← Chapters

မျက်နှာသာပေးမှုကို တောင်းခံခြင်း

Vol. 74 Ch. 1027

မျက်နှာသာပေးမှုကို တောင်းခံခြင်း

Vol. 74 Ch. 1027

ထန်ရှုနှင့်သူယောင်မိစ္ဆာကလန်သားများ စကားပြောဆိုနေသည်ကို နားထောင်ရင်း ကြီးမားသောတုန်လှုပ်မှုတစ်ခုက ချန်းကျီကျုံးတစ်ကိုယ်လုံး ရိုက်ခတ်သွားသည်။ သူ့အိမ်မက်ထဲတွင်ပင် သူ့ဆရာသခင်ထန်ရှုက အခြားကမ္ဘာတစ်ခုဖြစ်သည့်ဒဏ္ဍာရီလာအင်မော်တယ်ကမ္ဘာမှ လာသည်ဟု မထင်ထားခဲ့ပေ။

တစ်ချိန်တည်းတွင် ဤသူယောင်မိစ္ဆာကလန်သားများကလည်း သူ့အား ထိတ်လန့်စေသည်။ သူတို့က ဤနေရာတွင် နှစ်တစ်သိန်းအကျဉ်းကျနေသော်လည်း ယခုထိတိုင် အသက်ရှင်နေသေး၏။

"သူယောင်မိစ္ဆာကျိန်စာနဲ့ သေခြင်းရှင်ခြင်းအိမ်မက်ဆိုးဆိုတာ ဘာပါလဲ၊ ဆရာသခင်"ချန်းကျီကျုံးက တုန်လှုပ်မှုအား ဖိနှိပ်ရင်း မေးမြန်းလိုက်သည်။

"ဒါက သေခြင်းရှင်ခြင်းအိမ်မက်ဆိုးလို့ လူသိများပြီး သူယောင်မိစ္ဆာကလန်နဲ့သာ သက်ဆိုင်တဲ့ ကြောက်စရာကောင်းတဲ့ကျိန်စာတစ်ခုပဲ"ထန်ရှုက ရှင်းပြသည်။

"ဒီကျိန်စာက အရမ်းအားကောင်းလား"ချန်းကျီကျုံးက သိလိုစိတ်နှင့် မေး၏။

မျက်လုံးတို့ ကျဉ်းမြောင်းသွားလျက် ထန်ရှုက သူယောင်မိစ္ဆာကလန်သားများအား တစ်ချက်ကြည့်ကာ ဖြည်းဖြည်းချင်း ပြောပြ၏"ဒါက ဒဏ္ဍာရီမှာပဲ ပြောခဲ့ကြတဲ့ အရာပဲ၊ ဒီကလန်ရဲ့ဒဏ္ဍာရီမှော်ဆရာက အလွန်ဆန်းကြယ်ပြီးလျှို့ဝှက်တဲ့မှော်ကျိန်စာတစ်ခုကို ကျွမ်းကျင်တယ်။ ဒီကျိန်စာက သူတို့ကလန်သားတွေကလွဲပြီး အခြားသူတွေအပေါ် သက်ရောက်မှုမရှိဘူး။ ဒီကျိန်စာကို သူယောင်မိစ္ဆာကလန်သားတွေအပေါ် အသုံးပြုလိုက်တဲ့အခါမှာ သူတို့ရဲ့သက်တမ်းက စက်ဝိုင်းတစ်ခုမှာ နှစ်တစ်သောင်းရဲ့အဆဆယ်သန်း တိုးလာလိမ့်မယ်၊ စက်ဝိုင်းတိုင်းမှာ နှစ်တစ်ရာပဲ နိုးလာပြီး ကျိန်အချိန်တွေမှာ အိပ်နေရတယ်။  ဒါက သူတို့တွေ ဒီအချိန်ထိ အသက်ရှင်နေနိုင်ရတဲ့အကြောင်းပြချက်ပဲ"

