ဆန်းကြယ်သောအလုံး
Vol. 70 Ch. 973
အန်လင်း ခပ်ဖွဖွ ပြုံးလိုက်သည်။
"ကောင်းပြီလေ။ မင်းသိထားသမျှပြောပြ...."
နဂါးကြီး ကြောင်တောင်တောင် ဖြစ်နေသည်။
ဒီလူက တရားမျှတတဲ့ သူရဲကောင်းလား..... ဒါမှမဟုတ် ဓားပြလား.......
ဟူး.... ငါတကယ် အားနည်းတာပဲ......
သူစိတ်ထဲမှ ရေရွတ်ကာ တစ်နေရာသို့ ဦးတည်သွားလိုက်သည်။
မကြာမီပင် အလုံးတစ်ခုရှေ့ ရောက်လာကြသည်။
ထိုအလုံးသည် ကြေးနီရောင်ဖြစ်ကာ မည်သည့်အရာဖြင့် ပြုလုပ်ထားသည်ကို မသိရပေ။ မီတာတစ်ရာခန့်ရှိကာ ပင်လယ်ကြမ်းပြင်ရှိ ချောက်ထဲတွင် တိတ်ဆိတ်စွာ ရှိနေသည်။
" အဲ့ထဲကနေ သမုဒ္ဒရာရဲ့ စွမ်းအင်တွေကို ခံစားမိပေမယ့် သုံးလို့ရမနေဘူး။ သွေးအဆီအနှစ်နဲ့လည်း သန့်စင်ကြည့်ပြီးပြီ။ အားသုံးပြီးလည်း ဖွင့်သေးတယ်။ ဒါပေမယ့် ဘာမှမထူးဘူး။"
နဂါးကြီး ရှင်းပြလာသည်။
၎င်းသည် ရတနာအား ရှာတွေ့ခဲ့ပါသော်လည်း အလှထိုင်ကြည့်နေရသလို ဖြစ်နေသည်။
နဂါးကြီးသည် အားသုံးကာ ဖွင့်ခဲ့သောကြောင့် ပင်လာ်ကမ်းခြေတွင်ပင် ဆူနာမီ ဖြစ်သွားခဲ့ရသည်။
"မင်းက ဒီအလုံးနဲ့ ဆက်နွယ်မှု မရှိဘူးပဲ။"
အန်လင်း စကားဆိုလိုက်သည်။
ယီးကို ပက်သတ်ဆက်နွယ်မှု မရှိတာလား......
နဂါးကြီးမှာ မကျေမနပ် ဖြစ်နေပါသော်လည်း မည်သည့်စကားမှ မဆိုရဲပေ။
အန်လင်းသည် ဆရာ့ဆရာကြီးဖြစ်ကာ သူသည်လည်း ဟင်းလင်းပြင်သို့အပြန် အဆင့်သို့ ရောက်လျှင်ရောက်ချင်း အသက်မသေချင်သေးပေ။
ထိုအလုံးသည် အင်မော်တယ်အဆင့် ရတနာတစ်ခုဖြစ်ကြောင်း အန်လင်း ခံစားမိလိုက်သည်။
တီနာမှာ အလုံးနားတွင် ခုန်ဆွခုန်ဆွ လုပ်နေသည်။
"ဒီဟာက ကောင်းကင်နဲ့မြေပြင်ရဲ့ သဘာဝ ဖန်ဆင်းမှုပဲ။ ကမ္ဘာကြီးရဲ့ ထူးခြားဖြစ်စဥ်တွေကနေ မွေးဖွားလာတာ။"
"နဂါးညီလေး..... အခု ဒီအလုံးကို ဘယ်လိုသုံးရမလဲ ငါသိသွားရင် ငါနဲ့ပက်သတ်ဆက်နွယ်မှု အားကောင်းလို့ပဲမလား။"
အန်လင်း ပြုံးကာပြောလာသည်။
"စီနီယာ ဘာပြောချင်တာလဲ။"
နဂါးကြီးမှာ ဆိုလိုရင်းကို သိနေပါသော်လည်း မျှော်လင့်ချက် တစ်စုံတရာဖြင့် မေးမြန်းလိုက်သည်။
"အခု ဒီအလုံးက ပိုင်ရှင်မရှိသေးဘူးလေ။ ငါသုံးလို့ရခဲ့ရင် ငါကပိုင်ရှင်ပဲမလား။"
အန်လင်း စကားဆိုလိုက်သည်။
နဂါးကြီးမှာ မျက်ရည်များ စီးကျလာပါသော်လည်း မငြင်းပယ်ရဲပေ။
"စီနီယာပြောတာ မှန်ပါတယ်။"
