← Chapters

အရှေ့ပင်လယ် နဂါးဘုရင်အား တိုက်ခိုက်ခြင်း

Vol. 70 Ch. 980

အရှေ့ပင်လယ် နဂါးဘုရင်အား တိုက်ခိုက်ခြင်း

Vol. 70 Ch. 980

အော့မန်မှာ အမူအရာ ပြောင်းလဲသွားရသည်။

"မင်းက ငါပြောတာကို လက်မခံဘူးပေါ့။"

၎င်း၏စကားသံမှာ မိုးခြိမ်းသံအလားပင်။

အန်လင်းမှာ မိစ္ဆာရှင်းဓားအား ဆွဲထုတ်လိုက်သည်။

"ခင်ဗျားနဲ့ မတန်ဘူးလို့ ပြောသားပဲ။"

သူသည် အခြားသူပြောတိုင်း လက်ခံမည့်သူမျိုး မဟုတ်ပေ။

"ကျွန်တော်လည်း ဆရာနဲ့ တူတူတိုက်မယ်။"

ရှောင်ဇယ်မှာ ခက်ထန်သော အမူအရာနှင့် အန်လင်းဘေးသို့ ရောက်ရှိလာသည်။

တီနာနှင့် ရွှယ်ကျန်ထျန်းပါ တိုက်ခိုက်ရန် အသင့်ပြင်လိုက်ကြသည်။

"ဟင်းလင်းပြင်သို့အပြန် အဆင့်လေး နည်းနည်းလောက်နဲ့ ငါ့ကိုတိုက်နိုင်မယ် ထင်နေတာလား။"

"အံ့ဖွယ်တာအို ရထားတဲ့ ဟင်းလင်းပြင်သို့အပြန်အဆင့်နဲ့ မရသေးတဲ့ သူတွေကြားမှာ ဘယ်လောက်တောင် ကွာခြားတယ်ဆိုတာ မင်းတို့သိအောင် ပြရသေးတာပေါ့။ ဟင်းလင်းပြင်သို့အပြန်အဆင့် ဆယ်ယောက်ရှိရင်တောင် ဘာမှထူးမှာ မဟုတ်ဘူး။"

အော့မန်ထံမှ ကြောက်မက်ဖွယ် အံ့ဖွယ်တာအိုများနှင့်အတူ ခရမ်းရောင် လျှပ်စီးများ ဖြာထွက်လာကာ လျှပ်စီးမုန်တိုင်းကြီးတစ်ခု ဖြစ်ပေါ်လာပြီးနောက် အန်လင်းထံ ပျံဝဲသွားသည်။

၎င်းသည် အန်လင်းအား သတ်ဖြတ်ရန် ရည်ရွယ်ထားကြောင်း သိသာလွန်းလှသည်။

အန်လင်းမှာ မျက်နှာတစ်ချက် ပျက်မသွားပဲ လက်နှစ်ဖက်အား ကျောဘက်တွင် ယှက်သန်းထားလေသည်။ လျှပ်စီးမုန်တိုင်းကြီးမှာ ရုတ်ချည်းဆိုသလို ပိုမိုအားကောင်းလာကာ အော့မန်ဘက်သို့ ဦးတည်ရာ ပြောင်းသွားသည်။

"ဘာ......"

အော့မန် ထိတ်လန့်သွားပါသော်လည်း ချက်ချင်းပင် အကာအရံတစ်ခု ဖန်ဆင်းလိုက်သည်။

"အံ့ဖွယ်လျှပ်စီးအကာအရံ...."

သို့သော် ထိုအကာအရံပါ ပေါက်ကွဲသွားရသည်။

ဝုန်း... ဝုန်း..... ဝုန်း.....

အံ့ဖွယ်တာအို ပါဝင်သော ခရမ်းရောင် လျှပ်စီးများမှာ ပြင်းပြင်းထန်ထန်ပင် တဝုန်းဝုန်း ပေါက်ကွဲတော့၏။

အော့မန်၏ အော်ဟစ်သံများမှာ ကောင်းကင်နှင့်မြေပြင်တခွင် ပဲ့တင်ထပ်နေသည်။

စုကျိုးအင်မော်တယ်ဂိုဏ်းချုပ်အား နဂါးဘုရင်မှ အမှောက်သိပ်မည့် အချိန်ကို စောင့်နေကြသော နဂါးမျိုးနွယ်စု ကျင့်ကြံသူများမှာ ကြောင်တောင်တောင် ဖြစ်ကုန်ကြသည်။

ဘာတွေဖြစ်နေတာလဲ.......

