အားလုံးရိတ်သိမ်းခြင်း
Vol. 74 Ch. 1029
ချန်းကျီကျုံး၏မျက်လုံးများနှင့်မျက်နှာပေါ်တွင် လေးနက်သောအကြည့်တစ်ခုက ထွက်ပေါ်လာသည်။ သူက အမွေဆက်ခံမှုနှင့်အတူ ကြီးမားသောဗဟုသုတများစွာ ရရှိခဲ့သည်။ သူ့ဆရာက အင်မော်တယ်ကမ္ဘာတွင် အန္တိမအရှင်တစ်ယောက်ဖြစ်ခဲ့သော်လည်း ရန်သူများ၏ချောင်းမြောင်းတိုက်ခိုက်မှုကို ခံခဲ့ရ၏။
ဤအရာက တစ်ခုသာ ဆိုလိုသည်- သူ့ဆရာ၏ရန်သူများက အလွန်အားကောင်းခြင်းပင်။ အနည်းဆုံးတော့ သူ ဆန့်ကျင်လို့မရသည့်သူများ ဖြစ်ကြပေမည်။ ထို့ကြောင့် ဤကိစ္စအား လုံးဝမပေါက်ကြားစေရန် အရေးကြီး၏။
"မစိုးရိမ်ပါနဲ့၊ ဆရာသခင်။ ငါ ဘယ်သူ့ကိုမှ မပြောပါဘူး။ ငါ့မိသားစုကိုတောင် မပြောပါဘူး"ချန်းကျီကျုံးက ပြောသည်။
"ကောင်းပါပြီ"ထန်ရှုက ခေါင်းညိတ်ကာ ဆက်ပြောသည်"ဒါနဲ့ မင်းလဲ ဒီနေရာမှာ အချိန်ဖြုန်းမနေနဲ့။ ဒီအစီအရင်ရဲ့အင်္ဂါရပ်အများစုကို ငါ ဖော်ထုတ်ပြီးပြီ။ နောက်နှစ်ရက်လောက်ကျရင် အဲဒါက်ို ချိုးဖြတ်နိုင်လောက်မယ်၊ ပြီးရင် ငါတို့တွေ တိုက်ရိုက်ထွက်သွားကြမယ်။ ငါ ဒီအစီအရင်ကို ခွဲခြမ်းစိတ်ဖြာနေစဉ်အတွင်း မင်းရဲ့ကျင့်ကြံခြင်းအဆင့်ကို ကျစ်လျစ်အောင် လုပ်နေပါ"
"နားလည်ပါပြီ"
အရိုအသေပေးပြီးနောက် ချန်းကျီကျုံးက အနီးနားရှိ ကျောက်တုံးတစ်ခုအပေါ်သို့ လျှောက်သွား၏၊ ထို့နောက် တင်ပျဉ်ခွေထိုင်လျက် သူ၏ကျင့်ကြံခြင်းအဆင့်အား တည်ငြိမ်စေသည်။
အချိန်မဖြုန်းလိုဘဲ ထန်ရှုက အစီအရင်ဖျက်ဆီးရန်အတွက်သာ အာရုံစိုက်၏။
နှစ်ရက်က လျင်မြန်စွာ ကုန်ဆုံးသွားသည်။ သူက ကမ္ဘာငယ်တစ်ခုလုံး၏ဝင်္ကပါအား ထိန်းချုပ်နိုင်ချိန်တွင် ဤအစီအရင်၏နက်နဲမှုအားလုံးအား နားလည်ခဲ့ပြီ ဖြစ်၏။
"ချိုးဖြတ်စမ်း"
ထန်ရှု၏လက်ချောင်းလှုပ်ရှားချက်တစ်ကွက်နှင့်အတူ တောင်ကြားအား ဖုံးလွှမ်းထားသည့် စွမ်းအင်ဒိုင်ကာအလွှာများက လှိုင်းဂယက်တို့ထကာ အပေါက်တစ်ခုက လျှပ်တစ်ပြက်အတွင်း ထွက်ပေါ်လာ၏။
"ဆရာသခင်..."