ဖိနပ်မဲ့မိစ္ဆာ၏မျက်နှာက ခက်ထန်သွားပြီး သူ၏သတ်ဖြတ်လိုစိတ်က အရာဝတ္ထုအဖြစ် သိပ်သည်းသွားသည့်အလား သူက တင်းမာစွာ ပြောလိုက်သည်"မင်း ပြောတာ မှန်တယ်။ ဒီဒဏ္ဍာရီတွေအားလုံးက အမှန်ပဲ။ ငါတို့ နိုးနေတဲ့အချိန်မှာ မင်းက ငါတို့နဲ့ လာတွေ့တာဆိုတော့ မင်းက ကံကောင်းလားကံဆိုးလား ငါ မသိဘူး။ သေခြင်းရှင်ခြင်းအိမ်မက်ဆိုးက ငါတို့ကလန်သားတွေကို အချိန်အကြာကြီး အသက်ရှင်စေနိုင်တဲ့ လျှို့ဝှက်ကျိန်စာတစ်ခုပဲ။ ဒါပေမယ့် ၎င်းက သေခြင်းရဲ့အခြားနည်းလမ်းတစ်ခုပဲလေ။ ငါတို့က နှစ်တစ်ရာပဲ နိုးနိုင်ပြီး ငါတို့ နိုးလာတဲ့အခါတိုင်း ကမ္ဘာနဲ့ ပတ်သက်ပြိီး ငါတို့ သိသမျှ အရာအားလုံးက ပြောင်းလဲနေတယ်။ ကမ္ဘာအသစ်နဲ့ ပတ်သက်ပြီး ငါတို့ အလုံးစုံနားမလည်သေးတဲ့အချိန်မှာ ငါတို့က နှစ်တစ်သောင်းနီးပါး အိမ်မောကျသွားပြန်တယ်၊ ပြီးရင် နောက်နှစ်တစ်ရာပဲ ပြန်နိုးလာတာပေါ့။ ဒီစက်ဝိုင်းက အဆက်မပြတ်ပဲ။ သာမန်လူ‌တွေအပေါ်မှာ ဒါက ညှင်းပန်းနှိပ်စက်မှုပဲ။ ငါတို့မှာသာ ရွေးချယ်စရာတစ်ခု ရှိမယ်၊ အနေအထားကသာ မတွန်းပို့ခဲ့ရင် ငါ့ကလန်က ငါတို့အပေါ်မှာ ဒီသေခြင်းရှင်ခြင်းအိမ်မက်ဆိုးကျိန်စာကို ဘယ်ထုတ်ဖော်ပါ့မလဲ"

ထန်ရှုက သနားစရာကောင်းလှသော ဤသူယောင်မိစ္ဆာကလန်သားများအား စိုက်ကြည့်လိုက်သည်။ ထိုလူများ ရင်ဆိုင်ရသည့် အနေအထားအား သူ မသိသော်လည်း ညှင်းပန်းနှ်ိပ်စက်မှုကသာ ဤကျိန်စာ၏ရလဒ်များဖြစ်သည်ကို ဖိနပ်မဲ့မိစ္ဆာ၏ပြောကြားချက်က ရှင်းလင်းပေသည်။

ဖိနပ်မဲ့မိစ္ဆာက သတ်ဖြတ်လိုစိတ်အား တဖြည်းဖြည်း ပြန်ရုပ်သိမ်းလိုက်သည်။ ထို့နောက် သူက ထန်ရှုအား ကြည့်ကာ ‌နက်ရှိုင်းသောအသံနှင့် မေး၏"ဟင်္သာငှက်ဂိုဏ်းရဲ့တပည့်၊ မင်း ငါတို့ကို ဒီနေရာကနေ လွတ်အောင် ကူညီပေးနိုင်လား"

"ပွင့်ပွင့်လင်းလင်းပြောရရင် ကျုပ်က ခင်ဗျားတို့ကို ကူညီချင်ရင်တောင် ကျုပ်လက်တွေက လက်ရှိမှာ လှုပ်လို့မရဘူး ဖြစ်နေတယ်"ထန်ရှုက ခေါင်းခါယမ်းကာ ပြော၏"ခင်ဗျားတို့ရဲ့စွမ်းအားက ကျဆင်း‌နေတယ်၊ အထွတ်အထိပ်ရဲ့တစ်ထောင်ပုံတစ်ပုံလောက်ပဲ ကျန်မှာပေါ့၊ ဒါပေမယ့် ကျုပ်ရဲ့ခန္ဓာကိုယ်နဲ့စိတ်ဝိညာဉ်ထဲမှာ ပြဿနာကြီးတစ်ခု ရှိနေတာကို ခင်ဗျားတို့ အာရုံခံနိုင်မှာပါ။ လက်ရှိကျုပ်က အားနည်းလွန်းတယ်၊ ကူညီချင်ရင်တောင် ဘာမှ မတတ်နိုင်ဘူး။ ကျုပ်ရဲ့စွမ်းအားကို ပြီးပြည့်စုံခြင်းရွှေရောင်အင်မော်တယ်အဆင့်အထိ ပြန်မရနိုင်ခဲ့ရင်ပေါ့"