တစ်ဖက်တွင်မူ စုကျိုးအင်မော်တယ်ဂိုဏ်းသားများမှာ စိတ်အားတက်ကြွလာကြ၏။

အော့မန်သည် ခရမ်းရောင် လျှပ်စီးများအား ထုတ်လိုက်ချိန်မှစ၍ ရှောင်ဇယ်တို့မှာ စိတ်ပင်မပူကြတော့ပေ။

ဖုန်မှုန့်များ ဖြည်းညင်းစွာ ဖယ်ခွာသွားသည်။

အော့မန်နှာ အဝတ်အစားများ ဆုတ်ပြဲကာ အရေပြားများ မည်းတူးနေပြီး အသက်ကိုပင် အသည်းအသန် ရှူနေရသည်။

"ဟားဟား..... မိုးကြိုးကပ်ဘေး အရှင်သခင်ဆိုတဲ့ မင်းရဲ့ဘွဲ့ကို မေ့သွားတယ်။ မိုးကြိုးကပ်ဘေးကိုတောင် ထိန်းချုပ်နိုင်မှတော့ ငါ့ရဲ့လျှပ်စီးကိုလည်း အသာလေး ကိုင်တွယ်နိုင်မှာပဲ။ အဲ့ဒါမပါလည်း မင်းကိုသတ်နိုင်ပါတယ်။"

အော့မန်၏ ဟိန်းဟောက်သံနှင့်အတူ အဖြူရောင် မြူခိုးများမှာ ကီလိုမီတာ များစွာတိုင် ဖုံးလွှမ်းသွားသည်။ ထို့နောက် ကြောက်မက်ဖွယ် ရေနဂါးများ ဖြစ်ပေါ်လာကာ အန်လင်းအား အစွယ်တပြပြ လုပ်နေလေသည်။

"စုကျိုးအင်မော်တယ်ဂိုဏ်းသားတွေကို ကာကွယ်ကြ။ ငါအကူအညီ မလိုသေးဘူး။"

အန်လင်း စကားဆိုလိုက်သည်။

"ဆရာတိုက်ရမှာ ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့် နဂါးဘုရင်နော်။"

ရှောင်ဇယ် စိုးရိမ်နေမိသည်။

"မင်းက ဆရာကို မယုံတာလား။"

အန်လင်း ပြုံးကာပြောလာသည်။

ရှောင်ဇယ်မှာ မည်သည့်စကားမှ ထပ်မပြောတော့ပေ။

"မင်းဂရုစိုက်ရမယ့် ဟင်းလင်းပြင်သို့အပြန်အဆင့် နဂါးနှစ်ကောင် ရှိသေးတယ်။"

အန်လင်း စကားဆိုလာသည်။

"နဂါးဘုရင်ကတော့ ငါတစ်ယောက်ထဲ ဖြစ်ပါတယ်။"

"ဝေါင်း....."

အပြာရောင် ရေနဂါးများမှာ အန်လင်းထံ အရှိန်အဟုန်ဖြင့် ပျံဝဲလာသည်။

အန်လင်းမှာ ၎င်းတို့အား ထိပ်တိုက်တွေ့ဆုံရန် ကောင်းကင်ပေါ် ခုန်တက်သွားလေသည်။

သူ၏ခန္ဓာကိုယ်သည် ရေနဂါးများနှင့် ယှဥ်ပါက သေးလွန်းနေသောကြောင့် သမုဒ္ဒရာကြီးအား ရင်ဆိုင်နေရသလိုပင်။

"ငါ့အတွက်တော့ စပျော့ပဲ။"

အော့မန် ခပ်ဖွဖွ ပြုံးလိုက်သည်။

အပြာရောင် ရေနဂါးများတွင် အော့မန်၏ အံ့ဖွယ်တာအို အစွမ်းများ ပါဝင်နေသည်။

ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့် တစ်ဦးသည်ပင် ထိုသို့တိုက်ခိုက်ခံရပါက ထိခိုက်သွားလောက်၏။

အန်လင်း၏ စစ်နတ်ဘုရား ခန္ဓာတွင် ဒဏ်ရာဒဏ်ချက်အချို့ ပေါ်လာပါသော်လည်း အန်လင်းမှာ အမူအရာ ပြောင်းလဲမသွားပေ။ တဖြည်းဖြည်းနှင့် သူ၏အသားအရေမှာ ရွှေရောင်အဖြစ် ပြောင်းလဲလာလေသည်။

"အမ်...."

