← Chapters

နဂါးဘုရင်၏ဒေါသ

Vol. 70 Ch. 978

နဂါးဘုရင်၏ဒေါသ

Vol. 70 Ch. 978

သတင်းကြားပြီးသောအခါ အန်လင်းတို့မှာ ကမ္ဘာမြေရှိ မိသားစုဝင်များ၊ သူငယ်ချင်းများကို နှုတ်ဆက်ခဲ့ကြသည်။

"အဖေ..... နောက်တစ်ခါကြရင် ထိုက်ချူကုန်းမြေကို ခေါ်သွားမယ်နော်။"

အန်လင်း ပြုံးကာပြောလာသည်။

ကျောင်းပြီးချိန်အမှီ အဖေဖြစ်သူအား ထိုက်ချူကုန်းမြေသို့ ခေါ်သွားရန် ဆုံးဖြတ်ထားသည်။

ထိုက်ချူကုန်းမြေသည် ကမ္ဘာမြေထက်ပို၍ ကျင့်ကြံရန် သင့်တော်ပေသည်။

အန်မင်ချွန်သာ စုကျိုးအင်မော်တယ်ဂိုဏ်းသို့ ရောက်ရှိလာပါက အားလုံးမှာ ဝိုင်းဝန်းကူညီပေးကြပေလိမ့်မည်။

"အတုအယောင် တာအိုသခင် ဘုန်းတော်ကြီး..... ငါ့ကိုလည်း မမေ့နဲ့ဦး။"

ထျန်းလင်းလင်း စကားဆိုလိုက်သည်။

အန်လင်းမှာ ထျန်းလင်းလင်းအား ခေါင်းပုတ်ပေးလိုက်သည်။

"ကြိုးစားရမယ်နော်။ ငါတို့ဂိုဏ်းမှာ ဝင်ခွင့်မအောင်ရင် ရှက်စရာကြီး....."

"ဟွန့်....."

ထျန်းလင်းလင်း မျက်စောင်းထိုးလိုက်သည်။

"နင်က အတော်ဆုံး ပါရမီရှင်ကို အထင်သေးနေတာပဲ။"

အန်လင်း ခေါင်းညိတ်ပြလာသည်။

"ဟုတ်တယ်လေ။ မင်းကို အထင်မကြီးပါဘူး။"

ထျန်းလင်းလင်း : "......."

အန်လင်းထံ လက်သီးပျံများ ရောက်ရှိလာတော့သည်။

စစ်နတ်ဘုရား ခန္ဓာရှိနေသောကြောင့် အန်လင်းမှာ အယားပင် မပြေပဲ ထျန်းလင်းလင်းသာ လက်များယောင်ကိုင်းသွားရသည်။

.........

နှုတ်ဆက်မှုများ ပြီးဆုံးသွားပြီးနောက်......

အန်လင်း၊ ရွှမ်းယွမ်ချန်၊ တပိုင်နှင့် တီနာတို့မှာ ကောင်းကင်ဘုံခုံရုံးသို့ ပြန်လာခဲ့ကြသည်။

စုစည်းညီညွတ်ကျင့်ကြံခြင်းကျောင်းတော်သို့ ပြန်ရောက်လာသည်နှင့် အန်လင်းမှာ စုရှောင်လန်ထံ သွားတွေ့လေသည်။

စုရှောင်လန်မှာ ပျော်ပျော်ရွှင်ရွှင်ပင် အမြတ်ငွေများအား အန်လင်းထံ ပေးလာသည်။ သူမ၏ ဟင်းလျာများသည် စိတ်ဝိဥာဥ်ကျောက်တုံး နှစ်သိန်းကျော်ခန့် ရောင်းစျေးတွင် စျေးငြိမ်နေခဲ့သည်။

အန်လင်းမှာလည်း ဝမ်းသာသွားရလေသည်။

လက်ရှိအချိန်တွင် သူ၏ပိုင်ဆိုင်မှုမှာ စိတ်ဝိဥာဥ်ကျောက်တုံး ခြောက်ဆယ့်ခြောက်သန်း ရှိနေပြီ ဖြစ်သည်။

စုရှောင်လန်သည် ချက်ပြုတ်ခြင်းအား သဘောကျသွားသောကြောင့် ထိုတာဝန်အား လိုလိုလားလားပင် တောင်းယူလာသည်။

ပြီးမြောက်သွားသော ဟင်းလျာတစ်ခုချင်းစီမှ ထွက်ပေါ်လာသော စိတ်ဆန္ဒနယ်ပယ်များအား နှစ်သက်သွားခြင်းပင်။

အန်လင်းသည်လည်း ထိုကိစ္စနှင့်ပက်သတ်၍ ပြဿနာ မရှိပေ။

နေ့စဥ်ဘဝမှာ သာမန်အနေအထားသို့ ပြန်ရောက်လာသည်။

အန်လင်းသည်လည်း ကျောင်းပြန်တက်ဖြစ်ခဲ့သည်။

အတန်းပိုင်ဆရာ ဓားအင်မော်တယ် လင်းရှောင်မှာ အချက်အပြုတ်နှင့် အလုပ်များနေသော ထိပ်တန်းကျောင်းသား အတန်းပြန်တက်သောကြောင့် ဝမ်းသာခဲ့ရသည်။

