← Chapters

နတ်ဘုရားဘုရင်အဆင့်၊ တာအိုမြို့ထဲ ဝင်ရောက်ခြင်း

Vol. 71 Ch. 981

နတ်ဘုရားဘုရင်အဆင့်၊ တာအိုမြို့ထဲ ဝင်ရောက်ခြင်း

Vol. 71 Ch. 981

အမြစ်မဲ့သံမဏိဖြင့် မည်သူမဆို မှော်ရတနာ ဖန်တီးနိုင်သည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။ နောက်ဆုံးတွင် မိုဝူကျိက ထိုအဓိပ္ပါယ်အား ကောင်းကောင်း သဘောပေါက်သွားလေ၏။ နတ်ဘုရားလောကမှ ကျင့်ကြံသူတစ်ယောက်အနေနှင့် အဆိုးဆုံးလူပင် အဆင့်နိမ့်ဆုံး အတားအဆီးကို ထည့်သွင်းနိုင်မည် မဟုတ်ပါလော။ လူတစ်ယောက်က အဆင့် ၁ နတ် အတားအဆီးကို မလုပ်နိုင်လျှင်ပင် အမြစ်မဲ့သံမဏိက သူ့အလိုလို အဆင့် ၁ အတားအဆီး ဖြစ်ပေါ်လာမည်သာ ဖြစ်၏။

မိုဝူကျိက ကြည့်လိုက်သည့်အခါ အမြစ်မဲ့သံမဏိပေါ်ရှိ ထိုသင်္ကေတများသည် မှော်ရတနာနှင့်အတူတကွ အဆင့်ဆင့် ပြောင်းလဲသွားဟန် ပေါ်၏။

မိုဝူကျိက ထိုအတွေးဖြင့် အတားအဆီး ၁၀၈ ခု ထည့်သွင်းရန် ဆုံးဖြတ်လိုက်သည်။ ထျန်းကန်နှင့် တိရှား အရေအတွက်မှာလည်း ၁၀၈ ခု ဖြစ်၏။

(မှတ်ချက် - ထျန်းကန်နှင့် တိရှားတို့သည် ကြယ်တာရာများကို နတ်အဖြစ် တင်စားသုံးနှုန်းထားခြင်း ဖြစ်၏။ ထျန်းကန် ၃၆ ပါးနှင့် တိရှား ၇၂ ပါးတို့ ရှိကြသည်။ ထျန်းကန်နှင့် တိရှားတို့၏ နောက်ကြောင်းကို တရုတ်ဂန္တဝင် စာအုပ်ထဲ၌ တွေ့နိုင်သည်။)

ရှန်းထျန်း ရတနာတို့တွင်လည်း အတားအဆီး ၁၀၈ ခု ရှိကြသည်။ မိုဝူကျိက ဤအမြစ်မဲ့သံမဏိကား သူ့နောက်ဆုံး မှော်ရတနာ ဖြစ်လာစေရန် ရည်ရွယ်ထားသောကြောင့် သူ့အလိုလို အဆင့်တက်လာလိမ့်မည်ဟုလည်း မျှော်လင့်ထားသည်။

မိုဝူကျိ မျှော်လင့်မထားသည်က အတားအဆီး ငါးခုထက် ပို၍ ထည့်သွင်း၍ မရပေ။

ထို့အပြင် အမြစ်မဲ့သံမဏိသည် သူ တွေးသည့် ပုံသဏ္ဍာန်အတိုင်း အလျှင်အမြန် ပြောင်းလဲလာနေသည်။

အချိန်တိုလေးအတွင်း အမြစ်မဲ့သံမဏိအတွင်း ထည့်သွင်းထားသော သင်္ကေတများမှာ ပျောက်ကွယ်သွားလေ၏။ မိုဝူကျိက ပုဆိန်လှံရှည်ထဲ အသက်သွေးကို မြန်မြန် ချလိုက်ရသည်။ ဤပုဆိန်လှံရှည်မှာ သူ့အပိုင် ဖြစ်ပြီး တခြားမည်သူကိုမှ ပေးမည် မဟုတ်ပေ။ သူက အသက်သွေး ထည့်လိုက်ရသည့် အကြောင်းအရင်းမှာ ပုဆိန်လှံရှည်က သူ့စိတ်ဆန္ဒအတိုင်း အလွယ်တကူ လိုက်လျောညီထွေ ဖြစ်စေရန် ဖြစ်သည်။

