မှော်ရတနာကို ထုလုပ်ခြင်း
Vol. 71 Ch. 980
သူတို့တွေ ရစ်ပတ်လေ တောအုပ်ထဲ ရောက်သွားသည်နှင့် မိုဝူကျိက သူ့နားနောက်ဘက် လေသံကို ကြားလိုက်ရသည်။ သူ့စိတ်စွမ်းအားကို ဖြန့်ကျက်လိုက်သည့်အခါ သူတို့ကို လေပွေများ ဝန်းရံထားကြောင်း တွေ့လိုက်ရ၏။ သို့သော်လည်း ဤနေရာမှာ ချီပင်း ပြောထားသည့်အတိုင်း နတ်ဝိညာဉ်စွမ်းအား ကြွယ်ဝလှသည်။
“ ဒီနေရာက နတ်ဝိညာဉ်စွမ်းအား ကြွယ်ဝတယ်ဆိုပေမဲ့ လေပွေတွေကြောင့် ကျင့်ကြံရေးအတွက် မသင့်တော်ဘူးလေ။ ပြီးတော့ ငါတို့ရဲ့ စိတ်စွမ်းအားအပေါ်လည်း သက်ရောက်မှု ရှိလာနိုင်တယ်။ တကယ်လို့ နတ်သားရဲသာ ငါတို့ကို တွေ့သွားခဲ့ရင် ထွက်သွားနိုင်ဖို့ ခက်ခဲလိမ့်မယ် ” ချီပင်းက ရှင်းပြလိုက်သည်။
မိုဝူကျိက စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်း ရှိသောကြောင့် စိတ်ထဲ မထားပေ။ သူ့စိတ်စွမ်းအားအပေါ် သက်ရောက်မှု ရှိသော်လည်း အန္တရာယ်ကို အာရုံမခံစားမိသည့်အထိ လျော့ကျသွားခြင်း မဟုတ်ပေ။ ထို့အပြင် သူ့လေလွတ်မြောက်ရေး နည်းစနစ်မှာ ဤသို့နေရာမျိုး၌ အတော်လေး အသုံးဝင်ပေသည်။
ချီပင်းက ရစ်ပတ်လေ တောအုပ်ဆီ အကြိမ်များစွာ လာဖူးသောကြောင့် ပတ်ဝန်းကျင်နှင့် အတော်လေး သဟဇာတ ဖြစ်နေသည်။ သူမက မိုဝူကျိနှင့် ချီချွမ်းတို့အား တောအုပ်တစ်လျှောက် ခေါ်ဆောင်လာ၏။ နှစ်ရက်တာ သွားလာပြီးနောက် သူတို့က သာမာန်နှင့် တူသည့် နေရာတစ်ခုသို့ ရောက်ရှိလာကြသည်။
“ ဒီနေရာလား ” မိုဝူကျိက ဘေးပတ်လည်ကို မရေမရာ ကြည့်လိုက်ရင်း မေးခွန်းထုတ်လိုက်၏။ သူက အဆင့် ၄ နတ်ဘုရား အစီအရင်ဆရာတစ်ယောက် ဖြစ်သော်လည်း ဤနေရာရှိ သဘာဝ ဖုံးကွယ်ရေး အစီအရင်မျိုးကို သတိမပြုမိပေ။
ချီပင်းက အသာ ရယ်မောလိုက်ပြီးနောက် အစီအရင်အလံတစ်ခု ပစ်လွှတ်လိုက်သည်။ မိုဝူကျိ ရှေ့မှောက် ခပ်ဖျော့ဖျော့ သင်္ကေတတချို့ ပေါ်လာသည်။