အန်လင်းနှင့် စုရှောင်လန်သည် ကောင်းကင်ဘုံခုံရုံးတွင် နာမည်ရ စားတော်ကဲများ ဖြစ်နေပြီပင်။ မည်သို့ပင်ဆိုစေကာမူ ဓားအင်မော်တယ် လင်းရှောင်မှာ တစ်စုံတစ်ခု မှားယွင်းနေသလို ခံစားခဲ့ရသည်။

အန်လင်းနှင့် စုရှောင်လန်သည် စုစည်းညီညွတ်ကျင့်ကြံခြင်းကျောင်းတော်၏ လူအများ လေးစားရသူများ ဖြစ်သောကြောင့် အားလုံးမှာ ၎င်းတို့၏ ခြေလှမ်းများအတိုင်း လိုက်လျှောက်ကြသည်။ ထို့ကြောင့် ကျောင်းသားကျောင်းသူများသည် ကြိုးကြိုးစားစား ကျင့်ကြံရမည့်အစား ချက်ပြုတ်ခြင်းများကို စတင်ပြုလုပ်လာကြသည်။

ထိုသည်မှာ ကြီးမားသော ပြဿနာတစ်ခုပင်။

သို့သော် အန်လင်း ကျောင်းပြန်တက်သောအခါ ပြဿနာများလည်း ငြိမ်းအေးသွားသည်။

"အန်လင်းတောင် ကျောင်းပြန်တက်နေပြီ။ မင်းတို့က ဘာလုပ်ဦးမလို့လဲ။"

ဆရာ၊ ဆရာမများသည် အန်လင်း နာမည်အားသုံးကာ ကျောင်းသားများအား ပြန်လည်မြူဆွယ်ခဲ့ကြသည်။

ထိုအချက်သည် အလုပ်ဖြစ်ခဲ့ပြီး ကျောင်းသားများမှာ ပြန်လည်တက်ကြွလာကြသည်။

အန်လင်းသည် အားလုံး၏ အတုယူစရာ ဖြစ်နေသည် မဟုတ်လော။

သူသည် အဆိုးဆုံး ကျောင်းသား ဖြစ်ခဲ့ဖူးပါသော်လည်း နောက်ပိုင်းတွင် အစစအရာရာ အမှတ်ပြည့် ရနေခဲ့သည်။

အန်လင်းမှာ စာမေးပွဲစာရွက်များအားကြည့်ကာ စိတ်ကျေနပ်သွားသည်။

မဆိုးဘူးပဲ......

မသိလိုက်ခင်မှာပင် လဝက်ခန့် အချိန်မှာ ကုန်ဆုံးသွားလေပြီ။

တစ်နေ့တွင် စုကျိုးအင်မော်တယ်ဂိုဏ်းထံမှ သတင်းတစ်ခု ရောက်ရှိလာသည်။

"မကောင်းတော့ဘူး။ ငါတို့ရဲ့ စိတ်ဝိဥာဥ်ကျောက်တုံး ရှာဖွေရေးအဖွဲ့က ဘောပျံမျိုးနွယ်စု ပိုင်နက်မှာ အရှေ့ပင်လယ် နဂါးမင်းပိုင်နက်က သူတွေနဲ့ ပြဿနာ တက်နေပြီ။"

လျှိုချင်းဟွမ် စကားဆိုလာသည်။

ဘောပျံမျိုးနွယ်စုသည် ကိုးပြည်ထောင်၏ အရှေ့ပိုင်းတွင် တည်ရှိသည်။

"ပြဿနာ တက်ရုံလေးပဲမလား။ အဆင်ပြေသွားမှာပါ။"

အန်လင်းမှာ များများစားစား မတွေးပေ။

"ဒါပေမယ့် ရှောင်ဇယ်က နဂါးဘုရင်ရဲ့ သားတော်တစ်ပါးကို သတ်လိုက်ပြီ။"

လျှိုချင်းဟွမ် ပြာပြာသလဲ ဖြစ်နေသည်။

အန်လင်း အသက်ရှူသံများပင် မြန်သွားရသည်။

"ဘယ်နဂါးဘုရင်လဲ။"

လျှိုချင်းဟွမ် တုံ့ပြန်လာသည်။

"အရှေ့ပင်လယ် နဂါးမင်းပိုင်နက်က နဂါးဘုရင်ပေါ့ဟဲ့။"

အန်လင်း ထိတ်လန့်သွားမိသည်။

"ဘာတွေဖြစ်ခဲ့တာလဲ။"

လျှိုချင်းဟွမ်မှာ ပြဿနာ အသေးစိတ်အား ရှင်းပြလိုက်သည်။

"စိတ်ဝိဥာဥ်ကျောက်တုံး ရှာဖွေရေးအဖွဲ့က ဘောပျံမျိုးနွယ်စု ပိုင်နက်မှာ စိတ်ဝိဥာဥ်ကျောက်တုံး မိုင်းတွင်းကြီးတစ်ခု တွေ့ပေမယ့် သတင်းပျံ့သွားတယ်။ ငါတို့ အဖွဲ့က အမှတ်အသား မလုပ်နိုင်သေးခင် အရှေ့ပင်လယ် နဂါးမင်းပိုင်နက်က သူတွေရောက်လာပြီး သူတို့အပိုင်အဖြစ် ကြေညာဖို့လုပ်တယ်လေ။"

