ဉာဏ်အလင်းပွင့်ဖူးလား
Vol. 71 Ch. 986
အရှေ့ပင်လယ် နဂါးမင်းပိုင်နက် တစ်ခုလုံးသည် စုကျိုးအင်မော်တယ်ဂိုဏ်းအား ဒုက္ခမပေးရန် တာအိုနှလုံးသားနှင့် ကျိန်ဆိုခဲ့ကြသောကြောင့် အန်လင်းမှာလည်း လွှတ်ပေးရန် ကတိတည်ခဲ့သည်။
သူသည် အရှေ့ပင်လယ် နဂါးမင်းပိုင်နက်ထံမှ ငွေညှစ်ရန် တွေးထားခဲ့ပါသော်လည်း ယခုအခြေအနေအရ ထိုသို့မလုပ်သင့်တော့ပေ။
နောင်တွင် အရှေ့ပင်လယ် နဂါးမင်းပိုင်နက်သို့သွားကာ တချို့တလေအား အနိုင်ကျင့်ရန် ဆုံးဖြတ်ထားလိုက်သည်။
နဂါးဘုရင် အပါအဝင် အကြီးအကဲများသည် တာအိုနှလုံးသားနှင့် ကျိန်ဆိုခဲ့ကြသောကြောင့် ကျိန်ဆိုချက်အား ဖောက်ဖျက်ပါက အန်လင်းသည်ပင် ဘာမှလုပ်စရာ လိုလိုက်မည် မဟုတ်ပေ။
"ကြွ....."
အန်လင်း စကားဆိုလိုက်သည်နှင့် ရေဘောလုံးကြီးမှာ လေပေါ်မြောက်တက်လာပြီး ပြန်လည်ကျုံ့ဝင်ကာ အန်လင်း၏ သိုလှောင်လက်စွပ်ထဲ ဝင်သွားသည်။
အော့မန်မှာ ဝမ်းသာစွာ ဟစ်ကြွေးမိလေသည်။
ထိုနဂါးဟိန်းသံသည် ကီလိုမီတာ တစ်ရာကျော်တိုင် ပျံ့နှံ့သွားသည်။
၎င်းသည် မြေပြင်ပေါ်တွင် ဆက်ရှိနေဆဲပင်။
"ခမည်းတော်....."
အော့မင်ယွီ ကြောင်တောင်တောင် ဖြစ်နေမိသည်။
အော့မန်သည် လူသားအသွင်သို့ ဖြည်းညင်းစွာ ပြောင်းလဲလိုက်သည်။ အဝတ်အစားများ စုတ်ပြတ်ကာ ဒဏ်ရာဒဏ်ချက်များနှင့် အတော်ပင် သနားစရာ ကောင်းနေ၏။
"ခမည်းတော်....."
အော့မင်ယွီ လှမ်းခေါ်လိုက်သည်။
"သောက်လုံးကန်းနေလား။ လာထူဦး.... ငါယိုးမသားလေးရဲ့။"
အော့မန် အော်ဟစ်လိုက်သည်။
အော့မင်ယွီမှာ အော့မန်ထံ အပြေးရောက်လာလေသည်။
အော့မန် အန်လင်းအား စူးစိုက်ကြည့်ရှုလိုက်သည်။
"ဒီလောက်နဲ့ မပြီးသေးဘူး။ မင်းအရှေ့ပင်လယ် နဂါးမင်းပိုင်နက်ကို ဖြတ်တောင်မလျှောက်မိစေနဲ့။"
အန်လင်း တည်တည်ငြိမ်ငြိမ်ပင် တာ့တာပြလာသည်။
"ကောင်းကောင်းသွားပါ.... နဂါးဘုရင်...."
