ထူးဆန်းသောအိတ်ဆောင်ကမ္ဘာတစ်ခု
Vol. 74 Ch. 1025
အတိတ်တွင် ထန်ရှု၏အစီအရင်အောင်မြင်မှုက အထွတ်အထိပ်နှင့် နီးကပ်သည်။ သူက အင်မော်တယ်ကမ္ဘာရှိ ကြယ်ပိုင်နက်တစ်ခုအား အစီအရင်တစ်ခုနှင့် အပြည့်အဝ ဖုံးအုပ်နိုင်သည်။ သူ၏လက်ရှိစိတ်ဝိညာဉ်အာရုံက သူ့အထွတ်အထိပ်၏ဆယ်ပုံတစ်ပုံမျှသာ ရှိသော်လည်း အစီအရင်တစ်ခုဖြိုခွဲခြင်းက သူ့အတွက် လေညှင်းတစ်ခုမျှသာ။
"အထဲကို ဝင်ကြရအောင်"
လက်ချောင်းခုတ်ချက်တစ်ခုအား ထန်ရှုက ရှေ့သို့ ပြုသည်။ လေက ကွဲအက်သွားသည့် ပိုက်ကွန်တစ်ခုပမာ ဂယက်ထသွားပြီး မျက်စိတစ်မှိတ်အတွင်း ပျက်ဆီးသွား၏။ ထို့နောက် ထွက်ပေါ်လာသည့် သံမဏိတံခါးအား အလွယ်တကူ ပိုင်းဖြတ်သွားလေသည်။
စိတ်လှုပ်ရှားမှုအပြည့်နှင့် ထန်ရှုအပေါ် ချန်းကျီကျုံး၏လေးစားမှုက အထွတ်အထိပ်သို့ ရောက်ရှိသွား၏။ သူနှင့်သူ့လူများ ဤနေရာသို့ ပထမဆုံးအကြိမ် ရောက်လာတုန်းက အထဲသို့ ထိုးဖောက်ဝင်ရောက်ရန် အစွမ်းကုန်အားထုတ်ခဲ့သော်လည်း ဘာမှ မဖြစ်လာခဲ့ပေ။ သို့သော် ယခု သူ့ဆရာသခင်က အလွယ်တကူ အောင်မြင်သွားခဲ့သည်၊ ဤအရာက သူ့စိတ်ကူးထားသည်ထက် အများကြီး ကျော်လွန်၏။
"ထူးဆန်းတယ်။ ဒီနေရာမှာ စိတ်ဝိညာဉ်ချီ လုံးဝမရှိဘူးပဲ"ထန်ရှုအနောက်မှ ထန်၂၈က မယုံကြည်နိုင်သောအကြည့်တစ်ခုနှင့် ရေရွတ်လိုက်သည်။
စိတ်ဝိညာဉ်ချီက နေရာအချို့တွင် လစ်လျူရှုနိုင်လောက်သည့်အထိ ပါးလွှာသော်ငြား ၎င်းအား ကမ္ဘာမြေပေါ်တွင် နေရာတိုင်း၌ တွေ့နိုင်၏။ သို့သော် ဤနေရာရှိ စိတ်ဝိညာဉ်ချီပါဝင်မှုပမာဏက ပိုတောင် ပါးလွှာသည်၊ အထဲသို့ ဝင်လေလေ လုံးဝအာရုံမခံနိုင်တော့လေလေပင်။
ထန်ရှုက ခဏစဉ်းစားပြီးနောက် ပြောလိုက်သည်"ထန်၂၈၊ မင်းတို့ငါးယောက်က အပြင်မှာပဲ စောင့်နေ၊ ငါ့အမိန့်မပါဘဲ တစ်ယောက်မှ မဝင်လာကြနဲ့။ အပြင်ဘက်မှာ သေချာစောင့်ကြပ်ပြီး ဒီကိုလာတဲ့ဘယ်သူကိုမဆို တားဆီးထား"
"နားလည်ပါပြီ"
ထန်၂၈တို့အဖွဲ့က ရပ်ကာ လိုဏ်ဂူအပြင်ဘက်သို့ ပြန်လှည့်သွား၏။
