အန်လင်း၏တပည့်
Vol. 71 Ch. 988
ပေလျန်မှာ အသက်ရှူသံများ ပြင်းလာရသည်။
ဆရာ၏ဆရာသည် ဆရာဖိုးဖိုး ဖြစ်ပါသော်လည်း အန်လင်းအား ထိုသို့မခေါ်လိုပေ။
သူမအနေဖြင့် ထိုသို့မလုပ်နိုင်ပေ။
ပေလျန် မျက်စိမျက်နှာ ပျက်နေစဥ်မှာပင် အန်လင်း ရယ်မောလိုက်သည်။
“စတာပါ နဂါးမင်းသမီးလေးရဲ့။”
ပေလျန် အံကြိတ်ကာ အရိုအသေ ပေးလိုက်သည်။
“ဂိုဏ်းကနေ ပြန်လည်ကြိုဆိုပါတယ် ဂိုဏ်းချုပ် အန်လင်း.....”
“ငါတို့က သူငယ်ချင်းတွေပဲဟာ။ စည်းမျဥ်းစည်းကမ်းတွေ မလိုပါဘူး။”
အန်လင်း ပုခုံးပုတ်ကာ ပြောလိုက်သည်။
ပေလျန်မှာ သူငယ်ချင်းအဖြစ် အသိအမှတ် ပြုခံရသောကြောင့် ဝမ်းသာသွားမိသည်။
“ဒါနဲ့ မင်းရဲ့ ခမည်းတော်နဲ့ ငါးယောက်မြောက် အစ်ကိုတော်ကို ငါသမခဲ့တယ်နော်။ မင်းစိတ်ထဲမထားဘူးမလား။”
အန်လင်း မေးမြန်းလိုက်သည်။
“သူတို့က ငါ့ဆရာကို လာရှုပ်တာလေ။ ခံသင့်တယ်။”
ပေလျန် တုံ့ပြန်လာသည်။
ရှောင်ဇယ် ရင်ထဲထိသွားရသည်။
“မင်းရဲ့ ဒုတိယ အစ်ကိုတော်ကို သတ်မိတာရော စိတ်မဆိုးဘူးမလား။”
ပေလျန် : “......”
အန်လင်း : “.......”
“ငိုချင်ယောင်ဆောင်သင့်လား။”
ပေလျန် မေးမြန်းလာသည်။
“မင်းခံစားရတာကိုပဲပြောပါ။”
ရှောင်ဇယ် အနည်းငယ် ကြောက်ရွံ့နေသည်။
“အစတုန်းကတော့ နည်းနည်းဝမ်းနည်းပေမယ့် အခုဘာမှ မခံစားရဘူး။”
ပေလျန် ရိုးသားစွာ တုံ့ပြန်လိုက်သည်။
ရှောင်ဇယ် စိတ်သက်သာရာရကာ သက်ပြင်းချလိုက်သည်။
မိသားစုအပေါ် သံယောဇဥ် မရှိသော ပေလျန်ကြောင့် အန်လင်းသည်ပင် အံ့အားသင့်နေမိသည်။
“ခမည်းတော်က သွေးဆက်ပြဿနာကြောင့် မင်္ဂလာဆောင်ပေးဖို့ လုပ်ကတည်းက အရှေ့ပင်လယ် နဂါးမင်းပိုင်နက်ကို စိတ်ကုန်သွားတာလေ။ မင်းသမီး ယင်ယွီမဟုတ်ရင် ဘယ်သူဘာဖြစ်ဖြစ် ကိစ္စမရှိဘူး။”
ပေလျန် ရှင်းပြလာသည်။
ထိုစဥ်က ယင်ယွီမှလွဲ၍ မည်သူကမှ ပေလျန်အား ဂရုမစိုက်ခဲ့သောကြောင့် ပေလျန်မှာ အတော်ပင် စိတ်နာသွားခဲ့သည်။
အန်လင်း နှစ်သိမ့်ပေးလိုက်သည်။
“အဲ့ဒါတွေ တွေးမနေပါနဲ့။ စုကျိုးအင်မော်တယ်ဂိုဏ်းက မင်းအတွက် ထာဝရအိမ်ပဲ။”
ပေလျန်သည် အန်လင်း၏ နွေးထွေးသော အပြုံးထံမှ အကြည့်မလွှဲနိုင်ပေ။
“ငါ့အိမ်ကလည်း စုကျိုးအင်မော်တယ်ဂိုဏ်းပဲလေ။”
အန်လင်း စကားဆက်လိုက်သည်။
“အင်း....”
