← Chapters

ရစ်ပတ်လေ တောအုပ်

Vol. 71 Ch. 979

ရစ်ပတ်လေ တောအုပ်

Vol. 71 Ch. 979

ရှင်းဝမ်က ထိုအထိ ပြောပြီးနောက် ရုတ်တရက် အမှတ်ရသွားဟန်ဖြင့် အကြီးအကဲရန်ဖေးအား ကြည့်လိုက်သည်။

ရန်ဖေးက ဂိုဏ်းချုပ်ကို ဂါရဝပြုလိုက်ပြီး လေးလေးနက်နက် ပြောလိုက်သည်  “ ကျုပ်လည်း ဂိုဏ်းရဲ့ နှင်းစက်စိမ်းဆန် စိုက်ပျိုးရေး စစ်ဆေးမှုအကြောင်းကို တင်ပြမလို့ပါ။ နှင်းစက်ကျ ကုန်သည်အိမ်တော်ရဲ့ သတင်းတွေကြောင့် တင်ပြချက်က နှောင့်နှေးသွားတာပါ ”

ရှင်းဝမ်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး ခေါင်းညိတ်ပြကာ  “ နှင်းစက်ကျ ကုန်သည်အိမ်တော်နဲ့  ပတ်သတ်တဲ့ ကိစ္စကို အတိတ်မှာ ထားလိုက်ပါတော့။ ကျုပ်တို့ မိုးကောင်းကင်ဂိုဏ်းရဲ့ လူတွေလည်း ပြန်ရောက်လာလောက်ပြီ။ တစ်ခုခု ဖြစ်ရင်တောင် ကျုပ်တို့ မိုးကောင်းကင်ဂိုဏ်းနဲ့ ဘာမှမပတ်သတ်တော့ဘူးလေ။ ဒီတစ်ခါ ဆရာကြီးကွမ်းကျန်းက ကျုပ်တို့ကို ကူညီပေးထားတာဆိုတော့ ကျုပ်တို့တပည့်တွေရဲ့ ရလဒ်က မဆိုးဘူးမလား ”

ထိုကိစ္စကို ပြောလိုက်သည့်အခါ ရှင်းဝမ်က အတော်လေး စိတ်ပေါ့ပါးသွားဟန် ရှိ၏။ ဆရာကြီးကွမ်းကျန်းသည် သူ့အပေါ် ကျေးဇူးကြွေးတစ်ခု ရှိသည့်အတွက် မိုးကောင်းကင်ဂိုဏ်းသို့ လာရောက်ပြီး နှင်းစက်စိမ်းဆန် စိုက်ပျိုးရေးအကြောင်း သင်ကြားပို့ချပေးခြင်း ဖြစ်၏။ ဆရာကြီးကွမ်းကျန်းသည် ဤသို့အချိန်မျိုး၌ အလွန်အလုပ်ရှုပ်ကြောင်း သိသင့်ပေသည်။

ရန်ဖေး မြန်မြန် ပြောလိုက်သည်  “ ကျုပ်တို့ စစ်ဆေးမှု ရလဒ်တွေက မဆိုးပါဘူး။ နှစ်ယောက်က အဆင့်မြင့် နှင်းစက်စိမ်းဆန်ကို စိုက်ပျိုးနိုင်ပြီးတော့ တစ်ယောက်က အလယ်အလတ်အဆင့်ကို စိုက်ပျိုးနိုင်ခဲ့တယ်။ ကျန်တဲ့လူတွေကတော့ အဆင့်နိမ့်ပဲ စိုက်နိုင်တယ်။ အဆင့်နိမ့်ထဲမှာ ကောင်းတာရော၊ ဆိုးတာရော ရောနေတယ် ”

“ ဘယ်လို ”ရှင်းဝမ်က ရုတ်ချည်း ထရပ်လိုက်သည်။ သူက မယုံကြည်နိုင်စွာဖြင့်  “ ဆရာကြီးကွမ်းကျန်းက အဲလောက်တောင် အံ့ဩဖို့ ကောင်းတယ်လား ”

