← Chapters

ဂိုဏ်းအားလည်ပတ်ခြင်း

Vol. 71 Ch. 987

ဂိုဏ်းအားလည်ပတ်ခြင်း

Vol. 71 Ch. 987

စိတ်ဝိဥာဥ်ကျောက်တုံး မိုင်းတွင်းအား လိုအပ်သော စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

မကြာမီပင် အဖြူရောင် အဝိုင်းကြီးတစ်ခု ဆင်းသက်လာကာ ခရမ်းရောင် ဝတ်စုံနှင့် ကျင့်ကြံသူများ ထွက်လာကြသည်။

အရှေ့ဆုံးမှ ဦးဆောင်လာသူမှာ လှပသော အမျိုးသမီး တစ်ဦးပင်။

“အန်လင်း.... နင်ကိုယ်တိုင် ရောက်လာမယ် ထင်မထားဘူး။”

အမျိုးသမီး စကားဆိုလာသည်။

အန်လင်း မကျေမနပ် ဖြစ်သွားရသည်။

“စုကျိုးအင်မော်တယ်ဂိုဏ်းက ဒုက္ခရောက်နေတာကိုတောင် အစ်မကြီးပိုင်က စစ်ကူပို့ရမယ့်အစား အဲ့နည်းပညာတွေနဲ့ အလုပ်များနေတာလား။”

ထိုအမျိုးသမီးမှာ ပိုင်လင်ပင် ဖြစ်သည်။

သူမ နောက်မှလိုက်ပါလာသူများမှာ စုကျိုးအင်မော်တယ်ဂိုဏ်း၏ ခရမ်းကြယ်စင် နန်းဆောင်မှ တပည့်များ ဖြစ်ကြသည်။

“နင်လာမယ်ကြားလို့ မလာတော့တာလေ။ အော့မန်ရော၊ အော့ချင်းယွီကိုရော နင်ပယ်ပယ်နယ်နယ် သမလိုက်တာဆို။”

ပိုင်လင်သည် အန်လင်း၏ လုပ်ဆောင်ချက်အား အမှန်တကယ် ကျေနပ်ဝမ်းသာနေမိသည်။

အန်လင်းမှာ မည်သည့်စကားမှ မပြောပဲ အဖြူရောင် အဝိုင်းများထံ သွားလိုက်သည်။

“ဒါကဘာတွေလဲ။”

“သံလိုက်အမှုန် သတ်ဖြတ်ခြင်း ဖွဲ့စည်းပုံလေ။ ဒီတောင်ကြောကို အကာအကွယ်ထားဖို့ စီစဥ်နေတာ။ ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့်တွေကိုတောင် သတ်နိုင်တဲ့အပြင် သတိပေးစနစ်လည်းပါတယ်။”

ပိုင်လင် ရှင်းပြလာသည်။

အန်လင်း လက်မထောင်ပြလိုက်သည်။

“ကောင်းတယ်။”

သူသည် သေသေချာချာ နားမလည်ပါသော်လည်း ကောင်းမည့်ပုံရသည်။

စိတ်ဝိဥာဥ်ကျောက်တုံး မိုင်းတွင်း၏ လုံခြုံရေးအား စိတ်ချနိုင်ပြီပင်။

“အစ်မကြီးပိုင် ဇာမဏီကမ္ဘာငယ်ရော ဘယ်လိုအခြေအနေရှိလဲ။”

ပိုင်လင်သည် သုတေသန လုပ်ငန်းများအား တစိုက်မတ်မတ် ဆောင်ရွက်နေကြောင်း အန်လင်း ကြားသိထားခဲ့သည်။

ပိုင်လင် လျှို့ဝှက်စွာ ပြုံးလိုက်သည်။

“မှန်းကြည့်လေ....”

“ကမ္ဘာ့ငြိမ်းချမ်းရေး ထိန်းသိမ်းဖို့တောင် လမ်းစရှိနေလောက်ပြီမလား။”

အန်လင်း လက်ဖြောက်တီးလိုက်သည်။

ပိုင်လင် အံ့အားသင့်သွားသည်။

“နင်ကတကယ် မှန်းနိုင်တာပဲ။”

အန်လင်း စကားဆိုလာသည်။

“အတွင်းစည်းတပည့်တွေကိုရော ဘာမှမသင်ပေးတော့ဘူးလား။”

သူသည် ပိုင်လင်၏ တပည့်များအပေါ် စိတ်မကောင်းပင် ဖြစ်မိသည်။

၎င်းတို့သည် စုကျိုးအင်မော်တယ်ဂိုဏ်း၏ အတွင်းစည်းတပည့် ဖြစ်လာရန် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရပါသော်လည်း နန်းဆောင်သခင်မမှာ သုတေသန လုပ်ငန်းများတွင်သာ သူမကိုယ်သူမ နှစ်မြှုပ်ထားလေသည်။

