သားကောင်လည်းမုဆိုး၊ မုဆိုးလည်းသားကောင်
Vol. 70 Ch. 975
"အိုးဟိုးဟိုး..... ကြည့်ရတာ ငါက နာမည်ကြီးပုံပဲ။"
အားကောင်းလှသော အရှိန်အဝါကြောင့် ကျန်းရှန့်ယန်နှင့် ရွှမ့်ဟန်မှာ အသက်ရှူကြပ်လာရသည်။
အမျိုးသမီး တစ်ဦးမှာ ၎င်းတို့ရှေ့ ထွက်ပေါ်လာလေသည်။
သူမ၏ အသားအရေသည် ဖြူဖွေးချောမွေ့ကာ ညှို့ငင်အားပြင်းသော အလှကို ပိုင်ဆိုင်ထားသည်။ နက်မှောင်သော ဆံကေသာနှင့်အတူ အပေါ်ပိုင်း ဗလာဖြစ်နေသောကြောင့် ဖရဲသီးနှစ်လုံးအား ထုတ်ကြွားထားလေသည်။ မြက်ခြောက်များအား ခါးသိမ်သိမ်တွင်ပတ်ကာ ခြေတံရှည်များက ကြည့်ရှုမိသူတိုင်းကို အရိုင်းဆန်သွားစေနိုင်သည်။
အန်လင်းသည်ပင် တံထွေးမြိုချလိုက်မိသည်။
ထိုသည်မှာ ဇွန်ဘီနတ်ဘုရားမပင်။
သူမ၏ အရှိန်အဝါမှာ ယခင်ကထက် ပိုမိုအားကောင်းနေလေပြီ။
ကျန်းရှန့်ယန်နှင့် ရွှမ့်ဟန်မှာ ဇွန်ဘီနတ်ဘုရားမအား ကြောက်ရွံ့ကြသောကြောင့် လှုပ်ပင်မလှုပ်ရဲတော့ပေ။
ဇွန်ဘီနတ်ဘုရားမ ခပ်ဖွဖွ ရယ်မောလိုက်သည်။
"အိုးဟိုးဟိုး..... နင်တို့က ငါ့အစေခံကို အမိဖမ်းနိုင်ပြီ ထင်နေတာလား။ တကယ်တော့ အကုန်လုံးက ငါ့လက်ထဲမှာပဲ။ နင်တို့ထွက်လာအောင် တမင်လုပ်ခဲ့တာ။ ချန်ပိုင်တောင်က နင်တို့သွားချင်တိုင်း သွားလို့ရတဲ့ နေရာတစ်ခု မဟုတ်ဘူး။"
အန်လင်းမှာ ယခုအချိန်တွင် ဝင်ပါသင့်ကြောင်း ဆုံးဖြတ်လိုက်သည်။
၎င်းတို့နှစ်ဖက်လုံးသည် တစ်ဦးကိုတစ်ဦး ထောင်ချောက်ဆင်နိုင်ခဲ့သည်ဟု ထင်နေခဲ့သည် မဟုတ်ပါလော။
ထိုအချိန်မှာပင် အဝေးမှ ရယ်မောသံတစ်ခု ထွက်လာလေသည်။
"ဟားဟားဟား...... ချန်ပိုင်တောင်ရဲ့ ဇွန်ဘီနတ်ဘုရားမ ဒီနေ့က မင်းရဲ့သေနေ့ပဲ။"
ကောင်းကင်ထက်မှ သန့်စင်သော ယန်စွမ်းအင်များ ရွှေရောင်အလင်းအဖြစ် ကျဆင်းလာသောကြောင့် ဇွန်ဘီနတ်ဘုရားမ၏ မြူခိုးနက်များ အရည်ပျော်ကျသွားရသည်။
ဝုန်း.......
မျက်ခုံးထူထူနှင့် တာအိုသခင်တစ်ဦး ဆင်းသက်လာသည်။
ဇွန်ဘီနတ်ဘုရားမ မျက်နှာတစ်ခုလုံး ဖြူရော်သွားသည်။
"ဟွားနိုင်ငံရဲ့ နံပါတ်တစ် ကျင့်ကြံသူ ရှန့်ချင်ဂိုဏ်းချုပ် ရော်မု....."
"အလှလေးကတောင် ငါ့ကိုသိနေပါလား။"
ရော်မုမှာ စိတ်ကျေနပ်သွားသည်။
အန်လင်းမှာ ကြောင်တောင်တောင် ဖြစ်သွားလေသည်။
သောက်ကျိုးနည်း..... ဒါကြီးက မပြီးတော့ဘူးလားဟ....
