ထွက်သွားခြင်း
Vol. 71 Ch. 978
ချီချွမ်းက သူမကို အကြွင်းမဲ့ ကုထုံး ဆေးခန်းဆီ ခေါ်ဆောင်လာစဉ်က ချီပင်းက စကားမပြောနိုင်သော်လည်း တွေးတောနိုင်သေး၏။ သူမက သူမ မောင်လေးဖြစ်သူ သီးခြားနတ်ဆေးလုံး ဖော်စပ်နည်းနှင့် သူတို့၏ အဆင့် ၅ ဆေးပင်များကို ဖော်ထုတ်လိုက်သည့်အခါ သူမက စိတ်ဓာတ်ကျသွားမိသည်။ သူတို့နှစ်ယောက်တွင် အနာဂတ် မရှိနိုင်တော့ကြောင်း သိလိုက်၏။ သူတို့ဆီတွင် ရှိနေသော ကြည်လင်ကျောက်စိမ်းပန်းနှင့် ထိပ်တန်းအဆင့် ဆေးဖော်စပ်နည်းကို မြင်ပြီးသည့်နောက်တွင် မည်သူကမှ လွှတ်ပေးမည် မဟုတ်ပေ။
ထိုစဉ် သူမ ကမ္ဘာဦး စိတ်ဝိညာဉ်က ပြိုလဲပျက်စီးပြီး ဝိညာဉ်က အမှောင်ထုထဲ ကျရောက်သွားတော့မည့်ဆဲဆဲတွင် တဖြည်းဖြည်း တောက်ပလာသည့် အလင်းတန်းကို မြင်လိုက်ရသည်။ သူမ သွေး၊ ကမ္ဘာဦး စိတ်ဝိညာဉ်၊ ဝိညာဉ်လမ်းကြောင်းနှင့် ဝိညာဉ်ကြောပင် တဖြည်းဖြည်း ပြန်လည် ပုံပေါ်လာသည်။ သူမ ခန္ဓာကိုယ်၌ အင်အား ပြန်လည် ပြည့်ဝလာလေ၏။
ငါ သေသွားပြီလား … အခု သံသရာ စက်ဝန်းထဲ ရောက်နေတာလား ….
ချီပင်းက ရုတ်တရက် မျက်လုံး ဖွင့်ကြည့်လိုက်သည်။
“ အစ်မကြီး …” ချီချွမ်းက ချီပင်း၌ အသက်ဓာတ် ပြန်လည် ကောင်းမွန်လာပြီး ဆံပင်အဖြူများပင် အမည်းရောင် ပြန်ပြောင်းလာကာ မျက်နှာ၌လည်း သွေးရောင် ပြန်သမ်းလာသည်ကို မြင်လိုက်သောကြောင့် စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်မိသည်။
ချီပင်းက သူမ ကယ်တင်ခံလိုက်ရကြောင်း ချက်ချင်း နားလည်သွားတော့သည်။ သူမက မျက်လုံးကို ပြန်ပိတ်ကာ သူမကျင့်စဉ်အတိုင်း လှည့်ပတ်လိုက်ပြီး သီးခြားနတ်ဆေးလုံး၏ အကျိုးအာနိသင်ကို အမြန်အဆန် ဖြစ်ပေါ်စေလိုက်သည်။
ယခင်က ချီပင်း နတ်ဝိညာဉ်စွမ်းအား စုပ်ယူစဉ်အခါက အလိုလိုအသိစိတ်အရသာ ဖြစ်၏။ ယခုအခါ ချီပင်းက နတ်ဝိညာဉ်စွမ်းအားများ ပိုမို စုပ်ယူနိုင်သောကြောင့် သူမ ခန္ဓာကိုယ်က အမြန်အဆန် ပြန်လည် ကောင်းမွန်လာနေသည်။
မိုဝူကျိက ရယ်မောလိုက်ရင်း “ အားလုံး အပြင်ထွက်ကြစို့ …. ချီပင်းက မကြာခင် နိုးလာလိမ့်မယ် ”
