အလင်းလုံးများ၏ တိုက်ပွဲ
Vol. 4 Ch. 56
"ယွီကျစ်ထုံ ကျုပ် မင်းကို နောက်တစ်ခါထပ်ပြီး သတိပေးထားချင်တယ်။ ကျုပ်မှာသာ တစ်ခုခုဖြစ်သွားခဲ့ရင် မင်းအတွက်လည်း ဘာတစ်ခုမှကောင်းတာ ရှိမှာမဟုတ်ဘူး။"
"လက်ရှိအခြေအနေမှာ မင်းရဲ့ ဝိညာဥ်က ကြာကြာခံနိုင်တော့မှာမဟုတ်တာကို မင်းသိတာပဲ။ ခန္ဓာကိုယ်အသစ်ရှာဖို့ ကျုပ်ရဲ့ အကူအညီကိုသာ မှီခိုလို့မရခဲ့ရင် မင်းဝိညာဥ်က ပျောက်ကွယ်သွားတော့မှာစိုးမိတယ်။ အဲဒီတော့ မင်းမှာ ပြောစရာတစ်ခုခုရှိရင် အချိန်ရှိနေတုန်း အခုပြောလိုက်။ အခုနေ မင်းက အရေးကြီးတဲ့အချက်အလက်တချို့ကို ပြောဖို့ ကျန်နေသေးတယ်လို့ ပြောခဲ့ရင်တောင် ကျုပ် မင်းကို ဒေါသထွက်မှာမဟုတ်ဘူး။" သမားတော်မော့က လျှို့ဝှက်ဆန်းကြယ်သည့် လူငယ်လေးထံမှ ဖုံးကွယ်ထားသော အချက်အလက်များကို ထုတ်ဖော်ရန် ကြိုးစားမှုကို လက်လျှော့ရန် ဆန္ဒမရှိနေဆဲ ဖြစ်သည်။
ဤစကားလုံးများမှနေ၍ ဟန်လိသည် အမှန်တကယ်၌ သမားတော်မော့က နောက်ဆုံးအခိုက်အတန့်တွင် ယွီကျစ်ထုံက တစ်ခုခုလုပ်ဆောင်လိုက်ပြီး သူ၏ အစီအစဥ်များ ကျရှုံးသွားရမည်ကို ကြောက်ရွံ့နေပြီး သူ၏ အစီအစဥ်ကို စိတ်ချရစေရန် နားချနိုင်ဖို့ ကြိုးစားနေပုံရကြောင်း သေချာသွားပေသည်။
သမားတော်မော့၏ စကားများကို တုန့်ပြန်သည့်အနေနှင့် သမားတော်မော့အား ထိခိုက်အောင်လုပ်ခြင်းနှင့် ပတ်သတ်သည့် အန္တရာယ်ကို အပြည့်အဝနားလည်ထားသော ယွီကျစ်ထုံက ပြန်ဖြေလိုက်သည်။ "ကျုပ်မှာ ခင်ဗျားရဲ့ အစီအစဉ်ကို နှောက်ယှက်စရာ ဘာအကြောင်းမှ မရှိဘူး။ တကယ်လို့ ကျုပ် လုပ်ခဲ့ရင် ကျုပ်တစ်မိသားစုလုံး ကောင်းကင်ရဲ့ အပြစ်ပေးခြင်းကို ခံရပါစေ။"
"ပြီးတော့ ခင်ဗျားရဲ့ ခန္ဓာအဆီအနှစ်စွမ်းအားတွေကို သုံးပြီး ဝိညာဥ်ခုနစ်ပါးဝါးမြိုခြင်းနည်းစနစ်ကို အသုံးပြုတဲ့အခါ သေချာတဲ့ မှော်စွမ်းအင်ပမာဏတစ်ခုကို ယာယီ ရရှိပြီး အဲဒါက ခင်ဗျားကို ရိုးရှင်းတဲ့ မန္တာန်တချို့ အသုံးပြုလို့ရအောင် လုပ်ပေးလိမ့်မယ်။ ဒါပေမယ့် အခု ခင်ဗျားရဲ့ အခြေအနေနဲ့ အဲဒီဝိညာဥ်ကို နောက်တစ်ကြိမ် အဆီအနှစ်စွမ်းအားတွေ ထပ်ကျွေးပြီး အဲဒီလိုမန္တာန်မျိုး ထပ်သုံးနိုင်မယ်ဆိုတာ သေချာလို့လား။" ယွီကျစ်ထုံက သမားတော်မော့အား ထိခိုက်ရန် မပြုလုပ်ဟု ရက်စက်သောကျိန်ဆိုမှုကို ပြုလုပ်ပြီးနောက် သမားတော်မော့၏ အားနည်းချက်များကို ထောက်ပြကာ နောက်ပြန်ဆုတ်ရန် လမ်းမရှိအောင် ပြုလုပ်ခဲ့သည်။