"နင်က ဟင်းလင်းပြင်သို့အပြန် အဆင့်ကို ပထမဆုံး ရောက်သွားတဲ့သူပဲ။ မသိစရာလား။ ဒါပေမယ့် အားနည်းတဲ့ မိန်းမသားတစ်ယောက်ကို လာအနိုင်ကျင့်မယ်လို့ မထင်ထားခဲ့ဘူး။"
ဇွန်ဘီနတ်ဘုရားမမှာ နာကျင်နေဟန် ရှိသည်။
ရော်မု နှာခေါင်းရှုံ့လိုက်သည်။
"ဇွန်ဘီနတ်ဘုရားမ မင်းက ချန်ပိုင်တောင်ကို ဖျက်စီးနေတာပဲ။ အခုက အဲ့အတွက် ပြန်ပေးဆပ်ရမယ့် အချိန်ပဲ။"
ဇွန်ဘီနတ်ဘုရားမ အမူအရာ ပြောင်းလဲသွားသည်။
"စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အဆင့်ကို ရောက်တည်းက မဖြစ်မနေ ကိစ္စမျိုးကလွဲရင် ငါလူမသတ်ခဲ့ဘူး။ ငါက ဇွန်ဘီကောင်းတစ်ယောက်ပဲ။"
ရော်မုမှာ မည်သည့်စကားမှ မဆိုတော့ပဲ ဇွန်ဘီနတ်ဘုရားမအား တိုက်ခိုက်လာသည်။
"ရွှေအလင်းဖျက်စီးခြင်းချိပ်စည်း...."
ဝုန်း.....
ရွှေရောင်အလင်းများ ဇွန်ဘီနတ်ဘုရားမထံ ပျံဝဲသွားသည်။
ဇွန်ဘီနတ်ဘုရားမမှာ အကာအရံများ အထပ်ထပ် ဖန်တီးလိုက်သည်။
ဝုန်း.....
ဝုန်း......
ဝုန်း.......
ရွှေရောင်အလင်းများသည် ရေခဲအကာအရံများအား ဖျက်စီးကာ ဇွန်ဘီနတ်ဘုရားမထံ ရောက်ရှိလာသည်။
"ဖူး....."
ဇွန်ဘီနတ်ဘုရားမ သွေးအန်သွားရသည်။
သူမသည် စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း နောက်ဆုံးအဆင့် ရှိနေပါသော်လည်း ဟင်းလင်းပြင်သို့အပြန်အဆင့်နှင့် ကွာခြားမှု ရှိနေသောကြောင့် ဤတိုက်ပွဲအား နိုင်ရန်မဖြစ်နိုင်ပေ။
ထိုသည်ကို မဆိုထားနှင့် ထွက်ပြေးလွတ်မြောက်နိုင်ရန်ပင် မလွယ်ကူလှပေ။
သူမသည် အခြားသူများအား ထောင်ချောက်ဆင်ခဲ့ပါသော်လည်း ရောက်ရှိလာသူမှာ ကမ္ဘာမြေ၏ အသန်မာဆုံး ကျင့်ကြံသူ ဖြစ်နေသည်။
မုဆိုးမှ သားကောင်ဘဝ ရောက်ခဲ့ရလေပြီ။
"ငါနင့်ကို သတ်ပစ်မယ်။"
ဇွန်ဘီနတ်ဘုရားမထံမှ နက်ပြာရောင် စွမ်းအင်များ ဖြာထွက်လာသည်။
တစ်ကီလိုမီတာ အတွင်းရှိ သစ်ပင်များပါမကျန် အေးခဲတောင့်တင်းကုန်လေသည်။
ရော်မုသည် ထိုအေးခဲမှုအား ဂရုပင်မစိုက်ပဲ ဇွန်ဘီနတ်ဘုရားမထံ လျှောက်လှမ်းလာသည်။
ဇွန်ဘီနတ်ဘုရားမသည် နက်ပြာရောင် စွမ်းအင်များအား လှံတစ်ချောင်း ဖြစ်ပေါ်စေလိုက်ကာ ရော်မုအား တိုက်ခိုက်လိုက်သည်။
ရော်မုသည် ရွှေရောင်တောက်ပနေသော လက်များဖြင့် ထိုလှံအား ဖမ်းဆုပ်ထားလိုက်သည်။
ဝုန်း......
လှံ၏ အေးခဲစွမ်းအင်များ ပေါက်ကွဲကာ ရော်မုသည်လည်း နောက်သို့လွင့်ထွက်သွားရသည်။
"တင်းတောင်....."