လက်သီးပိုကြီးသူသည် ဖေဖေကြီး ဖြစ်သည်။ ဖေဖေကြီး၏ စကားအား မည်သူကမှ ငြင်းခွင့်မရှိပေ။
အန်လင်း စိတ်ကျေနပ်သွားကာ အလုံးကြီးနား သွားလိုက်သည်။
နဂါးကြီးမှာ အန်လင်းအား မျက်ခြေမပြတ် ကြည့်ရှုနေသည်။ ထိုလူသားသည်လည်း အလုံးအားရရန် မလွယ်ကူလောက်ပေ။
အန်လင်းမှာ အလုံးကြီးအား လေးလေးနက်နက် ကြည့်ရှုနေလေသည်။
နဂါးကြီးမှာ စိတ်ထဲမှ ကြိတ်လှောင်နေသည်။ ထိုအလုံးအား ရက်ပေါင်းများစွာ လေ့လာခဲ့ပါသော်လည်း ဘာမှမထူးခြားပေ။ ၎င်းသည် သိုလှောင်ရတနာထဲသို့ပင် ထည့်မရသောကြောင့် လူသားအနေဖြင့်လည်း ဘာမှမတတ်နိုင်လောက်ပေ။
အန်လင်း အနည်းငယ်တွေးကာ နတ်ဘုရားစစ်ဆေးမှုနည်းစနစ်အား အသက်သွင်းလိုက်သည်။
သူ၏မျက်ဝန်းများ အဖြူရောင်အဖြစ် ပြောင်းလဲသွားပြီးနောက် သတင်းအချက်အလက်များစွာ ခေါင်းထဲစီးဝင်လာသည်။
(ကြီးမားသော ရေဘောလုံး : သမုဒ္ဒရာနှင့် ကမ္ဘာမြေ အဆင့်တက်ရာမှ မွေးဖွားလာသော ကမ္ဘာအဆင့် အင်မော်တယ် ရတနာ ဖြစ်သည်။ ဘောလုံးအား ရေဖြည့်ပြီးပါက ကြောက်မက်ဖွယ် ရေစွမ်းအင် တိုက်ခိုက်မှုမျိုး ပြုလုပ်နိုင်ပေလိမ့်မည်။)
(ရတနာအား သန့်စင်ရန် ဖန်ဆင်းရှင် နတ်ဘုရား၏ သွေးတစ်စက်အား အရင်ချပါ။ ထို့နောက် သင်၏ကိုယ်ပိုင်သွေးအား အသုံးပြုပါ။ ထိုသို့ဆိုလျှင် အဖြူရောင် စက်ဝိုင်းတစ်ခု ပေါ်လာမည် ဖြစ်သည်။ အဖြူရောင် စက်ဝိုင်း ပျောက်သွားသည်အထိ ရေဖြည့်ပါလေ။)
အန်လင်း : "......."
ဖန်ဆင်းရှင် နတ်ဘုရား၏ သွေးလိုအပ်သောကြောင့် နဂါးကြီးမှာ ဘာမှမတတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ရေဖြည့်ရသည်မှာ လွယ်ကူပေသည်။
သူနားမလည်သည်မှာ ကမ္ဘာအဆင့်ဟူသော စကားပင်။ အင်မော်တယ် ရတနာများအား ကမ္ဘာအဆင့်နှင့် ကမ္ဘာမဟုတ်သော အဆင့်ဟူ၍ ခွဲခြားထားသည်လော။
"ကြည့်ရတာ ဒီဘောလုံးနဲ့ ကံပါလာပုံပဲ။"
အန်လင်း ခပ်ဖွဖွ ပြုံးလာသည်။
"အများစုကတော့ ဒါကိုသုံးနိုင်မှာ မဟုတ်ဘူး။"
သူတီနာအား ကြည့်ရှုလိုက်သည်။
"နာလေး..... သွေးတစ်စက်လောက် ပေးပါလား။"
ဖန်ဆင်းရှင် နတ်ဘုရားသည် ရှားပါးလွန်းလှပါသော်လည်း သူ၏ဘေးတွင်ပင် ရှိနေသည် မဟုတ်လော။
"ကောင်းပြီလေ။"
တီနာမှာ မေးပင်မမေးပဲ အန်လင်းအား သွေးတစ်စက် ပေးလိုက်သည်။
နဂါးကြီးမှာ မျက်မှောင်ကျုံ့လျက် အန်လင်းအား ကြည့်ရှုနေသည်။
ဒီမိန်းကလေး သွေးနဲ့ဘာလုပ်မလို့လဲ..... သူ့သွေးနဲ့သူ မသန့်စင်ဘူးလား......