“ငါသူတို့ကို လိုအပ်တာတွေ သင်ပေးနေပါတယ်။”

ပိုင်လင် တည်တည်ငြိမ်ငြိမ် တုံ့ပြန်လာသည်။

“ဘာတွေသင်နေတာလဲ။”

အန်လင်း မေးမြန်းလိုက်သည်။

ပိုင်လင် ရှင်းပြလာသည်။

“ဘာမှမသိသေးတဲ့ သူတွေအတွက် ခရမ်းကြယ်စင် ပထမနှစ် ရေတွက်ခြင်းနည်းလမ်း တစ်ရာ့တစ်ဆယ်၊ လေဟာနယ် ရူပဗေဒ သီအိုရီ၊ စွမ်းအင်ကြိုးမျှင်သီအိုရီ၊ စွမ်းအင်ရုပ်လုံးဖော်ခြင်း.......”

သူမ စာအုပ်ပေါင်း ဆယ့်ရှစ်အုပ်ခန့် ထုတ်လာခြင်းပင်။

အန်လင်း မျက်လုံးပြူးသွားရသည်။

သေမျိုးကမ္ဘာမှ ကျောင်းစာများကိုပင် အမှတ်ရသွားမိသည်။

“ခရမ်းကြယ်စင် နန်းဆောင်က ဒါတွေသင်နေတာလား။”

ပိုင်လင် ပြုံးကာပြောလာသည်။

“ဒါပေါ့။ ဒါက အခြေခံ ဗဟုသုတပဲ ရှိသေးတယ်။ နောက်ဆိုရင် ဗဟုသုတတွေကို ကျင့်ကြံရေးနဲ့ ပေါင်းစည်းတတ်ဖို့ သင်ပေးရဦးမယ်။”

အန်လင်း ပါးစပ်အဟောင်းသားဖြစ်ကာ ပိုင်လင်၏ တပည့်များအား ပိုမိုသနားမိသွားသည်။

ပိုင်လင် စကားဆက်လိုက်သည်။

“ဗဟုသုတရှိမှ လူသားတွေ တိုးတက်မှာလေ။ အခြေခံလောက်တောင် မသိရင် တိရစ္ဆာန်နဲ့ ဘာကွာတော့မှာလဲ။ ခရမ်းကြယ်စင် နန်းဆောင်က တပည့်တွေအားလုံးဗဟုသုတ ကြွယ်လာစေရမယ်။”

အန်လင်းမှာ အရှိုက်တည့်တည့်ထိသလို ခံစားလိုက်ရသည်။

“ဒါတွေအားလုံး သူတို့နားလည်ပါ့မလား။”

အန်လင်း မေးမြန်းလိုက်သည်။

ပိုင်လင် တောက်ပစွာ ပြုံးလိုက်သည်။

“ငါက သူတို့ဉာဏ်ရည်ပေါ် အကဲခတ်ပြီး သေသေချာချာ ရွေးထုတ်ထားတာလေ။ ချူးမင်နဲ့ ကျိုးယွီဆို တကယ်ဉာဏ်ကောင်းတာ။”

“သူတို့နာမည်နဲ့တင် ထူးချွန်တယ်လို့ ပြောလို့ရပါတယ်။”

အန်လင်း ခေါင်းညိတ်ပြလိုက်သည်။

စိတ်ဝိဥာဥ်ကျောက်တုံး မိုင်းတွင်းအား အကာအကွယ်များ ပြုလုပ်ပြီးနောက် အန်လင်းတို့မှာ စုကျိုးအင်မော်တယ်ဂိုဏ်းထံ ပြန်ခဲ့ကြသည်။

အန်လင်းအတွက် ဂိုဏ်းသို့မပြန်ဖြစ်သည်မှာ ကြာခဲ့လေပြီ။

၎င်းတို့သည် ပိုင်လင်၏ ငွေရောင်ပန်းကန်ပြားပျံနှင့်အတူ လိုက်လာခဲ့ကြသည်။ အတွင်းပိုင်းသည် အတော်ကျယ်ဝန်းပြီး သိပ္ပံဇာတ်ကားထဲ ရောက်နေသလို ခံစားရပါသော်လည်း ရှုပ်ထွေးသော ထိန်းချုပ်စနစ်များ မပါဝင်ပေ။

အလိုအလျောက် ပျံသန်းသောစနစ် ဖြစ်သည်။

အဆင့်မြင့် ဉာဏ်ရည်တု ပါဝင်ကာ လူသားများထက်ပို၍ တိကျသော ပျံသန်းမှုကို ပေးစွမ်းနိုင်ပေသည်။