ထန်ရှုက အစီအရင်အား ချိုးဖြတ်သည့်အချိန်တွင် ချန်းကျီကျုံးက ကျင့်ကြံရာမှ နိုးလာသည်။ အပေါက်က ပိုပိုကြီးလာပြီး သူက ထန်ရှုထံ သုတ်ခြေတင်ပြေး၏။ သို့သော် သူ၏ကျင့်ကြံခြင်းအဆင့်က ရုတ်တရက် တိုးမြင့်လာမှုကြောင့် သူက စွမ်းအားအား မထိန်းချုပ်နိုင်သေးပေ၊ ထန်ရှုကသာ ဘေးသို့ မရှောင်တိမ်းခဲ့လျှင် သူက ထန်ရှုလက်မောင်းအား ဝင်တိုက်မိပေလိမ့်မည်။
ထန်ရှုက ရယ်လျက် သူ့အား ပြောလိုက်သည်"ဟုတ်ပြီ၊ မင်း အချိန်အချို့ ယူပြီး မင်းရဲ့လက်ရှိစွမ်းအားကို ထိန်းချုပ်ပြီး မင်းရဲ့ကျင့်ကြံခြင်းအဆင့်ကို တည်ငြိမ်အောင် လုပ်ရမယ်။ ငါတို့ ပြန်ရောက်တဲ့အခါ မင်းရဲ့စီးပွားရေးကို မင်းရဲ့သားကို လွှဲပေးဖို့ လိုမယ်။ မင်းက ငါတို့ဂိုဏ်းရဲ့ပိုင်နက်ကို သွားပြီး တံခါးပိတ် ကျင့်ကြံပါ။ အဲမှာ လေ့ကျင့်ရင် မင်းရဲ့ကျင့်ကြံခြင်းရလဒ်က နှစ်ဆဖြစ်လာလိမ့်မယ်"
"ဒါဆို ငါတို့ဂိုဏ်းရဲ့တည်နေရာက ဘယ်မှာလဲ၊ ဆရာသခင်"ချန်းကျီကျုံးက အလျင်စလို မေး၏။
"နဂါးကိုးကောင်ကျွန်း"ထန်ရှုက ပြုံး၍ ပြော၏။
ချန်းကျီကျုံးက လျင်မြန်စွာ နားလည်လိုက်သည်။ နဂါးကိုးကောင်ကျွန်းအား ထန်ရှု ဝယ်စဉ်တုန်းက နောက်ခံပုံပြင်အား သူ သိ၏။ ထိုအချိန်တုန်းက ထန်ရှုထံတွင် ပိုက်ဆံအလုံအလောက် မရှိပေ၊ ထို့ကြောင့် သူက အများဆုံး ထောက်ပံ့ပေးခဲ့ရသည်။ ထို့ပြင် ထန်ရှုက ထိုနေရာတွင် ဆောက်လုပ်ရေးစီမံကိန်းတစ်ခု လုပ်ဆောင်နေသည်ကို သူ သိ၏။ သို့သော် သူ့ဆရာက ထန်ဂိုဏ်း၏ဌာနချုပ်အတွက် ထိုကျွန်းအား ရွေးချယ်ခဲ့မည်ဟု သူ မထင်ထားခဲ့ပေ။
"ငါ ပြန်ရောက်တာနဲ့ ချက်ချင်း စီစဉ်လိုက်ပါ့မယ်၊ ဆရာသခင်"
ထန်ရှုက ခေါင်းညိတ်တုံ့ပြန်လိုက်သည်၊ သူ့ခန္ဓာကိုယ်က အစီအရင်ဆီ လှစ်ခနဲ ပြေးသည်။ သူ့ပုံရိပ်က ပြိုးပြိုးပြက်ပြက်လက်နေရင်း လေဆင်နှာမောင်းအငယ်စားတစ်ခုက ထွက်ပေါ်လာ၏။ အသုံးအဆောင်ပစ္စည်းအပိုင်းအစများက ထန်ရှုလက်ထဲမှတစ်ဆင့် သူ့သိုလှောင်လပ်စွပ်ထဲသို့ ကျရောက်သွားလေ၏။