“ ငါ ဒီနေရာကို ကံကောင်းပြီး တွေ့သွားတာ … ငါ့ရဲ့ အစီအရင်အလံ မပါရင် ဘယ်သူမှ ဒီနေရာကို ရှာတွေ့မှာ မဟုတ်ဘူး။ အရင်တုန်းက ငါ နတ်ဘုရားဘုရင်တစ်ယောက်ကို ရန်စမိခဲ့တယ်လေ။ အဲဒါနဲ့ ဒီနေရာမှာ လာနေနေရတာ …. ဒီနေရာမှာ နတ်ဘုရားအုပ်စိုးသူအဆင့်ကနေ လောကနတ်ဘုရားအဆင့်အထိ တက်လှမ်းနိုင်ခဲ့တယ်။ အဲဒီနောက်ကျ ဒီမှာပဲ နှစ်ပေါင်း တစ်သိန်းလောက် ဆက်တိုက် ကျင့်ကြံခဲ့တယ်။ ငါ လေ့ကျင့်ပြီးတော့ ထွက်လာတဲ့အခါကျ အဲဒီနတ်ဘုရားဘုရင်က ငါ့တည်ရှိမှုကို မေ့သွားပြီ။ လာလာ … ငါ့နောက် လိုက်ခဲ့ ” ချီပင်းက သင်္ကေတထဲ ဝင်ရင်း ပြောလိုက်သည်။
အားလုံး ဝင်ပြီးနောက် ချီပင်းက လက်ဝှေ့ကာ အစီအရင်အလံအား ပြန်လည် သိမ်းဆည်းလိုက်သည်။
မိုဝူကျိက သူ့ရှေ့တွင် ရှိနေသည့် မြင်ကွင်းကို ကြည့်ကာ အံ့အားသင့်သွားသည်။ စိတ်ကူးယဉ်ဆန်ဆန် လျိူတစ်ခု ဖြစ်နေ၏။ နတ်ဝိညာဉ်စွမ်းအားများက လျိုတစ်လျှောက် ပြည့်နှက်နေပြီး အထဲ၌ မြစ်အသေးလေး တစ်စင်းပါ ရှိနေသည်။ အဆင့်နိမ့် သားရဲတစ်ချို့က သူတို့ ဝင်လာသည်ကို မြင်သော်လည်း မိုဝူကျိတို့အား အရမ်းကြောက်ရွံ့နေဟန် မပေါ်ပေ။
ထိုအရာက မိုဝူကျိအား ကျင့်ကြံရေးလောကမှ နေရာတစ်ခုကို သတိရသွားစေသည်။ ထိုနေရာကို မိုရှင်းထောင်၊ ဒေါ်လေးဆယ့်တစ်နှင့် ကျင်းလန်ပေးတို့ တွေ့ရှိထားသော နေရာတစ်ခု ဖြစ်ပြီး မြင်ကွင်းမှ လုံးဝ ဖုံးကွယ်ထားလေ၏။ ထို့နောက် သူက ကျင်းလန်ပေးကို ကယ်ဆယ်ပြီးနောက် မိုရှင်းထောင်တို့အား ရှာရန် ပင်လယ်ထဲ ထွက်ခဲ့ရသည်။ သို့သော်လည်း အင်မော်တယ် အမွေအနှစ် ရရှိလိုက်သော မိုရှင်းထောင်နှင့် ဒေါ်လေးဆယ့်တစ်တို့က ပျောက်ဆုံးသွားပြီ ဖြစ်ကြောင်းသာ တွေ့လိုက်ရသည်။
သူက မိုရှင်းထောင်နှင့် ဒေါ်လေးဆယ့်တစ်တို့ မည်သို့ ဖြစ်နေသည်ကို သိချင်မိသည်။ ထို့အပြင် သိုင်းပညာရပ် ဆည်းပူးရန် ရွေးချယ်သွားသော ယွမ်ကျန်းယီလည်း ရှိသေး၏။
မိုဝူကျိက သက်ပြင်းချကာ ခံစားချက်များကို သိမ်းဆည်းထားလိုက်သည်။
“ ဝူကျိ ဒီနေရာ ဘယ်လိုလဲ ” ချီပင်းက ပြုံးကာ ပြောလိုက်၏။