အားလုံးကို အခန်းအပြင် ထုတ်ပြီးနောက် မိုဝူကျိက ချူချန်းတန်နှင့် တာ့ကျဲတို့အား ထိုင်ခိုင်းကာ ပြုံးလိုက်ရင်း “ မင်းတို့နှစ်ယောက်လည်း နှင်းစက်စိမ်းဆန် စိုက်ပျိုးတာ အောင်မြင်တဲ့အတွက် ဂုဏ်ပြုပါတယ်ကွာ။ အဆင့်မြင့်လား၊ အလယ်အလတ်အဆင့်လား ”
ချူချန်းတန်က စိတ်လှုပ်ရှားစွာဖြင့် “ ဆရာမို … ကျုပ်က အဆင့်မြင့် နှင်းစက်စိမ်းဆန် ၁၅ ကာတီ စိုက်နိုင်ခဲ့တယ် ”
တာ့ကျဲကလည်း ထပ်ပြောလိုက်သည် “ ကျွန်မလည်း အဆင့်မြင့် နှင်းစက်စိမ်းဆန် ၁၂ ကာတီ ထွက်တယ် ”
ထိုသို့ပြောပြီးနောက် နှစ်ယောက်လုံးက သူတို့ ဆန်အချို့ကို ထုတ်ပြလိုက်ကြသည်။ မိုဝူကျိက လက်ခံပြီး ကြည့်ကြည့်လိုက်သည့်အခါ ထိုဆန်များသည် သူ့ဆန်လောက် အဆင့်မြင့် မဟုတ်သော်လည်း သူတို့၌ ရွှေရောင်သင်္ကေတတချို့ ရှိနေသည့်အတွက် အဆင့်မြင့်ဟု ယူဆ၍ ရပေသည်။
“မင်းတို့နှစ်ယောက်လုံး ပထမဆုံးအကြိမ်မှာ အဆင့်မြင့် နှင်းစက်စိမ်းဆန်ကို စိုက်ပျိုးနိုင်တယ်ဆိုတော့ မဆိုးဘူး … မင်းတို့နှစ်ယောက်လုံးမှာ ပါရမီ ရှိနေတာပဲ ” မိုဝူကျိက သူတို့ကို ချီးကျူးပေးလိုက်သည်။
တာ့ကျဲက မြန်မြန် ထပ်ပြောလိုက်သည် “ ဆရာမို အဲဒီ အဆင့်မြင့် နှင်းစက်စိမ်းဆန်အပြင် ကျန်တာတွေအားလုံးက ဘာလို့ အဆင့်နိမ့် ဖြစ်နေရတာလဲ ”
“ ကျုပ်လည်း အတူတူပဲ ” ချူချန်းတန်က မြန်မြန် ဝင်ပြောလိုက်သည်။
မိုဝူကျိကို ကျေးဇူးတင်ရန်အပြင် နှစ်ယောက်လုံးက သူတို့၏ ကျန်ရှိသော ဆန်များသည် အဆင့်နိမ့် ဖြစ်နေရသည့် အကြောင်းအရင်း မေးမြန်ရန် ရောက်လာကြခြင်း ဖြစ်၏။
မိုဝူကျိက ရယ်မောကာ “ မင်းတို့ရဲ့ အဆင့်မြင့် နှင်းစက်စိမ်းဆန် ကာတီဆယ်ကျော်နဲ့ဆိုရင် မင်းတို့အနေနဲ့ နိဗ္ဗာန် အသိပညာရပ်ကျောင်းတော်ရဲ့ စစ်ဆေးမှုမှာ အောင်ဖို့ မခက်ခဲတော့ပါဘူး ”
ချူချန်းတန်နှင့် တာ့ကျဲတို့၏ အပင်ရွေ့ပြောင်း စိုက်ပျိုးနည်းမှာ ကံကောင်းမှုအပေါ် မူတည်နေလေရာ မိုဝူကျိအနေနှင့် သူတို့တွင် အလယ်အလတ်အဆင့် နှင်းစက်စိမ်းဆန် မရရှိသည့် အကြောင်းအရင်းကို ပြောပြဖို့ နည်းလမ်း မရှိပေ။