နာရီများစွာ ကျော်လွန်သွားလေ၏။ ခြောက်မီတာ ရှည်လျားသော ပုဆိန်လှံရှည် တစ်လက်က သူ့ရှေ့မှောက် ရှိနေသည်။ ပုဆိန်လှံရှည်မှာ မီးခိုးရောင် ဖြစ်ပြီး အမြစ်မဲ့သံမဏိ၏ အငွေ့အသက်များ မရှိနေတော့ချေ။

မိုဝူကျိက လက်ဖဝါးဖြန့်လိုက်သည့်အခါ ပုဆိန်လှံရှည်က သူ့လက်အတွင်း ကျဆင်းလာ၏။ လိုက်လျောညီထွေ ဖြစ်သည့် ခံစားချက်တစ်ခု ပေါ်ပေါက်လာပြီး ဤပုဆိန်လှံရှည်မှာ သူ့လက်အတွင်း တည်ရှိရန် ဖြစ်ပေါ်လာသည့်အလား ဖြစ်၏။

ပုဆိန်လှံရှည်၏ ဓားသွားမှာ လခြမ်းကွေးသဏ္ဍာန် ဖြစ်၏။ မိုဝူကျိက ပုဆိန်လှံရှည်အား အသာဝှေ့ယမ်းလိုက်သည်။

ပုံမှန်ဝှေ့ယမ်းမှုတစ်ခုဖြင့် တည်နေရာတစ်ခုလုံး ဖရိုဖရဲ ဖြစ်သွားသည့်အလား ဖြစ်ပေါ်လာသည်။ ထိုစဉ် သူ့စိတ်ထဲ၌ ရှင်းလင်းပြတ်သားသော အသိအမြင်တစ်ခု ပေါ်ပေါက်လာသည်။ ခပ်ပေါ့ပေါ့ ခံစားချက်တစ်ခုမျှ ဖြစ်သော်လည်း မိုဝူကျိက သူ့ပုဆိန်လှံရှည်ဖြင့် စိတ်စွမ်းအားနှင့် စိတ်ဓာတ်ကြံ့ခိုင်မှုအားလုံးကို ပိုင်းဖြတ်သွားသည့်အလား ခံစားမိလိုက်သည်။ ခဏအကြာတွင် ထိုခံစားချက်မှာ ပျောက်ကွယ်သွားလေ၏။

မိုဝူကျိက အတော်လေး စိတ်လှုပ်ရှားမိသွားသည်။

အတော်လေး  အားကောင်းတဲ့ လျို့ဝှက်တိုက်ကွက်ပဲ ….

ဖျင်ရွှေကို ထည့်လိုက်ခြင်းက  လျိူ့ဝှက်တိုက်ကွက်တစ်ခု အလိုလို မွေးဖွားပေးနိုင်ပေသည်။ သို့သော်လည်း သူက ဖျင်ရွှေသည် သူ့အား ဤမျှ အံ့အားသင့်စရာ ပေးနိုင်လိမ့်မည်ဟု မထင်မိပေ။ ဤလျို့ဝှက်တိုက်ကွက်သည် ပြင်းထန်သော ဝိညာဉ်စွမ်းအား တိုက်ကွက် ဖြစ်နေ၏။ နေရာတစ်ဝှက်ရှိ စိတ်စွမ်းအား အားလုံးကို ပိုင်းဖြတ်ပစ်နိုင်သည်။

ဤသည်က တိုက်ပွဲအတွင်း သတ်ဖြတ်တိုက်ကွက် ဖြစ်လာနိုင်သည်။ သူသာ ဤတိုက်ကွက်ကို ထုတ်သုံးသရွေ့ တစ်ဖက်လူ၏ လျို့ဝှက်တိုက်ကွက် ထိန်းချုပ်မှုအား ပယ်ဖျက်နိုင်လိမ့်မည်။

ခဏတာမျှသာ ဖြစ်သော်လည်း မိုဝူကျိအတွက် ကိစ္စအများအပြား လုပ်ဆောင်ရန် လုံလောက်ပေသည်။

ဤပုဆိန်လှံရှည်ကို လခြမ်းကွေး ပုဆိန်လှံရှည်ဟုသာ ခေါ်ဆိုမည်။ မိုဝူကျိက လခြမ်းကွေး ပုဆိန်လှံရှည်ကို သိမ်းဆည်းထားလိုက်တော့သည်။