မိုဝူကျိက ခေါင်းညိတ်ပြကာ “ ဒီနေရာက ကောင်းပါတယ်။ ကျင့်ကြံဖို့အတွက်တင် မကဘူး။ ဆေးလုံးဖော်စပ်ဖို့လည်း အရမ်းကို အဆင်ပြေတယ် ”
ထိုသို့ပြောပြီးနောက် မိုဝူကျိက တာ့ဟွမ်အား ခေါ်ထုတ်ကာ ချီမောင်နှမနှင့် မိတ်ဆက်ပေးလိုက်သည်။ တာ့ဟွမ်၏ ပါရမီမှာ ကောင်းကင်ဘုံ သွေဖယ်နေသော်လည်း ထာဝရကမ္ဘာ၏ စည်းမျည်းများ ကန့်သတ်ချက်ကြောင့် သူ့ကျင့်ကြံဆင့်မှာ ကနဦး နတ်ဘုရားအဆင့် ၆၌သာ ရပ်တန့်နေသေး၏။
ဤလျို့ဝှက်လျိူအတွင်း ချီပင်းက ကျင့်ကြံဖို့ သင့်တော်သည့် နေရာတစ်ခု ပြုလုပ်ထားခဲ့သည်။ မိုဝူကျိ၏ ဆေးလုံးအကူဖြင့် သာမာန်ပါရမီမျှသာ ရှိသော ချီချွမ်းက တာ့ဟွမ်နှင့် ရွိုက်ကောတို့နှင့်တူ တံခါးပိတ် လေ့ကျင့်ရန် ရွေးချယ်သွားလေသည်။
တစ်ဖက်တွင် ချီပင်းက နတ်ဘုရားဘုရင်အဆင့် တက်လှမ်းဖို့ရာ သူမ ကျင့်ကြံဆင့်အား အခြေတည်အောင် ကြိုးစားနေ၏။
ထိုစဉ် မိုဝူကျိက သူ့ဆေးမီးဖိုအား ထုတ်ကာ နတ်ကျောက်စိမ်း ဆေးလုံး ဖော်စပ်ဖို့ ပြင်ဆင်လိုက်သည်။
………………..
တစ်ချိန်တည်းဆိုသလို နိဗ္ဗာန်တာအိုမြို့ကား လူများနှင့် စည်ကားနေသည်။ မိုဝူကျိ၏ ခန့်မှန်းချက်မှာ မှန်ကန်ပေသည်။ အကယ်၍ သူသာ ယခု နိဗ္ဗာန်တာအိုမြို့သို့ သွားလျှင် နေစရာ ရှာမတွေ့ရုံသာမက ယာယီအနားယူဖို့ နေရာပင် ရှာတွေ့မည် မဟုတ်ချေ။
နိဗ္ဗာန်တာအိုမြို့ရှိ တည်းခိုဆောင်အားလုံးက ဧည့်သည့်များနှင့် ပြည့်နေလေပြီ။ ဤသို့အချိန်မျိုး၌ နတ်ဘုရားကျောက် ပေါများသည့်သူပင် နေစရာ ရှာတွေ့မည် မဟုတ်ချေ။
နိဗ္ဗာန်တာအိုမြို့၏ နယ်လှည့်ကျင့်ကြံသူ ဂုဏ်ထူးဆောင်တာအိုရင်ပြင်၌ ခြေချစရာနေရာပင် မရှိတော့ချေ။ မြောက်များစွာသော ကျင့်ကြံသူများက နိဗ္ဗာန်အသိပညာရပ်ကျောင်းတော် စစ်ဆေးမှု၌ ပါဝင်ခွင့်ရရန် ပြင်ဆင်နေကြသည်။
နှင်းစက်ကျ ကုန်သည်အိမ်တော် သုတ်သင်ခံလိုက်ရပြီးနောက် နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်က ရုတ်တရက် စစ်ဆေးမှု လိုအပ်ချက် ပြောင်းလဲလိုက်ပြီး နယ်လှည့်ကျင့်ကြံသူ အရေအတွက် ပြောင်းလဲလိုက်ပေသည်။ နောက်ကွယ်က အကြောင်းအရင်းကိုတော့ နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်မှ လွဲ၍ မသိပေ။
