ဝိညာဥ်ချိပ်ပိတ်အဆောင်
Vol. 4 Ch. 54
"ဟန်လိ မင်းက တကယ် စိတ်အေးလက်အေးရှိနေတာပဲ။ အပေးအယူအလျှော့အတင်း ပြုလုပ်ရမယ့် အချိန်အခါကိုတောင် သိတယ်။ ဒါပေမယ့် မင်းကို လွှတ်ပေးရမှာလား။ အဲဒါက ဖြစ်နိုင်မယ်လို့ မင်း ထင်လား။" သမားတော်မော့က သရော်လိုက်သည်။ ဟန်လိက သမားတော်မော့၏ အသံကြောင့် ထိတ်လန့်သွားခဲ့ရသည်။
သမားတော်မော့ စကားပြောလိုက်သည့်အခါ သူ့အသံတွင် ညှို့ဓာတ်တို့ ခပ်ရေးရေးပါဝင်နေပြီး နားထောင်လိုက်သည့် မည်သူ့ကိုမဆို ၎င်း၏ ဆွဲဆောင်မှုကို ခံကြရမည်ဖြစ်သည်။ သူ၏ ယခင် ခြောက်ကပ်ကပ် အက်ရှသည့် အသံမျိုးနှင့် ယှဥ်လျှင် လုံးဝကွဲပြားခြားနားသွားခဲ့ပြီ ဖြစ်၏။ သူ၏ လက်ရှိ အသွင်အပြင်နှင့် နှိုင်းယှဥ်လျှင် သူ့အသံအလှက အနည်းငယ်မျှ နိမ့်ကျလိမ့်မည် မဟုတ်ပေ။
အံံ့အားသင့်ဖွယ်ကောင်းစရာပင် ဤသည်က သမားတော်မော့ သူ့အား နာမည်တပ်၍ ခေါ်သည့် ပထမဆုံးအကြိမ် ဖြစ်သည်။ ၎င်းက အဓိပ္ပါယ်များစွာ မရှိသော်လည်း အကြိမ်တိုင်း 'ကောင်စုတ်လေး' ဟု ခေါ်နေခြင်းထက် ဟန်လိကို အများကြီး ပိုပြီး သဘောကျသလို ခံစားရစေသည်။
အပေါ်ယံတွင် တစ်စုံတစ်ယောက်သည် လက်ရှိသမားတော်မော့ထံမှ အပြစ်အနာအဆာတစ်ခုခုကို အမှန်တကယ် ခံစားမိနိုင်မည် မဟုတ်ပေ။ သူ၏ အပြုအမူတစ်ခုချင်းစီတိုင်းက နှိုင်းယှဥ်၍ မရလောက်အောင် ကျက်သရေတင့်တယ်နေခဲ့သည်။ သူက အမှန်တကယ် ချောမောသူဖြစ်ပြီး ယခင်က အိုမင်းရင့်ရော်နေမှု၏ မည်သည့် အရိပ်အယောင်ကိုမှ မမြင်တွေ့ရပေ။ ဟန်လိသည် သမားတော်မော့က ငယ်ရွယ်စဥ်အချိန်အတွင်း မရေတွက်နိုင်သော မိန်းကလေးများကို သူ့မျက်နှာအောက် ကျရှုံးသွားအောင် လုပ်ဆောင်နိုင်ခဲ့မည်မှာ သေချာသည်ဟု တွေးမိခဲ့ပေသည်။
"အဲဒီတော့ ခင်ဗျား ကျုပ်ကို ဘာလုပ်ချင်တာလဲ။ တည့်တည့်သာ ပြောလိုက်ပါ။" ဟန်လိက အမျိုးသမီးတစ်ယောက် မဟုတ်သည့်အတွက် သမားတော်မော့၏ ချောမောသော မျက်နှာကြောင့် သက်ရောက်မှုမခံရပေ။ ထို့ပြင် ဟန်လိသည် သမားတော်မော့နှင့် အစောပိုင်းက ပြောမိသည့်စကားမှနေ၍ သူ့ကို ချမ်းသာပေးမည့် ရည်ရွယ်ချက်မျိုးမရှိသည်ကို သိခဲ့ရသည့်အတွက်ကြောင့် မည်သည့် ဟန်ပြဖော်ရွေမှုကိုမှ လုပ်ပြနေရန် မလိုအပ်တော့ပေ။