“ ဟုတ်ပါတယ်။ ဟုတ်ပါတယ် ” ချူချန်းတန်က ပြောလိုက်သည် “ ကံဆိုးတာက ဂိုဏ်းက အခုထိ ရလဒ်ကို မကြေညာသေးဘူး။ မဟုတ်ရင် ဆရာကြီး ကွမ်းကျန်းဆီက သင်ဖို့ ရွေးချယ်ထားတဲ့ သူတွေရဲ့ မျက်နှာပေါ်က တအံ့တဩ အမူအယာကို တွေ့ရတော့မှာ ”
“ဆရာမိုက ထိပ်တန်း သမားတော်လည်း ဖြစ်နေသေးတာလား။ ဒါနဲ့ ဆရာက ဆေးလုံးဆရာဆို ….” တာ့ကျဲက မိုဝူကျိ တစ်ယောက် ချီပင်းကို ကယ်တင်လိုက်နိုင်သည့် အကြောင်းကို မြင်ပြီး ပြောလိုက်ခြင်း ဖြစ်၏။
မိုဝူကျိက သူတို့ ဆရာ ဖြစ်သော်လည်း သူတို့၏ ဆရာအဖြစ် အမှန်တကယ် မဆက်ဆံနိုင်ပေ။ ထို့အပြင် ကျင့်ကြံဆင့်နှင့် အသက်အရွယ်နှင့် ပတ်သတ်လာလျှင် မိုဝူကျိက သူတို့နှစ်ယောက်ထက် နုနေသေး၏။
“ နည်းနည်းပါးပါး သိရုံလေးပါ။ နည်းနည်းလေး သိတာမလို့ ဆေးခန်း ဆက်မဖွင့်ဖို့တောင် လုပ်နေတာ ” မိုဝူကျိက ပြောလိုက်သည်။
သူက တာ့ကျဲစကား၏ အဓိပ္ပါယ်ကို နားလည်ပေသည်။ သူမက သူ့ဆီမှ ဆေးလုံးတာအို သင်ယူလိုနေခြင်း ဖြစ်၏။ သို့သော် သူ့အနေနှင့် သူတို့နှစ်ယောက်အား သင်ကြားပေးရန် စိတ်ကူး မရှိချေ။ သူ့ဗဟုသုတ အသိပညာများက အလွယ်တကူ ရရှိလာခြင်း မဟုတ်ပေ။
ယခင် သူက နှစ်ယောက်လုံးကို သင်ကြားပေးခဲ့သည်မှာ ချီခွန်း၏ ဖိတ်ကြားမှုကြောင့်သာ ဖြစ်၏။ ထို့အပြင် ချီခွန်းက သူ့အား ကူညီပေးထားခဲ့သည့်အတွက် ပြန်လည် ပေးဆပ်ခြင်းသာ ဖြစ်ပေသည်။
တခြားနည်းဖြင့်ဆိုရလျှင် သူတို့နှစ်ယောက်နေရာတွင် အခြားသူနှစ်ယောက် ဖြစ်နေပါကလည်း သူ့အနေနှင့် နှင်းစက်စိမ်းဆန် စိုက်ပျိုးနည်းကို သင်ကြားပေးဦးမည် ဖြစ်၏။
ယခု သူက သူ့တာဝန် ပြီးဆုံးသွားပြီ ဖြစ်ရာ မိုးကောင်းကင်မြို့၌ ဆက်နေဖို့ မလိုတော့ပေ။
ထို့အပြင် တာ့ကျဲနှင့် ချူချန်းတန်တို့က သူ့တပည့် ဖြစ်ဖို့ရာ လိုအပ်ချက် မပြည့်မှီပေ။ သူတို့တွင် ကျေးဇူးသိတတ်သည့် နှလုံးသား မပိုင်ဆိုင်ထားချေ။
တာ့ကျဲနှင့် ချူချန်းတန်တို့က သူ့နှင်းစက်စိမ်းဆန် စိုက်ပျိုးနိုင်သည့် အရည်အချင်းကို ချီခွန်းဆီမှ ကြားသိထားခြင်း ဖြစ်ပေလိမ့်မည်။ ဤသို့ဆိုလျှင် သူက အဆင့် ၅ ဆေးပင်များ လိုအပ်နေကြောင်း သေချာပေါက် သိလိမ့်မည်။ သူတို့နှစ်ယောက်နှင့် စကားပြောသည့်အခါ သူတို့နှစ်ယောက်၏ နောက်ခံမှာ မရိုးရှင်းကြောင်း ပြောနိုင်ပေ၏။