အန်လင်းသည် အလုံးအား ကာကွယ်ထားသော အကာအရံများ၏ အလယ်တည့်တည့်သို့ တီနာ၏ သွေးအား ချလိုက်သည်။ ထို့နောက် ဘောလုံးပေါ်သို့ သူ၏ သွေးအဆီအနှစ်အား ချလိုက်လေသည်။
"ရပြီ။"
အန်လင်း စိတ်ကျေနပ်သွားကာ ခေါင်းညိတ်လိုက်သည်။
ဝုန်း......
ဘောလုံးမှာ ပြင်းထန်စွာ တုန်ခါလာပြီးနောက် ကီလိုမီတာ ငါးဆယ်အတွင်းရှိ ပင်လယ်ရေများပါ ခက်ထန်လာသည်။
နဂါးကြီး မျက်လုံးပြူးသွားရသည်။
"သန့်စင်လိုက်ပြီလား။ ဘယ်လိုဖြစ်နိုင်မှာလဲ။"
အန်လင်းမှာ ဘောလုံးအား ထိလိုက်သည်နှင့် အဖြူရောင် စက်ဝိုင်းတစ်ခု ဖြစ်ပေါ်လာကာ ပင်လယ်ရေများအား အသည်းအသန် စုပ်ယူတော့သည်။
နဂါးကြီးမှာ ထိုမြင်ကွင်းများကြောင့် မယုံကြည်နိုင် ဖြစ်နေမိသည်။
အန်လင်းသည် ဘောလုံးအား သန့်စင်ခဲ့ပြီပင်။
နဂါးကြီးသည် ၎င်းပါစုပ်ယူခံရမည် စိုးသောကြောင့် မန္တာန်တစ်ခုဖြင့် ကိုယ့်ကိုယ်ကို ကာကွယ်လိုက်ရသည်။
ဘောလုံးကြီးမှာ ပင်လယ်ရေများအား တန်ပေါင်း သန်းရာနှင့်ချီ စုပ်ယူနေ၏။
နဂါးကြီး ကြောင်အမ်းအမ်း ဖြစ်နေသည်။
ပစိဖိတ် သမုဒ္ဒရာ တစ်ခုလုံးကိုများ စုပ်ပစ်မလို့လား.....
အချိန်တစ်ခုမျှ ကြာပြီးနောက် ဘောလုံးမှာ ငြိမ်သက်လာသည်။
အန်လင်းသည် လက်သင်္ကေတအချို့ ပြုလုပ်ကာ ဘောလုံးအား သိုလှောင်လက်စွပ်ထဲ ထည့်သိမ်းလိုက်တော့သည်။
နဂါးကြီးမှာ အန်လင်းအား အားကျမနာလို ဖြစ်နေမိသည်။ သူသည် ထူးခြားသော ရတနာအား လွယ်လင့်တကူ အပိုင်သိမ်းသွားခဲ့သည်။
၎င်းသည် ကူကယ်ရာမဲ့စွာ ကြည့်သာကြည့်နေနိုင်ခဲ့သည်။
"ဟားဟား.... နဂါးညီလေး ဒါတွေက ကံပါလို့ ဖြစ်လာတာနေမယ်။"
အန်လင်း ပြုံးကာပြောလိုက်သည်။
နဂါးကြီးမှာ စိတ်ထဲတွင် ဒေါသဖြစ်နေလေပြီ။
"ဟီးဟီး..... စီနီယာကို ဂုဏ်ပြုပါတယ်။"
"မင်းရဲ့ အကူအညီကြောင့်ပါ။"
အန်လင်း ကျေးဇူးတင်လိုက်သည်။
"ဒီဘောလုံးကို မင်းအရင်တွေ့တာဆိုတော့ သူ့ရဲ့နာမည် ပြောပြပေးဦးမယ်။ ကမ္ဘာအဆင့် အင်မော်တယ် ရတနာ ရေဘောလုံးကြီးတဲ့။"
နဂါးကြီးမှာ သွေးအန်တော့မလို ဖြစ်သွားရသည်။
အင်မော်တယ် ရတနာတဲ့လား......
အင်မော်တယ် ရတနာကို လက်လွှတ်လိုက်ရတာလား.....
"ငါသွားတော့မယ်။ လူသားတွေကို ဒုက္ခမပေးနဲ့တော့နော်။"
အန်လင်း တာ့တာပြကာ ထိုနေရာမှ ထွက်လာခဲ့လိုက်တော့သည်။