အများစုသည် ဂုဏ်သိက္ခာအတွက် အရေမရ၊ အဖက်မရ ခြိမ်းခြောက်မှုများ ပြုလုပ်တတ်ကြသည်။
သူ့အနေဖြင့် စကားစစ်ပွဲအား ဆင်နွှဲနေစရာ မလိုပေ။
အရှေ့ပင်လယ် နဂါးမင်းပိုင်နက်အား သူထိုမျှဂရုမစိုက်ပေ။
အော့မန်မှာ စိတ်တိုသွားပါသော်လည်း ဘာမှမတတ်နိုင်ပေ။
သူသည် နှာတစ်ချက်ရှုံ့ကာ ပြန်သွားလိုက်ရတော့သည်။
နဂါးမျိုးနွယ်စု ကျင့်ကြံသူများလည်း စကားတစ်လုံးမှ မပြောကြပေ။
စုကျိုးအင်မော်တယ်ဂိုဏ်းသားများမှာ ပျော်ရွှင်အားရစွာဖြင့် အန်လင်းအနီး ကပ်လာကြသည်။
အရှေ့ပင်လယ် နဂါးမင်းပိုင်နက်သည် ယခုကဲ့သို့ အရှက်ကွဲသွားရလိမ့်မည်ဟု ၎င်းတို့ထင်မှတ်မထားကြပေ။
နဂါးဘုရင်၏ သားတော်အား သတ်ပစ်လိုက်ခြင်းမှာ ကြောက်မက်ဖွယ် ကိစ္စတစ်ခု ဖြစ်သည်။
သို့သော် အန်လင်းသည် အခြေအနေများအား ပြောင်းလဲပစ်နိုင်ခဲ့သည်။ အရှေ့ပင်လယ် နဂါးမင်းပိုင်နက်သည် စိတ်ဝိဥာဥ်ကျောက်တုံး မိုင်းတွင်းအား လက်လျှော့သွားသည့်အပြင် စုကျိုးအင်မော်တယ်ဂိုဏ်းအား ဒုက္ခမပေးရန် တာအိုနှလုံးသားနှင့် ကျိန်ဆိုခဲ့ကြရသည်။
ဂိုဏ်းချုပ်သည် မဖြစ်နိုင်သော အရာအား လုပ်ပြသွားခဲ့သည်။
အန်လင်း တီနာအား ကြည့်ရှုလိုက်သည်။
"အားလုံးကို မှတ်တမ်းတင်ထားရဲ့လား။"
"ဒါပေါ့။ တစ်ချက်ကြည့်ကြည့်ဦး။"
တီနာမှာ မှတ်တမ်းတင်ကျောက်တုံးအား ပေးလိုက်သည်။
"ဘီလူးအန်လင်းက အရမ်းမိုက်တာပဲ။"
"ငါဆရာကြီးဆိုတာ သိတယ်မလား။"
အန်လင်း ပြုံးကာပြောလာသည်။
"ဆရာ... ကျေးဇူးတင်ပါတယ်။"
ရှောင်ဇယ်မှာ မျက်ရည်များ စီးကျလာသည်။
"ဘာလို့ ကျေးဇူးတင်နေတာလဲ။"
အန်လင်း နွေးထွေးစွာပြုံးကာ မေးလိုက်သည်။
ရှောင်ဇယ်မှာ အန်လင်းအား တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။
"ကျွန်တော့်အတွက် တိုက်ခိုက်ပေးတာ ကျေးဇူးတင်ပါတယ်။ အရှေ့ပင်လယ် နဂါးမင်းပိုင်နက်ဆီ ဖမ်းခေါ်ခံရတော့မယ် ထင်နေတာ။"
ရှောင်ဇယ်၏ ယခုလို ပုံစံအား ရင်းနှီးမနေသောကြောင့် အန်လင်းမှာ မနေတတ်သလိုပင် ဖြစ်သွားရသည်။
"ရှောင်လေး.... မင်းဉာဏ်အလင်းပွင့်သွားရဲ့လား။"
အန်လင်း ဂရုတစိုက် မေးမြန်းလိုက်သည်။
"ကမ္ဘာကြီးက ထင်ထားသလောက် မအေးစက်ဘူးဆိုတာလား။"
ရှောင်ဇယ် တုံ့ပြန်လာသည်။
သူရရှိလိုက်သည့် အတွေးမှာ ထိုအရာပင်။
အန်လင်း မျက်နှာပျက်သွားသည်။
"ဟုတ်တော့ဟုတ်ပေမယ့် အဓိက မဟုတ်သေးဘူး။"
"ဘယ်ဟာက အဓိက ကျတာလဲ။"
ရှောင်ဇယ် ကြောင်အမ်းအမ်း ဖြစ်သွားသည်။
အန်လင်း လေးနက်စွာ ပြောလိုက်သည်။
"အရေးကြီးတာက စွမ်းအားပဲ။"
"စွမ်းအားလား။"
ရှောင်ဇယ် ရေရွတ်လိုက်သည်။
"အရှေ့ပင်လယ် နဂါးမင်းပိုင်နက်က ငါတို့ကို မယှဥ်နိုင်လို့ လက်လျှော့သွားရတာလေ။ တကယ်လို့ ငါတို့ကသာ အခုလို အခြေအနေ မဟုတ်ရင်ရော....."