သူတို့တွင် နောက်ခံကောင်းကောင်း ရှိနေပြီး သူ့ဆီမှ သင်ယူထားသောကြောင့် သူတို့အနေနှင့် အမှန်တကယ် ကျေးဇူးတင်သည်ဆိုလျှင် အဆင့် ၅ ဆေးပင်တချို့ သေချာပေါက် လက်ဆောင်ပေးလိမ့်မည်။ သို့သော်လည်း နှစ်ယောက်လုံးက စကားထဲပင် ထည့်မပြောပေ။ သူတို့က ကျေးဇူးတင်ရန်ထက် သူတို့၏ နှင်းစက်စိမ်းဆန် အရည်အသွေးကြောင်း ပြန်ပြောပြဖို့ ရောက်လာခြင်းနှင့် တူနေသည်။
“ဆရာမိုက မိုးကောင်းကင်မြို့က ထွက်သွားတော့မှာလား ” ချူချန်းတန်က မြန်မြန် မေးလိုက်သည် “ဆရာမိုက ဘယ်ကို သွားမှာလဲဆိုတာ မေးလို့ ရမလား ”
မိုဝူကျိက လမ်းကြောင်း ချန်ခဲ့ရန် ရည်ရွယ်ချက် မရှိပေ “ကျုပ်က နိဗ္ဗာန်တာအိုမြို့မှာ ကံသွားစမ်းကြည့်မလို့ပါ။ ကျုပ် နိဗ္ဗာန် အသိပညာရပ်ကျောင်းတော်ထဲ ဝင်ခွင့် ရနိုင်မလားလို့လေ … နိဗ္ဗာန် အသိပညာရပ်ကျောင်းတော်ရဲ့ စစ်ဆေးမှုက နှစ်ဝက်လောက်ပဲ လိုတော့တာဆိုတော့ နောက်ကျမှ သွားရင် နေစရာ ရှာလို့ မရမှာ စိုးရိမ်လို့ ”
ချူချန်းတန်က ပါးစပ်ဟောင်းလောင်း ဖြစ်သွားမိသည်။ သူက တစ်ခုခု ပြောချင်သော်လည်း မျိုသိပ်ထားလိုက်၏။
တာ့ကျဲက ရယ်မောနေသော်လည်း ဘာမှတော့ ဝင်မပြောချေ။ ထိုအရာက မိုဝူကျိအား နည်းနည်း စိတ်ပျက်သွားစေသည်။ ယခု နိဗ္ဗာန် တာအိုမြို့ထဲ နေရာရှာဖို့ရာ အင်မတန် ခက်ခဲမည် ဖြစ်ကြောင်း ပြောနေဖို့ပင် မလိုပေ။ ချူချန်းတန်နှင့် တာ့ကျဲတို့က နောက်ခံတောင့်တောင့် မိသားစုများမှ ဖြစ်သည့်အတွက် သူ့အား နေရာတစ်နေရာစာ ကူညီလိုလျှင် သေချာပေါက် ပေးနိုင်လေ၏။
အမြင်နှင့်တင် ထိုနှစ်ယောက်က သူတို့ဆရာမိုအား လယ်သမား တစ်ယောက်အဖြစ်သာ မြင်ကြောင်း သိသာလှသည်။
“သမားတော်မို …. ကျွန်မတို့ မောင်နှမက နိဗ္ဗာန်တာအိုမြို့ကို သမားတော်မိုနဲ့အတူတူ လိုက်ခဲ့ပါ့မယ် ” ကြည်ကြည်လင်လင် အသံတစ်သံ ထွက်ပေါ်လာသောကြောင့် မိုဝူကျိ မျက်ဝန်းများ လင်းလက်သွားလေ၏။
ခရမ်းဖျော့ရောင် ဝတ်စုံနှင့် ချီပင်းက အထိမခံလွယ် ပေါ်နေသော်လည်း အသက်ကြီးဟန် မပေါ်တော့ပေ။ ထို့အပြင် သူမ၏ အရှိန်အဝါများက လောကနတ်ဘုရားအဆင့်သို့ ပြန်လည် ရောက်ရှိသွားလေပြီ။ ချီပင်းက မိန်းမလှလေးဟု ယူဆ၍ မရသော်လည်း လူများစွာကို သက်တောင့်သက်သာ ဖြစ်သွားစေသည့် ခံစားချက်မျိုး ပေးစွမ်းနိုင်၏။