ထို့နောက် ထန်ရှုက ချန်းကျီကျုံးနှင့်အတူ လိုဏ်ဂူအတွင်းပိုင်းထဲသို့ ဆက်ဝင်လာသည်။ မီတာဒါဇင်ကျော်အကွာအဝေးတစ်ခုသို့ ရောက်လာသောအခါ ဟိန်းသံတစ်ခုအား သူက ခပ်ရေးရေးကြားလိုက်ရသည်။ အသံက သားရဲဟိန်းသံနှင့် မတူ၊ လူသားတစ်ယောက်၏ဒေါသတကြီး အော်ဟစ်သံနှင့် တူ၏။ မီတာတစ်ရာအတွင်းပိုင်းအထိ ရောက်လာပြီးနောက် တောက်ပသောရောင်ခြည်တစ်ခုက သူ့အား နှုတ်ဆက်လာသည်။
"ဘုရား....ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
အရှေ့ရှိ မြင်ကွင်းကို မြင်ပြီး ချန်းကျီကျုံးက ရုတ်တရက် အံ့အားသင့်စွာ ပြောလိုက်သည်၊ သူ့မျက်လုံးများကိုပင် သူ မယုံကြည်နိုင်တော့ပေ။ ထိုသို့မတူညီသောကမ္ဘာတစ်ခု တည်ရှိနေမည်ဟု သူ တစ်ခါမှ မစဉ်းစားမိပေ။ နေနှင့်လတို့ မရှိသော်လည်း အိတ်ဆောင်ကမ္ဘာတွင် ၎င်း၏ကိုယ်ပိုင်ကောင်းကင်ပြာ၊ အဖြူရောင်တိမ်တိုက်များနှင့် တောင်တန်းတို့ တည်ရှိ၏။ မရေမတွက်နိုင်သောငှက်များ၊ သားရဲများအား နေရာတိုင်းတွင် မြင်နိုင်ပြီး ရှေးကျသောသစ်ပင်မြင့်ကြီးများ၊ ရောင်စုံပန်းပင်များလည်း ရှိသည်။ နတ်ဘုံနတ်နန်းတစ်ခုပမာပင်။
"ဘာမှ ရှုပ်ထွေးမနေနဲ့။ ဒါက အစီအရင်တစ်ခုထဲမှာရှိတဲ့အိတ်ဆောင်ကမ္ဘာတစ်ခုပဲ"ထန်ရှုက သာမန်မျှစွာ ပြောသည်"ဒါပေမယ့် ဒီနေရာရဲ့အစီအရင်က ဝင်ပေါက်ကထက် ပိုစိတ်ဝင်စားစရာကောင်းတယ်ဆိုတာကိုတော့ ငါ ဝန်ခံတယ်"
အစီအရင်အကြောင်းဘာမှမသိသောချန်းကျီကျုံးလိုလူတစ်ယောက်အတွက် ဤနေရာ၏နက်နဲမှုအား မမြင်နိုင်သည်မှာ သဘာဝပင်။ သူက ဓားမြှောင်ထုတ်ကာ ပတ်ဝန်းကျင်အား သတိအပြည့် ထားလိုက်သည်။
"ဒီနေရာက ကြီးလွန်းတယ်။ ဒီတော့ ငါတို့ ဘာလုပ်ကြမလဲ၊ ဆရာသခင်။ ရတနာတွေကို လိုက်ပတ်ရှာကြမလား"