"ငါတို့အဖွဲ့သားတွေက သတင်းလာပို့တော့ ရှောင်ဇယ်က ချက်ချင်းလိုက်သွားတယ်။ မိုင်းတွင်းကကြီးတော့ ငါတို့ကလည်း အလျှော့မပေးချင်ဘူး။"

"နဂါးဘုရင်ရဲ့ ဒုတိယသားတော် အော့ရှူးယွီလည်း ရောက်လာတော့ ရှောင်ဇယ်နဲ့ တိုက်ခိုက်ကြတာပေါ့။ ဒါပေမယ့် အဲ့ကောင်က အားနည်းလွန်းတော့ ရှောင်ဇယ် တစ်ချက်ချတာ သေရော။"

အန်လင်း : "......"

သောက်ကျိုးနည်း.... နဂါးဘုရင်ရဲ့ သားတော်ကို အဲ့လိုနဲ့ သတ်ပစ်လိုက်တာလား......

ဒင်းကလည်း ဟင်းလင်းပြင်သို့အပြန် အဆင့်ဖြစ်နေပြီး အဲ့လောက်ညံ့ရလား.....

အန်လင်း အနည်းငယ် တွေးကြည့်လ်ုက်သည်။

နဂါးဘုရင်ထံတွင် သားတော်၊ သမီးတော်များ များပြားလွန်းလှ၏။

အော့ရှူးယွီသည် ပါရမီ မကောင်းပါသော်လည်း ကံကောင်းလွန်း၍သာ ဟင်းလင်းပြင်သို့အပြန် အဆင့်သို့ ရောက်ရှိလာခြင်း ဖြစ်ပေလိမ့်မည်။

ထို့ကြောင့်ပင် ရှောင်ဇယ်၏ တိုက်ကွက်တစ်ကွက်ကိုပင် ခံနိုင်ရည် မရှိသည်မှာ အဓိပ္ပါယ် ရှိပေသည်။

မည်သို့ပင်ဆိုစေကာမူ နဂါးဘုရင်သည် ထိုကိစ္စအား လွယ်လင့်တကူ လက်လွှတ်ပေးလိမ့်မည် မဟုတ်ပေ။

ကျင့်ကြံရေးလောကသည် ပြဿနာများ ပြည့်နှက်နေပြီး အဆင့်အတန်းမြင့်သူများမှ ကိစ္စများမှာ ထင်သလောက် မရိုးရှင်းပေ။ မတော်တဆတစ်ခု ဖြစ်ပါသော်လည်း စကားပြောရုံဖြင့် ပြေလည်သွားနိုင်ခြေ မရှိပေ။

"နာလေးနဲ့ ထျန်းလေး ငါနဲ့လိုက်ခဲ့။"

အန်လင်းမှာ တီနာနှင့် ရွှယ်ကျန်ထျန်းအား ခေါ်ဆောင်သွားလိုက်သည်။

"အစ်မကြီး လျှိုချင်းဟွမ်..... အရှေ့ပင်လယ် နဂါးမင်းပိုင်နက်က တစ်ခုခု ထုတ်ပြန်ထားသေးလား။"

အန်လင်း မေးကြည့်လိုက်သည်။

လျှိုချင်းဟွမ် တုံ့ပြန်လာသည်။

"မဖြစ်နိုင်တာတွေ တောင်းဆိုထားတာ..."

"ငါတို့ဂိုဏ်းက ကောင်းကင်ဘုံခုံရုံး ကျောထောက်နောက်ခံ ရှိနေတော့ ရှောင်ဇယ် အသက်ကို ပြန်မတောင်းတော့ဘူးတဲ့။ အဲ့အစား ရှောင်ဇယ်က အရှေ့ပင်လယ် နဂါးမင်းပိုင်နက်မှာ ထာဝရ ကျွန်ခံရမယ်လို့ပြောတယ်။"

"ပြီးတော့ ဘောပျံမျိုးနွယ်စု ပိုင်နက်က စိတ်ဝိဥာဥ်ကျောက်တုံး မိုင်းတွင်းကနေလည်း နောက်ဆုတ်ပေးရမယ်တဲ့။ ရှောင်ဇယ်ကို သူတို့ခွေး ဖြစ်စေချင်တဲ့အပြင် မိုင်းတွင်းပါ လာတောင်းနေသေးတယ်။"

လျှိုချင်းဟွမ် ဒေါသထွက်နေသည်။

အန်လင်းလည်း မျက်နှာပျက်သွားသည်။

ရှောင်ဇယ်ကို ကျွန်ခံခိုင်းမယ်ပေါ့လေ.....

သူ့ဆရာက ဘယ်သူလဲ မသိဘူးလား......

All Chapters