သူက မအံ့ဩဘဲ မနေနိုင်တော့ချေ။ အဆင့်မြင့် နှင်းစက်စိမ်းဆန် စိုက်ပျိုးနိုင်သည့် လူအရေအတွက်မှာ လက်ချောင်းနှင့်ပင် ရေတွက်၍ ရပေသည်။ အကယ်၍ ဆရာကြီးကွမ်းကျန်းက ပို၍ အံ့ဩဖို့ ကောင်းနေလျှင်ပင် လူနှစ်ယောက်အား ရက်ပိုင်းလေးအတွင်း သင်ရုံဖြင့် အဆင့်မြင့် နှင်းစက်စိမ်းဆန် စိုက်ပျိုးနိုင်အောင် သင်ပေးနိုင်မည် မဟုတ်ချေ။ ထိုစဉ် သူက နှင်းစက်စိမ်းဆန် စိုက်ပျိုးရေးအကြောင်း သင်ကြားပေးရန် ဆရာကြီးကွမ်းကျန်းအား ဖိတ်ကြားမိခဲ့သည့်အတွက် ဝမ်းသာသွားတော့သည်။

ရန်ဖေးက နေရခက်စွာဖြင့်  “ ဂိုဏ်းချုပ်ကို တင်ပြပါတယ်။ အဆင့်မြင့် နှင်းစက်စိမ်းဆန် စိုက်ပျိုးနိုင်တဲ့ နှစ်ယောက်က ဆရာကြီးကွမ်းကျန်း သင်ပေးတာ မဟုတ်ပါဘူး ”

“ဘာကို ပြောတာလဲ ” ရှင်းဝမ်၏ မျက်ခုံးများက အနည်းငယ် တွန့်ချိုးသွားလေ၏။

တပည့်ရာကျော်ထဲမှာ ပညာရှင် ပါနေတာလား ….

သို့သော် ထိုအရာက မဖြစ်နိုင်ချေ။ အကြောင်းမှာ နှင်းစက်စိမ်းဆန် စိုက်ပျိုးခြင်းသည် အသုံးမဝင်သောအရာ ဖြစ်၏။ ကျင့်ကြံသူများတွင် ကျင့်ကြံဖို့ရာပင် အချိန်မလုံလောက်လေရာ မည်သူကများ ရူးရူးမိုက်မိုက်ဖြင့် နှင်းစက်စိမ်းဆန် စိုက်ပျိုးနေမည်နည်း။

ရန်ဖေးက မြန်မြန် ရှင်းပြလိုက်လေ၏  “ ဂိုဏ်းချုပ်လည်း မိုဝူကျိအကြောင်း ကြားမိမှာပါ။ သူက ချီခွန်း ဖိတ်ခေါ်လာတဲ့ လယ်သမားလေ။ သူက ဆေးလုံးဆရာလည်း ဟုတ်တယ်။ အစတုန်းက ကျုပ်တို့ တပည့်တွေကို သူ့ဆီက သင်ခိုင်းဖို့ လုပ်ထားတာပါ။ ဒါပေမဲ့ ဆရာကြီးကွမ်းကျန်းက ရောက်လာတာနဲ့ မိုဝူကျိနောက် လိုလိုလားလား လိုက်သွားတဲ့ တပည့်နှစ်ယောက်ကလွဲရင် ကျန်လူတွေကို ဆရာကြီးကွမ်းကျန်းက သင်ပေးတာပါ ”

ဂိုဏ်းချုပ်အနေနှင့် ရှင်းဝမ်က အခြေအနေကို အပြည့်အဝ နားလည်သွားတော့သည်။ သို့သော်လည်း သူက တုန်လှုပ်အံ့ဩမိနေဆဲ ဖြစ်၏  “ အဲဆိုတော့ အဆင့်မြင့် နှင်းစက်စိမ်းဆန် စိုက်ပျိုးတဲ့ တပည့်နှစ်ယောက်ကို မိုဝူကျိက သင်ပေးထားတာပေါ့ ”

“ဟုတ်ကဲ့ … အဲလိုပါပဲ။ သူတို့ကို နေ့တစ်ဝက်ပဲ သင်ပေးလိုက်တာပါတဲ့ ” ရန်ဖေးက ပြန်ဖြေလိုက်ပြီးနောက် ဘာမှဆက်မပြောတော့ပေ။