“အစ်မကြီး အဆင်ပြေသွားပြီပဲ ” ချီချွမ်းက ဝမ်းသာစွာ ရေရွတ်လိုက်သည်။
မိုဝူကျိကလည်း ပြောလိုက်၏ “ တာအိုရောင်းရင်း ချီ ပြန်လည် ကောင်းလာတာကို ဂုဏ်ပြုပါတယ်ဗျာ ”
ချီပင်းက မိုဝူကျိအား ဦးညွှတ်ကာ “ တကယ်လို့ သမားတော်မိုရဲ့ အကူအညီကြောင့်သာ မဟုတ်ရင် ကျွန်မ ချီပင်း ဒီနေ့ ဒီနေရာမှာ မရှိနေနိုင်လောက်တော့ပါဘူး။ ပြန်လည် ဝင်စားဖို့ အခွင့်အရေးတောင် မရနိုင်လောက်တော့ဘူး။ သမားတော်မိုက ကျွန်မမောင်လေးရဲ့ အစ်ကိုကြီးဆိုတော့ ကျွန်မကို ချီပင်းလို့ပဲ ခေါ်ပါ ”
မိုဝူကျိက လက်ဝှေ့ပြကာ “ တကယ်တော့ ကျုပ်က ခင်ဗျားတို့ နှစ်ယောက်ကို ကျေးဇူးတင်ရမှာပါ။ ခင်ဗျားတို့ နှစ်ယောက်ကြောင့် ကျုပ်ရဲ့ တာအို အဆင့်တက်သွားတာပါဗျာ။ ပြီးတော့ ခင်ဗျားရဲ့ ဆေးလုံး ပါဝင်ပစ္စည်းတွေကိုလည်း ချီချွန်းကပဲ ထုတ်ပေးခဲ့တာလေ ”
မိုဝူကျိက သူတို့ကို အမှန်တကယ် ကျေးဇူးတင်မိ၏။ အကယ်၍ သူသာ ချီချွမ်းနှင့် ကတိစကား မဆိုထားခဲ့လျှင် သူ့အနေနှင့် အဆင့် ၅ ဆေးပင်များစွာ ရလာမည် မဟုတ်ချေ။ အမြစ်မဲ့ သံမဏိနှင့် အလဲအလှယ် လုပ်သည့်အခါပင် သူ့အနေနှင့် အဆင့် ၅ ဆေးပင် သတ်မှတ်ချက်အား ထည့်သွင်းမိမည် မဟုတ်ချေ။
သူ လေ့ကျင့်ဖို့ရာ အဆင့် ၅ ဆေးပင်များစွာ ရရှိလိုက်သောကြောင့် လူသားတာအိုအပေါ် ဉာဏ်အလင်းပွင့်ကာ ထာဝရကမ္ဘာ၏ လိုအပ်ချက်များကို မြင်လာခြင်း ဖြစ်၏။
“ ချွမ်းလေး .. မမ မှားသွားတယ်နော် ” ချီပင်းက မိုဝူကျိအား ကျေးဇူးတင်ပြီးနောက် ချီချွမ်း လက်လေးကို တင်းတင်း ဆုပ်ထားရင်း ပြောလိုက်သည်။
သူမ အမှားကို ထုတ်မပြောသော်လည်း ချီချွမ်းက ဆိုလိုသည့် အဓိပ္ပါယ်ကို နားလည်ပေသည်။ ယခင် သူမက သူ့အား သူမ သေဆုံးသွားလျှင်ပင် သူတို့တွင် ရှိသော ကြည်လင် ကျောက်စိမ်းပန်းနှင့် ခရမ်း နိဗာနတာအိုသဲအကြောင်းကို ထုတ်မပြောရန် အတန်တန် မှာကြားခဲ့သည်။ သီးခြားနတ်ဆေးလုံး ဖော်စပ်နည်းကို ပြောနေဖို့ပင် မလိုတော့ပေ။ အကယ်၍ ထိုအကြောင်းများသာ ပေါ်ပေါက်သွားပါက သူတို့အနေနှင့် အသေစောသွားနိုင်သည်။
