: သမုဒ္ဒရာ၏အရှင်သခင်
Vol. 70 Ch. 972
အကန့်အသတ်မဲ့သော ပင်လယ်ပြင်အတွင်း အမျိုးသားတစ်ဦး သွားလာနေသည်။
"ဟူး..... ငါတို့က အေးအေးချမ်းချမ်း အားလပ်ရက်လေးပဲ လိုချင်ခဲ့တာလေ။"
"အစ်ကိုကြီးအန်..... ဒါက ပြီးပြည့်စုံတဲ့ နားရက်ပဲဗျ။ ကြွားလုံးထုတ်ဖို့ အခွင့်အရေးတောင် ရလာသေးတယ်။ တကယ့် အားလပ်ရက် အစစ်ပဲ....ဝုတ်။"
တပိုင် စကားဆိုလာသည်။
"ငါတို့အားလပ်ရက်မှာ လူတွေအများကြီးကို ကယ်လိုက်နိုင်တယ်လေ။"
တီနာ ရေရွတ်လိုက်သည်။
အမျိုးသားမှာ ဘာမှမပြောတော့ပေ။
ဆူနာမီလှိုင်းများအား ဓားဖြင့်ခုတ်ခဲ့သူမှာ အန်လင်းပင် ဖြစ်သည်။
၎င်းတို့သည် ကမ်းခြေတွင် အနားယူနေပါသော်လည်း ဆူနာမီ လှိုင်းများထလာသောကြောင့် မဖြစ်မနေ လှုပ်ရှားလိုက်ကြရသည်။
"ဒီဆူနာမီက သာမန်မဟုတ်ဘူး။ ကမ္ဘာမြေက အဆင့်တက်ပြီးနောက်ပိုင်း အခြေအနေ တည်ငြိမ်နေပြီ။ ကပ်ဘေးဖြစ်လာစရာ မရှိဘူး။"
အန်လင်း သုံးသပ်လိုက်သည်။
"ဒါဆို တစ်ယောက်ယောက်ရဲ့ လက်ချက်လို့ ပြောချင်တာလား။"
တီနာ မေးမြန်းလာသည်။
အန်လင်း ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ်။ အခု အံ့ဖွယ်အာရုံနဲ့ မူမမှန်တာတွေ ရှာနေတာ။"
မကြာမီပင် အန်လင်း အမူအရာ ပြောင်းလဲသွားရသည်။
"အဲ့မှာပဲ။"
သူအနောက်ဘက်သို့ လှည့်ကြည့်လိုက်သည်။
တီနာမှာ ချက်ချင်းဆိုသလို လေဟာနယ် ဝဲဂယက် ပြုလုပ်ကာ အန်လင်းတို့အား ခေါ်ဆောင်သွားသည်။
ထို့နောက် ၎င်းတို့မှာ ပင်လယ်ကြမ်းပြင်သို့ ရောက်ရှိလာလေသည်။
ရေဖိအားမှာ ကြောက်မက်ဖွယ် ကောင်းလောက်အောင် ပြင်းထန်လွန်းလှသည်။
မည်သို့ပင်ဆိုစေကာမူ အန်လင်းတို့အတွက် အခက်အခဲ မရှိသောကြောင့် အေးအေးဆေးဆေး လမ်းလျှောက်နေနိုင်သည်။
ပင်လယ်ကြမ်းပြင်သည် အလင်းရောင် မရှိပဲ မည်းမှောင်နေ၏။
သို့သော် အဝေးတစ်နေရာတွင် ခပ်နီနီ အလင်းများ ဖြာထွက်နေသော နေရာတစ်ခု ရှိနေသည်။
"ဘီလူးအန်လင်း..... ဒီကသက်ရှိတွေက ဘာလို့ရုပ်ဆိုးကြတာလဲ။"
တီနာမှာ အနီးနားမှ သက်ရှိများအားကြည့်ကာ ထိတ်လန့်လာသည်။
ထိုငါးများအားလုံးသည် အိပ်မက်ဆိုး မက်ရလောက်အောင် ရုပ်ဆိုးကြသည်။
တီနာမှာ ကြည့်ရုံနှင့်ပင် ကြောက်ရွံ့နေလေပြီ။
"ဘာလို့ ရုပ်ဆိုးတာလဲဆိုတော့......"
အန်လင်း အနည်းငယ်တွေးကာ ပြောလိုက်သည်။
"ဒီမှာက အရမ်းမှောင်တယ်လေ။ တစ်ယောက်နဲ့တစ်ယောက် မမြင်ရမှတော့ ရုပ်ရည်သွင်ပြင်လည်း အရေးမပါဘူးပေါ့။"
တီနာ : "......"