အော့မန်မှာ တစ်စုံတစ်ခု မှားယွင်းနေသလို ခံစားလိုက်ရသည်။

အန်လင်း၏ ခန္ဓာကိုယ်ထံမှ နေသစ်တစ်စင်း ထွက်ပေါ်လာသလို ထင်မှတ်ရလေသည်။

ဝုန်း......

သမုဒ္ဒရာအတွင်း ကြောက်မက်ဖွယ် ပေါက်ကွဲမှုတစ်ခု ဖြစ်သွားသည်။

အကန့်အသတ်မဲ့သော မီးတောက်များမှာ နေရာအနှံ့ ပျံ့နှံ့ကုန်သည်။

ရေနဂါးများမှာလည်း ပူပြင်းလှသော အပူချိန်နှင့်အတူ ပွက်ပွက်ဆူကုန်တော့သည်။

"ဒါက....."

အော့မန် မျက်မှောင်ကျုံ့လိုက်မိသည်။

အန်လင်း၏ ခန္ဓာကိုယ်အား အံ့ဖွယ်မီးတောက်များနှင့် မြင့်မြတ်မီးတောက်တို့မှ ဝန်းရံထားသောကြောင့် နီရဲတောက်နေလေပြီ။

အရေးအကြီးဆုံးမှာ အန်လင်း၏ အရှိန်အဝါသည် ကြောက်မက်ဖွယ် ကောင်းလောက်အောင် ထိုးတက်လာခြင်းပင်။

အန်လင်း ပါးစပ်ဟကာ မီးမှုတ်လိုက်သည်။

ထိုသည်မှာ တောင်ပိုင်းကောင်းကင်တောင်ပံနိုင်ငံတော်၏ အမတနေနတ်ဘုရားထံမှ ရရှိထားသော အမွေအနှစ်ပင်။

သူ၏မီးတောက်စွမ်းအင်များကြောင့် အစစ်အမှန် မီးနတ်ဘုရားအသွင်အား ရရှိနိုင်ခဲ့သည်။

"အံ့ဖွယ်မီးတောက် ခြောက်ခုနဲ့ မြင့်မြတ်မီးတောက် တစ်ခုကို ပေါင်းလိုက်ရင်ရော ဘယ်လိုဖြစ်လာမလဲ။"

အန်လင်း ခပ်ဖွဖွပြုံးကာ လျင်မြန်စွာ ပျံသန်းသွားသည်။

အော့မန်သည် လက်ဝါးပုံရိပ်တစ်ခုဖြင့် အန်လင်းအား တိုက်ခိုက်လိုက်သည်။

အန်လင်းမှာလည်း လက်ဝါးဖြင့် ပြန်ရိုက်ချလိုက်သည်။

ဝုန်း......

ပေါက်ကွဲမှုများနှင့်အတူ စွမ်းအင်လှိုင်းဂယက်များမှာ ကီလိုမီတာ များစွာတိုင် ရောက်ရှိသွားသည်။

အော့မန်၏ အပြာရောင် လက်ဝါးကြီးတွင်လည်း အပေါက်တစ်ခု ဖြစ်သွားရလေသည်။

အော့မန်မှာ ထိုမြင်ကွင်းအားကြည့်ကာ မယုံကြည်နိုင် ဖြစ်နေမိသည်။

ထိုအချိန်မှာပင် အန်လင်းမှာ အော့မန်ရှေ့သို့ ရောက်ရှိလာသည်။

အန်လင်းသည် လျှပ်စီးအလား လျင်မြန်လှသော အရှိန်ဖြင့် လက်သီးတစ်လုံး ထိုးချလိုက်သည်။

ဘန်း.....

အန်လင်းသည် မီးတောက်ခုနစ်သွယ်လုံးအား ခန္ဓာကိုယ်နှင့် ပေါင်းစည်းထားခြင်း ဖြစ်သောကြောင့် ထိုထိုးနှက်ချက်မှာ ထိတ်လန့်ချင်စဖွယ် ကောင်းလှသည်။

ခရက်.....

အရိုးကျိုးသံများ တမုဟုတ်ချင်း ထွက်ပေါ်လာသည်။

အော့မန် မျက်လုံးပြူးကာ သွေးအန်လျက် လွင့်ထွက်သွားရလေသည်။

"ခမည်းတော်...."

အော့မင်ယွီ အံ့အားသင့်သွားသည်။

သူလှုပ်ရှားတော့မည့် အချိန်မှာပင် အရှိန်အဝါ သုံးခုကို ခံစားလိုက်ရသည်။

"မင်းတိုက်ချင်ရင် ငါတို့က အဖော်လုပ်ပေးမှာပေါ့။"

ရှောင်ဇယ် ပြုံးကာပြောလာသည်။

"အော့ရှူးယွီထက်တော့ သောက်သုံးကျပေါ့ကွာ။ တစ်ချက်တည်းနဲ့ မသေသွားနဲ့။"

အော့မင်ယွီ : "......."