လူကြီးက ခဏစဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက နောင်တရသောလေသံနှင့် ပြော၏"မင်း ပြောတာ မှန်တယ်။ မင်းရဲ့လက်ရှိစွမ်းအားနဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒီမိစ္ဆာအစီအရင်က ဖျက်ဆီးဖို့ ခက်ခဲတယ်၊ အစိီအရင်ကို နားမလည်ရင် ပြီးပြည့်စုံခြင်းရွှေရောင်အင်မော်တယ်တွေကတောင် အစီအရင်ကို မချိုးဖြတ်နိုင်လောက်ဘူး။ အစကတော့ ဒီနေရာမှာ သူယောင်မိစ္ဆာကလန်ရဲ့စစ်သည်တော်တွေဆယ်သန်းလောက် ရှိတယ်။ ဒါပေမယ့် ငါတို့ ဘယ်လောက်ပဲ ကြိုးစားကြိုစား မချိုးဖြတ်နိုင်ခဲ့ဘူး၊ ဒီနေရာက မလွတ်မြောက်နိုင်ခဲ့ဘူး"

ထန်ရှုက မျက်မှောင်ကြုတ်ကာ ပြောသည်"ခင်ဗျား ဆိုလိုတာက ခင်ဗျားတို့ကလန်သားဆယ်သန်းလောက်က ဒီ‌နေရာမှာ အကျဉ်းချခံထားရတယ်လို့ ဆိုလိုတာလား။ ဒါပေမယ့် ဘယ်လိုလုပ်ပြီး ခင်ဗျားတို့က ဒီလောက်ပဲ ကျန်..."

ဖိနပ်မဲ့မိစ္ဆာက ခါးသီးစွာ ပြုံးလျက် ဆို၏"လွတ်လပ်မှုနဲ့သတ်ဖြတ်ခြင်းက ငါတို့ကလန်ရဲ့ဗီဇပဲ။ လွတ်လပ်မှုမရှိရင် ငါတို့ကလန်သားတွေက သတ်သေဖို့ ရွေးချယ်ရမှာပေါ့။ ဟားဟားဟား...ငါ့ကလန်ရဲ့လက်ရွေးစင်စစ်သည်တော်ဆယ်သန်း၊ အားအနည်းဆုံးဖြစ်တဲ့ကောင်းကင်ဘုံအင်မော်တယ်အဆင့်ကနေ ‌ပြီးပြည့်စုံခြင်းရွှေရောင်အင်မော်တယ်အဆင့်အထိ ရှိတယ်၊ ဒါပေမယ့် သူတို့က သတ်သေဖို့ ရွေးချယ်ခဲ့တယ်...ဘာလို့ ကံကြမ္မာက ငါတို့ကလန်သားတွေကို ရှက်စရာအကောင်းဆုံးနည်းလမ်းနဲ့ သေဖို့ သတ်မှတ်ခဲ့ရတာလဲ"

"ဒါပေမယ့် ဘာလို့ ခင်ဗျားတို့က အသက်ရှင်နေသေးရတာလဲ"ထန်ရှုက ‌မေး၏။

ရင်ဘက်အား ညွှန်ပြရင်း သူ ပြန်ဖြေသည်"ဒါက ငါတို့ရဲ့နှလုံးသားထဲမှာ အမြဲ လောင်ကျွမ်းနေတဲ့ မီးလျှံပဲ။ ရန်သူရဲ့သွေးနဲ့ ငါတို့ရဲ့အရှက်ရမှုတွေကို ဆေးကြောရမယ်။ ငါတို့ စောင့်နေတယ်...တစ်နေ့...ငါတို့ လွတ်မြောက်မယ့်နေ့ကို စောင့်နေတယ်...ငါတို့ အလင်းရောင်မြင်ရမယ့်‌နေ့ကို ရောက်လာတဲ့အခါကျရင် ငါတို့ရဲ့နှလုံးသားထဲမှာ ရှိတဲ့ အညှိုးအတေးမီးလျှံ‌တွေကို သုံးပြီး မြင့်မြတ်ရှေးမူလနန်းတော်ရဲ့သစ္စာဖောက်တွေကို ပြာချပစ်မယ်"