“လေဟာနယ် အဖြူရောင်နတ်မိမယ်က လေဟာနယ် ခုန်ကျော်ခြင်းထက် နှေးပေမယ့် သက်တောင့်သက်သာ ရှိတယ်လေ။ အဲ့ဒါကြောင့် ငါအမြဲသုံးဖြစ်တယ်။”

ပိုင်လင်မှာ သစ်သီးဝိုင်အချို့အား ယူဆောင်လာသည်။

“တကယ်မဆိုးဘူး။”

အန်လင်း ထောက်ခံလိုက်သည်။

ပိုင်လင်သည် ပန်းကန်ပြားပျံအား လေဟာနယ် အဖြူရောင်နတ်မိမယ်ဟု အမည်ပေးထားသည်။

တီနာမှာ မျက်လုံးအဝိုင်းသားဖြင့် ဟိုဟိုသည်သည် လိုက်လံကြည့်ရှုနေသည်။

........

စုကျိုးအင်မော်တယ်ဂိုဏ်း၌

ကြည်လင်သော ရေပြင်တစ်ခုဘေးတွင် နဂါးချိုနှင့် အမျိုးသမီးတစ်ဦးမှာ ကောင်းကင်အား မော့ကြည့်နေသည်။

မကြာမီပင် ပန်းကန်ပြားပျံတစ်ခု ဖြည်းညင်းစွာ ဆင်းသက်လာဘေသည်။

“ဆရာ ပြန်ရောက်လာပြီပဲ။”

ပေလျန် ပျော်ရွှင်သွားသည်။

ရှောင်ဇယ်သည် နဂါးဘုရင်၏ ဒုတိယသားတော်အား မတော်တဆ သတ်မိခဲ့ကြောင်း ကြားသိခဲ့ရသောကြောင့် သူမအနေဖြင့် အတော်ပင် စိုးရိမ်ပူပန်ခဲ့ရသည်။

သူမသည် အော့မန်၏ သမီးတော်ဖြစ်ကာ ယခုအချိန်တွင် သူမ၏ သွေးဆက်သည်လည်း ပြန်လည်သန့်စင်နေပြီ ဖြစ်သောကြောင့် ရှောင်ဇယ်အား ကယ်တင်ရန်အတွက် အရှေ့ပင်လယ် နဂါးမင်းပိုင်နက်သို့ပြန်ရန် စဥ်းစားခဲ့သည်။

သို့သော် ပိုင်လင်သည် အန်လင်း ဖြေရှင်းပေးလိမ့်မည်ဟုဆိုကာ သူမအား တားဆီးလာခဲ့လေသည်။

ပေလျန်မှာ စုကျိုးအင်မော်တယ်ဂိုဏ်းတွင် စိုးရိမ်စိတ်များနှင့် ကျန်ရစ်နေခဲ့ရသည်။

အန်လင်းသည် အရှေ့ပင်လယ် နဂါးမင်းပိုင်နက် တစ်ခုလုံးအား ရင်ဆိုင်ရလိမ့်မည်ပင်။

မည်သို့ပင်ဆိုစေကာမူ အန်လင်းသည် နဂါးဘုရင်နှင့် အော့ချင်းယွီအား ရှယ်ပလန်နှင့် သမလိုက်သည်ဟု ကြားခဲ့ရသည်။

အန်လင်းက အဲ့လောက်တောင် ကြမ်းတာလား.....

ပေလျန်မှာ အန်လင်းအတွက် ဝမ်းသာပါသော်လည်း ကြောင်တောင်တောင် ဖြစ်နေမိသည်။

၎င်းတို့သည် တစ်ချိန်က ရဲဘော်ရဲဘက်များ ဖြစ်ခဲ့ပြီး ယခုတွင်မူ အန်လင်းအား ခမည်းတော်သည်ပင် ယှဥ်မတိုက်နိုင်တော့ပေ။

ထိုအချိန်မှာပင် ပန်းကန်ပြားပျံ တံခါးပွင့်လာသည်။

“ဆရာ.....”

ပေလျန်မှာ ရှောင်ဇယ်ထံ အပြေးသွားလိုက်သည်။

“အန်လင်း..... နင်ပါရောက်နေတာပဲ။”

အန်လင်း မကျေမနပ် ဖြစ်သွားသည်။

“ငါ့ကို ဆရာဖိုးဖိုးလို့ ခေါ်သင့်တာ။”

ပေလျန် : “......”

(စာကြွင်း : ချူးမင်နှင့် ကျိုးယွီမှာ ဝတ္ထုများထဲမှ ဉာဏ်ကောင်းသော ဇာတ်ကောင်အမည်များ ဖြစ်သည်။)

All Chapters