"ဒီကမ္ဘာငယ်လေးကို အစီအရင်တစ်ခုနဲ့ တည်ဆောက်ထားတာ။ ဒီနေရာရဲ့အောက်ဆီဂျင်က ပါးလွှာပြီး စိတ်ဝိညာဉ်ချီက မပြောပလောက်ပဲရှိတာ ဝမ်းနည်းစရာပဲ။ ဒီလောက်ပါးလွှာတဲ့စိတ်ဝိညာဉ်ချီနဲ့ဆိုရင် ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်ကတောင် ဒီနေရာမှာ ကမ္ဘာ့စွမ်းအင်ကို စုပ်ယူနိုင်မှာ မဟုတ်ဘူး"ထန်ရှုက အနည်းငယ် မချိတင်ကဲစွာ ပြော၏"ဒီနေရာမှာ သစ်ပင်တွေ၊ ပန်းပင်တွေ အများကြီး ရှိရင်တောင် ဆေးပင်တွေကို ရှာတွေ့နိုင်မယ်လို့တော့ ငါ မထင်ဘူး"
"ဘာလို့လဲ"ချန်းကျီကျုံးက ခေါင်းရှုပ်စွာဖြင့် မေးသည်"အပင်တွေက ဒီနေရာမှာ ပေါက်ရောက်နိုင်ပြီးတော့ ဆေးပင်တွေက ဘာလို့ မပေါက်ရောက်နိုင်တာလဲ။ သူတို့လဲ အပင်ပဲ မဟုတ်လား"
"ဆေးပင်တွေက အပင်ပါပဲ၊ ဒါပေမယ့် ဆေးပင်တစ်ပင်လို့ ခေါ်ဖို့ဆိုရင် ကမ္ဘာအဆီအနှစ်ကို စုပ်ယူဖို့ လိုအပ်တယ်၊ ကောင်းကင်နဲ့မြေကြီးရဲ့စိတ်ဝိညာဉ်စွမ်းအင်ရဲ့အဟာရပေးတာကို ရရှိဖို့လဲ လိုအပ်တယ်။ အဲဒါတွေကို နှစ်များစွာ စုဆောင်းလာမှတာ ကောင်းမွန်တဲ့ဆေးစွမ်းအာနိသင်တစ်ခု ရလာမှာ။ ဒီကိစ္စမှာဆိုရင် ငါတို့တွေ ဒီနေရာမှာ ဂျင်ဆင်းပင်ကို စိုက်ပျိုးရင်တောင် ဆေးဂုဏ်သတ္တိရှိလာမှာ မဟုတ်ဘူး။ ဒါက ဆေးပင်တစ်ပင်လို့ သတ်မှတ်နိုင်တယ်လို့ မင်း ထင်လား"
ထန်ရှု၏ရှင်းပြချက်အား ချန်ကျီကျုံးက ချက်ချင်းနားလည်လိုက်သည်။ ထို့နောက် သူက ခေါင်းခါယမ်းကာ အားတင်းပြုံး၏"အာ၊ အဲလိုကိုး။ ဂျင်ဆင်းကို ရတနာတစ်ခုလို့ သတ်မှတ်ရတာက သူ့မှာ ပါဝင်နေတဲ့ဆေးအာနိသင်ကြောင့်ပဲ။ အဲဒါ မရှိရင် မြက်ပင်နဲ့ ဘယ်ခြားတော့မလဲ"
"ဒါကြောင့် ဒီကမ္ဘာငယ်မှာ ဆေးပင်တွေ မရှိနိုင်ဘူးလို့ ငါ ကောက်ချက်ချရတဲ့အကြောင်းရင်းပဲ"ထန်ရှုက ပြောသည်"ဒီနေရာမှာ ကောင်းတာ တစ်ခုခုရှိရင် အဲဒါက သတ္တုတွေပဲ ဖြစ်မယ်"
"ငါလဲ ထင်တယ်၊ ဆရာသခင်"ချန်းကျီကျုံးက ကြားဖြတ်ပြောသည်"ဒါ့အပြင် ဝင်ပေါက်မှာတောင် သွေးစိတ်ဝိညာဉ်ကျောက်တုံးတွေ တွေ့ရတာပဲ၊ ဒါကြောင့် အဲဒီသတ္တုထက် ပိုကောင်းတာတစ်ခုခု ရှိမယ်လို့ ငါ ထင်တယ်။ လိုက်ပတ်ကြည့်ရင်ရော ဘယ်လိုလဲ။ ဒီနေရာမှာ မမျှော်လင့်ထားတဲ့အံ့အားသင့်စရာတွေ တွေ့ချင်တွေ့နိုင်တာပဲ"