သူ့အနေနှင့် အချိန်များစွာ ပေး၍ ဖန်တီးခဲ့ခဲ့ရသော ပထမဆုံး မှော်ရတနာ ဖြစ်သော်လည်း ဤပုဆိန်လှံရှည်က သူ့အား စိတ်မပျက်စေပေ။ နှင်းစက်ကျ မြို့၌ သူ စွန့်စားခဲ့ရသမျှ အကျိုးပြန်ရလာလေပြီ။ သူ့လခြမ်းကွေး ပုဆိန်လှံရှည်သည် အဆင့်နိမ့် လက်နက် ဖြစ်သော်လည်း မိုဝူကျိက စိတ်ထဲ မထားပေ။ ဤလက်နက်က အဆင့်တက်လာနိုင်သည် မဟုတ်ပါလော။

“ ဝုန်း ဝုန်း ” ပြင်းထန်သော တုန်ခါသံများကို ကြားလိုက်ရသည်။ ထို့နောက် ချီပင်းက စိတ်ဖြင့်ဆက်သွယ်ကာ  “ဝူကျိ … ငါတော့ နတ်ဘုရားဘုရင်အဆင့် တက်လှမ်းတော့မယ်။ ငါ့နောက်ကို လိုက်ခဲ့ ”

“ ဟုတ်ပြီ ” မိုဝူကျိက ချက်ချင်း တုံ့ပြန်လိုက်သည်။ သူက လခြမ်းကွေး ပုဆိန်လှံရှည်ကို ဖန်တီးပြီးခါစ ဖြစ်ရာ ကောင်းကင်နတ်ဘုရား နောက်ပိုင်းအဆင့် ကျင့်ကြံသူနှင့်ပင် ယှဉ်နိုင်လိမ့်မည်ဟု ယုံကြည်ချက် ရှိနေသည်။

………………

အမွေးတိုင်တစ်တိုင်စာ ကြာမြင့်ပြီးနောက် ချီပင်းနှင့် မိုဝူကျိတို့က လျို့ဝှက်တောင်ကြားနှင့် အတော်လေး ဝေးကွာသည့်နေရာသို့ ရောက်ရှိနေလေပြီ။

သူတို့က နေရာကျယ်ဝန်းသည့် လေဟာပြင်တစ်ခုသို့ ရောက်ရှိလာသည်။ ချီပင်းက မိုဝူကျိအား လက်ဟန်ပြလိုက်ပြီးနောက် နတ်ဘုရားဘုရင်အဆင့် တက်လှမ်းရန် ပြင်ဆင်ရင်း ခြေချိတ်ထိုင်ချလိုက်သည်။

မိုဝူကျိက နေရာပတ်လည်တွင် ကာကွယ်ရေး အစီအရင်၊ ခုခံရေး အစီအရင်နှင့် ဝိညာဉ်စွမ်းအား စုစည်းရေး အစီအရင် အစရှိသဖြင့် ခင်းကျင်းလိုက်သည်။ သူ့တွင် ရှိသော နတ်ဘုရားကျောက်အားလုံးကို ဝိညာဉ်စွမ်းအား စုစည်းရေး အစီအရင်ထဲ ထည့်လိုက်သည်။

အစီအရင်တာအိုအရ ချီပင်းပင် မိုဝူကျိနှင့် နှိုင်းယှဉ်နိုင်မည် မဟုတ်ချေ။

ထိုစဉ် ချီပင်း ခေါင်းအထက်၌ ဝိညာဉ်စွမ်းအား ဝဲကတော့ ရှိနေလေပြီ။ သူမ ဘေးပတ်လည်တွင် လှိုင်းပြင်းပြင်း စတင် ဖြစ်ပေါ်လာပြီး မိုးမြေစည်းမျည်းများက အသက်ဝင်လာသည့်အလား ချီပင်း၏ တာအိုစည်းမျည်းနှင့် ပေါင်းစပ်သွားလေသည်။

ဘေးပတ်ဝန်းကျင်ရှိ သားရဲများကလည်း ထိုစည်းမျည်းများ အသက်ဝင်လာမှုကြောင့် မြန်မြန် ထွက်ပြေးကုန်ကြသည်။

နေ့တစ်ဝက်ကြာပြီးနောက် တည်နေရာစည်းမျည်းများက ဖြည်းဖြည်းချင်း ရှင်းလင်းပြတ်သားလာသည်။ ချီပင်း ခေါင်းအထက်၌ တာအိုအင်အားတစ်ခု စတင် ဖွဲ့စည်းလာသည်။

နတ်ဝိညာဉ်စွမ်းအားများက ချီပင်းဆီ အပြေးအလွှား ဝင်ရောက်သွားကြသည်။ သူမ ခေါင်းအထက်ရှိ စွမ်းအားဝဲကတော့ကလည်း ပို၍ ကြီးမားလာသည်။ မိုဝူကျိက မြန်မြန် ထိုင်ကာ အင်မော်တယ် မော်တယ် ကျင့်စဉ်ကို စတင်လှည့်ပတ်လိုက်သည်။