"ကျုပ်က ဘာလုပ်ဖို့ ရည်ရွယ်ချက်ရှိရမှာလဲ။ ဟားဟားဟား။" သမားတော်မော့က သူ၏ လတ်တလောမှ ပြန်လည်နုပျိုလာသည့် ခန္ဓာကိုယ်ကို ပေါ့ပါးလွတ်လပ်စွာ ဆန့်ထုတ်လိုက်ပြီး အေးစက်စက်ပြုံးရင်းနှင့် ဟန်လိ၏ မေးခွန်းကို ဖြေကြားရန် မည်သည့် ရည်ရွယ်ချက်မှ မရှိပုံဖြင့် ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်သည်။
သမားတော်မော့ ထုတ်ကိုင်လိုက်သော အမည်မသိ အရာဝတ္ထုမှာ အလွန် ကောင်းမွန်သည့် ပိုးသားဖြင့် ပြုလုပ်ထားသော အိတ်အသေးလေး တစ်လုံးဖြစ်သည်။ ပိုးသားမှ ရောင်ပြန်ဟပ်နေသော အလင်းက အလွန် တောက်ပပြီး ဖီးနစ်မီးလျှံကဲ့သို့ ထင်မှတ်ရပေသည်။ ၎င်းက အလွန် မျက်စိဖမ်းစားလှသည်။ ထို့ပြင် ပန်းထိုးထားသည်ကလည်း အတော်လေး ထူးကဲလှ၏။ ၎င်းက သာမန်မဟုတ်သည်ကို လူတိုင်းပြောနိုင်မည်မှာ သေချာပေသည်။
ဤသေးငယ်သော အိတ်လေးထဲ၌ မည်သည်တို့ ပါဝင်နေနိုင်သနည်း။ ယခင်က ထူးဆန်းသော ဓားများကဲ့သို့ နောက်ထပ် ထူးထူးဆန်းဆန်းပစ္စည်းမျိုး ဖြစ်နိုင်သည်လား။ ထိုမေးခွန်းကို သူ့ကိုယ်သူမေးရင်း ဟန်လိက သူ့နှလုံးသားထဲမှ သိချင်စိတ် ကြီးထွားလာသည်ကို ခံစားမိလိုက်ပေသည်။
သမားတော်မော့က ကိုင်ထားသည့် အိတ်ကို လျင်မြန်စွာ ဖွင့်လိုက်ခြင်းဖြင့် ဟန်လိ၏ တိတ်တဆိတ် ခန့်မှန်းနေမှုကို ဖြတ်တောက်လိုက်သည်။ ထို့နောက် သူက ခေါက်ထားသည့် အဝါရောင်စက္ကူပိုင်းလေးကို သတိထားကာ ဆွဲထုတ်လိုက်သည်။
ဟန်လိက အနည်းငယ် စိတ်ပျက်သွားခဲ့သည်။ သို့သော် သူသည် ထိုကဲ့သို့သော ပစ္စည်းများက သာမန်ဆန်လေ အသုံးပြုရ ပို၍ ခက်ခဲလိမ့်မည်ဖြစ်သည်ကို သိရှိပေသည်။ သူ့ နှလုံးသားထဲမှ သိချင်စိတ်က မြင့်တက်လာသည်နှင့် သူက ပို၍ အာရုံစိုက်မိလာသည်။ အစောပိုင်းက နားမလည်နိုင်ဖွယ် အဖြစ်အပျက်ကို စဥ်းစားမိပြီး ဤသာမန်ဆန်လှသည့် အဝါရောင်စက္ကူပိုင်းလေး၏ နောက်ကွယ်တွင် နားလည်ရန်ခက်ခဲလှသည့် မရေတွက်နိုင်သော လျှိ့ဝှက်ဆန်းကြယ်မှုများ ရှိနေမည်ဖြစ်ကြောင်း သိလိုက်သည်။
သမားတော်မော့က ခေါက်ထားသည့် စက္ကူပိုင်းကို လက်နှစ်ချောင်းနှင့် ညင်သာစွာ ကိုင်ကာ လေးနက်သည့် အပြုအမူနှင့် ဂရုတစိုက် ဖြန့်နေခဲ့သည်။ ယခုမှ ဟန်လိသည် ထိုစက္ကူပိုင်းလေးက သိပ်မကြီးဘဲ လက်တစ်ဝါးခန့်သာရှိကာ ထောင့်မှန်စတုဂံသဏ္ဌာန်နှင့် ဝါကျင့်ကျင့်အရောင်ရှိပြီး ၎င်းသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက ဖန်တီးခဲ့သော အဆောင်စာရွက်ဖြစ်သည့်ဟန် ရှိလေသည်။