မူလက နယ်လှည့်ကျင့်ကြံသူများသည် တိုက်ပွဲမှ သော်လည်းကောင်း သို့မဟုတ် ဘုရင်ဂုဏ်ပုဒ် နှင့်သော်လည်းကောင်း ပြိုင်ပွဲဝင်ခွင့် ရနိုင်သည်။
သို့သော် ယခုတွင် နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်က နယ်လှည့်ကျင့်ကြံသူ အရေအတွက်အား တစ်ရာအထိ တိုးပေးလိုက်သည်။ ထို့အပြင် ထိုနေရာ တစ်နေရာစာမှာ ဘုရင်ဂုဏ်ပုဒ် ရှိသူများ မပါဝင်သေးပေ။
ဘုရင်ဂုဏ်ပုဒ် ရှိသည့် နယ်လှည့်ကျင့်ကြံသူအားလုံးက နိဗ္ဗာန်အသိပညာရပ်ကျောင်းတော် စစ်ဆေးမှုအတွက် တန်း၍ စာရင်းပေးသွင်းနိုင်သည်။ သူတို့အနေနှင့် နယ်လှည့်ကျင့်ကြံသူ အစည်းအရုံးထံ သွားစရာ မလိုတော့ချေ။
ထို့ကြောင့် နယ်လှည့်ကျင့်ကြံသူ အစည်းအရုံးသည် နေရာ တစ်ရာစာအား ကိုယ်ပိုင် အရည်အသွေးအပေါ် မူတည်၍ ခွဲဝေပေးရန် ဆုံးဖြတ်လိုက်သည်။ အကယ်၍ သူတို့က တိုက်ပွဲတွင် ကောင်းကောင်း လုပ်ဆောင်နိုင်သူ ၈၀ အား ပေးမည်ဆိုလျှင် ထိပ်ဆုံး အယောက် ၈၀ ကို ရွေးချယ်မည် ဖြစ်၏။
နိဗ္ဗာန်တာအိုမြို့၏ ဂုဏ်ထူးဆောင်မျှော်စင်မှ အကူတာအိုထဲ အဆင့် ၄ ရထားသည်ဆိုလျှင် နယ်လှည့်ကျင့်ကြံသူ အစည်းအရုံးမှ ရွေးချယ်ခံရနိုင်ခြေ ရှိ၏။
နယ်လှည့်ကျင့်ကြံသူ အရေအတွက် အဆများစွာ တိုးသွားသောကြောင့် နယ်လှည့်ကျင့်ကြံသူများစွာက နိဗ္ဗာန်တာအိုမြို့သို့ ရောက်ရှိလာကြခြင်း ဖြစ်ပေသည်။
ဘုရင်ဂုဏ်ပုဒ်အပြင် နေရာကို ၁၀၀ တိုးပေးထားသော်လည်း ဤပမာဏမှာ နယ်လှည့်ကျင့်ကြံသူ အဖွဲ့အစည်းတစ်ခုလုံးနှင့် ယှဉ်လျှင် အလွန်သေးငယ်နေသေးသည်။
လက်တွေ့၌ ဘုရင်ဂုဏ်ပုဒ်ကို ထည့်တွက်မည်ဆိုလျှင်ပင် နေရာများများစားစား ယူမည် မဟုတ်ပေ။ အားကောင်းလှသည့် ဂိုဏ်းများ၌ပင် ဘုရင်ဂုဏ်ပုဒ် ရရှိထားသောသူ အနည်းငယ်မျှသာ ရှိသောကြောင့် နယ်လှည့်ကျင့်ကြံသူများအနေနှင့် ထည့်တွက်နေစရာ မလိုတော့ပေ။ ဘုရင် ဂုဏ်ပုဒ် ရရှိထားသော ပါရမီရှင်များမှာ ဂိုဏ်းများ၏ သိမ်းသွင်းမှုကို ခံရပြီးလောက်လေပြီ။ နယ်လှည့်ကျင့်ကြံသူအနေနှင့် အဘယ်ကြောင့်များ ကျန်ရှိနေမည်နည်း။