ချီချွမ်းက တခြားရွေးချယ်စရာ မကျန်တော့သည့်အခါ ထိုအရာများကို မိုဝူကျိထံ ထုတ်ပြောရန် ဆုံးဖြတ်ခဲ့သည်။ မိုဝူကျိတွင် မလိုတမာစိတ် မရှိရုံသာမက သူမအား အကောင်းဆုံး ကြိုးစားပြီး ကယ်တင်ပေးခဲ့သည်။
ချူချန်းတန်က မတ်တတ်ရပ်လိုက်ပြီးနောက် လက်နှစ်ဖက် ယှက်ကာ “ ဆရာမို … ကျုပ်တို့ ချူမျိုးနွယ်က ဆရာမိုရဲ့ စွမ်းဆောင်ရည်ကို လေးစားနေတာပါ။ ဆရာမိုကို မျိုးနွယ်ရဲ့ ဂုဏ်ထူးဆောင် အကြီးအကဲအဖြစ် ဖိတ်ခေါ်ချင်ပါတယ်။ ဆရာမိုသာ ချူမျိုးနွယ်ကို လာမယ်ဆိုရင် ချူမျိုးနွယ်ရဲ့ နေရာမှာ စိတ်ကြိုက် နေလို့ ရပါတယ်။ ကျုပ်က အဆင့် ၅ ဆေးပင်တွေအကြောင်း မပြောရဲပေမဲ့ ဆရာမိုအတွက် အဆင့် ၄ ဆေးပင်တွေတော့ သေချာပေါက် ရှိမှာပါ ”
မိုဝူကျိ တည်တည်ငြိမ်ငြိမ် ပြောလိုက်သည် “ ကျေးဇူးပါ … ဒါပေမဲ့ ကျုပ်က လွတ်လပ်ပြီး အချုပ်အနှောင်မရှိတာကို အသားကျနေပါပြီ။ ကျုပ် မိုးကောင်းကင်မြို့ကို လာတာက ချီခွန်းရဲ့ ဖိတ်ကြားချက်ကြောင့်ပါ။ ချီခွန်းကို ပြန်ကျေးဇူးဆပ်ဖို့လေ ”
ချူချန်းတန်နှင့် တာ့ကျဲတို့သာ တုံးအမနေလျှင် သူတို့က မိုဝူကျိ၏ အဓိပ္ပါယ်ကို နားလည်ကြပေလိမ့်မည်။ မိုဝူကျိက သူတို့ကို သင်ကြားပေးသည်မှာ သူတို့ ပါရမီကြောင့် မဟုတ်ဘဲ ချီခွန်းကြောင့်သာ ဖြစ်၏။
မိုဝူကျိက ချီမောင်နှမနှင့် စကားပြောစရာ ရှိနေသေးသည်ကို မြင်ပြီး နှစ်ယောက်လုံးက နှုတ်ဆက်စကား ဆိုလိုက်ကြသည်။
ချူချန်းတန်နှင့် တာ့ကျဲတို့ ထွက်သွားသည်နှင့် ရွိုက်ကောက စိတ်အားတက်ကြွစွာဖြင့် “ သခင်ကြီး … ကျွန်တော်တို့ မိုးကောင်းကင်မြို့ကနေ ထွက်သွားတော့မှာလား။ ဘယ်တော့လဲ ”
ဤအချိန်လေးအတွင်း ရွိုက်ကောက လွတ်လွတ်လပ်လပ် နေနေသည်။ ချီချွမ်းက ရိုးရိုးသားသား လူတစ်ယောက် ဖြစ်သောကြောင့် မိုဝူကျိ တံခါးပိတ် လေ့ကျင့်နေစဉ်အတွင်း ရွိုက်ကောက ဆိုင်ကို ချီချွမ်းဆီ အပ်ကာ သူက မိုးကောင်းကင်မြို့အနှံ့ လျှောက်သွားလာနေသည်။ ထို့ကြောင့် မိုဝူကျိက ထွက်သွားတော့မည် ဖြစ်ကြောင်း ကြားလိုက်သောအခါ သူက အင်တင်တင် ဖြစ်နေမိသည်။
