တတိယလူ
Vol. 4 Ch. 55
"မင်းက တကယ်ကို အတော်လေး ကောက်ကျစ်တာ။" သမားတော်မော့က ပြောလိုက်သည်။ "မင်းရဲ့ အကြံဉာဏ်တွေအတိုင်းသာ ထားလိုက်မယ်ဆိုရင် ကျုပ်တောင်မှ မင်းကို ရင်ဆိုင်ဖို့ အခက်တွေ့ရလိမ့်မယ်။" သမားတော်မော့က အလျင်မလိုသည့်အသံနှင့် တည်ငြိမ်စွာပြောလိုက်ပြီး ဟန်လိကို မ,ယူကာ အိမ်အပြင်ဘက်သို့ သယ်ဆောင်သွားခဲ့သည်။
အပြင်၌ နေက အလွန် ပူပြင်းနေသေးကာ အိမ်ထဲတွင် ရှိနေသည်မှာ အချိန်ကြာမြင့်ပြီဟု တွေးထင်ထားသည့် ဟန်လိကို ထိုအဖြစ်အပျက်က သူ မျှော်မှန်းထားသည်ထက် အချိန်တိုတောင်းစွာ ဖြစ်ပျက်သွားကြောင်း သတိပြုမိစေခဲ့သည်။
သမားတော်မော့က ဟန်လိကို အလေးချိန်မရှိသည့် အရာဝတ္ထုကဲ့သို့ အားစိုက်ထုတ်မှုမရှိ ဆက်လက်သယ်ယူကာ ဆေးဥယျာဥ်ကို ဖြတ်ကျော်၍ ဝေးလံသည့် ချောက်ကမ်းပါးစွန်းသို့ ရောက်သည်အထိ အေးအေးလူလူလျှောက်သွားခဲ့သည်။ သံမဏိအစေခံက သမားတော်မော့၏ ခြေလှမ်းများအတိုင်း ဆက်လက်လိုက်ပါလာပြီး သူက သမားတော်မော့၏ အရိပ်ကဲ့သို့ပင် ထင်မှတ်ရပေသည်။
သူ၏ မျက်လုံးများမှတဆင့် ဟန်လိသည် ထိုနေရာရှိ ကျောက်ထရံကို ရှင်းလင်းစွာ မြင်တွေ့ရပေသည်။ သေချာလေ့လာကြည့်သည့်အခါ သူသည် ထိုကျောက်ထရံ၌ သူ ယခင်က မြင်ဖူးခဲ့ခြင်းမရှိသော ကျောက်တုံးအခန်းတစ်ခု ထွင်းထားကြောင်း သတိပြုမိလိုက်သည်။ ထိုအခန်းသည် ဟန်လိ ယခင်က ကျင့်ကြံခဲ့သည့် ကျောက်တုံးအခန်းနှင့် ဆင်တူသော်လည်း ယခုအခန်းမှာ ထုံးတစ်လွှာသုတ်ထားကြောင်း တွေ့လိုက်ရသည်။
၎င်း၏ အကြမ်းဖျင်းအသွင်အပြင်မှ ဟန်လိသည် ထိုအခန်းကို လတ်တလောမှ တည်ဆောက်ထားကြောင်း သိရှိလိုက်သည်။ သူသည် ထုံးသုတ်ထားသည်မှ ပြင်းရှသည့် အနံ့တို့ကိုပင် ရရှိနေကြောင်း သေချာပေသည်။
တစ်စုံတစ်ယောက် ရောက်ရှိလာပြီး သူ၏ အစီအစဉ်ကို အနှောက်အယှက်ပေးမည်စိုးသောကြောင့် သမားတော်မော့က တိတ်ဆိတ်စွာရှိနေသည့် လူသန်ကြီးကို အမိန့်ပေးလိုက်သည်။ "သံမဏိအစေခံ အပြင်ဘက်မှာနေပြီး စောင့်ကြပ်နေ။ ဒီနားကို တစ်ယောက်ယောက် ချဥ်းကပ်လာတာကို မြင်တာနဲ့ သတ်ပစ်လိုက်။"
