← Chapters

အော့ချင်းယွီ၏ အပြင်းထန်ဆုံးတိုက်ကွက်

Vol. 70 Ch. 983

အော့ချင်းယွီ၏ အပြင်းထန်ဆုံးတိုက်ကွက်

Vol. 70 Ch. 983

ထိုသည်မှာ အော့ချင်းယွီ၏ အပြင်းထန်ဆုံး တိုက်ကွက်ပင်။

အန်လင်းသည် ကောင်းကင်နှင့်မြေပြင်ကိုပင် ခြိမ်းခြောက်နိုင်လောက်သော ဓားကွက်အားကြည့်ကာ အော့ချင်းယွီသည် သူ့အားသတ်ဖြတ်ရန် ဆုံးဖြတ်ထားကြောင်း သိရှိလိုက်ရသည်။

ဓားပုံရိပ်ကြောင့် လေထုသည်ပင် နှစ်ပိုင်းပြတ်သွားလေသည်။

အော့ချင်းယွီ၏ အံ့ဖွယ်တာအို ဓားစိတ်ဆန္ဒ နယ်ပယ်ထဲတွင် ၎င်း၏ဓားမှာ အထက်ရှဆုံး လက်နက် ဖြစ်သည်။

အန်လင်းသည် ထိုဓားထံမှ လွတ်အောင်မပြေးနိုင်ကြောင်း သိရှိနေသည်။

ထိုတိုက်ကွက်အား တိုက်ရိုက်ခံယူလိုက်ပါကလည်း သူ၏ စစ်နတ်ဘုရား ခန္ဓာသည်ပင် နှစ်ပိုင်းပြတ်သွားပေလိမ့်မည်။

သူတွေ့ကြုံဖူးသမျှ တိုက်ခိုက်မှုများထဲ ကြောက်မက်ဖွယ်ရာ အကောင်းဆုံးပင်။

အော့ချင်းယွီသည် အန်လင်းအားကြည့်ကာ အေးစက်စွာ ပြုံးနေသည်။

အော့ချင်းယွီသည် အလွန်ထူးချွန်သော တိုက်ခိုက်သူဖြစ်ကြောင်း သိရှိနေကြသောကြောင့် နဂါးမျိုးနွယ်စု ကျင့်ကြံသူများလည်း ဝမ်းသာသွားကြသည်။

အန်လင်းမှာ ကူကယ်ရာမဲ့သလို ခံစားလိုက်ရလေသည်။

သို့သော် ထိုတိုက်ခိုက်မှုအား တိုက်ရိုက်ခံယူစရာ အကြောင်းမရှိပေ။

သူသည် ဗာမီလီယမ်ငှက်ကြေးမုံအား သိုလှောင်လက်စွပ်ထဲမှ တိတ်တဆိတ် ထုတ်ယူလိုက်သည်။

အော့ချင်းယွီ၏ တိုက်ခိုက်မှုသည် သူ၏တိုက်ခိုက်မှုလောက် မပြင်းထန်မည်ကိုသာ စိုးရိမ်ရမည်။

ထို့ကြောင့်ပင် အန်လင်းသည် အော့ချင်းယွီအား စိတ်ဆွပေးခဲ့ခြင်းပင်။

၎င်း၏တိုက်ခိုက်မှု အားကောင်းလေ၊ တန်ပြန်မှု ပြင်းထန်လေ ဖြစ်ပေလိမ့်မည်။

အန်လင်းသည် အော့ချင်းယွီ၏ တိုက်ခိုက်မှုအား အမှန်တကယ် စိတ်ကျေနပ်မိသည်။

ထိုဓားချက်သည် ကောင်းကင်နှင့်မြေပြင်ကိုပင် ပိုင်းဖြတ်နိုင်လောက်ပြီး မျက်စိကျိန်းရလောက်အောင် တောက်ပလွန်းသည်။

သန့်စင်ကာ ထက်ရှလှသော စွမ်းအင်များကြောင့် အန်လင်းမှာ အဝေးမှပင် စူးရှမှုကို ခံစားနေရပြီ ဖြစ်သည်။

ဓားချက်သည် ဗာမီလီယမ်ငှက်ကြေးမုံအား ထိမှန်ကာ တန်ပြန်သွားလေသည်။

ပြင်းထန်လွန်းသော ဓားချက်မှာ အော့ချင်းယွီ၏ ခန္ဓာကိုယ်ပေါ် ကျဆင်းသွားသည်။

အော့ချင်းယွီ၏ ဓားချက်မှာ သူအပါအဝင် အရာအားလုံးကို ပိုင်းဖြတ်နိုင်သည်အထိ ထက်ရှပေသည်။