"လွန်ခဲ့တဲ့နှစ်တစ်ရာကျော်က မြင့်မြတ်ရှေးမူလနန်းတော်ရဲ့လူတွေအားလုံး သေဆုံးသွားကြတာ ခင်‌ဗျားတို့အတွက် ကံမကောင်းတာပဲ"ထန်ရှုက ခေါင်းခါယမ်းကာ ပြောသည်"ရန်သူရဲ့သွေးနဲ့ ခင်များတို့ရဲ့အရှက်ရမှုတွေကို မဆေးကြောနိုင်တော့ဘူး။ ဒါပေမယ့် ရန်သူတွေ သေသွားပြီဆိုတော့ ခင်များတို့ရဲ့အမုန်းတရားတွေချည်နှောင်ထားတဲ့နှလုံးသားကလဲ အခု လွတ်လပ်သွားပြီပေါ့"

ဖိနပ်မဲ့မိစ္ဆာက သူ့နောက်ရှိ ကလန်သားတစ်‌ရာအား လှည့်ကြည့်လိုက်သည်။ သူတို့မျက်နှာပေါ်ရှိဒေါသက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး စိတ်ပျက်လက်ပျက်ဖြစ်ခြင်းက အစားထိုးလာ၏။ ရုတ်တရက် သူက ခါးသီးစွာ ပြုံး၏၊ ထို့နောက် အရူးတစ်ယောက်လို ရယ်လျက် အော်ပြောလိုက်သည်"ကလန်သားအားလုံး၊ မင်းတို့ ကြားရဲ့လား။ ငါတို့ရဲ့ရန်သူတွေ သေသွားပြီ။ သူတို့အားလုံး သေသွားပြီ။ ငါတို့ အသက်ရှင်နေသေးတာ ဘာအတွက်လဲ။ မြင့်မြတ်ရှေးမူလနန်းတော်က ပျက်ဆီးသွားပြီမလား။ ငါတို့စောင့်မျှော်နေတာက အခု ဒီလိုရလဒ်ကို ပေးလာပြီလေ၊ ဒါဆို ငါတို့ ဘာအတွက် အသက်ရှင်နေသေးတာလဲ"

အရူးတစ်ယောက်လို ရေရွတ်ရင်း သူက သူ့လက်အား ရုတ်တရက် မြှောက်လိုက်သည်။ လေးမီတာကျော်ရှည်သည့်စစ်သုံးဓားတစ်လက်က သူ့လက်ထဲ၌ ထွက်ပေါ်လာ၏။ အလားတူပင် သူ့ကလန်သားတစ်ရာကျော်က သူတို့၏အင်မော်တယ်လက်နက်များအား အသီးသီး ထုတ်လွှတ်ကာ လေထဲသို့ မြှောက်လိုက်ကြသည်။

သူ‌ယောင်မိစ္ဆာကလန်သားတစ်ရာ‌ကျော်၏အပြုအမူကို မြင်ပြီး အစီအရင်အပြင်ဘက်ရှိ ထန်ရှု၏မျက်နှာအမူအရာက ပြင်းပြင်းထန်ထန် ပြောင်းလဲသွား၏။ ထို့နောက် သူက နားအူမတတ် ကျယ်လောင်စွာ အော်လိုက်သည်"သူယောင်မိစ္ဆာကလန်က ကျေးဇူးတရားကို အနားလည်ဆုံးသူတွေလို့ ဒဏ္ဍာရီက ပြောကြတယ်။ ကျုပ်က ခင်ဗျားတို့ဆီ မြင့်မြတ်ရှေးမူလနန်းတော်ဖျက်ဆီးခံရတဲ့သတင်းကို ယူလာပေးခဲ့တယ်။ ဒါက ခင်ဗျားတို့ကို လွတ်မြောက်မှုအခွင့်အလမ်းတစ်ခု ပေးတဲ့ ကျေးဇူးတရားတစ်ခု မဟုတ်လား။ ခင်ဗျားတို့က အခု သက်သေမှာဆိုတော့ ခင်ဗျားတို့ရဲ့အကြွေးကို မပေးဘဲ ချန်ထားမလို့လား"