လျှပ်စီးစွမ်းအင် မသုံးပါသော်လည်း အော့မန်သည် အန်လင်းကြောင့် လွင့်ထွက်သွားရလိမ့်ဦးမည်ဟု ထင်မှတ်မထားခဲ့ပေ။ ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့် ဖြစ်နေပါလျက် အန်လင်းအား ယှဥ်မတိုက်နိုင်ခြင်းပေလော။

အန်လင်းမှာ အော့မန်ထံ ပျံဝဲသွားပြန်သည်။

"ဝေါင်း.... ငါမင်းကို သတ်ပစ်မယ်။"

အော့မန်မှာ မိုးပြာရောင် ကြေးခွံများ ထွက်လာပြီး သူ၏လက်များမှာလည်း နဂါးလက်အဖြစ် ပြောင်းလဲသွားသည်။

"ကြိုးစားကြည့်ပေါ့။"

အန်လင်း တုံ့ပြန်လိုက်သည်။

သူသည် မီးတောက်များနှင့်အတူ ပျံသန်းသွားကာ ပိုမိုကြောက်မက်ဖွယ်ကောင်းသော လက်သီးတစ်လုံးကို ပစ်သွင်းလိုက်သည်။

အော့မန်မှာ နဂါးလက်သည်းများဖြင့် ခုခံလာသည်။

ဝုန်း.....

ကျယ်လောင်လှသော အသံကြီး ထွက်ပေါ်ကာ စွမ်းအင်လှိုင်းဂယက်များ ဖုံးလွှမ်းသွားပြန်သည်။

အော့မန်သည် ပြင်းထန်လှသော ခွန်အားတစ်ခု ခန္ဓာကိုယ်ထဲ ဝင်ရောက်လာသည်ကို ခံစားလိုက်ရသည်။

သူသည် လွင့်ထွက်သွားမည် စိုးသောကြောင့် မြေပြင်အား ခိုင်ခိုင်မာမာ ခြေကုပ်ယူထားရသည်။

မြေပြင်တွင် ချောက်ကြီးတစ်ခုပင် ဖြစ်ပေါ်လာလေသည်။

ထို့နောက် အန်လင်း၏ ထိုးနှက်ချက်မှ ဖိအားများ ပျောက်ကွယ်သွားသည်။

အော့မန် အသက်ရှူခွင့် မရသေးခင်မှာပင် အန်လင်းမှာ လက်သီးတစ်လုံး ထပ်မံထုတ်လိုက်သည်။

နောက်ထပ်လား.........

အော့မန်သည် အလွန်အမင်း ဒေါသထွက်ကာ အန်လင်းအား လျင်မြန်စွာ ခုခံတိုက်ခိုက်လိုက်သည်။

သူသည် ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့် စွမ်းအင်များဖြင့် အန်လင်းအား တိုက်ခိုက်လိုက်ပါသော်လည်း အန်လင်း၏ခန္ဓာကိုယ်တွင် ခြစ်ရာကလေးမျှပင် မထင်ခဲ့ပေ။

အော့မန်မှာ သန်မာလှသော အန်လင်းခန္ဓာကြောင့် မယုံကြည်နိုင် ဖြစ်သွားရသည်။

"ချိုးဖျက်စမ်း....."

အော့မန်မှာ အံ့ဖွယ်တာအို အစွမ်းများပါ ထည့်သွင်းလိုက်လေသည်။

အန်လင်း၏ ခန္ဓာကိုယ်မှ သွေးများစီးကျလာသည်။

တစ်ချိန်တည်းမှာပင် အော့မန်မှာလည်း လက်သီးစာမိကာ အတွင်းကလီစာများ ပျက်စီးသွားသလို ခံစားလိုက်ရသည်။

အော့မန် သွေးပွက်ပွက်အန်ကာ လွင့်ထွက်သွားလေသည်။

အန်လင်းမှာလည်း အံ့ဖွယ်တာအို အစွမ်းကြောင့် နာကျင်စွာ နောက်ဆုတ်လိုက်ရသည်။

သို့သော် ရယ်ရယ်မောမောနှင့်ပင် အော့မန်ထံ ပြေးဝင်သွားပြန်သည်။

အော့မန်မှာလည်း ရူးသွပ်နေဟန်ဖြင့် အန်လင်းထံ ဦးတည်လာတော့သည်။

All Chapters