အော့ချင်းယွီ မယုံကြည်နိုင်ဖြစ်ကာ မျက်လုံးပြူးသွားရသည်။

ကြောက်မက်ဖွယ် ဓားစိတ်ဆန္ဒမှာ အချိန်နှင့်အမျှ ဖြည်းညင်းစွာ ပျောက်ကွယ်သွားသည်။

အပ်ကျသံပင် ကြားရလောက်အောင် ပတ်ဝန်းကျင် တခွင်လုံး တိတ်ဆိတ်နေလေသည်။

အချို့သူများမှာ မယုံနိုင်သောကြောင့် ကိုယ့်မျက်လုံးကိုယ် ပွတ်ကြည့်နေကြသည်။

အော့ချင်းယွီ၏ ခါးနေရာမှ သွေးများထွက်လာကာ အဖြူရောင် ဝတ်စုံအား စွန်းထင်သွားသည်။

စုကျိုးအင်မော်တယ်ဂိုဏ်းရော၊ နဂါးမျိုးနွယ်စုမှ သူများပါ မျက်လုံးအပြူးသား ဖြစ်နေမိကြသည်။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”

အော့ချင်းယွီ တိုးညင်းစွာ ရေရွတ်လိုက်သည်။

အန်လင်းသည် သူ၏ဓားချက်အား ခံနိုင်ရည် ရှိခဲ့လျှင်ပင် သူလက်ခံနိုင်သေးသည်။

မည်သို့ပင်ဆိုစေကာမူ ဓားချက်မှာ သူ့ထံသို့ တန်ပြန်လာခဲ့သည်။

“ဒါမဖြစ်သင့်ဘူး။ ငါထပ်တိုက်ဦးမယ်။”

အော့ချင်းယွီ အံကြိတ်ကာ ဓားကိုင်လိုက်သည်။

သို့သော် သူ၏ခါးမှ သွေးများရေပန်းအလား ဖြာထွက်လာလေသည်။

သူ၏ခန္ဓာကိုယ်မှာ ထိုဓားကွက်ကြောင့် နှစ်ပိုင်းပြတ်သွားခဲ့ရပြီပင်။

“အစ်ကိုတော်.....”

အော့မင်ယွီ လျင်မြန်စွာ ပြေးလာသည်။

“သားတော်....”

အော့မန် သွေးမျက်ရည်များ စီးကျလာသည်။

အော့ချင်းယွီ၏ ခန္ဓာကိုယ်မှာ မြေပြင်ပေါ် ပြုတ်ကျသွားလေသည်။

အော့မင်ယွီသည် ၎င်း၏ခန္ဓာကိုယ်အား ပြန်တေ့ပေးကာ အင်မော်တယ်ဆေးလုံးတစ်ခု အမြန်တိုက်လိုက်သည်။

ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူများသည် အသက်စွမ်းအင် အလွန်အားကောင်းကြသောကြောင့် အော့ချင်းယွီမှာ ဆက်လက်တိုက်ခိုက်နိုင်ခြင်း မရှိတော့ပါသော်လည်း အသက်အန္တရာယ် ကင်းခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ စုကျိုးအင်မော်တယ်ဂိုဏ်း၏ သက်ညှာမှုအား တောင်းခံရတော့မည်ပင်။

နဂါးမျိုးနွယ်စု ကျင့်ကြံသူများမှာ တိုက်ပွဲစိတ်ဆန္ဒများ ပျောက်ဆုံးကုန်ကြသည်။

“ငါတို့ရှုံးပြီ။ အတော်ဆုံးသူကတောင် အန်လင်းလက်ထဲမှာ ရှုံးသွားပြီ။”

“ပြီးတော့ သူ့တိုက်ကွက်နဲ့ သူပြန်ထိသွားတာ။ အန်လင်းက အဲ့လောက်တောင် ကြောက်ဖို့ကောင်းတာလား။”

“လူသားတစ်ယောက်ဆီမှာ ဘာလို့ရှုံးသွားရတာလဲ။ ငါမယုံဘူး။ ငါ.... ငါ လက်မခံနိုင်ဘူး။”

နဂါးမျိုးနွယ်စုဝင် ကျင့်ကြံသူ အချို့မှာ အဖြစ်အပျက်များအား လက်မခံနိုင်ကြပေ။

တစ်ဖက်တွင်မူ စုကျိုးအင်မော်တယ်ဂိုဏ်းသားများမှာ ပျော်ရွှင်နေကြလေပြီ။

ရွှယ်ကျန်ထျန်းမှာ အန်လင်းအား ရေပက်မဝင်အောင် ချီးကျူးနေသလို တီနာမှာလည်း စိတ်သက်သာရာရကာ တောက်ပစွာ ပြုံးလိုက်သည်။

