: ကမ်းခြေရှိရေလှိုင်းအားဓားဖြင့်ခုတ်ပိုင်းခြင်း
Vol. 70 Ch. 971
နေသာသော ကမ်းခြေတစ်ခု၌.....
လူများသည် နေရောင်ခံကာ သာသာယာယာ အချိန်ကုန်နေကြသည်။
သဘာဝကပ်ဘေးများအား ဖြတ်ကျော်ပြီးနောက် ကမ္ဘာမြေမှာ ငြိမ်းချမ်းနေလေပြီ။
ပညာရှင်များမှာ သဘာဝကပ်ဘေးများသည် ကမ္ဘာ့အပေါ်ယံမြေလွှာ လှုပ်ရှားမှုများကြောင့် ဖြစ်ပေါ်လာကြောင်းနှင့် ကမ္ဘာပျက်ကပ်ကဲ့သို့သော အခြေအမြစ် မရှိသည့် ကောလဟလများအား မယုံကြည်ကြရန် ဖြေရှင်းပေးထားပြီး ဖြစ်သည်။
လူများမှာ ပညာရှင်များ၏ ဖြေရှင်းချက်အား လက်ခံကာ ကမ်းခြေတွင်ပင် လူပြည့်လူလျှံ ဖြစ်နေပြီ ဖြစ်သည်။
ကောင်ကလေးတစ်ဦးသည် လေးနက်သော အမူအရာဖြင့် သဲအိမ်တစ်ခု ဆောက်နေသည်။
ရုတ်ချည်းဆိုသလို သဲအိမ်မှာ တုန်ခါလာကာ အနည်းငယ် ပွင့်ဟသွားလေသည်။
"အမ်..... ဘာဖြစ်တာလဲ။"
ကောင်ကလေး ကြောင်အမ်းအမ်း ဖြစ်သွားရသည်။
"မေမေ.... မေမေ သားရဲ့သဲအိမ် ပွင့်သွားပြီ။"
ကောင်ကလေးမှာ နေရောင်ခံနေသော အမျိုးသမီး တစ်ဦးထံ အပြေးသွားလိုက်သည်။
"ငါ့ကို လာမနှောင့်ယှက်နဲ့လေ။ နင့်ရဲ့သဲအိမ် ပွင့်သွားရင် သဲထပ်ထည့်ပြီး ပိတ်လိုက်ပေါ့။"
အမျိုးသမီး ပျင်းရိစွာ ပြောလာသည်။
မြေပြင်မှာလည်း ဖြည်းညင်းစွာ တုန်ခါလာသည်။
"မေမေ.... သဲအိမ်ပြိုသွားပြီ။"
ကောင်ကလေးမှာ ငိုတော့မလို ဖြစ်နေသည်။
အမျိုးသမီးမှာ မည်သည့်စကားမှပင် ပြန်မပြောတော့ပေ။
ကလေးငယ်တစ်ဦးသည် စိတ်အလိုမကျပါက နှစ်မိနစ်ခန့်ငိုကာ အခြားအရာတစ်ခုအား စိတ်ဝင်စားသွားပေလိမ့်မည်။
"မေမေ..... မေမေ လှိုင်းလုံးအကြီးကြီးပဲ။"
ထင်မှတ်ထားသည့်အတိုင်း ကောင်ကလေးမှာ စိတ်ဝင်စားစရာ ရှာတွေ့သွားပြန်သည်။
အမျိုးသမီးမှာ အနည်းငယ် စိတ်အလိုမကျ ဖြစ်လာသည်။
"ဂါရမ်..... ငါ့နားချည်းပဲ ကပ်မနေနဲ့တော့။"
"ဒါ... ဒါပေမယ့် လှိုင်းကြီးက အရမ်းကြီးတာ။ အိမ်တစ်လုံးစာလောက် ရှိတယ်။"
ဂါရမ်မှာ နှုတ်ခမ်းစူသွားလေသည်။
အမျိုးသမီးမှာ ထိုစကားကြောင့် တွေဝေသွားသည်။
ထို့နောက် အော်ဟစ်သံများ ကြားလာရသည်။
သူမ မတ်တပ်ထရပ်လိုက်သောအခါ အပေါ်ပိုင်း ဗလာနှင့် အမျိုးသမီးများမှာ ဖြူဖြူအလုံး နှစ်ခုနှင့် ဟိုဟိုသည်သည် ပြေးလွှားနေသည်ကို တွေ့လိုက်ရသည်။
သူမလည်း ပင်လယ်အား ကြည့်လိုက်ပြီးနောက် ဒူးခွေကျချင်သလိုပင် ဖြစ်သွားရသည်။
ကြီးမားလှသော လှိုင်းလုံးကြီးများကြောင့် နေရောင်ပင် မှေးမှိန်နေလေပြီ။
လှိုင်းလုံးကြီးသည် မီတာတစ်ရာကျော်ရှိကာ ဒေါသထွက်နေသော သားရဲကြီးတစ်ကောင်ဟုပင် ထင်မှတ်ရသည်။
"မေမေ.... ဒီလှိုင်းက နည်းနည်းကြီးတယ်နော်။ သားတို့ ပြေးကြမလား။"
ဂါရမ် အနည်းငယ် ကြောက်ရွံ့နေသည်။
အမျိုးသမီးမှာ စကားတစ်လုံးမှ မပြောနိုင်ပေ။
ပြေးရမှာလား......