ဟန်လိက ဘာသာရေးကိုင်းရှိုင်းသူမဟုတ်သော်လည်း သူတို့၏ စကားများကို နားထောင်ပြီးနောက် သမားတော်မော့က သူ၏ ဆိုးယုတ်သောအကြံအစည်တို့ကို စွန့်လွှတ်လိုက်ရန် ကောင်းကင်သို့ တိတ်တိတ်လေး တိုင်တည်မိလိုက်ပေသည်။ ထိုသို့လုပ်ရသည်မှာ အနည်းငယ် ရယ်စရာကောင်းနေသော်လည်း ထိုသည်မှာ သူလုပ်နိုင်သည့် တစ်ခုတည်းသော အရာသာဖြစ်သည်။
"ကောင်းပြီ။ မယုံကြည်ရင် အသုံးမပြုနဲ့။ အသုံးပြုမယ်ဆို မယုံမကြည်မဖြစ်နဲ့တဲ့။ ဒီဟာက အဲဒီလောက်ကြီးမားတဲ့ အကျိုးကျေးဇူးကို ရရှိနိုင်မှတော့ အန္တရာယ်တချို့ ရှိနိုင်မှာ သဘာဝပဲ။" သမားတော်မော့က စိတ်ဆုံးဖြတ်ပြီးနောက် ပြောလိုက်သည်။
ထိုစကားကို ကြားသည့်အခါ ယွီကျစ်ထုံက အတော်လေး ပျော်ရွှင်သွားပြီး သူ့စကားများထဲတွင် စိတ်လှုပ်ရှားမှုတို့ ပေါ်လွင်လာသည်။ "အဲဒါက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲ။ တွေးကြည့်လေ။ ခင်ဗျား အစက အမတအဖြစ်ကို တက်လှမ်းနိုင်စွမ်းမရှိတဲ့ ဝိညာဥ်ရင်းမြစ်မရှိတဲ့ သာမန်လူတစ်ယောက်ပဲ။ ဒါပေမယ့် ဒီအစီအစဥ်သာ အောင်မြင်သွားရင် အဲဒါက ပြဿနာမရှိတော့ဘူး။ ခင်ဗျားရဲ့ ခန္ဓာကိုယ်အသစ်နဲ့ အစွမ်းထက်တဲ့ ဝိညာဥ်စွမ်းအားအုတ်မြစ်ကြောင့် ဘယ်ဂိုဏ်းကြီးကမဆို ခင်ဗျားကို သူတို့ဂိုဏ်းဆီ ဝင်လာပေးဖို့တောင်းဆိုရလိမ့်မယ်။ အဲဒါတင်မကဘဲ ခင်ဗျားရဲ့ ခန္ဓာကိုယ်က ဖျားနာခြင်းနဲ့ သေဆုံးခြင်းကနေ ကင်းလွတ်ပြီး သာမန်သေမျိုးတွေထက် အသက်ငါးဆလောက် ပိုရှည်နိုင်အောင် လုပ်ပေးလိမ့်မယ်။"
"ဟားဟား အဲဒီလိုဆို ဒီကိစ္စအပေါ် ကျုပ် မင်းကို ယုံကြည်လိုက်မယ်။ စိတ်မပူနဲ့။ ကျုပ် မော့ကျွင်းရန်က ကိုယ့်စကားကိုယ်တည်တဲ့ လူမျိုးပဲ။ ကျုပ် ပြောတဲ့စကားကို သေချာပေါက် ဖြစ်အောင် လုပ်ပေးမှာ။ ဒီအစီအစဥ်သာ အောင်မြင်သွားရင် မင်းအတွက် ဝိညာဥ်ရင်းမြစ်သန်မာပြီး သင့်တော်တဲ့ ခန္ဓာကိုယ်မျိုး ချက်ချင်းရှာဖို့ ကူညီပေးမယ်။ ကျုပ် မင်းကို စိတ်ပျက်စေမှာ မဟုတ်ဘူးလို့ ကတိပေးတယ် ညီလေးယွီ။" ယွီကျစ်ထုံ၏ စကားကို နားထောင်ပြီးနောက် သမားတော်မော့က သူ၏ ယခင်စိုးရိမ်ပူပန်မှုတို့ကို စွန့်လွှတ်လိုက်ပြီး ကြင်နာလှသောလေသံနှင့် ယွီကျစ်ထုံကို ရင်းနှီးစွာ ပြောဆိုလိုက်သည်။