“ အခုပဲ ” မိုဝူကျိက ပြောဖို့ရာ တုံ့ဆိုင်းမနေတော့ပေ။
…………..…
ထိုစဉ် မိုးကောင်းကင်ဂိုဏ်း၏ ဂိုဏ်းချုပ်ခန်းမဆောင်အတွင်း လူများနှင့် ပြည့်နှက်နေသည်။
ဂိုဏ်းချုပ်ရှင်းဝမ် မျက်နှာအထက်တွင် လေးလေးနက်နက် အမူအယာ ရှိနေပြီး လေသံမှာလည်း အုံ့မှိုင်းနေလေ၏ “ အားလုံးလည်း သိပ်မကြာခင်က ဖြစ်သွားတဲ့ ကိစ္စကို သိကြမှာပါ။ အဲဒါကြောင့်မလို့ ကျုပ်တို့ မိုးကောင်းကင်ဂိုဏ်းက ရွှေရောင် နိဗာနတာအိုသဲကို ရဖို့ရော၊ ရောင်းလိုက်တဲ့သူအကြောင်းကို စုံစမ်းဖို့ရော ရပ်တန့်လိုက်ကြမယ်။ ငါတို့လူအားလုံးကို ပြန်ခေါ်ပြီးတော့ နိဗ္ဗာန် အသိပညာရပ်ကျောင်းတော်ရဲ့ စစ်ဆေးမှုအတွက်ပဲ အာရုံစိုက်ထားကြမယ် ”
ဂိုဏ်းချုပ်ခန်းမဆောင်ကား တိတ်ဆိတ်သွားလေ၏။ အားလုံးက ဂိုဏ်းချုပ် စကားကို နားလည်ကြသည်။ လွန်ခဲ့သည့်နှစ်ဝက်ခန့်က ရွှေရောင် နိဗာနတာအိုသဲသည် နှင်းစက်ကျမြို့အတွင်း ပေါ်လာခဲ့သည်။ လေလံပွဲတစ်ခုလုံး အဆင့်က နောက်တဆင့် တက်သွားလေသည်။
သို့သော်လည်း ဤသည်မှာ ကိစ္စအဆုံးသတ် မဟုတ်သေးပေ။ ရွှေရောင် နိဗာနတာအိုသဲကို လဲလှယ်ပြီးနောက် နတ်ဘုရားဘုရင်များစွာ၏ အာရုံကို ဖမ်းစားသွားခဲ့သည်။ အမျိုးမျိုးသော နေရာများမှ နတ်ဘုရားဘုရင်များကလည်း ရွှေရောင် နိဗာနတာအိုသဲကို ဝယ်ယူရန် နှင်းစက်ကျမြို့ဆီ ရောက်လာကြပသည်။ တစ်ချိန်တည်းဆိုသလို မည်သူက ရောင်းချလိုက်ကြောင်း စုံစမ်းနေကြ၏။
မိုးကောင်းကင်ဂိုဏ်းလည်း တစ်ခုအပါအဝင် ဖြစ်ပြီး မိုးကောင်းကင်ဂိုဏ်းမှ အနည်းဆုံး နတ်ဘုရားသုံးယောက်လည်း နှင်းစက်ကျမြို့ဆီ သွားကြသည်။
သို့သော်လည်း ဂိုဏ်းချုပ် ရှင်းဝမ်က ထိုကြိုးစားမှုအားလုံးကို ယနေ့ ရပ်တန့်ပစ်လိုက်သည်။ အကြောင်းမှာ ယခင်နေ့က နှင်းစက်ကျ ကုန်သည်အိမ်တော်ကား သွေးသံရဲရဲ ကြုံတွေ့ခဲ့ရသည်။ နှင်းစက်ကျ ကုန်သည်အိမ်တော်အတွင်းရှိ ပစ္စည်းများအားလုံး အခိုးခံလိုက်ရသည်။ ယနေ့အချိန်အထိ မည်သူကမှ မည်သူလက်ချက်မှန်း မသိကြပေ။ မိုးကောင်းကင်ဂိုဏ်းက ကြောက်ရွံ့သောကြောင့် ဤအစည်းအဝေး ကျင်းပရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။
***