ဤအခွင့်အရေးမှာ အလွန်ရှားပါးလှ၏။ အကယ်၍ သူသာ ဆုပ်ယူနိုင်လျှင် တစ်နှစ်ခွဲလောက် ကျင့်ကြံခြင်းကို သက်သာစေမည် ဖြစ်၏။

နောက်ထပ် နှစ်ရက်တာ ကုန်ဆုံးသွားလေ၏။ ထို့နောက် ချီပင်းက နတ်ကျောက်စိမ်းဆေးလုံးကို မျိူချလိုက်တော့သည်။

“ ဝုန်း ” ပြင်းထန်သော မိုးကြိုးချက်များက စတင် ဆင်းသက်လာသည်။ တစ်ချိန်တည်းဆိုသလို မိုဝူကျိ၏ ကျင့်ကြံဆင့်မှာလည်း ကနဦး နတ်ဘုရား အဆင့် ၅ မှ အဆင့် ၆ သို့ ရောက်ရှိသွားသည်။

မိုဝူကျိက လေအေးများ မှုတ်ထုတ်ကာ ကျင့်ကြံရေးကို ရပ်တန့်လိုက်သည်။ သူက ချီပင်း၏ မိုးကြိုးစမ်းသပ်ချက်မှ စွမ်းအားကို ယူသုံးကာ ကနဦး နတ်ဘုရား အဆင့် ၆ သို့ တက်လှမ်းနိုင်ခဲ့၍ ကျေနပ်နေမိသည်။

ယခု ချီပင်းက သူမ မိုးကြိုးစမ်းသပ်ချက် ခံယူတော့မည် ဖြစ်၍ သူ့အနေနှင့် သူမ၏ ကာကွယ်သူ ဖြစ်ပေးရမည်။

“ ဘမ်း ဘမ်း ” မိုးကြိုးချက်များက ဆက်တိုက် ကျဆင်းလာသည်။ ချီပင်းက ဓားရှည်တစ်ချောင်းဖြင့် ကာဆီးထားပြီး မိုးကြိုးချက်များအား ပိုင်းဖြတ်ချလိုက်သည်။

ချီပင်းကြောင့် မိုးကြိုးချက်များက လွင့်ပြယ်သွားသည့်အခါ မိုဝူကျိက ချီပင်း၏ အရှိန်အဝါမှာ အားကောင်းလာကြောင်း ခံစားမိလိုက်၏။

မိုးကြိုးချက် လေးသုတ် ဆက်တိုက် ခံယူပြီးနောက် မိုဝူကျိက ချီပင်းသည် ဒဏ်ရာအသေးအမွှားလေးသာ ရရှိထားကြောင်း သိလိုက်သည်။ ချီပင်းက တဖြည်းဖြည်း အားကောင်းလာနေသော်လည်း ထိုအရာမှာ ချီပင်း၏ ကိုယ်ပိုင် အင်အားကြောင့်မှန်း မိုဝူကျိက သိလိုက်သည်။ ယခင်က ကောင်းကင်လူသားဂိုဏ်း၏ ဖန်းကျဲလည်း နတ်ဘုရားဘုရင်အဆင့် မိုးကြိုးစမ်းသပ်ချက်အား ခံယူခဲ့သည်။ သို့သော်လည်း တည်ထောင်သူ ဖန်းကျဲသည် ချီပင်းနှင့် နှိုင်းယှဉ်၍ မရကြောင်း ခံစားမိလိုက်၏။

ချီပင်း၏ အင်အားမှာ မြောက်များစွာသော တိုက်ပွဲအတွေ့အကြုံများမှ ရရှိလာခြင်းသာ ဖြစ်ရမည်။

သိပ်သည်းလှသော မိုးကြိုးချက်များ ဆက်တိုက် ကျဆင်းလာသောကြောင့် ချီပင်း၏ ဒဏ်ရာများက ပို၍ ပြင်းထန်လာသည်။ လေထဲရှိ နတ်ဝိညာဉ်စွမ်းအားများက ရပ်တန့်သွားဟန် ပေါ်၏။ မိုဝူကျိက စိတ်ဓာတ်ကျမိသွားသည်။ ဤအရာမှာ ပြင်ဆင်မှု မလုံလောက်သောကြောင့် ဖြစ်မှန်း သိလိုက်သည်။ ဤအခြေအနေမှာ သူတို့တွင် နတ်ဘုရားကျောက် လုံလုံလောက်လောက် မရှိသောကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်၏။ အကယ်၍ နတ်ဘုရားကျောက် လုံလုံလောက်လောက် ရှိနေလျှင် ချီပင်း၏ အင်အားက ပို၍ မြန်မြန်ဆန်ဆန် တိုးတက်လာလိမ့်မည်။