ထို့နောက် သူက တံခါးကို အလွယ်တကူ ဖွင့်ကာ အတွင်းသို့ ခြေချလိုက်ပြီးနောက် သူ့အနောက်မှ တံခါးအား ပြန်ပိတ်လိုက်သည်။ သမားတော်မော့၏ ထိုအခန်းဖွဲ့စည်းပုံကို ရင်းနှီးနေသည့် ပုံစံအရ အခန်းကို သူကိုယ်တိုင် တည်ဆောက်ထားခြင်း ဖြစ်ရပေမည်။
တံခါးနှင့် ပြတင်းများကို တင်းတင်းကျပ်ကျပ် ပိတ်ထားသည့်အတွက် ဟန်လိသည် အခန်းက မည်းမှောင်နေလိမ့်မည်ဟု ယူဆထားခဲ့သော်လည်း သူ၏ ထင်မြင်ချက်နှင့် ဆန့်ကျင်စွာ အခန်းအတွင်းတွင် မတူညီသော ပုံစံများရှိသည့် အရွယ်အစားအမျိုးမျိုးနှင့် ဖယောင်းတိုင်တို့ဖြင့် ပြည့်နှက်နေကာ အပြင်ဘက်မှ နေ့အလင်းရောင်ကဲ့သို့ တစ်ခန်းလုံးကို ထိန်ထိန်ညီးအောင် ထွန်းလင်းနေစေသည်။
ထိုအခန်းက ဟန်လိကို ဆွံ့အသွားစေသော်လည်း သူက တစ်ခုခုပြောချင်လျှင်ပင် သူ့ခန္ဓာကိုယ်ကိုသူ ထိန်းချုပ်နိုင်စွမ်းမရှိနေပေ။
သူက သူ့ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်သည့်အတွက် ဟန်လိသည် အခန်းတွင်း အပြင်အဆင်ကို မျက်လုံးဖြင့် စစ်ဆေးကြည့်ရုံမှလွဲ၍ လုပ်နိုင်သည့်အရာ မရှိချေ။ သူက ထိုအခန်း၏ အလယ်တွင် ထူးဆန်းသော အစီအရင်တစ်ခုရှိနေကြောင်း သတိပြုမိလိုက်သည်။ ၎င်းသည် အမှုန့်တစ်မျိုးမျိုးနှင့် ပြုလုပ်ထားခြင်း ဖြစ်ပုံရသော်လည်း ဟန်လိက အနီးကပ်ကြည့်ရန် မဖြစ်နိုင်ခဲ့ပေ။
ထူးဆန်းသော အစီအရင်၏ အစွန်းတွင် ဖယောင်းအလင်းနှင့် တောက်ပနေသော လက်သီးဆုပ်အရွယ် ကျောက်စိမ်းအပိုင်းအစများရှိနေသည်။ အကြည့်တစ်ချက်နှင့်ပင် ၎င်းကျောက်စိမ်းပိုင်းတစ်ခုချင်းစီက ရှားပါးပြီး အဖိုးမဖြတ်နိုင်ကြောင်း သိသာပေသည်။ ကျောက်မျက်ကျွမ်းကျင်သူတစ်ယောက်သာ ထိုကဲ့သို့ အဖိုးမဖြတ်နိုင်သည့် ကျောက်မျက်ကို မြေပေါ်တွင် ချထားသည်အား မြင်ပါက ညပေါင်းများစွာ အိပ်မပျော်နိုင်လောက်အောင် ပြင်းထန်သော ခေါင်းကိုက်မှုကို ခံစားရပေလိမ့်မည်။
ထိုအချိန်၌ ဟန်လိသည် သူ့ခန္ဓာကိုယ်ကို သမားတော်မော့က ပစ်ချလိုက်ကြောင်း ခံစားမိလိုက်ပေသည်။ သူ့ခန္ဓာကိုယ်က ဘုတ်ဟူသော အသံထွက်ပေါ်လာကာ ပက်လက်အနေအထားအတိုင်း အစီအရင်အလယ်သို့ ပစ်ချခံလိုက်ရသည်။ သူ့ခန္ဓာကိုယ်ကို လှုပ်ရှား၍မရနိုင်သည့်အတွက် သူက မျက်နှာကြက်သို့ စိုက်ကြည့်နေရန်သာ တတ်နိုင်ပေသည်။