ပေလျန် ခေါင်းညိတ်ပြလာသည်။
သူမ၏ နှလုံးသားထဲတွင် အန်လင်းအား မိသားစုဝင်အဖြစ် တိတ်တဆိတ် သတ်မှတ်လိုက်သည်။
အန်လင်းမှာ နဂါးမျိုးနွယ်စုဝင်များနှင့် တိုက်ပွဲအကြောင်း ပြောပြလိုက်သည်။
“အော့ချင်းယွီက အရှေ့ပင်လယ် နဂါးမင်းပိုင်နက်မှာ အကြမ်းဆုံးပဲ။ ခမည်းတော်တောင် တတိယပဲရှိတာ။ စုကျိုးအင်မော်တယ်ဂိုဏ်းကို ဒုက္ခမပေးဖို့ တာအိုနှလုံးသားနဲ့ ကျိန်ခိုင်းလိုက်တာကောင်းတယ်။”
ပေလျန် စကားဆိုလာသည်။
အန်လင်းမှာ အော့ချင်းယွီအား အနိုင်ရခဲ့ခြင်းအပေါ် ကျေနပ်နေမိသည်။ ဘတစ်ပြန် ကျားတစ်ပြန်သာ တိုက်ခိုက်ပါက သူ့အနေဖြင့် အော့ချင်းယွီအား ယှဥ်နိုင်မည် မဟုတ်ပေ။
ယခုတွင်မူ အော့ချင်းယွီသည် တာအိုနှလုံးသားနှင့် ကျိန်ဆိုထားသောကြောင့် စိုးရိမ်နေစရာ မလိုအပ်တော့ပေ။
“နေပါဦး.... မင်းခမည်းတော်က တတိယလား။”
အန်လင်း အံ့သြသွားသည်။
ပေလျန် ခေါင်းညိတ်ပြလာသည်။
“အစ်မကြီး အော့ရှောင်းဝူကလည်း ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့်လေ။ သူမက အရှေ့ပင်လယ် နဂါးမင်းပိုင်နက် ပြဿနာတွေမှာ ဝင်မပါလို့ ငါးယောက်မြောက် အစ်ကိုတော်ကို ရှေ့တန်းတင်ကြတာ။”
“အခုအခြေအနေအရ သူမကို စိတ်ပူသင့်ပေမယ့် ပြောတဲ့အတိုင်း သူမက ပြဿနာတွေမှာ ဝင်မပါတတ်ဘူး။”
အန်လင်း ခေါင်းညိတ်လိုက်သည်။
“အဲ့လိုလူမျိုးကို သဘောကျတယ်။”
ပေလျန် အေးစက်စက် ကြည့်ရှုလာသည်။
အန်လင်း အလျင်အမြန် ရှင်းပြလိုက်သည်။
“ငါတို့ကို ပြဿနာ မရှာမယ့်သူမျိုးလေ။”
ပေလျန် ပြုံးကာပြောလိုက်သည်။
“ငါ့အစ်မတော် အသားဖြူဖြူ၊ ခြေတံရှည်ရှည်နဲ့ အရမ်းလှတာနော်။”
အန်လင်း လေးလေးနက်နက် ပြောလိုက်သည်။
“ငါ့ကို ဘယ်လိုကောင်မျိုး ထင်နေတာလဲ။”
“ဟွန့်......”
ပေလျန် သတိပေးလိုက်သည်။
“ဘာပဲဖြစ်ဖြစ် အရှေ့ပင်လယ် နဂါးမင်းပိုင်နက်ကိုတော့ မသွားတာကောင်းတယ်။ အဲ့မှာ တာအိုပေါင်းစည်းခြင်း အဆင့်တွေကိုတောင် ဒုက္ခပေးနိုင်တဲ့ ဝင်္ကပါတွေရှိတယ်။”
အန်လင်း လက်ခါပြလာသည်။
“ဘာသွားလုပ်ရမှာလဲ။ ဓားပြသွားတိုက်ရမှာလား။”
၎င်းတို့နှစ်ဦးမှာ စကားစမြည် ပြောဆိုရင်း တာအိုကွင်းပြင်သို့ ရောက်လာကြသည်။
နေဝင်ဆည်းဆာချိန်သို့ပင် ရောက်ရှိနေလေပြီ။
တာအိုကွင်းပြင်တွင် ချစ်စဖွယ် ကလေးမလေးတစ်ဦးသည် ချွေးများရွှဲနစ်နေသည်အထိ ဓားရေးလေ့ကျင့်နေသည်။
“ရဲ့လင်..... နင်လုပ်နိုင်ပါတယ်။ ကြိုးစားထား.....”