သူယောင်မိစ္ဆာကလန်သားတစ်ရာက ခံစားချက်တို့ လေးလံသွားကြသည်။ သူတို့ကို တိုက်ခိုက်ရသည်ကို ချစ်သည်၊ သတ်ဖြတ်ခြင်းကို သဘောကျသည်၊ လွတ်လပ်မှုကို မြတ်နိုးသည်။ သူတို့ကလန်က လျှို့ဝှက်အကြံအစည်တို့ မရှိသည့် ရိုးရှင်းသောကလန်တစ်ခု ဖြစ်၏။ သူတို့က အင်အားတစ်ခု၏ခေါင်းဆောင်မဖြစ်လာနိုင်ဘဲ ကျွန်မျိုးနွယ်တစ်ခုသာ ဖြစ်နိုင်သည့် အကြောင်းပြချက်ပင် ဖြစ်သည်။

သူတို့ကလန်၏အကြီးမားဆုံးဂုဏ်ယူစရာက သစ္စာရှိခြင်းနှင့်ရိုးသားခြင်းပင်၊ ဤအရာများက သူတို့၏ခွန်အားဖြစ်သည်။

ထန်ရှု၏သတိပေးမှုက သတ်သေမည့်သူတို့အတွေးများအား ယာယီပယ်ဖျက်စေသည်။ မျက်လုံးပေါင်းတစ်ရာက ထန်ရှုအား စိုက်ကြည့်လာ၏၊ ထို့နောက် ဖိနပ်မဲ့မိစ္ဆာက မေးလိုက်သည်"‌ဟင်္သာငှက်ဂိုဏ်းရဲ့တပည့်၊ ငါတို့ရဲ့အကြွေးအတွက် မင်းကို ဘယ်လို ပြန်ပေးဆပ်ရမလဲ"

ထန်ရှုက ခဏနှုတ်ဆိတ်သွားသည်။ ထို့နောက် ချန်းကျီကျုံးအား လက်ညှိးထိုးကာ သူ ပြော၏"ခင်ဗျားတို့ရဲ့သူယောင်မိစ္ဆာကလန်မှာ အခြားမျိုးနွယ်တွေရဲ့ခန္ဓာကိုယ်ကို ခင်ဗျားတို့လို ပြောင်းလဲပေးနိုင်တဲ့၊ ခင်ဗျားတို့ရဲ့သွေးမျိုးဆက်ကို အမွေဆက်ခံစေနိုင်တဲ့၊ သူတို့ကို အပြီးပြည့်စုံဆုံးစစ်သည်တော်တွေအဖြစ် ပြောင်းပေးနိုင်တဲ့လျှို့ဝှက်ပညာရပ်တစ်ခုရှိတယ်လို့ ဒဏ္ဍာရီက ဆိုတယ်။ ဘာပဲပြောပြော ခင်ဗျားတို့က ဒီကမ္ဘာကနေ ထွက်သွားဖို့ ဆုံးဖြတ်ထားတာပဲ၊ ဒါကြောင့် ကျုပ်တပည့်ကို ကူညီပေးသွားကြပါလား"

ဖိနပ်မဲ့မိစ္ဆာက ချန်းကျီကျုံးအား နက်ရှိုင်းစွာ တစ်ချက် ကြည့်သည်။ ထို့နောက် သူ့ကလန်သားများဘက်လှည့်ကာ ဆွေးနွေးပြောဆို၏။ ထို့နောက် သူက ခေါင်းညိတ်ကာ ပြောလိုက်သည်"သူက နှစ်တစ်သိန်းအတွင်းမှာ ငါတို့ကို ပထဆုံးတွေတဲ့သူပဲ၊  ဒါကြောင့် သူက ငါတို့သူယောင်မိစ္ဆာကလန်ရဲ့မိတ်ဆွေဖြစ်ဖို့ ကံကြမ္မာက ကြိုတင်ပြဌာန်းထားတယ်လို့ ဆိုရမယ်။ လက်ရှိသူက အရမ်းအားနည်းပေမယ့် မင်းက ငါတို့ကို မျက်နှာသာတစ်ခု ပေးခဲ့တယ်။ ဒီတော့ ငါတို့ မင်းရဲ့တောင်းဆိုချက်ကို လိုက်လျောပေးမယ်။ မင်းတို့က ငါတို့ရဲ့အမွေအနှစ်ကို လက်ခံပြီး ပြီးပြည့်စုံတဲ့စစ်သည်တော်တစ်ယောက်ဖြစ်ချင်ရင် ဒီအစီအရင်ထဲ ဝင်ရောက်ဖို့ လိုအပ်တယ်။ ဒါပေမယ့် အထဲဝင်ပြီးဆိုတာနဲ့ မင်းတို့ ဘယ်တော့မှ ပြန်ထွက်လာလို့မရဘူး"