အထူးခြားဆုံးအရာမှာ ထိုစက္ကူပိုင်းမှ တောက်ပသည့် ငွေရောင်အလင်းတို့ လင်းလက်လာကာ လေထဲ၌ ငွေရောင်အလင်းမျှင်များ ဖြစ်တည်လာခြင်း ဖြစ်ပေသည်။ ထိုအလင်းမျှင်များက လေထဲတွင် ထူးဆန်းသော သင်္ကေတများအဖြစ် ဖြစ်ပေါ်လာသည်။ ဟန်လိသည် ထိုထူးခြားသော သင်္ကေတများနှင့် ပတ်သတ်၍ မည်သည့် ဗဟုသုတမှ မရှိခဲ့ပေ။
သို့သော်လည်း သူက ၎င်းတို့ကို မြင်သည့် အခိုက်အတန့်၌ နက်နဲသိမ်မွေ့ပြီး လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအင်တို့က ထိုလွင့်မျောနေသော သင်္ကေတများအတွင်း စီးဆင်းနေသည်ဟု စတင်ခံစားလာမိသည်။ ထာဝရနွေဦးကျင့်စဥ်မှ ရရှိထားသော ချီတို့သည်ပင် ကြီးမားသော အန္တရာယ်ကို ခံစားမိဟန်ဖြင့် သူ့ခန္ဓာကိုယ်အတွင်း အပြင်းအထန် လှုပ်ရှားလာကာ ဟန်လိအား အံ့သြသွားစေခဲ့သည်။
တစ်ခုခုမှားယွင်းနေသည်ကို ခံစားမိပြီး ဟန်လိသည် ထိုထူးဆန်းသော သင်္ကေတတို့ကို အလျင်အမြန် အာရုံစိုက်လိုက်ကာ ၎င်းတို့၏ နောက်ကွယ်မှ လျှို့ဝှက်ဆန်းကြယ်မှုတို့ကို နားလည်နိုင်ရန် မျှော်လင့်နေသည်။
သင်္ကေတများက ထိုနေရာတွင် ရေးထွင်းခံနေရသလို ပေါ်ပေါက်လာကာ လေထဲ၌ ကွေ့ကောက်ကာ ဖြတ်သန်းသွားနေသော်လည်း ထိုထူးဆန်းသည့် သဏ္ဌာန်နှင့် သင်္ကေတများတွင် သူ နားလည်နိုင်စွမ်းမရှိသော ထူးခြားဆန်းကြယ်မှုတစ်ခုခု ရှိနေပုံရလေသည်။ သူက ၎င်းတို့ကို ရှာဖွေရန် အချိန်မလုံလောက်သည်က နှမြောစရာပင် ဖြစ်သည်။
ချက်ချင်းပင် သမားတော်မော့က ဟန်လိ၏ အရှေ့သို့ ရောက်ရှိလာသည်။ သူသည် ဟန်လိက သူ့လက်ထဲမှ အဝါရောင်စက္ကူပေါ်တွင် စွဲစွဲမြဲမြဲ အာရုံစူးစိုက်နေသည်ကို မြင်သောအခါ သူ့မျက်လုံးများထဲတွင် စာနာသနားမှုအနည်းငယ် ထွက်ပေါ်လာသည်။
သူက ခေါင်းကို အသာအယာငုံ့လိုက်ပြီး သူ၏ ခပ်နိမ့်နိမ့်အသံနှင့် ခပ်နှေးနှေးပြောလိုက်သည်က ဟန်လိ နားများထဲ ဝင်ရောက်လာသည်။