ရှင်းဝမ် မျက်နှာအထက်တွင် နေရခက်သည့် ဟန် ပေါ်နေသည်။ သူက ဆရာကြီးကွမ်းကျန်းကို ဖိတ်ကြားခဲ့သောကြောင့် မိုဝူကျိကို နေရာမပေးခဲ့ချေ။ ထို့အပြင် သူက ဆရာကြီးကွမ်းကျန်းအား ဖိတ်ကြားဖို့ရာ များစွာ အားစိုက်ခဲ့ရ၏။ ကွမ်းကျန်း ထွက်သွားသည့်အခါ ဂိုဏ်းက သူ့အတွက် တံစိုးလက်ဆောင်ကြီးကြီး ပြင်ဆင်ပေးလိုက်သေးသည်။

ခဏလေးအတွင်း ရှင်းဝမ်က အသိပြန်ဝင်လာသည်။ သူက ထိုင်ချကာ ခေါင်းညိတ်လိုက်ပြီး  “ ငါ့ခန့်မှန်းချက် မှားနေမယ်လို့ မထင်ခဲ့မိဘူး။ ဒီတစ်ခါတော့ ချီခွန်းက ကောင်းကောင်း အကျိုးပြုခဲ့တာပဲ။ သူ့ကို ဂိုဏ်းရဲ့ ကျင့်ကြံရေးနယ်မြေမှာ သုံးနှစ် လေ့ကျင့်ခွင့် ပေးလိုက် … ပြီးတော့ သူ့အတွက် အလယ်အလတ်အဆင့် လျို့ဝှက်ပညာရပ်ကိုပါ ချီးမြင့်လိုက်ဦး ”

“ဟုတ်ကဲ့ ” အကြီးအကဲ တစ်ယောက်က ထရပ်လိုက်ပြီးနောက် တုံ့ပြန်လိုက်သည်။

ရှင်းဝမ်က ရန်ဖေးဘက် လှည့်ကာ ပြောလိုက်၏  “ အကြီးအကဲ ရန်ဖေး … မိုဝူကျိကို ငါတို့ ဂိုဏ်းဆီ လာဖို့ သွားဖိတ်ခေါ်လိုက်။ သူ့ကို  ငါတို့ပင်မတပည့်တွေဆီ  နှင်းစက်စိမ်းဆန် စိုက်ပျိုးနည်းအကြောင်း သင်ခိုင်းရမယ် ”

“ ကျုပ် တစ်ယောက်ကို လွှတ်ထားပါ …  ” ရန်ဖေးက တစ်ဝက်တစ်ပျက်ဖြင့် ရပ်တန့်သွားသည်။ ထို့နောက်  သူက ထူးထူးဆန်းဆန်း အမူအယာဖြင့် “ဂိုဏ်းချုပ် … အခုလေးတင် မိုဝူကျိက မိုးကောင်းကင်မြို့ကနေ ထွက်သွားပြီး နိဗ္ဗာန် တာအိုမြို့ဆီ ဦးတည်သွားပါပြီတဲ့ ”

“အဲဆိုလည်း နိဗ္ဗာန်တာအိုမြို့ဆီ သွားကြတာပေါ့။ ငါတို့တွေ အချိန်ရှိပါသေးတယ်။ မိုဝူကျိ ဂိုဏ်းကို မလာခင် အဆင့်မြင့် နှင်းစက်စိမ်းဆန် စိုက်ပျိုးနိုင်တဲ့ နှစ်ယောက်ကို သူတို့နည်းလမ်းအကြောင်း ပြန်ရှင်းပြခိုင်းတာပေါ့ ” ရှင်းဝမ်က ပြောဖို့ရာ တုံ့ဆိုင်းမနေပေ။

ရန်ဖေးက ရှက်ရွံ့ဟန်ဖြင့်  “ မဖြစ်နိုင်လောက်ဘူး ထင်တယ်။ ချူချန်းတန်နဲ့ တာ့ကျဲတို့က မိုဝူကျိဆီကနေ သွားသင်တုန်းက အခြေအနေကို ကျုပ် အကြမ်းဖျင်း သိထားတယ်။ မိုဝူကျိက သူတို့နှစ်ယောက်ကို ပညာရပ်ကို တခြားသူဆီ လက်ဆင့်မကမ်းဖို့ ကျိန်ဆိုခိုင်းခဲ့တယ်တဲ့ ”

ရှင်းဝမ်က မျက်မှောင်ကျုတ်လိုက်သည်။

လယ်သမားတစ်ယောက်ကများ သူ့ဂိုဏ်းသားကို ကျိန်ဆိုခိုင်းတယ်တဲ့လား ….