ခဏကြာပြီးနောက် ထန်ရှုက ဝင်္ကပါမှ ထွက်ကာ စစ်သုံးဓားအား ချန်းကျီကျုံးထံ ပစ်ပေးကာ ပြုံး၍ ပြောလိုက်သည်"ဒီစစ်သုံးဓားကို ဖိနပ်မဲ့မိစ္ဆာက ပိုင်ဆိုင်ထားတာ။ သူက ကျော်ကြားတဲ့ပုံရိပ်တစ်ခုပဲ။ သူ့ရဲ့စစ်သုံးဓားက အင်မော်တယ်လက်နက်ကောင်းတစ်ခုပဲ။ အင်မော်တယ်အဆင့် မရောက်ခင် ဒီစစ်သုံးဓားကို သန့်စင်ပြီး မင်းရဲ့လက်နက်အဖြစ် အသုံးပြုလို့ရတယ်"
"နားလည်ပါပြီ"ချန်းကျီကျုံးက ဝမ်းမြောက်ဝမ်းသာ ပြန်ဖြေသည်။
သူယောင်မိစ္ဆာကလန်က ပစ္စည်းအမြောက်အများ ချန်ထားခဲ့ပြီး သူတို့အားလုံးအား ထန်ရှုက ယူသွားခဲ့သော်ငြား သူက အကျိုးအမြတ်အရဆုံးပုဂ္ဂိုလ်ဖြစ်သည်ကို သိ၏။ ဤကလန်၏အမွေအနှစ်နှင့်သူ့ခန္ဓာကိုယ်ပြောင်းလဲမှုက သူ့အတွက် တစ်သက်လျှင် တစ်ခါသာ ကြုံတွေ့နိုင်မည့် အခွင့်အလမ်းကောင်းတစ်ခု ဖြစ်သည်။
လက်နက်များက ပြင်ပပစ္စည်းများပင် ဖြစ်ပေသည်။
သို့သော် သူယောင်မိစ္ဆာကလန်ချန်ထားခဲ့သည့်လက်နက်များနှင့်သိုလှောင်လက်စွပ်များထဲတွင် အင်မော်တယ်ကမ္ဘာ၌ပင် ရတနာများဟု ဆိုနိုင်သည့်အရာများ ပါဝင်သည်။ ထိုအရာများ ဘယ်လောက် တန်ဖိုးရှိသလဲကို သူ မသိပေ။
ချန်းကျီကျုံးက အင်မော်တယ်ကမ္ဘာသို့ တစ်ခါမှ မရောက်ဖူးပေ၊ အင်မော်တယ်လက်နက်များနှင့်ပတ်သက်၍ သူ့အသိက အကန့်အသတ်ရှိသည်။ သို့မဟုတ်လျှင် ထန်ရှုယူသွားသည့်အင်မော်တယ်ပစ္စည်းများနှင့်လက်နက်များ၏တန်ဖိုးက အင်မော်တယ်ကမ္ဘာတွင် ကျယ်ပြောသောကြယ်ပိုင်နက်တစ်ခုအား ဝယ်ယူရန် လုံလောက်သည်ကို သူ သိပေလိမ့်မည်။
"ကောင်းပြီ၊ ငါတို့ ပြန်ထွက်ကြတာပေါ့"
ထန်ရှုက ပြုံးကာ ပြောလိုက်သည်။
"အာ"ချန်းကျီကျုံးက ကမန်းကတန်း မေး၏"ဒါပေမယ့် ငါတို့ ဒိီကမ္ဘာငယ်ကို မရှာဖွေရသေးဘူးလေ၊ ဆရာသခင်။ ဒီနေရာမှာ သတ္တုတွေ အများကြီး ရှိနိုင်အုံးတယ်မလား"