"အဲဒီလိုဆိုရင် အစ်ကိုကြီးမော့ကို ကျေးဇူးတင်ပါတယ်။ ခင်ဗျား အောင်မြင်ပြီးသွားရင် ကျုပ် ပိုင်ဆိုင်ထားသမျှ ကျင့်ကြံရေးနည်းလမ်းတွေကို တစ်ခုချင်းစီ သင်ပေးဦးမယ်။" ယွီကျစ်ထုံက ဉာဏ်နီဉာဏ်နက်သုံးကာ ပြောလိုက်သည်။ သူသည် စကားများနှင့် မော့ကျွင်းရန်ကို အောင်မြင်စွာ အရူးလုပ်နိုင်ခဲ့ကြောင်း သိရှိခဲ့သည်။
ဟန်လိသည် ထိုအရှက်မရှိသည့် လူနှစ်ယောက်က သူ၏ အမြင်ကို မေးမြန်းခြင်းမရှိဘဲ သူ့ခန္ဓာကိုယ်အား အသုံးပြုမည့်အကြောင်းကို နားထောင်နေရသည်။ သူသည် လက်ရှိအခြေအနေ၌ မည်သည့်အရာမှ လုပ်နိုင်စွမ်းမရှိသည်ကို သတိပြုမိလျှင်ပင် သူတို့က သူ့အား အနည်းငယ်မျှ ဂရုမထားသည်ကို ဒေါသမထွက်ဘဲ မနေနိုင်ခဲ့ပေ။
သမားတော်မော့က သူ၏ သံသယကို ဖယ်ပစ်လိုက်ပြီး အစီအစဉ်ကို စတင်ရန် ဆုံးဖြတ်လိုက်သည်နှင့် နှောင့်နှေးမနေတော့ဘဲ ချက်ချင်းပင် ရွှေရောင်အပ်အချို့ကို ထုတ်ယူကာ သူ၏ ခေါင်းနောက်ဘက်ရှိ လျှို့ဝှက်အပ်စိုက်မှတ်သို့ စိုက်ချလိုက်သည်။ ခဏချင်းအတွင်း သူက လန်းဆန်းတက်ကြွလာကာ အစီအစဉ်၏ နောက်တစ်ဆင့်ကို ပြုလုပ်ရန် လုံလောက်သည့် ခွန်အားတို့က သူ့ခန္ဓာကိုယ်တွင် ပြည့်နှက်လာပြီး သူ၏ အောင်မြင်နိုင်သည့် အခွင့်အရေးကို တိုးမြင့်လာစေသည်။
သူက ဟန်လိ လဲလျောင်းနေရာသို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်သွားခဲ့ပြီး ဟန်လိအား ကျင့်ကြံနေသည့် အနေအထားဖြင့် ထိုင်စေလိုက်ပြီးနောက် သူက ဟန်လိ၏ အရှေ့၌ ထိုင်ကာ လက်များကို ဆန့်တန်း၍ ပခုံးများအား ဆုပ်ကိုင်လိုက်သည်။
ထို့နောက် သမားတော်မော့က နတ်ဘုရားနည်းစနစ်တစ်ခုကို ထုတ်ဖော်လိုက်သည်။ သူက လက်ကို ဝှေ့ယမ်းလိုက်သည့်အခါ သူ့လက်ဖဝါးမှ အနီရောင်အလင်းတန်းတစ်ခု ထိုးထွက်လာပြီး ဟန်လိ အောက်ခြေရှိ အစီအရင်ကို ရိုက်ခတ်မိသွားကာ ထိုအစီအရင်ပုံစံကွက်၏ အစွန်းဘက်တွင်ရှိသော ကျောက်စိမ်းပိုင်းလေးများကို တောက်ပလာစေသည်။
သမားတော်မော့က ကြားရသူများကို ညှို့ငင်နိုင်ပြီး စိတ်ရှုပ်ထွေးစေနိုင်သည့် စွမ်းရည်ရှိသော မန္တာန်ကို ခပ်တိုးတိုးရွတ်ဆိုလိုက်သည်။ မန္တာန်ကို ဆက်လက်ရွတ်ဆိုနေသည်နှင့် ဟန်လိသည် ပင်ပန်းနွမ်းနယ်လာသည့် ခံစားမှုကို နက်ရှိုင်းစွာ ခံစားလိုက်ရပြီး အရာအားလုံးက တဖြေးဖြေးဝေဝါးလာကာ သူ၏အသိစိတ်ကလည်း ပျောက်ဆုံးလာပေသည်။
