါ့ကို ဘာလို့ ဖမ်းဖို့ လိုနေသေးတာလဲ။" ဟန်လိက သူ့ကိုယ်သူ မေးခွန်းထုတ်လိုက်သည်။
ထိုကိစ္စနှင့် ပတ်သတ်၍ ဟန်လိတွင် သံသယအချို့ ရှိပေသည်။ သူက ထိတ်လန့်နေမှုမှ ပြန်လည်ကောင်းမွန်လာပြီးနောက် အလွန် ကြီးမားသည့် အန္တရာယ်တောထဲ ကျရောက်နေခြင်းဖြစ်သည်ကို သတိပြုမိလိုက်သည်။ ဦးနှောက်ကို အလျင်အမြန် အလုပ်ပေးပြီးသည့်နောက် ထွက်ပြေးလွတ်မြောက်ဖို့ရာ လမ်းကြောင်း ရှာတွေ့ရန် မျှော်လင့်ပြီး အရာအားလုံးကို အထပ်ထပ်အခါခါ ဆန်းစစ်နေခဲ့သည်။
ဟန်လိ၏ ရှုထောင့်မှကြည့်လျှင် သမားတော်မော့က ထုံထိုင်းကြောင်အနေပြီး တစ်နေရာတည်း၌သာ တိတ်ဆိတ်ငြိမ်သက်စွာ ရပ်နေပုံရပေသည်။
အချိန်တချို့ကြာပြီးသောအခါ သူက နောက်ဆုံး၌ လက်ကို မြှောက်လိုက်သည်။ ယခုမှမွေးဖွားလာသည့် ကလေးငယ်လေး၏ သိချင်စိတ်ပြင်းပြသော အမူအရာမျိုးနှင့် သမားတော်မော့က သူ၏ တောက်ပနူးညံ့သော အသားအရေအသစ်ကို တက်ကြွစွာ လေ့လာနေခဲ့သည်။ သူ့ကိုယ်သူ စစ်ဆေးပြီးနောက် သူက မျက်လုံးများကို မှိတ်ကာ သူ့လက်ဝါးနှစ်ဖက်နှင့် မေးဖျားကိုထောက်ကာ အချိန်ကြာမြင့်စွာ ပျောက်ဆုံးသွားခဲ့သည့် ငယ်ရွယ်မှုကို ပျော်ရွှင်စွာ ခံစားနေခဲ့ပေသည်။
သမားတော်မော့၏ အတ္တပေမဝါဒ ဖုံးလွှမ်းနေသော မျက်နှာကို ကြည့်ကာ ဟန်လိက အန်မိတော့မလို ခံစားလာရသည်။ သူသည် သမားတော်မော့ ယခု ခံစားနေရသော ပြန်လည်နုပျိုလာခြင်းအား စွဲလမ်းမှုခံစားချက်ကို နားမလည်နိုင်ခဲ့ပေ။
"လောင်မော့ ခင်ဗျားကို ကြည့်ရတာ နုပျိုမှုကိုအပြည့်အဝပြန်ရရှိသွားတဲ့ပုံပဲ။ ဟီးဟီး... ကျုပ် ခင်ဗျားကို အရင်ဂုဏ်ပြုပါရစေ။ ကြည့်ရတာ ခင်ဗျားအနေနဲ့ ကျုပ်ရဲ့ အကူအညီကို မလိုအပ်တော့တဲ့ပုံပဲ။ အဲဒီတော့ ဒီတပည့်ကို လွှတ်ပေးလို့ရနိုင်မလား။ အနာဂတ်မှာ ခင်ဗျားအတွက် ဖြေရှင်းပေးနိုင်မယ့် ပြဿနာတစ်ခုခုရှိခဲ့ရင် ဒီတပည့်က ဘာမေးခွန်းမှမထုတ်ဘဲ ကူညီပါ့မယ်။"
ဟန်လိ၏ စိတ်ရှည်သည်းခံမှုက ကုန်ခမ်းနေခဲ့ပြီ ဖြစ်သည်။ ယခုထိတိုင် သူသည် သမားတော်မော့က သူနှင့်ရင်ဆိုင်ရန် မည်သည့်နည်းလမ်းကို အသုံးပြုလိမ့်မည်အား မသေချာနေဆဲဖြစ်သည်။ ဟန်လိသည် မသိချင်ယောင်ဆောင်ကာ သမားတော်မော့ကို မေးခွန်းထုတ်ရင်း ဆုံးဖြတ်ချက်တစ်ခုခုမချခင် သူ့ကံကြမ္မာကို မျှော်လင့်နေသည်။