သူက ခေါင်းခါလိုက်ပြီး  “ ဒီလိုဆိုမှတော့ မိုဝူကျိကို မိုးကောင်းကင်ဂိုဏ်းဆီ အမြန်ဆုံး ပြန်ခေါ်ကြတာပေါ့ ”

ရန်ဖေးက ပြန်မဖြေခင် ခဏတာ တုံ့ဆိုင်းသွားပြီး “ ဂိုဏ်းချုပ် … ကြည့်ရတာ ဒါလည်း မလွယ်လောက်ဘူး ထင်တယ်။ အရင်တုန်းက မိုဝူကျိက အောင်းမျိုးနွယ်နဲ့ ကတောက်ကဆ ဖြစ်ထားတာ။ သူ့အပြုအမူအရ တခြားသူရဲ့ စိတ်ဆန္ဒအတိုင်း လိုက်လုပ်တတ်တဲ့သူ မဟုတ်ဘူးဆိုတာ သိသာတယ်။ ပြီးတော့ သူက ချီခွန်းဆီကနေ အဆင့် ၅ ဆေးပင်အချို့ တောင်းထားတာ ဒါပေမဲ့ ဂိုဏ်းက ဆရာကြီးကွမ်းကျန်း ရောက်လာတော့ သူ့ကို အသုံးမဝင်တော့ဘူးဆိုပြီး ဘာမှမပေးလိုက်ဘူး။ သူက တပည့်နှစ်ယောက်ကို နှင်းစက်စိမ်းဆန် စိုက်ပျိုးနည်းအကြောင်း သင်ပေးပြီးတဲ့နောက်မှာတောင် ဂိုဏ်းက သူ့ကို ဘာမှ မပေးလိုက်ဘူး  ”

ရှင်းဝမ်က လက်ဝှေ့ပြကာ  “ ဘယ်လိုဖြစ်ဖြစ် သူ့ကို ပြန်ခေါ်ရမယ်။ တကယ်လို့ သူက ငါတို့တပည့်တွေကို ဆက်မသင်ပေးချင်ဘူးဆိုရင်တောင် သူ့ကို တခြားသူတွေဆီ သင်ခွင့် ပေးလို့ မဖြစ်ဘူး ”

………..…

“ဝူကျိ … ငါ အရင်တုန်းက နိဗ္ဗာန်တာအိုမြို့ဆီ ရောက်ဖူးတယ်။ ငါတို့ ဦးတည်တဲ့ နေရာက နည်းနည်း မှားနေသလိုပဲ ” ချီပင်းက  မိုဝူကျိ၏ သင်္ဘောပျံမှာ ဦးတည်ရာ မှားနေကြောင်း သိသည့်အခါ မနေနိုင်တော့ဘဲ ပြောလိုက်သည်။

သူမက မိုဝူကျိအပေါ် အသက်ကြွေး ရှိနေသည်။ ထို့အပြင် သူမမောင်လေးက မိုဝူကျိအား အစ်ကိုကြီးဟု ခေါ်ပေသည်။ သူမကိုယ်တိုင်ကလည်း မိုဝူကျိ၏ စရိုက်ကို သဘောကျမိ၏။ ထို့ကြောင့် ချီပင်းက သူမတို့တွေ အချင်းချင်း မောင်နှမကဲ့သို့ ခေါ်ဝေါ်ရန် အကြံပြုထားသည်။

မိုဝူကျိက ခေါင်းခါကာ  “ အစ်မပင်း … ကျုပ်တို့တွေ အကြွင်းမဲ့ ကုထုံးဆေးခန်းကနေ ထွက်လာတော့ လူတွေ ဘာအကြောင်း ပြောနေလဲဆိုတာ သိလား ”

ချီပင်းက ခေါင်းညိတ်ကာ  “ ကြားတယ်လေ။ နှင်းစက်ကျ ကုန်သည်အိမ်တော်ရဲ့ ဌာနချုပ်က သွေးလွှမ်းသွားတယ်ဆို … နှင်းစက်ကျ ကုန်သည်အိမ်တော်က နှင်းစက်ကျမြို့ကိုယ်တိုင် တည်ထောင်ထားတဲ့ စီးပွားရေး တစ်ခုပဲ။ ပြီးတော့ နတ်ဘုရားကုန်းမြေတစ်ခုလုံးမှာ လူသိများတဲ့ အင်အားစုတစ်ခုပဲလေ။ ဒီကိစ္စကိ ဘယ်လိုဖြစ်လာပြီးတော့ ဘယ်လိုလူကများ လုပ်တယ်ဆိုတာ မသိတော့ပါဘူး ”