ဟန်လိသည် သူ၏ လက်ရှိအခြေအနေနှင့် ပတ်သတ်၍ မည်သည်ကိုမှ မလုပ်ဆောင်နိုင်သည့်အတွက် အလွန် စိုးရိမ်ပူပန်နေခဲ့သည်။ ထို့ပြင် သူသည် သမားတော်မော့၏ အပြုအမူများကို ကြည့်ရှုရန်မဖြစ်နိုင်ခြင်းက သူ့အား စိတ်တည်ငြိမ်အောင် မထားနိုင်တော့ဘဲ ကြောက်ရွံ့မှုတို့ မြင့်မားလာစေပေသည်။ တစ်ခုတည်းသော ကံကောင်းသည့်အချက်မှာ သူ့မျက်နှာက မြေပြင်နှင့်မိတ်ဆက်မနေခြင်းဖြစ်သည်။ မဟုတ်လျှင် သူက မျက်နှာကြက်ကိုပင် ကြည့်နိုင်လိမ့်တော့မည် မဟုတ်ပေ။
ဟူး... ဟူး... ဟူး.... *အသက်ရှုသံကဲ့သို့သော အသံ*
ထိုထူးဆန်းသည့် အသံက ဟန်လိ၏ ကြောက်ရွံ့မှုနှင့် ဇဝေဇဝါဖြစ်မှုတို့က တိုးမြင့်လာသော်လည်း မကြာခင်မှာပင် သူသည် ထိုအသံက သမားတော်မော့ ဖယောင်းတိုင်တို့ကို မှုတ်ရာမှ ထွက်ပေါ်လာသည့်အသံဖြစ်ကြောင်း သတိပြုမိလိုက်သည်။ တဖြေးဖြေးနှင့် အခန်းက မှောင်မည်းလာပေသည်။
ဟန်လိသည် ထိုအပြုအမူ၏ ရည်ရွယ်ချက်ကို မသိရှိသော်လည်း သမားတော်မော့က ရုတ်တရက် ပါးစပ်ကို ဖွင့်ကာ စုားပြောလာသောကြောင့် ၎င်းအဓိပ္ပါယ်ကို ရှာဖွေရန် ဟန်လိအတွက် အချိန်မရှိခဲ့ပေ။
"မင်း ပြောတဲ့ နည်းလမ်းက တကယ်ပဲ အလုပ်ဖြစ်မှာလား။ ကောင်းပြီ။ ကျုပ် အရာအားလုံးကိုပုံပြီး လောင်းကြေးထပ်ထားလိုက်မယ်။" သမားတော်မော့၏ အေးစက်သော အသံက ပဲ့တင်ထပ်ကာ ထွက်ပေါ်လာသည်။ ထိုသည်မှာ စကားအပြောခံလိုက်ရသည့် တစ်ယောက်က သူဖြစ်နေသလား ဟန်လိကို ဇဝေဇဝါဖြစ်သွားစေသည်။ ဤအခန်းအတွင်း၌ သူနှင့် သမားတော်မော့တို့ နှစ်ယောက်သာလျှင် ရှိသည့်အတွက် သူက မည်သူ့ကို စကားပြောခြင်း ဖြစ်နိုင်ပါသနည်း။ သမားတော်မော့က သူ့ကို စကားမပြောနိုင်အောင် တားဆီးထားသည့် အဝါရောင်ကျိန်စာ စာရွက်ကို မေ့နေခဲ့သည်လား။
"အဲဒါက အလုပ်ဖြစ်လိမ့်မယ်လို့ ကျုပ် အာမခံတယ်။ ကျုပ် ခင်ဗျားကို ပေးခဲ့တဲ့ တစ္ဆေခုနစ်ကောင်နည်းစနစ်က ဘယ်လိုလုပ် အတုအယောင် ဖြစ်နိုင်ပါ့မလဲ။" အသံအသစ်တစ်ခုက တစ်နေရာရာမှ ရုတ်တရက် ထွက်ပေါ်လာသည်။