အဆင့် ၄ တွင် ရောက်နေသော တချို့သူများ ရှိသော်လည်း အရေအတွက်မှာ မများပေ။ ထို့ကြောင့် အကူတာအိုပညာရပ်များ၌ အဆင့် ၄ ရောက်နိုင်သည့် ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူအနေနှင့် နေရာတစ်နေရာစာ အခွင့်အရေး ရဖို့ရာ ရာခိုင်နှုန်း မြင့်ပေသည်။
နယ်လှည့်ကျင့်ကြံသူများ အကြီးမားဆုံး ယှဉ်ပြိုင်မှုမှာ တစ်ယောက်ချင်း တိုက်ရသည့် တိုက်ပွဲ ဖြစ်၏။ နယ်လှည့်ကျင့်ကြံသူ အများစုက နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်၌ နေရာရစေရန် တိုက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ကြသည်။
……………
ရစ်ပတ်လေတောအုပ်၏ လျိူ့ဝှက်လျို
သူမ ကျင့်ကြံဆင့် အခြေတည်စေရန် နတ်ဝိညာဉ်စွမ်းအားများ စုပ်ယူနေသည့် ချီပင်းက ရုတ်ချည်း မျက်လုံး ဖွင့်လာသည်။ သူမက မိုဝူကျိအား စိတ်ပေါ့ပါးစွာ လှမ်းကြည့်လိုက်သည်။
ဝိညာဉ်ပင် တုန်လုမတတ် ဆေးရနံ့သင်းသင်းလေးက ထိုနေရာမှ ပျံ့လွှင့်လာနေ၏။ ချီပင်းက မိုဝူကျိသည် နတ်ကျောက်စိမ်း ဆေးလုံး ဖော်စပ်ခြင်း အောင်မြင်သွားကြောင်း ချက်ချင်း သိလိုက်ရသည်။ သူမက နတ်ကျောက်စိမ်းဆေးလုံးကို မမြင်ဖူးသော်လည်း သူမက ထိုရနံ့မှန်း အသေအချာ သိနေသည်။
တစ်လအတွင်း မိုဝူကျိက နတ်ကျောက်စိမ်း ဆေးလုံးကို ဖော်စပ်နိုင်ခဲ့သည်။ ဤသည်မှာ ချီပင်းအတွက် အမှန်တကယ် အံ့ဖွယ် ဖြစ်၏။
နတ်ကျောက်စိမ်း ဆေးလုံးက ထိပ်သီး အဆင့် ၅ ဆေးလုံး ဖြစ်၏။ သူမ အမြင်အရ မိုဝူကျိသည် သူ့စိတ်ကို တည်ငြိမ်ဖို့ရာ တစ်လလောက် လိုလိမ့်မည်ဟု ခန့်မှန်းထားမိ၏။ ထိုအခါမှ သူ့အနေနှင့် ဆေးလုံးကို စတင်ဖော်စပ်နိုင်လိမ့်မည်။
ချီပင်းက ထိုအရာကို တွေးမိသွားသည့်အခါ မိုဝူကျိအသံက တံခါးဝမှ ထွက်ပေါ်လာသည် “ အစ်မပင်း ဆေးလုံးတော့ ပြီးစီးသွားပြီ။ အစ်မကြိုက်တဲ့အချိန် နတ်ဘုရားဘုရင်အဆင့် တက်လှမ်းလို့ ရပြီ ”