"ကျုပ်ကို အပြစ်မတင်နဲ့ ဟန်လိ။ ကျုပ်မှာလည်း ရွေးချယ်စရာမရှိဘူး။ မင်းအတွက်တော့ လိမ်လိမ်မာမာနဲ့ ကံကြမ္မာကို လက်ခံပြီး ပြန်ဝင်စားဖို့ စောင့်ဆိုင်းနေလိုက်တာက အကောင်းဆုံးပဲ။ ကျုပ်ကတော့ မင်းရဲ့ အခွံလွတ် ခန္ဓာကိုယ်ကို သိမ်းပိုက်လိုက်တော့မယ်။"
"ခင်ဗျား အခု ဘာပြောလိုက်တာလဲ။ အဲဒါက ဘာအဓိပ္ပါယ်လဲ။" ဟန်လိက သမားတော်မော့၏ စကားများကြောင့် အထိတ်တလန့် ဖြစ်သွားခဲ့သည်။ သူသည် သူ့ဝိညာဥ်က တစစီကြေမွပျက်စီးကာ သူ့ခန္ဓာကိုယ်အတွင်းမှ ထွက်သွားတော့မည်ကို ခံစားလိုက်ရသည့်အတွက် အလွန် ကြောက်ရွံ့သွားခဲ့ပေသည်။ သူသည် လက်ရှိတွင် သေခြင်းထက်ဆိုးရွားသော ကံတရားကို ရင်ဆိုင်နေရကြောင်း ခံစားမိခဲ့ပေသည်။
ဟန်လိသည် သူ့နောက်ရှိ ထိုလူ၏ ခြိမ်းခြောက်မှုကို ဂရုမစိုက်တော့ဘဲ သူ့အသက်အတွက် အပြင်းအထန် ရုန်းကန်နေရပေသည်။ သူ့အင်္ကျီအတွင်းတွင် ဝှက်ထားသော စိတ်ရှုပ်ထွေးမှုကို ဖြစ်စေနိုင်သည့် အထောက်အကူပြုပစ္စည်း အနည်းငယ် ရှိနေဆဲဖြစ်ပြီး ထွက်ပြေးနိုင်ရန် လမ်းကြောင်းတစ်ခု ဖန်တီးပေးနိုင်လောက်ပေသည်။
"သံမဏိအစေခံ သူ့ကို ချုပ်ထား။ ထွက်ပြေးနိုင်မယ့် အခွင့်အရေး လုံးဝ ရမသွားစေနဲ့။"
သမားတော်မော့၏ အမိန့်က သူလွတ်မြောက်နိုင်မည့် နောက်ဆုံးအခွင့်အရေးကို ဖျက်ဆီးပစ်လိုက်သည်။ ကြီးမားလှသည့် လက်ဝါးကြီးနှစ်ဖက်က တောင်များနှင့် အလားတူပြီး သူ့ကို ဖိချုပ်ထားကာ လှုပ်ရှားရန် အခွင့်အရေး အနည်းငယ်မျှ မပေးပေ။
ဟန်လိမျက်နှာထက်မှ မြစ်တစ်စင်းကဲ့သို့ ချွေးစက်များက မြေပြင်ပေါ် တတောက်တောက် စီးကျလာခဲ့သည်။ သူက မျက်လုံးများကို ကျယ်ကျယ်ဖွင့်ကာ အံကိုကြိတ်၍ သမားတော်မော့၏ နားမလည်နိုင်သောရေရွတ်နေမှုကို နားထောင်နေခဲ့သည်။
သမားတော်မော့ စတင်ရွတ်ဆိုလိုက်သည်နှင့် သမားတော်မော့၏ လက်ချောင်းများကြားမှ အဝါရောင်စက္ကူက လေမတိုက်ခတ်ပါဘဲ ရွတ်ဆိုသံနှင့်အတူ စတင်၍ တဖျတ်ဖျတ် လွင့်လူးလာသည်။
ထိုစဥ်တွင် လေထဲရှိ ငွေရောင်သင်္ကေတများက လျှို့ဝှက်ဆန်းကြယ်သည့် ငွေရောင်အလင်းများ စတင်တောက်ပလာသည်။
ဟန်လိ၏ လှုပ်ရှားမှုများက ချုပ်နှောင်ခံထားရလျှင်ပင် သူ့ခေါင်းက ရှင်းလင်းနေဆဲဖြစ်သည်။ သူသည် ထိုလျှို့ဝှက်ဆန်းကြယ်သော ငွေရောင်အလင်းတို့က သမားတော်မော့ လှုပ်ရှားမှုပြုလုပ်လိုက်ပြီဟူသည့် လက္ခဏာဖြစ်ကြောင်း နားလည်ပေသည်။