"ငါတို့ ဒီနေရာကို ရောက်မှတော့ လိုက်ပတ်ကြည့်ရမှာပေါ့"ထန်ရှုက ပြုံးကာ ပြန်ဖြေသည်။
ကမ္ဘာငယ်က တောင်များ၊ မြစ်များ၊ ငှက်များ၊ သားရဲများနှင့် မျက်စိပသာဒရှိလှသည့်ပတ်ဝန်းကျင်တစ်ခု ဖြစ်သည်။ ထို့အတူ အန္တရာယ်များ၊ သားရဲရိုင်းများ ရှိမည်မှာလဲ သေချာသည်။ ခဏက ကြားခဲ့ရသည့် ဟိန်းသံက ထန်ရှုအား ပိုတောင် သတိကြီးစေသည်။
ပွင့်ပွင့်လင်းလင်းပြောရလျှင် ဤပတ်ဝန်းကျင်မျိုးတွင် ဆေးလုံးအမြောက်အများမယူလာလျှင် စွမ်းအင်ကုန်ခန်းမှုက ကျင့်ကြံသူများအတွက် ကြောက်စရာအကောင်းဆုံးပြဿနာတစ်ရပ်ဖြစ်သည်။ အစစ်အမှန်အဆီအနှစ်ကုန်ဆုံးသွားသည့်အချိန်တွင် သေရေးရှင်ရေးနှင့် ကြုံတွေ့ရပါက အသက်ရှင်ရန် အလွန်ခက်ခဲပေလိမ့်မည်။ ကံကောင်းစွာနှင့် ထန်ရှု၏သိုလှောင်လက်စွပ်ထဲတွင် ဆေးလုံးများစွာ ရှိသည်။ ဆေးလုံးများက သူ့အတွက် သက်မရောက်သိပ်မရှိလျှင်ပင် ချန်းကျီကျုံးအား ကူညီပေးနိုင်သည်။
အချိန်တစ်ခုကြာပြီးနောက် ထန်ရှုနှင့်ချန်းကျီကျုံးတို့က ကမ္ဘာငယ်၏အနက်ပိုင်းများအထိ သွားခဲ့သော်လည်း ဤကမ္ဘာငယ်က ဘယ်လောက်ကြီးသလဲကို ရှာဖွေမဖော်ထုတ်နိုင်ခဲ့ပေ။ ထို့ပြင် ရတနာတစ်ခုမှ ရှာမတွေ့ခြင်းက သူတို့အား စိတ်ဓာတ်ကျသွားစေသည်၊ သို့သော် သူတို့က အန္တရာယ်တစ်ခုမှလဲ မတွေ့ခဲ့ရပေ။
"ငါတို့ ဒီအတိုင်း ဆက်ရှာနေလို့မရဘူး၊ ကျီကျုံး။ ဒီလို လပေါင်းများစွာ ရှာရင်တောင် ဒိီကမ္ဘာငယ်တစ်ခုလုံးရဲ့ဧရိယာကို ရှာဖွေဖို့ မဖြစ်နိုင်ဘူး။ အခု ငါ ဒီကမ္ဘာငယ်ရဲ့အစီအရင်ပေါ်မှာပဲ အာရုံထားတော့မယ်"ထန်ရှုက တွေးဆလျက် ရပ်လိုက်သည်။
ချန်းကျီကျုံးက ခဏတုံ့ဆိုင်းသွားပြီးနောက် ပြောလိုက်သည်"အစီအရင်နဲ့ပတ်သက်ပြီး ငါ မသိဘူး၊ ဆရာသခင်၊ ဒါကြောင့် ဆရာပဲ အေးအေးဆေးဆေးလေ့လာပေါ့။ ငါကတော့ လိုက်ပတ်ရှာအုံးမယ်"