ချီပင်းက ချက်ချင်း ထရပ်လိုက်ပြီး သူမ တံခါးမှ အတားအဆီးများကို ဖယ်ရှားပေးလိုက်သည်။ ထို့နောက် သူမက ကျောက်စိမ်းပုလင်းကို လက်ခံကာ ဖွင့်ကြည့်လိုက်ပြီး “ အဲဒါက အဆင့်မြင့် နတ်ကျောက်စိမ်း ဆေးလုံးလား ”
မိုဝူကျိက ပြန်ဖြေပေးလိုက်သည် “ ဟုတ်တယ်လေ … အထဲမှာ အဆင့်မြင့် နတ်ကျောက်စိမ်း ဆေးနှစ်လုံး ပါတယ်။ တကယ်လို့ မလုံလောက်သေးရင် ကျုပ်ဆီမှာ ကျန်သေးတယ် ”
မိုဝူကျိက နတ်ကျောက်စိမ်း ဆေးလုံး ဖော်စပ်ဖို့ရာ တစ်လလုံးလုံး မကြာလိုက်ပေ။ သူက နတ်ကျောက်စိမ်း ဆေးလုံး မဖော်စပ်ခင် ကျန်သော နတ်ဆေးပင်များကို ဆေးလုံးအဖြစ် ပြောင်းလဲရန် ဆုံးဖြတ်ထားသောကြောင့်သာ ဖြစ်၏။
နတ်ကျောက်စိမ်း ဆေးလုံးအတွက် အဓိကပါဝင်ပစ္စည်း ဖြစ်သည့် ကြည်လင်ကျောက်စိမ်း ပန်း မှာ အလွန်ရှားပါး၏။ သူက ချီပင်းသည် မည်သို့ ရလာကြောင်း မသိပေ။ သို့သော်လည်း မိုဝူကျိက သူ့ ဆေးလုံး ဖော်စပ်ခြင်း ကျရှုံးသွားပါက နောက်ထပ် အခွင့်အရေး မရနိုင်တော့မှန်း သိထားသည်။ ထို့ကြောင့် သူ့တွင် ရှိနေသော ဆေးပင်များကို အရင်ဆုံး လေ့ကျင့်မှုအဖြစ် အသုံးပြုလိုက်ခြင်း ဖြစ်၏။
“ တစ်လုံးဆို ရပါပြီ။ တကယ်လို့ နတ်ဘုရားဘုရင်အဆင့် တက်ဖို့ ဆေးတစ်လုံး မလောက်ရင် ထပ်သောက်ရင်လည်း အသုံးမဝင်ဘူး။ နောက်ထပ် တစ်လလောက် ပြန်လည် သုံးသပ်ကြည့်လိုက်ဦးမယ်။ ပြီးသွားရင် နတ်ဘုရားဘုရင်အဆင့် တက်ဖို့ ရစ်ပတ်လေတောအုပ်ကနေ ထွက်သွားမယ် ” ချီပင်းက မိုဝူကျိအား ကျေးဇူးတင်ဖို့ စကားလုံးများ ရွေးချယ် သုံးမနေပေ။ ယခု သူမက မိုဝူကျိ၏ အကျင့်စရိုက်အကြောင်းကို ကောင်းကောင်း သိထားလေပြီ။
သူတို့က တစ်ယောက်နှင့် တစ်ယောက် မောင်နှမသဖွယ် ဆက်ဆံလေရာ ဤသို့စကားမျိုးက မလိုအပ်ပေ။
“ ကောင်းပြီလေ .. အစ်မပင်း အဆင့်တက်တဲ့အခါကျ ကျုပ် အစ်မရဲ့ ကာကွယ်သူ လုပ်ပေးမယ်။ အခုတော့ ကျုပ် တစ်ခု လုပ်စရာ ရှိလို့ ပြန်သွားလိုက်ဦးမယ် ” မိုဝူကျိက ချီပင်းအား ဆက်လက် မနှောင့်ယှက်တော့ပေ။