"ဒီကမ္ဘာငယ်က ငါ့ရဲ့ထိန်းချုပ်မှုအောက်မှာ ရောက်ရှိထားပြီ၊ ဒါကြောင့် အစီအရင်ကနေတစ်ဆင့် ဒီမှာရှိသမျှ အရာအားလုံးကို ငါ အာရုံခံနိုင်တယ်"ထန်ရှုက ပြုံးကာ ပြောလိုက်သည်"ဒီနေရာက အကျဉ်းထောင်တစ်ခုပဲ။ ကောင်းကင်ဘုံကျောက်တုံး၃၆တုံးကလွဲပြီး အခြားအဖိုးတန်သတ္တုတွေ မရှိဘူး။ ငါတို့ ဒီနေရာကနေ ထွက်တဲ့အခါ သူတို့အားလုံးကို ယူသွားမယ်၊ ဒီကမ္ဘာငယ်ကလဲ ပျောက်ကွယ်သွားလိမ့်မယ်"
ချန်းကျီကျုံးက ချက်ချင်း နားလည်လိုက်ပြီး ပြုံးကာ မေးလိုက်သည်"နောက်ကျရင် ငါ ဆရာသခင်ဆီကနေ အစီအရင်ဝင်္ကပါတွေနဲ့ ပတ်သက်ပြီး သင်ယူရမယ်"
"ဟမ့်။ မင်း ရခဲ့တဲ့အမွေအနှစ်ထဲမှာ အစိီအရင်တွေနဲ့ ပတ်သက်ပြီး ဘာမှ မပါဘူးလား"ထန်ရှုက မေးလေ၏။
"ငါ ရခဲ့ပါတယ်၊ ဒါပေမယ့် အားလုံးက မှော်အစီအရင်တွေပဲ။ ပြီးတော့ သူတို့က သိပ်ပြီးတော့ အားမကောင်းလှပါဘူး"ချန်းကျီကျုံးက အားတင်းပြုံးလျက် ပြောသည်"သူတို့ရဲ့အစီအရင်က အင်မော်တယ်ကမ္ဘာရဲ့အားကောင်းတဲ့အစီအရင်တွေနဲ့ ယှဉ်ရင် အားနည်းလွန်းတယ်"
"ဟားဟား"ထန်ရှုက ရယ်ကာ ပြော၏"ဒါ မှန်တယ်။ သူယောင်မိစ္တာကလန်က တစ်ဦးချင်းစွမ်းအားကိုပဲ လိုက်စားတာ။ လက်နက်တွေနဲ့အစီအရင်တွေကို အရန်လို့ပဲ သတ်မှတ်ထားကြတာ။ မင်း သင်ချင်မှတော့ နောက်ကျရင် ငါ မင်းကို သင်ပေးမှာပေါ့။ အာ၊ တစ်ခု မေးတော့မလို့။ မင်းရဲ့အသန်မာဆုံးတိုက်ကွက်ကို ထုတ်ဖော်ကြည့်။ အခု မင်း ဘယ်အဆင့်ရောက်နေလဲ ငါ ကြည့်မယ်"
ချန်းကျီကျုံးက အမိန့်အား လက်ခံလိုက်သည်။ တစ်ကီလိုမီတာအကွာအဝေးသို့ ဆုတ်ပြီးနောက် သူက သူ့အရှေ့ရှိ တောင်ထိပ်ထံ အားကောင်းသောလက်သီးတစ်ချက်တစ်ခု ထုတ်ဖော်လိုက်သည်။
တစ်ချက်မျှသာ။ သို့သော် ဆယ်မီတာကျော်မြင့်သည့်တောင်ထိပ်အား ဖျက်ဆီးပစ်သည်။ လက်သီးချက်စွမ်းအားက အခြေတည်စိတ်ဝိညာဉ်အဆင့်ကျွမ်းကျင်သူတစ်ယောက်နှင့် ညီမျှသည်။