ထိုအခိုက်အတန့်၌ ဟန်လိသည် ထိုအသစ်ထွက်ပေါ်လာသည့် တစ်စုံတစ်ယောက်ကြောင့် အံ့အားသင့်သွားခြင်း မရှိတော့ပေ။ အကြောင်းမှာ သူ လွန်ခဲ့သည့် နာရီပိုင်းက ကြုံတွေ့ခဲ့ရသော ထူးဆန်းသည့် အရာများမှာ သူဘဝတလျှောက် ကုန်လွန်ခဲ့သော နှစ်များ၌ ကြားဖူးခဲ့သည့် ထူးဆန်းမှုများထက် ကျော်လွန်နေခဲ့သောကြောင့် ဖြစ်သည်။ ဟန်လိက ထိတ်လန့်အံ့သြရမည့်အစား တည်ငြိမ်စွာဖြင့် ထိုလူ၏ အသံအရ အသက်နှစ်ဆယ်အရွယ်ခန့်ရှိရမည်ဟု ခန့်မှန်းဆုံးဖြတ်လိုက်သည်။
"ဟမ့်! လမ်းတစ်ဝက်မှာ ကျရှုံးမှုနဲ့ အဆုံးသတ်သွားရင် ဘယ်လိုလုပ်မလဲ။
ထို့နောက်တွင် သမားတော်မော့က ဟန်လိကိုပင် ထိတ်လန့်အံ့သြသွားစေလောက်သည့် အဆဲစကားများကို တသီတတန်းကြီး ပြောဆိုလိုက်သည်။ ထိုကဲ့သို့ အောက်တန်းကျသောအဆဲစကားများမှာ သမားတော်မော့ထံမှ ထွက်ပေါ်လာခြင်းက ထူးခြားမှုမရှိသော်လည်း ချောမောသော ယောက်ျားတစ်ယောက်အဖြစ် ရုတ်တရက် ပြောင်းလဲသွားပြီးကာမှ ထိုကဲ့သို့ ညစ်ပတ်သည့် စကားလုံးများကို ပြောဆိုနေခြင်းဖြစ်ရာ ဟန်လိအား သူ၏ သနားစဖွယ်ကောင်းသော အခြေအနေအတွင်းမှာပင် လှောင်ပြောင်သရော်လိုသော စိတ်ကျေနပ်မှုတချို့ကို ခံစားလိုက်ရသည်။
"အဆုံးမှာ မင်းက လှည့်ကွက်တချို့ ရုတ်တရက် ထုတ်သုံးလာပြီး ကျုပ်ကို ထောင်ချောက်ထဲကျသွားအောင် လုပ်ခဲ့ရင် ကျုပ်က ဘယ်သူ့ကို တာဝန်ယူခိုင်းရမှာလဲ။"
လူငယ်လေး၏ တုန့်ပြန်မှုကို စောင့်မနေဘဲ သမားတော်မော့က ခက်ထန်သည့် လေသံနှင့် ဆက်ပြောလိုက်သည်။ "မင်းရဲ့ အသုံးမဝင်တဲ့ အာမခံမှုတွေကို မကြားချင်ဘူး။ မင်းကို သတ်ခဲ့တာ ကျုပ်ဖြစ်တာမို့ မင်းက သေပြီးသားဆိုတာ သေချာသိတယ်။ မင်းအနေနဲ့ ကျုပ်အပေါ် အမုန်းတရားမရှိဘဲ အခွင့်အရေးတစ်ခုခုရတာနဲ့ လက်တုန့်ပြန်ဖို့ မကြိုးစားချင်ဘူးဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ကျုပ်ကို လှည့်စားနိုင်မယ်လို့ မင်းထင်နေတာလား။"
တစ်ဖက်လူကို ပြန်လှန်ပြောဆိုနိုင်မည့် မည်သည့်အခွင့်အရေးမှမပေးဘဲ သမားတော်မော့က သူ၏ မျိုသိပ်ထားရသော အတွေးများနှင့် စိတ်မလုံခြုံမှုတို့ကို ဖော်ပြရန် ဤအခွင့်အရေးကို အသုံးပြုနေသကဲ့သို့ ဆက်တိုက်ပြောဆိုလာသည်။