ထန်ရှုက ချန်းကျီကျုံးအား လှည့်ကြည့်ကာ နက်ရှိုင်းသောအသံနှင့် ပြောသည်"ကျီကျုံး၊ အောင်မြင်မှုဆိုတာ အန္တရာယ်နဲ့အတူ လာတယ်လို့ ငါတို့ရဲ့ဘိုးဘေးတွေ ပြောခဲ့တယ်။ အခု မင်းရှေ့မှာ လမ်းကြောင်းတစ်ခု ဖွင့်ချပြထားတယ်၊ ဒါကြောင့် ငါ မင်းကို မေးမယ်။ ဒီသူယောင်မိစ္ဆာစစ်သည်တော်ရဲ့အမွေအနှစ်ကို လက်ခံဖို့ မင်း ဒီအစိီအရင်ထဲကို ဝင်ရဲလား"

ချန်းကျီကျုံး၏အသားအရောင်က ပြောင်းလဲသွားသည်။ ဖိနပ်မဲ့မိစ္ဆာက အမှန်တရား ပြောခဲ့တယ်ဆိုရင် အစီအရင်ထဲ ဝင်ပြီးလို့ ငါ ပြန်မထွက်လာနိုင်ရင် ဘယ်လိုလုပ်မလဲ။ နှစ်ပေါင်းမရေမတွက်များစွာ အထီးကျန်ခြင်းရဲ့နှိပ်စက်မှုဒဏ်ကို ငါ ခံနိုင်ရည်ရှိပါ့မလား။

မဟုတ်ဘူး...

သူ့နှလုံးသားက တုန်လှုပ်သွားပြီး နောက်ထပ်ဇာတ်ကွက်တစ်ခုအား ရုတ်တရက် သတိရလိုက်သည်။သူ့ဆရာထန်ရှုက အစီအရင်အရာ၌ ကျွမ်းကျင်သူဖြစ်၏။ သူ့အရှေ့တွင်ပင် သူက အစီအရင်အား ချိုးဖြတ်နိုင်ခဲ့သည်။

လက်ရှိအချိန်တွင် ချန်ကျီကျုံးက ဘေးကျပ်နံကျပ်ဖြစ်နေသည်။ သူ့ဆရာက အစီအရင်အား မချိုးဖြတ်နိုင်လျှင် သူက ထာဝရအကျဉ်းချခံရလိမ့်မည်။ သို့သော် သူ့ဆရာက ချိုးဖြတ်နိုင်ခဲ့လျှင် သူ့အတွက် ကြီးမားသောအခွင့်အလမ်းတစ်ခု ဖြစ်လာလိမ့်မည်ဟု ဆိုလိုသည် မဟုတ်ပါလား။

ငါ ဘာရွေးချယ်သင့်လဲ။

နောက်ဆုံးတွင် ချန်းကျီကျုံးက ဆုံးဖြတ်ချက်ချနိုင်ခဲ့သည်၊ သူ့ဆရာအား ယုံကြည်ရန် ရွေးချယ်ခဲ့သည်။ သူက အင်မော်တယ်လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းရန် ဆုံးဖြတ်ခဲ့၏၊ သေခြင်းရှင်ခြင်းကစားပွဲတစ်ခုအား သူ ကစားမည်။ သူက အောင်မြင်လျှင် ပြန်မွေးဖွားလာပြီး အနာဂတ်တွင် ကြီးမားသောအောင်မြင်မှုကို ရရှိလိမ့်မည်။ သူ ရှုံးနိမ့်လျှင် ဆိုးဝါးသော ကံတရားကိုသာ အပြစ်တင်နိုင်သည်။