"အေးခဲမြူနှင်းတွေ အနီးမှာ ရှိနေတာကို ထောက်လှမ်းရရှိပါတယ်။ မစ်ရှင်ကို ထမ်းဆောင်ပါ။"
"ဇွန်ဘီနတ်ဘုရားမအား နှုတ်ခမ်းချင်းထိကာ အေးခဲမြူနှင်းများ စုပ်ယူပါလေ။"
"မစ်ရှင်အောင်မြင်ပါက ယင်းနတ်ဘုရားကျင့်စဥ် အဆင့်တစ်အား ရရှိပါမည်။"
"မစ်ရှင်ကျရှုံးပါက တစ်နှစ်ပတ်လုံး အေးခဲနေမည် ဖြစ်သည်။"
"မှတ်ချက် : အချိန်ကန့်သတ်ချက် ဆယ်မိနစ်သာ။ ယင်းနတ်ဘုရားကျင့်စဥ်သည် ရှားပါးအဖိုးတန်လွန်းသောကြောင့် အခွင့်အရေးအား တန်ဖိုးထားပါလေ။"
အန်လင်း ဝမ်းသာသွားသည်။
မစ်ရှင်ရောက်လာပြီပဲ.....
သူသည် မစ်ရှင်ရောက်မလာတော့မည်ကို စိုးရိမ်နေခဲ့ရသည်။
ဇွန်ဘီနတ်ဘုရားမမှ တိုက်ခိုက်မှု ပြုလုပ်ပြီးသည့်နောက် မစ်ရှင်မှာ ထပ်ပေါ်လာခဲ့သည်။
ရော်မုမှာ လက်သင်္ကေတများ ပြောင်းလဲကာ ရွှေဓားတစ်လက် ဖြစ်ပေါ်စေလိုက်သည်။
"ဒီကမ္ဘာပေါ်မှာ ငါ့ရဲ့ မိစ္ဆာသတ်ယန်ဓားကို တားနိုင်တဲ့သူ မရှိဘူး။ မင်းကိုယ်မင်း ဂုဏ်ယူသင့်တယ်။"
ဇွန်ဘီနတ်ဘုရားမ ခပ်ဖွဖွ ပြုံးလိုက်သည်။
"အချိန်ဖြုန်းမနေပါနဲ့တော့။"
သူမသည် ရှေ့ဆက်ရှင်သန်နိုင်တော့မည် မဟုတ်ကြောင်း ကောင်းစွာသိရှိနေသည်။
"သေလိုက်တော့....."
ရွှေရောင်ဓားမှာ သူမထံ ပျံဝဲလာသည်။
မိစ္ဆာသတ်ယန်ဓားတွင် သန့်စင်လွန်းသော ယန်စွမ်းအင်များ ပါဝင်နေပေသည်။
ဇွန်ဘီနတ်ဘုရားမမှာ အသက်ပြင်းပြင်း ရှူရှိုက်လိုက်သည်။
ထိုအချိန်မှာပင် အဖြူရောင် ပုံရိပ်တစ်ခုမှာ သူမရှေ့တွင် ထွက်ပေါ်လာ၏။
ဇွန်ဘီနတ်ဘုရားမ အံ့အားသင့်နေစဥ်မှာပင် ထိုပုံရိပ်မှာ ဓားအားထိုးချလိုက်သည်။
ဝုန်း.....
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ မိစ္ဆာသတ်ယန်ဓားမှာ ပျက်စီးပျောက်ကွယ်သွားတော့သည်။
ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များကြောင့် ရော်မုပါ လွင့်ထွက်သွားရလေသည်။
ရော်မု မယုံကြည်နိုင်စွာဖြင့် ထိုပုံရိပ်အား လှမ်းကြည့်လိုက်သည်။
"မင်းပဲ။"
ဇွန်ဘီနတ်ဘုရားမသည်လည်း ထိုအဖြစ်အပျက်များကြောင့် ကြောင်တောင်တောင် ဖြစ်နေမိသည်။
"ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ...."
ဇွန်ဘီနတ်ဘုရားမ အရိုအသေ ပေးလာသည်။
မည်သူမှန်း မသိပါသော်လည်း သူမအား ကယ်တင်ပေးခဲ့သောကြောင့် အသက်သခင် ကျေးဇူးရှင်ပင် ဖြစ်သည်။
ဇွန်ဘီနတ်ဘုရားမ စိတ်ကျေနပ်နေမိသည်။
ငါက သားကောင်မဟုတ်ပဲ မုဆိုးဖြစ်ပြီပေါ့....