ကလေးမလေးမှာ ပတ်ဝန်းကျင်ကိုပင် သတိမထားမိပဲ ကိုယ့်ကိုယ်ကို အားပေးလိုက်သည်။
“လင်လေး.... မင်းလှုပ်ရှားမှုတွေက တောင့်တင်းနေတယ်။”
နွေးထွေးသော စကားသံတစ်ခု ထွက်ပေါ်လာသည်။
ကလေးမလေးမှာ ကြောင်တောင်တောင်နှင့် လှည့်ကြည့်လာလေသည်။
သူမ၏ ဝိုင်းစက်သော မျက်ဝန်းလေးများ ပြူးကျယ်သွားရသည်။
ထို့နောက် ဝမ်းသာအားရစွာ ပြုံးပြလာသည်။
“ဆရာ......”
ကလေးမလေးမှာ အားပါးတရ ခုန်ဖက်လိုက်သည်။
အန်လင်းမှာ ကလေးမလေးအား ပျော်ပျော်ရွှင်ရွှင် ပွေ့ချီလိုက်လေသည်။
သူသည် လက်ကိုင်ပုဝါဖြင့် ကလေးမလေး၏ ချွေးစများကို သုတ်ပေးလိုက်သည်။
“လင်လေး.... မင်းတာအိုခန္ဓာ ဒုတိယအဆင့်တောင် ရောက်နေပြီပဲ။”
“ဆရာ သင်ပေးတာ ကောင်းလို့ပါ။”
ရဲ့လင် ရယ်ရယ်မောမော ပြောလိုက်သည်။
“ဓားလမ်းစဥ်ကို သင်ပေးမယ်။”
အန်လင်းမှာ ကလေးမလေးအား မြေပြင်ပေါ် ပြန်ချပေးလိုက်သည်။
ထို့နောက် ရဲ့လင်၏ လက်အားကိုင်ကာ ညင်သာစွာ လမ်းပြပေးလိုက်သည်။
“ဓားကို တင်းတင်းကြပ်ကြပ်ကြီး မကိုင်ထားနဲ့။”
“တွေ့လား။ ဘယ်လောက်တောင် ကွာခြားသွားတယ်ဆိုတာ....”
“ဆရာက အရမ်းတော်တာပဲ။”
၎င်းတို့နှစ်ဦးသည် သစ်သားဓားများနှင့်အတူ လေ့ကျင့်နေခဲ့ကြသည်။
တူညီသော လှုပ်ရှားမှုများကိုသာ နေသားကျအောင် ပြုလုပ်နေခဲ့ကြခြင်း ဖြစ်သည်။
ဘေးတွင်ရှိနေသော ပေလျန်သည်ပင် ထိုသည်ကိုကြည့်ကာ နွေးထွေးနေမိသည်။
မကြာမီပင် ညအချိန်သို့ ရောက်ရှိလာ၏။
ရဲ့လင်မှာ ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်သောကြောင့် အန်လင်းမှာ ညစာစားရန် ခေါ်ဆောင်သွားလိုက်သည်။
“ဆရာ အရှေ့ပင်လယ် နဂါးမင်းပိုင်နက်ကို ဆော်ပလော်တီးလိုက်တယ်ဆို....”
“ဒါပေါ့ အရှေ့ပင်လယ် နဂါးမင်းပိုင်နက်က နဂါးဘုရင်ကို ဘောလုံးတစ်လုံးတည်းနဲ့ ဖိနှိပ်ခဲ့တာ။ မင်းသား အော့ချင်းယွီကိုလည်း ဘာမှမလုပ်ပဲ နှစ်ပိုင်းဖြတ်လိုက်တာလေ။”
“ဝါး..... အရမ်းမိုက်တယ်။”
ရဲ့လင်မှာ မျက်ဝန်းများ တောက်ပနေသည်။
သူမ၏ နှလုံးသားထဲတွင် ဆရာသည် ပြိုင်ဘက်ကင်း သူရဲကောင်းကြီးပင်။
ထိုအစွဲမှာ ဖျက်မရအောင် စွဲမြဲနေပြီ ဖြစ်သည်။
အန်လင်းမှာ ရဲ့လင်၏ တုံ့ပြန်မှုအား စိတ်ကျေနပ်သွားသည်။
တကယ်ကို ကလေးတွေက အကောင်းဆုံးပဲ......
အနည်းဆုံးတော့ ရဲ့လင် မေးခွန်းတွေက ဖြေရလွယ်တယ်.... ရှောင်ဇယ်နဲ့ မတူဘူး.....