ဆရာဖြစ်သူသည် သူ့အားကယ်တင်ရန် များစွာစွန့်စားခဲ့သောကြောင့် ရှောင်ဇယ်မှာ မျက်ရည်လည်နေမိသည်။

အားလုံးမှာ အန်လင်းအား အာရုံစိုက်နေကြသည်။

အန်လင်းသည် ဒဏ်ရာဒဏ်ချက်များ ရရှိထားပါသော်လည်း ပြိုင်ဘက်ကင်း စစ်နတ်ဘုရားသဖွယ် ထည်ဝါနေလေသည်။

အန်လင်း အော့မန်အားကြည့်ကာ လျှို့ဝှက်စွာ ပြုံးလိုက်သည်။

“နဂါးဘုရင် အော့မန်..... ကျုပ်စကားတွေဘာတွေ ပြောဖို့လိုသေးလား။”

အော့မန်မှာ အသက်ပြင်းပြင်း ရှူနေရင်း သားဖြစ်သူကိုကြည့်ကာ အရှက်ရခြင်းနှင့် ဒေါသထွက်ခြင်းတို့ ဖြစ်ပေါ်လာသည်။

လက်ခံနိုင်သည်ဖြစ်စေ၊ လက်မခံနိုင်သည်ဖြစ်စေ သူရှုံးနိမ့်ခဲ့သည်မှာ ငြင်းပယ်မရသော အမှန်တရားတစ်ခု ဖြစ်ပေသည်။

ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့် ကျင့်ကြံသူများ ဖြစ်ပါသော်လည်း စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် လူသားတစ်ယောက်အား ရှုံးခဲ့ရသည်။

ကြီးကျယ်ခမ်းနားသော အရှေ့ပင်လယ် နဂါးမင်းပိုင်နက်သည် ထိုက်ချူကုန်းမြေမှ ဂိုဏ်းသစ်တစ်ခု၏ ဖိနှိပ်ခြင်းကို ခံခဲ့ရခြင်းပင်။

လောကကြီးတွင် ခွန်အားကသာ အရေးပါသည် မဟုတ်လော။

သူသည်လည်း ဆန့်ကျင်သူ မှန်သမျှကို ဖိနှိပ်သတ်ဖြတ်ခဲ့ဖူးသည်။

ယခုတွင်မူ သူကိုယ်တိုင် ဆိုးဆိုးရွားရွား ဖိနှိပ်ခံနေရလေပြီ။

အန်လင်းမှာ အော့မန်၏ခေါင်းအား နင်းထားသည်။

“အော့မန်.... ခင်ဗျားမှာ ဦးနှောက်တောင် မရှိတော့ဘူးလား။ စကားပြန်ပြောစမ်း....”

အော့မန် တုန်လှုပ်စွာ တုံ့ပြန်လာသည်။

“မင်းဘာပြောပြော ငါဝမ်းမြောက်ဝမ်းသာ လက်ခံမှာပါ။”

အန်လင်း ခပ်ဖွဖွ ပြုံးလိုက်သည်။

တစ်စုံတစ်ဦးအား စကားစမြည် ပြောဆိုလိုပါက ဦးစွာရိုက်နှက်သင့်ပုံ ရသည်။

အောင်အောင်မြင်မြင် ဖိနှိပ်နိုင်ခဲ့ပါက ထိုသူသည် မည်သည့်အကြောင်းအရာမဆို လက်ခံပေလိမ့်မည်။

စုကျိုးအင်မော်တယ်ဂိုဏ်းသားများမှာ ထိုသည်ကိုကြည့်ကာ စိတ်လှုပ်ရှားနေကြသည်။

၎င်းတို့သည် တောက်ပနေသော မျက်ဝန်းများဖြင့် အန်လင်းအား ငေးကြည့်နေမိကြသည်။

စုကျိုးအင်မော်တယ်ဂိုဏ်း၏ အပြင်စည်းတပည့်များ ဖြစ်ကြပါသော်လည်း ယခုအချိန်တွင် နှလုံးသားထဲ ဂုဏ်ယူဝံ့ကြွားခြင်းများ ပြည့်လျှံနေသည်။

အန်လင်းသည် အရှေ့ပင်လယ် နဂါးမင်းပိုင်နက်မှ ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့် ကျင့်ကြံသူ နှစ်ဦးအား လျင်မြန်စွာ ဖိနှိပ်ခဲ့လေသည်။

အဲ့ဒါ ငါတို့ဂိုဏ်းချုပ်ပဲ....

အရှေ့ပင်လယ် နဂါးမင်းပိုင်နက် တစ်ခုလုံးကိုတောင် နင်းခြေပစ်လို့ရတယ်......

All Chapters