ထိုလှိုင်းများသည် ကမ်းခြေအပြင် မြို့တစ်မြို့လုံးကိုပါ ဖုံးလွှမ်းသွားနိုင်ခြေ ရှိသောကြောင့် မည်သည့်နေရာသို့ ပြေးရမည်နည်း။
အများစုသည် အလိုအလျောက် တုံ့ပြန်မှုကြောင့်သာ ဆောက်တည်ရာမရ ပြေးနေကြခြင်း ဖြစ်သည်။ အချို့သည် လှုပ်ရှားရန်ပင် ထိတ်လန့်နေကာ အချို့မှာမူ ထိုမြင်ကွင်းအား မသေခင် မှတ်မိသွားနိုင်ရန် ကြိုးစားနေကြသည်။
အမျိုးသမီးမှာ သားဖြစ်သူအား တင်းကြပ်စွာ ပွေ့ဖက်ထားလိုက်သည်။
"ဂါရမ်..... မေမေ မင်းကိုချစ်တယ်နော်။"
သူမ၏ နောက်ဆုံးထွက်သက်တွင် သားဖြစ်သူအား ဖက်ထားချင်မိသည်။
"မေမေ...."
ဂါရမ်မှာ အမေ၏ကျောအား ပုတ်ပေးလိုက်သည်။
သူသည် သေရတော့မည်ကို နားမလည်သေးပဲ အခြားသူများကဲ့သို့ ထွက်မပြေးသော အမေကိုသာ အံ့သြနေမိသည်။
"ဟင်..... မေမေ ဟိုမှာကြည့်.... အဲ့လူက လှိုင်းတွေဆီကို သွားနေတယ်။"
ဂါရမ် လက်ညှိုးထိုးပြလိုက်သည်။
အမျိုးသမီးမှာ ကြောင်တောင်တောင် ဖြစ်သွားကာ လှမ်းကြည့်လိုက်သည်။
"အဲ့ဒါ.... ဟွားနိုင်ငံက လူလား။"
အပြာရောင် ဘောင်းဘီတိုနှင့် အမျိုးသားမှာ လှိုင်းများထံ ဦးတည်သွားနေသည်။
၎င်း၏မျက်နှာသည် ဟွားနိုင်ငံသားဖြစ်ကြောင်း သိသာလွန်းလှသည်။
ထိုအမျိုးသား၏ဘေးတွင် ရွှေရောင်ဆံနွယ်များနှင့် အလွန်ချောမောလှပသော မိန်းမငယ်တစ်ဦးလည်း ရှိနေလေသည်။
၎င်းတို့သည် အခြားသူများနှင့် မတူပဲ လှိုင်းများထဲသို့သာ သွားနေကြသည်။
ဂါရမ်တို့ သားအမိမှာ ၎င်းတို့အား ငေးကြောင်ကြည့်နေမိကြသည်။
ဖျတ်ခနဲ အလင်းတစ်ခုနှင့်အတူ အမျိုးသား၏ လက်ထဲတွင် ဓားတစ်လက် ထွက်ပေါ်လာသည်။
"သူက ဘာလုပ်မလို့လဲ။"
အမျိုးသမီးမှာ မျက်လုံးပြူးသွားရသည်။
လှိုင်းလုံးများမှာ ကောင်းကင်ကိုပင် ကွယ်နေလေပြီ။
အားလုံးမှာ မရဏ အငွေ့အသက်အား ခံစားမိနေကြသည်။
တဝုန်းဝုန်း တုန်ခါမှုများနှင့်အတူ ထိုဆူနာမီ လှိုင်းလုံးများသည် မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း သိရှိနေရသည်။
ထိုအချိန်တွင် ဘောင်းဘီတိုနှင့် အမျိုးသားမှာ ဓားအားကိုင်ကာ ပင်လယ်အား ခုတ်လိုက်လေသည်။