“ ဘယ်သူလုပ်တယ်၊ ဘာကြောင့် လုပ်တယ်ဆိုတာက ကျုပ်တို့နဲ့ မသက်ဆိုင်ဘူး။ နှင်းစက်ကျ ကုန်သည်အိမ်တော် ဖျက်စီးခံရတာက နိဗ္ဗာန်တာအိုမြို့မှာ အစစ်အဆေးက ကျပ်လောက်တယ်။ နိဗ္ဗာန်တာအို အသိပညာရပ်ကျောင်းတော်ကလည်း မကြာခင် စစ်ဆေးမှု ကျင်းပတော့မှာဆိုတော့ ကျုပ်တော့ အရင်ဆုံး ဟယ်ကျန်းမြို့ဆီ သွားဖို့ လုပ်ထားတယ်။ ဟယ်ကျန်းမြို့က နိဗ္ဗာန်တာအိုမြို့နဲ့ နီးတယ်လေ။ စစ်ဆေးမှု စတဲ့အခါကျ ကျုပ်တို့တွေ နိဗ္ဗာန်တာအိုမြို့ဆီ သွားလို့ ရပြီ ” မိုဝူကျိက ရှင်းပြလိုက်သည်။

ဤသည်မှာ အကြောင်းပြချက် တစ်ခု ဖြစ်၏။ လက်တွေ့၌ သူက နှင်းစက်ကျ ကုန်သည်အိမ်တော် ဖျက်စီးသုတ်သင်ခံလိုက်ရကြောင်း ကြားသောအခါ ချွေးအေးများပင် ထွက်လာမိသည်။ ကံကောင်းစွာဖြင့် နတ်ဘုရားဘုရင်အများစုက သူ သွားခဲ့သည့် လေလံပွဲကို အာရုံမစိုက်ကြပေ။ ထို့အပြင် လေလံပွဲကလည်း ရွှေရောင် နိဗာနတာအိုသဲ၏ အမှန်တကယ် တန်ဖိုးကို ချက်ချင်း နားမလည်ကြပေ။ လေလံပွဲ ပြီးဆုံးသွားသည့်အခါမှ မြောက်များစွာသော ပါရမီရှင်တို့၏ အာရုံစိုက်မှု ရသွားခြင်း ဖြစ်၏။

မိုဝူကျိက ယခု နိဗ္ဗာန်တာအိုမြို့ဆီ မသွားချင်သေးသည့် အဓိက အကြောင်းအရင်း မဟုတ်သေးပေ။ မိုဝူကျိက နှင်းစက်ကျကုန်သည်အိမ်တော် သုတ်သင်ခံလိုက်ရကြောင်း ကြားပြီးနောက် သူက အရမ်းကို အလျှင်လိုသွားကြောင်း သတိပြုမိလိုက်သည်။ အမြစ်မဲ့သံမဏိသည် သူ့အတွက် အင်မတန် အသုံးဝင်သော်လည်း ရွှေရောင် နိဗာနတာအိုသဲနှင့် အလဲအလှယ် မလုပ်လိုက်သင့်ပေ။

ဤသည်က မိုဝူကျိအား ပို၍ သတိကြီးသွားစေ၏။ သူက နှင်းစက်စိမ်းဆန်နှင့် ပတ်သတ်သည့် ကိစ္စကို ချက်ချင်း အမှတ်ရလိုက်သည်။ အကယ်၍ ဆရာကြီးကွမ်းကျန်းသာ သူ့တပည့်များကို အဆင့်မြင့် နှင်းစက်စိမ်းဆန် စိုက်ပျိုးနိုင်ရန် မသင်ပေးနိုင်ခဲ့လျှင် မိုးကောင်းကင်ဂိုဏ်း၏ အာရုံမှ သူ့ဆီ ရောက်လာမည် ဖြစ်၏။ မိုးကောင်းကင်ဂိုဏ်းက သူ့ကို ဖမ်းဆီး၍  ကျန်တပည့်များကို သင်ကြားပေးခိုင်းခြင်းမှာ မဖြစ်နိုင်ခြင်းတော့ မဟုတ်ပေ။