"ငါ ဒီအခွင့်အရေးကို လက်ခံပါ့မယ်၊ ဆရာသခင်"ချန်းကျီကျုံးက ဆုံးဖြတ်ချက်ပြတ်သားသော မျက်နှာဖြင့် ပြော၏။

ထန်ရှုက ကျေနပ်သွားပြီး ခေါင်းညိတ်ကာ ကျယ်လောင်စွာ ပြန်ဖြေ၏"ဒါမှပေါ့၊ မင်းက ထန်ဂိုဏ်းရဲ့တပည့်ဖြစ်ဖို့ ထိုက်တန်တယ်။ မင်းရဲ့စိတ်သဘောထားအရ အနာဂတ်မှာ ကြီးမားတဲ့အောင်မြင်မှုကို ရလိမ့်မယ်။ ဒါဆို အထဲကို ဝင်တော့။ မင်းက သူယောင်မိစ္ဆာကလန်သားစီနီယာတွေရဲ့အမွေဆက်ခံမှုကို လက်ခံနိုင်တာနဲ့ ငါက အနာဂတ်မှာ ပြီးပြည့်စုံခြင်းရွှေရောင်အင်မော်တယ်အဆင့်ကို သေချာပေါက် ရောက်ရှိတဲ့အခါ မင်းကို လုံးဝ ပြန်ကယ်နိုင်လိမ့်မယ်"

"နားလည်ပါပြီ"ချန်းကျီကျုံးက ပြန်ဖြေသည်။ ထို့‌နောက် သူက သူယောင်မိစ္ဆာကလန်သားတစ်ရာထံ လျှောက်သွား၏။ စွမ်းအင်ဒိုင်းကာက သူ့ခြေလှမ်းများအား မတားဆီးနိုင်ခဲ့ပေ၊ သူက အစီအရင်ထဲသို့ အလွယ်တကူ ဝင်ရောက်ကာ ဖိနပ်မဲ့မိစ္ဆာအရှေသို့ ရောက်ရှိလာခဲ့သည်။

ဖိနပ်မဲ့မိစ္ဆာက သူ့အား လေးစားစွာ ကြည့်ကာ ချီးကျူးလိုက်သည်"ငါ့ကလန်က သူရဲကောင်းစိတ်ဓာတ်ရှိတဲ့သူတွေကို အမြဲတမ်း လေးစားတယ်။ မင်းက အဲလိုလူတစ်ယောက်ပဲ၊ ကောင်လေး"

ချန်းကျီကျုံးက သက်ပြင်းတစ်ချက်ရှိုက်၏။ ထို့‌နောက် သူက ထန်ရှုအား လှည့်ကြည့်သည်၊ ထို့နောက် သူက ပြန်လှည့်ကာ လက်သီးဆုပ်လျက် အရိုအသေပေး၏"ဒါဆိုရင် ငါက စီနီယာတို့ကို ဒုက္ခပေးရတော့မှာပေါ့"

ဖိနပ်မဲ့မိစ္ဆာက ထန်ရှုထံ အကြည့်ပြောင်းကာ နက်ရှိုင်းသောအသံနှင့် ပြောသည်"သေခြင်းက သတိလွတ်ဖြတ်သန်းနေရခြင်းထက် အများကြီး ပိုကောင်းတယ်။ မင်း ငါတို့ကို မလှည့်စားဖို့ မျှော်လင့်တယ်၊ မင်း ပြောသမျှအရာအားလုံးက အမှန်တရားတွေ ဖြစ်ပါစေလို့ ငါ မျှော်လင့်တယ်"

"အစကနေ အဆုံးထိ အားလုံးအမှန်တရားတွေပါပဲ"ထန်ရှုက တည်ငြိမ်စွာ ပြော၏။

ဖိနပ်မဲ့မိစ္ဆာက ခေါင်းညိတ်ကာ တုံ့ပြန်လိုက်သည်။ ရုတ်တရက် သူက စူးရှသောသံရှည်တစ်ခု ပြု၏။ ရုတ်တရက် သူယောင်မိစ္ဆာကလန်သားတစ်ရာက ဆယ်မီတာအထက်သို့ လွင့်မျောသွားပြီး သူတို့၏တည်နေရာများအား အဆက်မပြတ် ပြောင်းကာ များမကြာမီတွင် ပုံစံကွက်တစ်ခုအား တည်ဆောက်လိုက်ကြသည်။

***

All Chapters