"ငါ့ရဲ့လက်ရှိစွမ်းအားကို ဘယ်လိုမြင်လဲ၊ ဆရာသသခင်"ထန်ရှုအရှေ့သို့ ပြန်ရောက်ပြီးနောက် ချန်းကျီကျုံးက စိတ်လှုပ်ရှားစွာနှင့် ကမန်းကတန်း မေးလိုက်သည်။
"မဆိုးဘူး"ထန်ရှုက ခေါင်းညိတ်ကာ ပြော၏"မင်းရဲ့စွမ်းအားက အခြေတည်စိတ်ဝိညာဉ်နှောင်းပိုင်းအဆင့်ကျွမ်းကျင်သူတွေနဲ့ ယှဉ်ဖို့ လုံလောက်တယ်။ ကျင့်ကြံခြင်းအဆင့်အရ ငါ မင်းနဲ့ မယှဉ်နိုင်ပေမယ့် ငါတို့သာ တိုက်ခိုက်ရင် ငါ့အနေနဲ့ မင်းကို သတ်နိုင်ချေက မြင့်မားတယ်။ ဒီအတွက် အကြောင်းပြချက်တွေ ရှိတယ်။ တစ်၊ မင်းက မင်းရဲ့စွမ်းအားကို အပြည့်အဝ မထိန်းချုပ်နိုင်သေးဘူး။ နှစ်၊ မင်းက တိုက်ခိုက်ရေးအတွေ့အကြုံကင်းမဲ့တယ်။ သုံး၊ အခြေတည်စိတ်ဝိညာဉ်အဆင့်ကျွမ်းကျင်သူတွေကတောင် ငါ့ကို အနိုင်ယူဖို့ ခက်ခဲတယ်"
ကြည်ညိုလေးစားသောမျက်လုံးများနှင့် ချန်းကျီကျုံးက ပြန်ဖြေသည်"ဒါက ဆရာသခင်ရဲ့စွမ်းအားက တိုးတက်မှု မြန်ဆန်တာကိုး။ ငါတို့ ပထမဆုံးတွေ့ဆုံချိန်ကို မှတ်မိပါသေးတယ်။ ဆရာသခင်ရဲ့ခွန်အားက ငါ အမွေအနှစ်လက်မခံခင်တုန်းကထက် အများကြီး အားနည်းတယ်။ ဒါပေမယ့် တစ်နှစ်နဲ့ခြောက်လလောက်ပဲ ရှိအုံးမယ်၊ ဆရာသခင်က အခြေတည်စိတ်ဝိညာဉ်အဆင့်ကျွမ်းကျင်သူတွေကို အနိုင်ယူနိုင်နေပြီ။ ဒါက အံ့အားသင့်စရာကောင်းလွန်းတယ်။ နှစ်အနည်းငယ်အတွင်းမှာ ဆရာသခင်က ကပ်ဘေးကို ဖြတ်ကျော်ပြီး အင်မော်တယ်တစ်ယောက် ဖြစ်လာနိုင်မယ်လို့ ငါ ထင်တယ်"
"ဟားဟားဟား"ထန်ရှုက ရယ်လိုက်လေသည်"အင်မော်တယ်တစ်ယောက်ဖြစ်ဖို့က ဘယ်လိုလုပ် ဒီလောက် လွယ်မှာလဲ။ ကျင့်ကြံခြင်းအစောပိုင်းအဆင့်တွေမှာ ကျင့်ကြံခြင်းတိုးတက်မှု မြန်ဆန်တယ်ဆိုတာ သဘာဝပါပဲ။ ဒါပေမယ့် ကျင့်ကြံခြင်းအဆင့်က အနောက်ပိုင်းရောက်လေလေ ပိုခက်ခဲလေပဲ။ ငါ့ကံက အတော်လေးကောင်းတယ်၊ ကံကောင်းမှုအချို့ ကြုံတွေ့ခဲ့ရတယ်လေ၊ ဒါကြောင့် တစ်နှစ်နဲ့ခြောက်လအတွင်းမှာ ငါက အခြေတည်စိတ်ဝိညာဉ်အဆင့်ကျွမ်းကျင်သူတွေနဲ့ ယှဉ်နိုင်ခဲ့တဲ့အကြောင်းရင်းပဲ။ ဒါပေမယ့် အနာဂတ်ကိစ္စက ပြောဖို့ ခက်ပါတယ်"