တပိုင်မှာ ဉာဏ်အလင်းပွင့်သွားဟန်ဖြင့် လက်ခုပ်တီးလိုက်သည်။
"ရုပ်ရည်ကိုပဲ အရေးထားတဲ့ ကျွန်တော်တို့ ကမ္ဘာနဲ့ယှဥ်ရင် ရေအောက်ကမ္ဘာက လန်းဆန်းတဲ့ လေပြေတစ်ခုပဲပေါ့။"
"အဲ့လိုတော့ ငါမပြောပါဘူး။"
အန်လင်းမှာ ၎င်းတို့ထံ လာနေသော ငါးတစ်ကောင်အား ရိုက်ချလိုက်သည်။
တဖြည်းဖြည်းနှင့် အနီရောင် အလင်းနားသို့လည်း ရောက်ရှိလာကြပြီ ဖြစ်သည်။
ထိုသည်မှာ သွေးနီရောင် မျက်ဝန်းတစ်စုံပင်။
၎င်း၏ခန္ဓာကိုယ်သည် တောင်တန်းကြီးများသဖွယ် ရှိနေပြီး အမြှီးလှုပ်လိုက်ရုံဖြင့် ပင်လယ်ပြင်၏ အခြေအနေများအား ပြောင်းလဲပစ်နိုင်လောက်သည်။
ထိုနဂါးကြီးသည် အန်လင်းတို့အား အမူအရာ ကင်းမဲ့စွာ ကြည့်ရှုနေသည်။
"အရှေ့ပင်လယ်က နဂါးမင်းကြီးလား..... ဝုတ်။"
တပိုင် ရေရွတ်လိုက်သည်။
"မဟုတ်ဘူး။ ဒါက ပစိဖိတ် သမုဒ္ဒရာရဲ့ နဂါးမင်းနေမှာ။"
အန်လင်း ခေါင်းခါလိုက်သည်။
နဂါးကြီးမှာ နှာမှုတ်လိုက်သည်နှင့် ပင်လယ်ကြမ်းပြင်တွင် ပြင်းထန်သော ဝဲဂယက်တစ်ခု ဖြစ်သွားရသည်။
အန်လင်းသည် ဝဲဂယက်အား တစ်ချက်ရိုက်ကာ ပေါက်ကွဲစေလိုက်ပြီးနောက် ကျန်ရှိနေသော စွမ်းအင်များမှာ နဂါးကြီးထံ ဆက်လက်ရောက်ရှိသွားသည်။
"ဝေါင်း......"
နဂါးကြီးမှာ နာနာကျင်ကျင် အော်ဟစ်ရင်း သွေးအန်လိုက်ရသည်။
"ဟမ့်.... မင်းကများ ငါ့ရှေ့မှာ ဖင်တောင်ချင်တာလား။"
အန်လင်း အေးစက်ခက်ထန်စွာ ပြောလာသည်။
နဂါးကြီး၏ အမူအရာ ပြောင်းလဲသွားရသည်။
"မင်းဘယ်သူလဲ။"
တီနာ ကြောင်တောင်တောင် ဖြစ်သွားသည်။
"သူဘာပြောနေတာလဲ။"
"အင်္ဂလိပ်လို ဘယ်သူလဲလို့ မေးနေတာ။"
အန်လင်း ရှင်းပြလိုက်သည်။
"ဟိုင်း..... ငါက တီနာပါ။"
တီနာမှာ ယဥ်ကျေးစွာပြုံးကာ အန်လင်းအား ကြည့်ရှုလိုက်သည်။
"ငါ့အတွက် ဘာသာပြန်ပေးပါဦး။"
အန်လင်း မျက်နှာပျက်သွားသည်။
"ဒီမှာ သူငယ်ချင်း လာရှာတာလည်း မဟုတ်ပဲနဲ့ ဘာလို့မိတ်ဆက်နေတာလဲ။ သင်ခန်းစာပေးလိုက် ပြီးနေတာကို....."
အန်လင်း နဂါးကြီးအားကြည့်ကာ ပြောလာသည်။
"ငါက မင်းရှုပ်လို့မရတဲ့သူပဲ။"
ထိုစကားနှင့်အတူ တောင်ခွင်းလက်သီးတစ်လုံး လက်ဆောင်ပေးလိုက်သည်။
နဂါးကြီးမှာ ချော်ရည်များ မှုတ်ထုတ်လိုက်သောကြောင့် ပင်လယ်ကြမ်းပြင် ပူနွေးကာ ရုပ်ဆိုးဆိုးငါးများ ပြုတ်ပြီးသား ဖြစ်သွားသည်။
ချော်ရည်နှင့် လက်သီးတို့ တွေ့ဆုံကာ ပေါက်ကွဲမှု ဖြစ်လာလေသည်။
ဝုန်း......
"ဝေါင်း......"
နဂါးကြီး လွင့်ထွက်သွားရသည်။
အန်လင်းမှာ နဂါးကြီးရှေ့သို့ လျင်မြန်စွာ သွားလိုက်သည်။
နဂါးကြီး ဒေါသထွက်စွာ အော်ဟစ်လိုက်သည်။
"ဝေါင်း.... ဝေါင်း..... ဝေါင်း...."