"မင်းကို မဖြစ်မနေ ကျွန်အဖြစ် ထည့်ပေးရတော့မယ်။ အဆိုးဆုံး အနေနဲ့ ငါတို့အားလုံး သေသွားနိုင်တယ်။ နဂါးဘုရင်ရဲ့ သားတော်ကို သတ်မိထားတာဆိုတော့ အော့မန်က အပြတ်ရှင်းသွားရင်တောင် ကောင်းကင်ဘုံခုံရုံးက ဘာမှတတ်နိုင်မှာ မဟုတ်ဘူး။"
"လောကကြီးမှာ အားနည်းသူတွေအတွက် နေရာမရှိဘူး။ မင်းစကားကို နားထောင်စေချင်ရင် မင်းက သူတို့ထက် သာလွန်နေမှ ဖြစ်မယ်။"
ရှောင်ဇယ်မှာ ထိုစကားများကြောင့် အတွေးများသွားရသည်။
ဤကမ္ဘာသည် တရားဥပဒေ စိုးမိုးသည်ဟု ထင်မှတ်ရပါသော်လည်း စင်စစ်တွင်မူ ခွန်အားကသာ အရေးပါသည်။ ကောင်းကင်ဘုံခုံရုံးကသာ စိတ်ဝိဥာဥ်ကျောက်တုံး မိုင်းတွင်းအား တွေ့ရှိခဲ့ပါက အရှေ့ပင်လယ် နဂါးမင်းပိုင်နက်သည် ကင်းထောက်ပင် လွှတ်ရဲမည်ပင် မဟုတ်ပေ။
စုကျိုးအင်မော်တယ်ဂိုဏ်းအား အနိုင်ကျင့်နိုင်မည်ဟု ထင်သောကြောင့်သာ ယခုလို အဖြစ်အပျက်များ ဖြစ်ခဲ့ရခြင်း ဖြစ်သည်။
ရှောင်ဇယ် စကားဆိုလိုက်သည်။
"ကျွန်တော် ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့်ကို အမြန်ဆုံးတက်ဖို့ ကြိုးစားပါ့မယ်။ စုကျိုးအင်မော်တယ်ဂိုဏ်းကို ဘယ်သူမှ အထင်မသေးစေရဘူး။"
အန်လင်း စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
လျှိုချင်းဟွမ်မှာ စိတ်လှုပ်ရှားစွာ အန်လင်းအနား ရောက်လာသည်။
"အန်လင်း နင်က အရင်ကနဲ့တောင် မတူတော့ဘူးပဲ။"
"ဘာမှမဟုတ်ပါဘူး။"
အန်လင်း တည်ငြိမ်စွာ ပြောလိုက်သည်။
လျှိုချင်းဟွမ် မိုင်းတွင်းအား လက်ညှိုးထိုးပြလာသည်။
"နင်ကြည့်ချင်လား။"
"ဒါပေါ့။ စုကျိုးအင်မော်တယ်ဂိုဏ်းရဲ့ ပထမဆုံး စိတ်ဝိဥာဥ်ကျောက်တုံး မိုင်းတွင်းပဲဟာ။"
အန်လင်း ပြုံးကာပြောလိုက်သည်။
"ငါတို့နဲ့ ထားခဲ့ပြီး ပြန်တော့မယ် ထင်နေတာ။"
လျှိုချင်းဟွမ် ရယ်မောလိုက်သည်။
၎င်းတို့နှစ်ဦးမှာ စုကျိုးအင်မော်တယ်ဂိုဏ်းသားများနှင့်အတူ မိုင်းတွင်းထံ သွားလိုက်သည်။
မိုင်းတွင်းသည် တောင်ကြောတလျှောက် ဖြစ်သောကြောင့် အတော်ပင် ကျယ်ဝန်းလွန်းလှသည်။ သို့သော် တောင်အတွင်းသားများ ဖြစ်နေသောကြောင့် ဂရုတစိုက် ထုတ်ယူရပေလိမ့်မည်။
ကံကောင်းထောက်မစွာဖြင့် တီနာမှာ ထိုကိစ္စများအား ကျွမ်းကျင်ပေသည်။
သူမသည် မိုင်းတွင်းအား အကြမ်းဖျဥ်း စစ်ဆေးလိုက်သည်။
မိုင်းတွင်းမှ စိတ်ဝိဥာဥ်ကျောက်များသည် အလယ်အလတ် အဆင့်မှ အဆင့်မြင့်သည်အထိ ရှိပေသည်။
စုစုပေါင်း စိတ်ဝိဥာဥ်ကျောက်တုံး သန်းတစ်ရာ့ငါးဆယ်ရှိကာ တစ်နှစ်လျှင် သန်းနှစ်ဆယ်ခန့် ထုတ်ယူနိုင်မည်ပင်။
တစ်နှစ်အသုံးပြုပြီးလျှင် နှစ်တစ်ရာခန့် ပြန်လည်စောင့်ဆိုင်းရမည် ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ စိတ်ဝိဥာဥ်ကျောက်တုံး မိုင်းတွင်းမှာ စုကျိုးအင်မော်တယ်ဂိုဏ်းအတွက် ရတနာတစ်ခု ဖြစ်ပေသည်။
အန်လင်းနှင့် လျှိုချင်းဟွမ် ဝမ်းသာသွားရသည်။
စုကျိုးအင်မော်တယ်ဂိုဏ်းသားများလည်း ပျော်ရွှင်ကုန်သည်။
၎င်းတို့သည် စိတ်ဝိဥာဥ်ကျောက်တုံး မိုင်းတွင်းအား ရှာတွေ့ခဲ့သူများ ဖြစ်သောကြောင့် ပမာဏတစ်ခု ရရှိမည့်အပြင် စုကျိုးအင်မော်တယ်ဂိုဏ်း၏ အတွင်းစည်းတပည့် ဖြစ်လာရန် အခွင့်အရေး ရရှိတော့မည်ပင်။