သူက ချီပင်းသည် နတ်ဘုရားဘုရင်အဆင့် တက်လှမ်းနိုင်ခြေ ၇၀ ရာခိုင်နှုန်းအထက် ရှိကြောင်း သေချာသိထားသည်။ ဤသည်မှာ သူ့အလိုလို အသိသာ ဖြစ်၏။
ချီပင်းသည် နယ်လှည့်ကျင့်ကြံသူ ဖြစ်သော်လည်း သူမ၏ အင်အားမှာ ဂိုဏ်းသားများထက် ပိုပေသည်။ သူက ချီပင်း၏ ရတနာများကို မြင်ဖူးပေသည်။ ကြည်လင်ကျောက်စိမ်းပန်းပင် ဖြစ်စေ၊ ခရမ်းနိဗာနတာအိုသဲပင် ဖြစ်စေ နှစ်ခုလုံးက အဖိုးမဖြတ်နိုင်သည့် ရတနာများသာ ဖြစ်၏။ ဤလျိူကို ထုတ်ဖော်လိုက်သည့် လျို့ဝှက်အစီအရင်အလံမှာလည်း အင်မတန် အဖိုးတန်လှပေမည်။ ဤရတနာများက လေထဲမှ ရောက်လာခြင်း မဟုတ်ပေ။ သူတို့က သူမအသက်ကို စွန့်စား၍ ရရှိလာခြင်းသာ ဖြစ်၏။
သူ့အတွက်လည်း အတူတူ ဖြစ်၏။ သူ့အသက်ကို မစွန့်စားဘဲ ရရှိလာသည့် ရတနာဟူ၍ မရှိပေ။
သူက ဟုန်မုန့်စွမ်းအင်ကို ရရှိခဲ့စဉ်အခါက အသက်မဲ့မြစ်အတွင်း သေမလို ဖြစ်ခဲ့ရပြီး အင်မော်တယ်တပိုင်း နယ်ပယ်၏ အင်မော်တယ်လျိူအတွင်း မြေဓာတ် သဘာဝအမြုတေ ရရှိစဉ်အခါကလည်း အသက်ပျောက်လုမတတ် ဖြစ်ခဲ့ရသည်။
ရှေးဦးမူလ မီးကျောက်များ၊ ပညာရှိတာအိုအဆောင်…
အမြစ်မဲ့သံမဏိပင် အန္တရာယ်နှင့် ရောက်လာခြင်း ဖြစ်၏။ အကယ်၍ သူသာ ဂရုမစိုက်မိလျှင် အသက်ပျောက်သွားနိုင်သည်။
ကျင့်ကြံသူတစ်ယောက်အနေနှင့် ရတနာများ၊ အသိအမြင်များ၊ ကံကောင်းမှုများ ရရှိဖို့ရာ ဤသို့ အတွေ့အကြုံများ ဖြတ်ကျော်ခဲ့ရသည်။ ထိုရှုထောင့်အရ ချီပင်းသည်လည်း သူနှင့်အတူတူ ဖြစ်၏။
………..…
မိုဝူကျိက သူ့အင်မော်တယ်ဂူဆီ ပြန်လာပြီးနောက် အမြစ်မဲ့ သံမဏိနှင့် ဖျင်ရွှေကို ချက်ချင်း ထုတ်ယူလိုက်သည်။ သူက သူ့အတွက်သူ မှော်ရတနာတစ်ခု ဖန်တီးလိုပေသည်။
မိုဝူကျိက အတားအဆီး ချထားသော်လည်း အမြစ်မဲ့သံမဏိ အငွေ့အသက်ကို ချီပင်းက အာရုံခံလိုက်မိသေး၏။