ထိုအချိန်မှာပင် ရွှေရောင်လက်သီးများ ဆက်တိုက်ဆိုသလို ကျဆင်းလာသောကြောင့် နဂါးကြီးမှာ ပင်လယ်ကြမ်းပြင်တွင် လူးလွန့်နေရတော့သည်။
ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက် နဂါးကြီးမှာ သေမလို ဖြစ်နေလေပြီ။
၎င်းသည် တတ်စွမ်းသမျှ ပြန်လည်တိုက်ခိုက်ပါသော်လည်း အန်လင်း ခန္ဓာကိုယ်တွင် ခြစ်ရာတစ်ခုပင် မထင်ခဲ့ပေ။
ထိုလူသားသည် ထင်မှတ်ထားသည်ထက်ပို၍ သာလွန်ကြောင်း လက်ခံလိုက်ရပြီ ဖြစ်သည်။
"ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ။ ငါတို့တစ်ခါမှတောင် မတွေ့ဖူးဘူးလေ။ ဘာရန်ငြှိုးမှလည်း မရှိဘူးမလား။"
နဂါးကြီး တောင်းပန်လာသည်။
အန်လင်းမှာ နဂါးခေါင်းအား နင်းထားလေသည်။
"ဆူနာမီကို မင်းပဲလုပ်တာမလား။"
နဂါးကြီးမှာ ပြာပြာသလဲ ရှင်းပြလာသည်။
"ရှင်းပြပါရစေဦး။ ကမ္ဘာ့အပေါ်ယံမြေလွှာ လှုပ်ရှားမှုကြောင့် ပင်လယ်ထဲကနေ အလုံးတစ်လုံး ထွက်လာလို့ပါ။ အဲ့အလုံးကို အားသုံးပြီး ဖွင့်ရင်းကနေ ဆူနာမီ ဖြစ်သွားတာပါ။ တမင်ရည်ရွယ်တာ မဟုတ်ပါဘူး။"
အန်လင်း အယုံအကြည် မရှိပေ။
"အဲ့တော့ မင်းက တာဝန်မယူချင်တာလား။ လူပေါင်း သိန်းနဲ့ချီ သေသွားနိုင်တယ် သိရဲ့လား။"
နဂါးကြီးမှာ လက်သီးပဒေသာ ထပ်မံရရှိလိုက်သည်။
ဝုန်း.... ဝုန်း..... ဝုန်း......
"အား....."
"အား....."
"အား......"
နဂါးကြီး၏ အော်ဟစ်သံများ ပဲ့တင်ထပ်နေသည်။
မကြာမီပင် ၎င်းမှာ သေမင်းခံတွင်းဝသို့ ရောက်နေလေပြီ။
"တောင်းပန်ပါတယ်။ ငါ.... ငါမှားသွားပါတယ်။"
နဂါးကြီး တဖွဖွ တောင်းပန်လာသည်။
အန်လင်း နှာခေါင်းရှုံ့လိုက်သည်။
"ဟင်းလင်းပြင်သို့အပြန် အဆင့်လေးနဲ့ ကိုယ့်ကိုယ်ကို ဆရာကြီး ထင်မနေနဲ့။ အကြော်ဒယ်အိုးထဲ ထည့်ချက်ပစ်လိုက်မယ်။"
"ဟုတ်ကဲ့ပါ။ နောက်ထပ်မမှားစေရပါဘူး။"
နဂါးကြီးမှာ မျက်ရည်အဝဲသားဖြင့် စကားဆိုလာသည်။
၎င်းသည် သမုဒ္ဒရာ၏ အရှင်သခင်ဖြစ်ကာ ယခုကဲ့သို့ အနိုင်ကျင့်မခံရဖူးပေ။
ကမ္ဘာမြေ၏ အပြောင်းအလဲများကြား ၎င်းသည် ဟင်းလင်းပြင်သို့အပြန် အဆင့်သို့ပင် တက်နိုင်ခဲ့သည့် ပါရမီရှင်လည်း ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ မျက်စိရှေ့တွင် ရှိနေသော ထိုလူသားမှာ ထူးခြားဆန်းကြယ်လွန်းလှပေသည်။
အန်လင်း စိတ်ကျေနပ်ကာ ပြုံးလိုက်သည်။
"အခု အဲ့အလုံးအကြောင်း ပြောပြပါဦး။"
နဂါးကြီး အနည်းငယ် တွေဝေသွားသည်။ ထိုအလုံးသည် တန်ဖိုးရှိသော လျှို့ဝှက်ချက် ဖြစ်သောကြောင့် မည်သူ့ကိုမှ မပြောပြချင်ပေ။
ထို့နောက် ရွှေရောင်လက်သီးအား မြင်လိုက်ရကာ အမူအရာ ပြောင်းလဲသွားတော့သည်။
"သိသမျှ ပြောပြပါ့မယ်။"