ချူချန်းတန်နှင့်တာ့ကျဲတို့က သူ နိဗ္ဗာန်တာအိုမြို့ဆီ သွားမည် ဖြစ်ကြောင်း သိထားသောကြောင့် အချိန်တစ်ခုအထိ သွား၍ မဖြစ်သေးပေ။

“ ဟုတ်ပြီ … ဘယ်ကို သွားသွား အဆင်ပြေပါတယ်။ ဒါပေမဲ့ ငါက ခရမ်းနိဗာနတာအိုသဲကို အလကား ဖြုန်းတီးမိလိုက်ပြီ။ မဟုတ်ရင် ငါ နတ်ဘုရားဘုရင်အဆင့် တက်လှမ်းနိုင်လောက်တယ်။ အဲဒီအခါကျ ငါတို့အတွက် အင်အားတစ်ခု ဖြစ်လာလိမ့်မယ် ” ချီပင်းက သက်ပြင်းချလိုက်သည်။

မိုဝူကျိက ခပ်ယဲ့ယဲ့ ပြုံးကာ  “အစ်မပင်းဆီမှာ ခရမ်းနိဗာနတာအိုသဲ ရှိရင်တောင် နတ်ဘုရားဘုရင်အဆင့်ကို အဲဒါသုံးပြီး တက်လှမ်းဖို့ အကြံမပေးချင်ဘူး ”

“ ငါလည်း သိပါတယ် ” ချီပင်းက သက်ပြင်းချလိုက်၏။ သူမက မည်သို့ နားမလည်ဘဲ နေမည်နည်း။ သို့သော်လည်း နတ်ဘုရားကုန်းမြေ၌ နတ်ဘုရားဘုရင်အဆင့် ဝင်သွားခြင်းမှာ ထိပ်တန်း ကျင့်ကြံသူတစ်ယောက် ဖြစ်သွားစေ၏။ တခြားသူ၏ အသိအမြင်များကို ဌားယူလျှင်ပင် နတ်ဘုရားဘုရင်အဆင့် မတက်လှမ်းနိုင်သည့်လူများထက် ပို၍ အားကောင်းနေသေး၏။

မိုဝူကျိက သူ့မျက်နှာပေါ်မှ မျက်နှာဖုံးကို ဖယ်ကာ  “ အစ်မပင်း ဒါက ကျုပ်ရဲ့ တကယ့်သွင်ပြင်ပဲ ”

ချီပင်းက အရမ်းအံ့ဩမသွားမိပေ။ သူမက မိုဝူကျိ၏ အစစ်အမှန်သွင်ပြင်ကို မမြင်နိုင်သော်လည်း သူက ရုပ်ဖျက်ထားကြောင်း ပြောနိုင်သေး၏။

“အစ်မပင်းက သီးခြားနတ်ဆေးလုံးရဲ့ အဆင့်ကို သိတယ်မလား ” မိုဝူကျိက ပြုံးကာ မေးလိုက်သည်။

ချီပင်းက ရုတ်ချည်း နားလည်သဘောပေါက်သွားတော့သည်။ သူမက မိုဝူကျိအား တအံ့တဩ ကြည့်ကာ  “ မင်း ပြောတာက … ”

မိုဝူကျိက ချီပင်း စကားဆုံးအောင်အထိ မစောင့်တော့ဘဲ  “ ဟုတ်တယ် … သီးခြားနတ်ဆေးလုံးကို  ကျုပ် ဖော်စပ်ထားတာလေ။ ကျုပ်က  အဆင့် ၅ နတ်ဆေးလုံးဘုရင်ပါ။ နတ်ကျောက်စိမ်းဆေးလုံး ဖော်စပ်ဖို့က သီးခြားနတ်ဆေးလုံးလောက် မခက်ခဲလောက်ဘူး။ ကျုပ်က သီးခြားနတ်ဆေးလုံးကိုတောင် ဖော်စပ်နိုင်သေးတယ်လေ။ အစ်မပင်းဆီမှာလည်း ကြည်လင်ကျောက်စိမ်းပန်း ရှိနေတာဆိုတော့ ကျုပ် နတ်ကျောက်စိမ်းဆေးလုံး ဖော်စပ်နိုင်မယ်လို့ ထင်လား ”