သူ့စကားကို ကြားပြီး ထန်ရှုက သိုလှောင်လက်စွပ်မှ ကျောက်စိမ်းပုလင်းနှစ်လူံးယူထုတ်ကာ သူ့အား ကမ်းပေးလိုက်သည်။ ခေါင်းညိတ်လျက် သူက ပြော၏"မှတ်ထား၊ လှပတဲ့ပတ်ဝန်းကျင်က အန္တရာယ်တွေ ပို ပုန်းနေတတ်တယ်။ ဒီနေရာရဲ့မြင်ကွင်းတွေကြောင့် မရူးသွားနဲ့၊ သတိမပြတ်ထား။ အန္တရာယ်ရှိရင် ဒီကို ချက်ချင်း ပြန်လာ။ ပြီးတော့ ဒီကျောက်စိမ်းနှစ်ပုလင်းထဲမှာ မင်းအတွက် အကူအညီဖြစ်စေမယ့် ဆေးလုံးတွေ ပါတယ်"
ရုတ်တရက် သူက တစ်ခုခုအား သတိရလိုက်ပြီး ထန်ဂိုဏ်းတိုကင်အား ယူထုတ်ကာ ချန်းကျီကျုံးထံ ကမ်းပေးလိုက်သည်"အခုဆိုရင် ထာဝရခန်းမက သာမန်စားသောက်ဆိုင်တစ်ခုပဲ။ ၎င်းရဲ့ပင်မအဖွဲ့ဝင်တွေအားလုံးက အခု ထန်ဂိုဏ်းဝင်တွေ ဖြစ်သွားပြီ။ ငါက ထန်ဂိုဏ်းကို တည်ထောင်ခဲ့တဲ့သူပဲ။ ဒါကြောင့် မင်းလဲ ထန်ဂိုဏ်းရဲ့တပည့်တစ်ယောက်ဆိုတာ သက်သေတစ်ခုအနေနဲ့ ဒီထန်ဂိုဏ်းရဲ့တိုကင်ကို ယူထား"
ချန်းကျီကျုံး၏မျက်နှာပေါ်တွင် အံ့အားသင့်သောအကြည့်တစ်ခု ဖုံးလွှမ်းသွား၏။ သူက ထန်ဂိုဏ်းတိုကင်အား လက်ခံပြီးချိန်တွင် ထန်ရှု ခေါင်းခါပြသည်ကို ချန်းကျီကျုံးက မြင်လိုက်ရသည်။
"အာ၊ ဘာဖြစ်လို့လဲ၊ ဆရာသခင်"
"တိုကင်ပေါ်ကို မင်းရဲ့သွေးစက်ချလိုက်။ အဲဒါက မင်းရဲ့ခန္ဓာကိုယ်နဲ့ ပေါင်းစပ်ပြီး တိုကင်ပုံစံအကွက်က မင်းလက်ချောင်းမှာ ထွက်ပေါ်လာမယ်။ ထန်ဂိုဏ်းတိုကင်က လုပ်ဆောင်ချက်နှစ်မျိုးပါတဲ့မှော်ပစ္စည်းတစ်ခုပဲ။ တစ်ခုက မင်းရဲ့သရုပ်မှန်ကို သက်သေပြဖို့၊ နောက်တစ်ခုက ကာကွယ်ဖို့အတွက်ပဲ။ မင်း မျှော်လင့်ချက်မဲ့နေတဲ့အချိန်မှာ သေစေနိုင်တဲ့တိုက်ခိုက်မှုတစ်ခုကနေ မင်းကို ကာကွယ်ပေးနိုင်တယ်။ မှတ်ထား၊ သေရေးရှင်ရေးမဟုတ်ရင် အဲဒါက အသက်ဝင်မှာမဟုတ်ဘူး"
သူ့အမူရာက လေးနက်သွားပြီး ချန်းကျီကျုံးက ခေါင်းညိတ်လိုက်သည်။ သူ့လက်ချောင်းအား ဓားနှင့် နည်းနည်းတိလိုက်သည်၊ သွေးစက်တစ်ခုက ထန်ဂိုဏ်းတိုကင်ပေါ်သို့ ကျသွား၏။ ရုတ်တရက် သူ၏စိတ်ဝိညာဉ်စွမ်းအားနှင့်တိုကင်အကြား ထူးဆန်းသောချိတ်ဆက်မှုတစ်ခု ရှိသည်ကို သူ သတိပြုမိလိုက်သည်။
ဝှစ်....