ဤအခါတွင်မှ သူက ကျင့်ကြံခြင်းလမ်းကြောင်းနှင့် ပတ်သက်၍ အများကြီး မသိမှန်း ချန်းကျီကျုံးက ရုတ်တရက် သဘောပေါက်သွားခဲ့သည်။ သူယောင်မိစ္ဆာကလန်မှ သူ ရရှိခဲ့သည့် အမွေဆက်ခံမှုက အကန့်အသတ်ရှိပေ၏။
သို့သော် ထန်ရှုအပေါ် သူ၏ကြည်ညိုလေးစားမှုက မလျော့ကျသွားပေ။ တကယ်တော့ အင်မော်တယ်ကမ္ဘာတွင် အန္တိမအဆင့်ကျွမ်းကျင်သူများက ဘယ်လောက်အားကောင်းသလဲကို သူ သိသည်။ သူယောင်မိစ္ဆာကလန်၏အထွတ်အထိပ်နေ့ရက်များတွင်ပင် ၎င်းတို့၏အဖွဲ့ဝင်တစ်ယောက်မှ အန္တိမအဆင့်သို့ မချိုးဖြတ်နိုင်ခဲ့ပေ။
ထို့နောက် ထန်ရှုနှင့်ချန်းကျီကျုံးက ဂူထွက်ပေါက်လမ်းကြောင်း၌ ပေါ်လာခဲ့သည်။ ထန်ရှုက ချန်းကျီကျုံးအား အပြင်ဘက်၌ စောင့်နေရန် ပြောသည်၊ ထို့နောက် သူက နည်းစနစ်တစ်ခုအား ချက်ချင်းထုတ်ဖော်ကာ အစီအရင်တစ်ခုလုံးအား ချိုးဖြတ်သည်။
"ငါ့ဆီလာစမ်း၊ ကောင်းကင်ဘုံကျောက်တုံးတွေ..."
ကောင်းကင်ဘုံကျောက်တုံး၃၆တုံးက ပျံသန်းလာပြီး ထန်ရှုက သူတို့အားလုံးအား သိုလှောင်လက်စွပ်ထဲသို့ သိမ်းလိုက်သည်။ ကောင်းကင်ဘုံကျောက်တုံးများက သူ့အတွက် အသုံးဝင်မှုနည်းသော်လည်း ကူးယန်အာနှင့်ကျီးချီမိန်တို့အတွက် အကောင်းဆုံးရတနာများ ဖြစ်ကြသည်။ လက်ရှိကမ္ဘာမြေပေါ်တွင် အင်မော်တယ်စွမ်းအင်မရှ်ိသဖြင့် သူတို့၏စွမ်းအားပြန်ရနှုန်းက အလွန်နှေးကွေးပေသည်။
ကမ္ဘာတုန်ကာ တောင်များ လှုပ်ယမ်းသွားကြသည်။
ထန်ရှုက စောင့်ကြည့်နေသည်၊ ကမ္ဘာငယ်က တဖြည်းဖြည်း ပုံရိပ်ယောင်ဖြစ်သွား၏။ ထို့နောက် သူက ဆက်မနေတော့ဘဲ ဂူအပြင်ဘက်သို့ လှစ်ခနဲ ပြေးသွား၏။
ဝှစ်...
လိုဏ်ဂူအပြင်ဘက်သို့ သူ ရောက်ပြီးနောက် တစ်မိနစ်အတွင်း တောင်ထိပ်တစ်ခုလုံးက ကမ္ဘာငယ်နှင့်အတူ ပျက်ဆီးသွားလေ၏။
***