ချီပင်းက သက်ပြင်းချကာ မိုဝူကျိထံ ကျောက်စိမ်းသေတ္တာတစ်ခု ပေးလိုက်ပြီး  “ ဝူကျိ ငါ မင်းနောက်ကို လိုက်လာတာ မင်းကို ကူညီပေးဖို့ပါ။ ဒါပေမဲ့ အခုတေ့ မင်းက ငါ့ကို အများကြီး ပြန်ကူပေးနေရတယ် ”

မိုဝူကျိက ကျောက်စိမ်းသေတ္တာကို လက်ခံရင်း  ပြုံးလိုက်ကာ  “ အစ်မပင်း ကျုပ်တို့က မောင်နှမတွေလိုပဲလေ။ ဒီလိုကိစ္စတွေကို လိုက်တွက်နေဖို့ မလိုပါဘူးဗျာ ”

“ ဟုတ်တယ် ဟုတ်တယ် ငါတို့က မောင်နှမတွေပဲ ” ချီပင်းက မိုဝူကျိအား ကြည့်ကာ ပြတ်ပြတ်သားသား ပြောလိုက်သည်။

“ ဒီလိုဆိုမှတော့ ကျုပ်တို့တွေ ဟယ်ကျန်းမြို့ဆီ မသွားသေးနဲ့ဦး … နိဗ္ဗာန်တာအိုမြိုနဲ့ တစ်လလောက်အတွင်း ရောက်တဲ့ နေရာကျယ်ကျယ်တစ်ခုကို အစ်မပင်း သိထားလား ”မိုဝူကျိက ရယ်ရယ်မောမောဖြင့် မေးလိုက်သည်။

ချီပင်းက ပြုံးကာ  “ ငါ ကျွမ်းကျင်တဲ့ နေရာတစ်ခုတော့ ရှိတယ်။ သင်္ဘောပျံကို ငါ ထိန်းလိုက်မယ်။ အခု ရစ်ပတ်လေ တောအုပ်ဆီ သွားကြတာပေါ့။ အဲဒီနေရာက တိတ်ဆိတ်ပြီးတော့ တော်ရုံ အဆင့်မြင့် ကျင့်ကြံသူတွေတောင် အထဲကို မဝင်နိုင်ဘူး။ နိဗ္ဗာန်တာအိုမြို့နဲ့လည်း လဝက်လောက်ပဲ သွားရမယ် ”

“ရစ်ပတ်လေတောအုပ်တဲ့လား … ထူးထူးဆန်းဆန်း နာမည်ပဲ ” မိုဝူကျိက ပြောလိုက်သည်။

ချီပင်းက ရှင်းပြလိုက်သည်  “ ရစ်ပတ်လေ တောအုပ်လို့ ခေါ်တာက တောအုပ်ထဲမှာ လေပြင်းတွေ တိုက်တဲ့အချိန် တောအုပ်ထဲက မထွက်သွားနိုင်လို့လေ။ ကျင့်ကြံသူတွေလည်း အတူတူပဲ .. ရစ်ပတ်လေ တောအုပ်ထဲ ထွက်သွားဖို့ ခက်တယ်။ ကောလဟာလတွေအရတော့ တောနက်ပိုင်းမှာ အဆင့် ၆ နတ်သားရဲတွေ ရှိတယ်တဲ့  …  နတ်ဘုရားဘုရင်အဆင့် ရောက်တဲ့ အဆင့်မြင့် ကျင့်ကြံသူတွေတောင် တောနက်ပိုင်းကနေ အသက်ရှင်လျက် ထွက်မသွားနိုင်ကြဘူးတဲ့ ”

“ အဲဆို အဲနေရာက အရမ်းအန္တရာယ်များမှာပေါ့ ” မိုဝူကျိက ဆေးလုံးဖော်စပ်ဖို့ရာ နေရာရှာနေခြင်း ဖြစ်ရာ ချီပင်းက နတ်ဘုရားဘုရင်အဆင့် တက်လှမ်းမည် ဖြစ်သောကြောင့် ဤနေရာက အန္တရာယ်များသည်ဆိုလျှင် မသင့်တော်ပေ။

ချီပင်းက ရယ်မောလိုက်ပြီး  “ စိတ်ချနေပါ။ ရစ်ပတ်လေတောအုပ်ထဲက အကောင်းဆုံး နေရာကို သိပါတယ်။ အဲဒီမှာ အားကောင်းတဲ့ သားရဲတွေ မရှိတော့ ကျင့်ကြံဖို့အတွက် အရမ်းကို သင့်တော်တယ် ”

***

All Chapters