တိုကင်က ရုတ်တရက် ပျောက်ကွယ်သွားပြီး တိုကင်ပုံစံအကွက်က ချန်းကျီကျုံး၏လက်မပေါ်တွင် ထွက်ပေါ်လာ၏။ ၎င်းကို ကြည့်ရသည်မှာ တက်တူးတစ်ခုနှင့် တူပြီး ထန်ဂိုဏ်းတိုကင်နှင့် တထေရာတည်းဖြစ်သည်။
"တိုကင်ကို ထိန်းချုပ်ဖို့ မင်း အတွေးတစ်ခုပဲ လိုတယ်"ထန်ရှုက ဆက်ပြောသည်"အခု သွားတော့။ အဝေးကြီးလဲ မသွားနဲ့။ ဒီကမ္ဘာငယ်ရဲ့အစီအရင်ကို ငါ နားလည်တာနဲ့ အစီအရင်ကို သုံးပြီးတော့ ကမ္ဘာငယ်ထဲမှာရှိတဲ့ ဘယ်လိုရတနာကိုမဆို အလွယ်တကူ ရှာလို့ရတယ်"
ချန်းကျီကျုံးက ခေါင်းညိတ်ပြီး တိုကင်အား အထုတ်အသွင်း လုပ်ကြည့်သည်။ အကြိမ်အနည်းငယ်လုပ်စမ်းပြီးနောက် သူက အဝေးသို့ စိတ်လှုပ်ရှားစွာ ထွက်ခွာသွားခဲ့၏။
ထန်ရှုက ပတ်ဝန်းကျင်အား တစ်ချက်ကြည့်ပြီးနောက် အနီးနားရှိကျောက်ပြားကြီးတစ်ချပ်ပေါ်သို့ ဦးတည်လိုက်သည်။ ၎င်းပေါ်တွင် တင်ပျဉ်ခွေထိုင်ပြီးနောက် သူ၏ထိုးထွင်းသိမြင်မှုအား ထုတ်လွှတ်ကာ အစီအရင်အား လျင်မြန်စွာ ထိတွေ့လိုက်သည်။
"ဒါ အတော်လေး စိတ်ဝင်စားစရာပဲ"
အကျဉ်းနားလည်ပြီးနောက် ဤအစီအရင်က နက်နဲသည်ကို ထန်ရှုက သိလိုက်သည်။ သူက အစီအရင်များစွာ ဆုပ်ကိုင်ထားနိုင်သော်လည်း ဤအစီအရင်၏အစိတ်အပိုင်းသေးသေးလေးတစ်ခုကပင် သူ့အတွက် အလွန်ဆန်းသစ်၏။ အတိတ်တွင် သူ ဘယ်တော့မှ မတွေးမိ၊ မခံစားမိသော အရာပင်။ ဒီလိုတွေ့ရှိမှုက သူ့စိတ်ဝင်စားမှုအား တက်ကြွလာစေသည်။ ဤအစီအရင်ကြောင်း ပိုသိလာလေ၊ ဤအစီအရင်က အဆုံးမရှိကျယ်ပြောကာ နက်နဲဆန်းကြယ်သည်ကို သိလိုက်ရ၏။
စမ်းရေများ စီးဆင်းနေသည့် တောင်ကြားအထက်တွင် အဖြူရောင်မြူများက မြင့်တက်နေ၏။ သိုးနှင့်ဆင်တူသည့် ထူးခြားဆန်းပြားသောတိရစ္ဆာန်တစ်အုပ်နှင့် ခေါင်းတွင် ကြံ့ချိုများရှိသည့် ခွေးတစ်အုပ်က ရေသောက်ဆင်းနေလေ၏။
အချို့က ခြင်္သေ့လောက် ကြီးကာ ဇီးကွက်များနှင့် ဆင်တူပြီး ကျောက်တုံးများပေါ်တွင် ထိုင်နေကြသည်။ သူတို့က ပါးစပ်မဟသော်လည်း ကျည်ကျည်ကျာကျာ မြည်နေလေ၏။
"အာ။ ဒါ ဘာလဲ"
ချန်းကျီကျုံးက မယုံနိုင်လောက်အောင် အံ့ဩသွားသည်။ ကံကောင်းစွာနှင့် သူက အမြန်တုံ့ပြန်နိုင်ခဲ့ပြီး ကျောက်တုံးကြီးတစ်တုံးအား ဆုပ်ကိုင်ကာ မြေပြင်ပေါ် ဆင်းသက်လိုက်သည်။ နေ့ခင်းကြောင်တောင်တစ္ဆေသရဲမြင်လိုက်ရသည့်အလား သူ့မျက်နှာက ထိတ်လန့်မှုအပြည့်ဖြစ်နေသည်။
***