"မကောင်းတော့ဘူး။" ဟန်လိက တွေးလိုက်ပြီး ထိုဆန်းကြယ်သည့် မန္တာန်က သူ၏ အသိစိတ်ကို ပျောက်ဆုံးသွားပြီး သူ့ခန္ဓာကိုယ်အား အပိုင်စီးနိုင်ရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိလိုက်သည်။ ထိုသို့တွေးလိုက်မိသည့်နောက် ဟန်လိက အိပ်ချင်စိတ်ကို အပြင်းအထန်တွန်းလှန်ရန် ကြိုးစားလိုက်သည်။ သူက သူ့ခန္ဓာကိုယ်အား အထိန်းချုပ်မခံရစေရန် လျှာကို ကိုက်ချကာ သူ့ကိုယ်သူ နာကျင်အောင်လုပ်လိုက်သော်လည်း သူ မည်မျှ ကြိုးစားပါစေ မန္တာန်၏ သက်ရောက်မှုကို တိုက်ခိုက်နိုင်စွမ်းမရှိဘဲ နက်ရှိုင်းစွာ အိပ်မောကျသကဲ့သို့ ဖြစ်သွားခဲ့သည်။ သူ အသိစိတ်လွတ်မသွားခင် နောက်ဆုံးမြင်ခဲ့ရသော ပုံရိပ်မှာ သမားတော်မော့၏ ချောမောလှသည့် မျက်နှာပင်ဖြစ်သည်။ သို့သော် ထိုအခိုက်အတန့်တွင် သမားတော်မော့က ချောမောသည်ထက် ရုပ်ဆိုးသည့်နတ်ဆိုးတစ်ကောင်နှင့် ပိုတူပေသည်။ ဟန်လိက သမားတော်မော့အား ပြောချင်ခဲ့သည့် နောက်ဆုံးစကားများမှာ 'ခင်ဗျားရဲ့ အကျည်းတန်မှုက ခင်ဗျားနဲ့ လိုက်ဖက်တယ်။' ဟူ၍ ဖြစ်လေသည်။
အဆုံးမဲ့အမှောင်ထုအတွင်းမှ သူ၏ မသိစိတ်တွင် ဟန်လိက အလွန် ထူးဆန်းသော အိပ်မက်တစ်ခု မက်ခဲ့သည်။ သူ၏ အိပ်မက်ထဲတွင် သူက ကိုယ်ပိုင်ကမ္ဘာငယ်လေးထဲ၌ လွတ်လပ်စွာပျော်မွေ့နေသည့် လက်သီးဆုပ်အရွယ် အစိမ်းရောင်အလင်းလုံးလေးတစ်ခု ဖြစ်သည်။
သို့သော် သိပ်မကြာခင်မှာပင် မကောင်းသည့် အငွေ့အသက်များကို သယ်ဆောင်ထားသည့် လက်မအရွယ် အဝါရောင်အလုံးလေးတစ်ခုက သူ၏ အိပ်မက်ထဲသို့ ရုတ်တရက် ကျူးကျော်ဝင်ရောက်လာသည်။ အစိမ်းရောင်အလုံးလေးကို မြင်သည့်အခါ အဝါရောင်အလင်းလုံးက အတင်းတိုးဝင်တိုက်ခိုက်လာပြီး ရုတ်တရက် ၎င်း၏ ပါးစပ်ကို ဖွင့်ကာ ဟန်လိဟုယူဆနိုင်သည့် ထိုအစိမ်းရောင်အလင်းလုံးလေးကို ကိုက်ချလိုက်သည်။ သို့သော် ဟန်လိကလည်း အားနည်းသူမဟုတ်လေရာ အလားတူ သူ၏ ပါးစပ်ကိုဖွင့်ကာ ပြန်လည်တိုက်ခိုက်လာသည်။ တိုက်ခိုက်မှုအနည်းငယ် ပြုလုပ်ပြီးနောက် ဟန်လိက ထိုအဝါရောင်အလင်းလုံးလေးကို ဝါးမြိုရင်း တိုက်ပွဲအား အလွယ်တကူ အဆုံးသတ်လိုက်သည်။ ဟန်လိသည် သူ၏ အနိုင်ရရှိမှုအပေါ် ပျော်ရွှင်နေသော်လည်း