ကောင်းကင်နှင့်မြေပြင်မှာ ငြိမ်သက်သွားပြီးနောက် အဖြူရောင် အလင်းတန်းတစ်ခုမှာ လှိုင်းလုံးများထံ ပျံဝဲသွားသည်။
တောက်ပလွန်းသော အလင်းရောင်ကြောင့် အားလုံးအကြည့်လွှဲလိုက်ရသည်။
ထို့နောက် လှိုင်းလုံးကြီးများမှာ အနောက်သို့ ဆုတ်ခွာသွားလေသည်။
အဖြူရောင် အလင်းတန်းသည် ပြင်းပြင်းထန်ထန်နှင့်ပင် လှိုင်းလုံးများအား အနောက်သို့ ပို့နေသည်။
ကမ္ဘာမြေ တုန်ခါမှုများပါ ရပ်တန့်သွားသောကြောင့် ပြေးလွှားနေသူများပါ ပါးစပ်အဟောင်းသားဖြစ်ကာ ရပ်လိုက်မိကြသည်။
လှိုင်းလုံးများမှ ကျန်ရှိနေသော ရေများမှာ ကောင်းကင်ထက်မှ မိုးစက်မိုးပေါက်များအလား ကျဆင်းလာသည်။
ထို့နောက် အရာအားလုံး ငြိမ်သက်သွားတော့သည်။
"ဘုရားရေ.... ငါအိပ်မက် မက်နေတာလား။"
"ဘာဖြစ်သွားတာလဲ။"
"ဆူနာမီက ရုတ်တရက် ပြန်ပျောက်သွားတာလား။"
"နတ်ဘုရားတွေက ငါတို့ကို ကယ်တင်လိုက်တာပဲ။"
လူများမှာ ပျော်ရွှင်စွာဖြင့် ဒူးထောက်ကာ ကျေးဇူးတင်ကုန်သည်။
ဓားနှင့်အမျိုးသားအား သတိထားမိသော လူအနည်းစုမှာ စတင်အော်ဟစ်လာသည်။
"အဲ့ဒါသူပဲ။ သူ့ရဲ့ဓားနဲ့ လှိုင်းကိုခုတ်လိုက်တာ။"
"သူက နတ်ဘုရားပဲ။ သူ့ကို ကျေးဇူးတင်သင့်တယ်။"
သို့သော် အားလုံး လှည့်ကြည့်လာချိန်တွင် ထိုအမျိုးသားမှာ မရှိတော့ပေ။
ဆူနာမီကို ဓားနဲ့ခုတ်လိုက်တာ.....
ထိုသည်မှာ စိတ်ကူးယဥ် ဆန်လွန်းလှသည်။
မမြင်လိုက်ရသော သူများသည် ထိုအဖြစ်အပျက်အား ထင်ယောင်ထင်မှားဖြစ်ခြင်းဟုသာ ယူဆလိုက်ကြသည်။
ထိုသို့မဟုတ်ပါက ဆူနာမီ ပျောက်ကွယ်သွားခြင်းကို အကြောင်းပြချက် ပေးခြင်းသာ ဖြစ်ပေလိမ့်မည်။
သားအမိ နှစ်ဦးမှာ ကမ်းခြေတစ်နေရာတွင် ရှိနေလေသည်။
၎င်းတို့သည် အဖြစ်အပျက် တစ်ခုလုံးအား ရှင်းရှင်းလင်းလင်း တွေ့မြင်ခဲ့ရသည်။
"ဒီကမ္ဘာမှာ နတ်ဘုရား တကယ်ရှိတာပဲ။"
"ဟွားနိုင်ငံ စကားနဲ့ဆို အင်မော်တယ်တွေပေါ့။"
အမျိုးသမီး တိုးညင်းစွာ ရေရွတ်လိုက်သည်။
"မေမေ.... ကြည့်ပါဦး။ ကောင်းကင်ပေါ်မှာ သက်တံ့လေး...."
ဂါရမ် လက်ညှိုးထိုးပြလိုက်သည်။
နေရောင်အောက်မှ ရေမှုန်များကြောင့် ကောင်းကင်ထက်တွင် ဝိုးတဝါး သက်တံ့တစ်ခု ဖြစ်ပေါ်နေတော့သည်။