လျှို့ဝှက်ဆန်းကြယ်သည့်လူက သမားတော်မော့၏ အရေးမပါသော စကားများကို မတုန့်ပြန်ခဲ့ပေ။ ရလဒ်အနေနှင့် ကျောက်တုံးအခန်းအတွင်းတွင် သမားတော်မော့၏ အသက်ရှုသံမှလွဲ၍ ကျောက်တုံးအခန်းအတွင်းတွင် တိတ်ဆိတ်မှုကသာ ကြီးစိုးနေခဲ့တော့သည်။
ဟန်လိသည် နောက်ဆုံး၌ ထိုလျှို့ဝှက်ဆန်းကြယ်သော လူငယ်က သေပြီးသားသူဖြစ်ကြောင်း သိရှိလိုက်ရသည့်အခါ သူ့ကို ချွေးအေးများက လွှမ်းခြုံလာသည်။ ထိုသည်က ၎င်းလျှို့ဝှက်ဆန်းကြယ်သည့်လူငယ်ကို တစ္ဆေတစ်ကောင်အဖြစ် ပြောင်းလဲသွားစေခဲ့မည် မဟုတ်ပါလား။ ထို့ပြင် သမားတော်မော့၏ ပြစ်တင်ရှုံ့ချသော စကားများအရ သူသိခဲ့ရသည်မှာ သမားတော်မော့က သူ သတ်ဖြတ်ခဲ့သောလူငယ်ထံမှ ထူးဆန်းသည့် နည်းစနစ်တချို့ကို သင်ယူခဲ့ပုံရလေသည်။
နောက်ဆုံး၌ လျှို့ဝှက်ဆန်းကြယ်သော လူငယ်က ဒေါသတကြီး ပြန်ဖြေလိုက်သည်။ "ကောင်းပြီ။ အဲဒီတော့ ခင်ဗျားက ကျုပ်ကို ဘာလုပ်စေချင်လို့လဲ။ ကျုပ်ရဲ့ ဘိုးဘေးတွေ၊ ကျုပ်ရဲ့ မိဘတွေ၊ ကျုပ်ရဲ့ မိသားစုတစ်ခုလုံးနဲ့ ကျုပ်ရဲ့ မိသားစုနာမည်ကိုတောင် တိုင်တည်ပြီး ကျိန်ဆိုခဲ့ပြီးပြီ။ အဲဒါတောင် ခင်ဗျားက မကျေနပ်သေးဘူးလား။"
ထိုစကားကို ကြားသည့်အခါ ဟန်လိသည် လျှို့ဝှက်ဆန်းကြယ်သည့်လူက သမားတော်မော့၏ ယုံကြည်မှုကို ရရှိရန်အတွက် သူ၏မိသားစုဝင်များစွာနှင့်ပင် တည်တိုင်ရဲရလောက်အောင် ရူးသွပ်ကြောင်း သတိပြုမိခဲ့သည့်အတွက် ထိတ်လန့်မှုကြောင့် သူ့နှလုံးခုန်နှုန်းများပင် မြန်လာကြောင်း သတိပြုမိလိုက်သည်။ အစပိုင်းတွင် သူက သူတို့နှစ်ယောက်ကြားမှ အခြေအနေက တူညီသည်ဟု ခံစားမိခဲ့သော်လည်း ထိုခံစားချက်တို့က ဟန်လိစိတ်ထဲမှ အလျင်အမြန် ပျောက်ကွယ်သွားခဲ့သည်။
"မင်း မှန်တယ်။ မင်း ခန္ဓာကိုယ်က ဖျက်ဆီးခံလိုက်ရပြီး ဝိညာဥ်ပဲ ကျန်တာဆိုတော့ မင်း ကျုပ်ကို ဘာမှလုပ်နိုင်မှာမဟုတ်ဘူး။ မင်းက နေ့အလင်းကိုတောင် မြင်နိုင်မှာမဟုတ်တာ။ မင်းရဲ့ အင်အားနည်းနည်းလေးက ကျုပ်ကို ဆန့်ကျင်ဖို့ လုံးဝအသုံးဝင်မနေဘူး။" သမားတော်မော့က သူ၏ သူတော်ကောင်းအယောင်ဆောင် မျက်နှာထားနှင့် အေးဆေးကာပေါ့ပါးသည့် လေသံကို အသုံးပြု၍ ပြောလိုက်သည်။