သမားတော်မော့က အဆောင်စာရွက်ကို လေးနက်စွာ စောင့်ကြည့်နေပြီး သင်္ကေတစာလုံးများမှ လျှို့ဝှက်ဆန်းကြယ်သည့် ငွေရောင်အလင်းများ ထွက်ပေါ်လာသည့်အခါ သူက ပျော်ရွှင်စွာ ဟစ်ကြွေးလိုက်သည်။ ထူးခြားသည့် နည်းလမ်းများကို အသုံးပြု၍ သူက အဝါရောင်စာရွက်ကို လေထဲတွက် ဝှေ့ယမ်းကာ 'ချိတ်ပိတ်' ဟူသည့် စာလုံးကို ရေးဆွဲလိုက်သည်။
'ချိပ်ပိတ်' ဟူသော စကားလုံးကို ရေးဆွဲခြင်းက ပြီးပြည့်စုံသွားသည်နှင့် မိုးခြိမ်းသံကဲ့သို့ ဆူညံသံတစ်ခု ထွက်ပေါ်လာသည်။
တစ်ချိန်တည်းတွင် အဆောင်စာရွက်က ဟန်လိ၏ နဖူးပေါ်တွင် ခိုင်မြဲစွာ ဖိကပ်လာခဲ့သည်။
ထိုအဆောင်စာရွက်က သူ့နဖူးပေါ်သို့ ရောက်ရှိလာသည်နှင့် ဟန်လိသည် သူ့ ခန္ဓာကိုယ်အား ထိန်းချုပ်နိုင်စွမ်း ပျောက်ဆုံးသွားသည်ကို ခံစားလိုက်ရသည်။ သူက မျက်တောင်ပင် မခတ်နိုင်တော့ချေ။ သို့သော် သူ၏ မျက်လုံးများက မြင်နိုင်ဆဲဖြစ်ပြီး နားများက ကြားနိုင်နေဆဲပင်။ သူက လက်ရှိတွင် သာမန်လူတစ်ယောက်မဟုတ်တော့ဘဲ ကိုယ်တွင်းစွမ်းအင်များလည်ပတ်နိုင်စွမ်းမရှိသည့် လမ်းလျှောက်နေသော အလောင်းကောင်နှင့် ထူးမခြားနားဖြစ်သွားခဲ့သည်။
ဤကဲ့သို့သော ခံစားချက်မျိုးက သူ၏ အကြောများ အပိတ်ခံထားရစဥ်အချိန်က ခံစားရမှုနှင့် ကွဲပြားပေသည်။ တစ်စုံတစ်ယောက်က ထိုအပ်စိုက်မှတ် အကြောများကို အပိတ်ခံရပြီးနောက် မလှုပ်ရှားနိုင်သော်လည်း အကြောများဆိုင်းသွားကာ ထုံကျဥ်သည့် ခံစားမှုမျိုးကို ခံစားမိနိုင်သေးသည်။ သို့သော် လက်ရှိတွင် ဟန်လိက မည်သည့်ခံစားမှုမျိုးကိုမှ ခံစားနိုင်စွမ်းမရှိတော့ပေ။
ကြောက်မက်ဖွယ် လှိုင်းများက ဟန်လိအား သဲကြီးမဲကြီး တိုက်ခိုက်လာသည်။ သူသည် သမားတော်မော့က သူ၏ ခန္ဓာကိုယ်ကို မည်သို့ ထိန်းချုပ်ကာ သူ့အထောက်အထားကို မည်သို့ ခိုးယူလိမ့်မည်အား မသိရှိသေးပေ။ ဤသည်ကို အောင်မြင်သည့် ကြိုးပမ်းမှုဟု သတ်မှတ်နိုင်သည်လား။
"အလျင်မလိုပါနဲ့။ မင်းရဲ့ ခန္ဓာကိုယ်က အချိန်နည်းနည်းကြာတဲ့အထိ ဒီအခြေအနေကို ထိန်းသိမ်းထားနိုင်စွမ်း ရှိပါသေးတယ်။" သမားတော်မော့က ရေရွတ်လိုက်သော်လည်း ဟန်လိသည် သမားတော်မော့က ဟန်လိကို ပြောသည်လား သူ့ဘာသာပြောနေသည်လား သေချာခြင်းမရှိပေ။