မကြာခင်တွင် သူ၏ အသိစိတ်အတွင်းသို့ နောက်ထပ် ကျူးကျော်သူက ဝင်ရောက်လာသည်။ ထိုပြင်ပမှကျူးကျော်လာသည့်အရာက အစိမ်းရောင်အလင်းလုံးပင်ဖြစ်ကာ ဟန်လိထက် အဆပေါင်းများစွာ ကြီးမားသော်လည်း ဟန်လိ၏ အလင်းလုံးဖြင့် နှိုင်းစာလျှင် တောက်ပမှုနှင့် ထက်သန်မှုတို့ လျော့နည်းနေပုံရသည်။ ရန်သူက ဟန်လိ၏ အလင်းလုံးကို မြင်သည့်အခါ ထိတ်လန့်သွားပြီး ၎င်း၏ အသွင်အပြင်က တွေဝေသွားပုံပေါ်သည်။
ဟန်လိက အခြားအလင်းလုံးကို ဝါးမြိုရသည့် အံ့သြဖွယ် အရသာကို တွေ့ကြုံခံစားပြီးနောက် ရန်သူအသစ်အား မြင်လိုက်ရသည်က ဟန်လိကို မထိတ်လန့်စေတော့သည့်အတွက် သူ့အား ဝါးမြိုရန် ရည်ရွယ်ချက်ဖြင့် ရောက်လာသော ရန်သူ၏ ခွန်အားကိုပင် ထည့်တွက်မနေတော့ဘဲ ပြိုင်ဘက်ထံ တဟုန်ထိုး ပြေးဝင်သွားလေသည်။ ရန်သူက ဟန်လိ၏ တိုက်ခိုက်မှုကို မြင်သည့်အခါ တိုက်ပွဲကို ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရမည်လား ရွေးချယ်ရန် တွန့်ဆုတ်နေခဲ့သည်။ ပြိုင်ဘက်က ဟန်လိထက် အဆများစွာ ကြီးမားနေလျှင်ပင် ၎င်း၏ တိုက်ခိုက်မှုက ဟန်လိ ယခုလေးတင် ဝါးမြိုလိုက်သော အဝါရောင်အလင်းလုံးလေးထက် အနည်းငယ်ပို၍သာလျှင် သန်မာပေသည်။ ၎င်းက အရေးနိမ့်မှုကို သတိပြုမိလိုက်သည့် ကျူးကျော်သူက ပြန်လှည့်ကာထွက်ပြေးရန် ကြိုးစားလိုက်သော်လည်း ဟန်လိက ၎င်းကို အလွယ်တကူ လွှတ်ပေးရန်ဆန္ဒမရှိခဲ့ဘဲ ထွက်ပြေးသွားသည့် ကျူးကျော်သူကို လိုက်ဖမ်းကာ ကိုက်ယူလိုက်သည်။ ကျူးကျော်သူက အလွန် ဉာဏ်များပြီး ထွက်ပြေးနေကာ ဟန်လိက ၎င်းကို ဖမ်းယူနိုင်တော့မည်အချိန်တိုင်း အစိမ်းရောင်အလင်းလုံးက ဖမ်းယူခံရမည့်အရေးမှ ဖောက်ထွက်ကာ ဆက်လက်ပျံသန်းနေခဲ့သည်။ အဆုံးတွင် ကျူးကျော်လာသူက ထွက်ပြေးရန် လုပ်ဆောင်နိုင်ခဲ့သော်လည်း ထိုသည်က ၎င်းခန္ဓာကိုယ် မူလအရွယ်အစား၏ သုံးပုံတစ်ပုံသာ ဖြစ်လေသည်။ ဟန်လိက သူ၏ ပြိုင်ဘက်ကို လွှတ်ပေးရန် တွန့်ဆုတ်နေခဲ့သော်လည်း သူ လုပ်နိုင်သည့်အရာ မည်သည်မှမရှိသောကြောင့် သူ ဝါးမြိုနိုင်ရန် နောက်ထပ် ကျူးကျော်လာမည့်ရန်သူများကို စောင့်ဆိုင်းရန်သာ ဆုံးဖြတ်လိုက်ပေသည်။ ဝမ်းနည်းစရာကောင်းသည်မှာ နောက်ထပ်အလင်းလုံးများ ရောက်ရှိလာခြင်းမရှိတော့ဘဲ သူသာလျှင် ထိုအနီးဝန်းကျင်၌ ဆက်လက် မျောလွင့်နေခဲ့သည်။