ချီပင်းက ခေါင်းညိတ်လိုက်သည်။ သူမ မောင်လေးအသစ်က ရိုးရိုးတမ်းတမ်း အဆင့် ၅ နတ်ဆေးလုံးဘုရင် မဟုတ်ပေ။ မိုဝူကျိ၏ ကျင့်ကြံဆင့်ဖြင့် သူက ရိုးရိုးတမ်းတမ်း အဆင့် ၅ နတ်ဆေးလုံးဘုရင်ဆိုလျှင် လွတ်လွတ်လပ်လပ် ခြေဦးတည့်ရာ သွားနိုင်မည် မဟုတ်ပေ။
တစ်ချိန်တည်းဆိုသလို မိုဝူကျိက အဆင့် ၅ နတ်ဆေးလုံးဘုရင် ဖြစ်နေလျှင်ပင် သူ့အနေနှင့် ဤသို့ ထိပ်တန်းရတနာ ရှာတွေ့ဖို့ရာ လွယ်ကူမည် မဟုတ်ပေ။
အချိန်တိုလေးအတွင်း ချီပင်းက မိုဝူကျိကို ဆက်ဂရုမစိုက်နိုင်တော့ဘဲ သူမ အသိအမြင်များ၌ နှစ်မြှပ်သွားလေ၏။
မူလက မိုဝူကျိသည် ထာဝရကမ္ဘာအတွင်း မှော်ရတနာ ထုဆစ်ရန် ရည်ရွယ်ထားသော်လည်း ချီပင်းက ဤလျို့ဝှက်လျိူသို့ ခေါ်ဆောင်လာသည့်အတွက် ဤနေရာ၌ မှော်ရတနာ ထုဆစ်ရန် ရွေးချယ်လိုက်တော့သည်။
အမြစ်မဲ့သံမဏိ၏ အလေးချိန်က ကိန်းသေ မဟုတ်ပေ။ ထိုအချိန်၌ ဌက်မွှေးလေးလို ပေါ့ပါးနေသည်။ အခြား၌ ဂြိုလ်တစ်လုံးလောက် လေးလံနေတတ်သည်။
မိုဝူကျိက ပညာရှင်နှလုံးသားကို ထုတ်ယူလိုက်သည်။ ပညာရှင်နှလုံးသား၏ မီးတောက်အပြာလေးက တောက်ပလာပြီး အမြစ်မဲ့သံမဏိကို ဆွဲယူသွားသည်။ မီးတောက်အတွင်း ရွှေရောင်လိုင်း သုံးကြောင်းမှာ အင်မတန် ထင်ရှားနေလေ၏။
မိုဝူကျိက မီးတောက်ထဲ လက်ဟန်တစ်ခုပြီး တစ်ခု လုပ်ဆောင်လိုက်သည်။ ပညာရှင်နှလုံးသား မီးတောက်အောက်တွင် အမြစ်မဲ့သံမဏိကား စတင်၍ အရည်ပျော်လာသည်။
အမြစ်မဲ့သံမဏိသည် အညစ်အကြေးများစွာ မပါသည့်အတွက် မိုဝူကျိက ဆေးပင်များ လုပ်သကဲ့သို့ လက်ဟန်များ အသုံးပြု၍ အညစ်အကြေးများကို ဖယ်ရှားလိုက်သည်။
တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးသွားလေသည်။ အမြစ်မဲ့သံမဏိသည် စတင်၍ ပုံသဏ္ဍာန် ပေါ်လာလေသည်။
ဖျင်ရွှေကို ထည့်လိုက်သည့်အချိန် မိုဝူကျိက ပစ္စည်း ဖြစ်တည်စထဲ၌ မြောက်များစွာသော သင်္ကေတများကို ပို့လွှတ်လိုက်သည်။ သူ့ကို အံ့အားသင့်သွားစေသည်က သူက သင်္ကေတများမည်မျှ ပို့လွှတ်နေစေကာမူ အခြေတည်စ ပစ္စည်းလေးပေါ် ရောက်သွားသည့်အခါ အဆင့် ၁ နတ်အတားအဆီးအဖြစ် ပြောင်းလဲသွားလေသည်။
***