အားကောင်းသော အရှိန်အဝါတချို့ သူတို့နား ချည်းကပ်လာသည်။ မိုဝူကျိက အန္တရာယ်ကို ခံစားမိလိုက်သောကြောင့် စိတ်ထဲ တင်းကျပ်မိသွားသည်။ တချို့သော အဆင့်မြင့် ကျင့်ကြံသူများက ချီပင်း၏ မိုးကြိုးစမ်းသပ်ချက်ကို သတိထားမိပြီး တစ်ချက်လာကြည့်မှန်း သိလိုက်သည်။

ချီပင်းလည်း အန္တရာယ်ကို ခံစားမိဟန် ပေါ်သည်။ သူမက အားရပါးရ ဟစ်ကြွေးလိုက်သည့်အခါ သူတို့ ဘေးပတ်လည်ရှိ စည်းမျည်းများက စတင်၍ ကြေကွဲလာသည်။ မိုဝူကျိက ချီပင်း ခန္ဓာကိုယ်မှ စွမ်းအားများကို ခံစားမိလိုက်၏။ ချီပင်းဆီမှ ကောင်းကင်ကွဲလုမတတ် ဖိအားများလည်း ထွက်ပေါ်လာသောကြောင့် မိုဝူကျိအနေနှင့် နောက်ဆုတ်ရုံသာ တတ်နိုင်တော့သည်။

မိုဝူကျိက စိတ်ထဲ၌ ပျော်ရွှင်မိနေသည်။ ချီပင်းက နတ်ဘုရားဘုရင်အဆင့်  မိုးကြိုးစမ်းသပ်ချက်ကို အောင်မြင်သွားကာ နတ်ဘုရားဘုရင်အဆင့် ရောက်ရှိသွားကြောင်း သိလိုက်သည်။

မျှော်လင့်ထားသည့်အတိုင်း မိုဝူကျိက သူ့စိတ်စွမ်းအား ဖြန့်ကျက်လိုက်သည့်အခါ ထိုအရှိန်အဝါများမှာ အစအနမရှိ ပျောက်ကွယ်သွားကြောင်း သိလိုက်ရသည်။

ယခု ချီပင်းက နတ်ဘုရားဘုရင်အဆင့် တက်လှမ်းသွားပြီ ဖြစ်၍ မိုဝူကျိက နောက်ဆုံးတွင် စိတ်သက်သာရာ သက်ပြင်းချလိုက်တော့သည်။

ချီပင်း တစ်ယောက် ကာကွယ်ရေး အစီအရင်မှ ထွက်မလာခင် တစ်ရက်တာ ကုန်ဆုံးသွားလေ၏။ ထို့နောက် သူမက မိုဝူကျိအား ပြောလိုက်သည်  “ ဝူကျိ … ငါ နတ်ဘုရားဘုရင်အဆင့် ရောက်သွားပြီ။ ဒီနေ့ကစပြီး ဘယ်သူကမှ ငါတို့ကို အနှောင့်အယှက်ပေးရဲမှာ မဟုတ်တော့ဘူး ”

“ အစ်မပင်းကို ဂုဏ်ပြုပါတယ် ” မိုဝူကျိက အတော်လေး စိတ်ပျော်ရွှင်နေမိသည်။ သူ့ဘေးတွင် နတ်ဘုရားဘုရင် တစ်ယောက် ရှိခြင်းက တစ်ယောက်တည်း သွားလာခြင်းထက် ပို၍ အန္တရာယ်ကင်းပေသည်။

“ သွားကြရအောင် … ငါတို့တွေ အရင်ဆုံး ပြန်ကြတာပေါ့။ ငါလည်း ကျင့်ကြံဆင့် အခြေတည်ဖို့ အချိန်နည်းနည်းလောက် လိုသေးတယ် ” ချီပင်းလည်း အတော်အတန် စိတ်ပေါ့ပါးသွားလေသည်။ နှစ်များစွာ တိုက်ခိုက်ပြီးနောက် နောက်ဆုံးတော့ အထွတ်အထိတ်ကို ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။

နတ်ဘုရားဘုရင် အဆင့် ၁ ထက် အားကောင်းသော လူများစွာ ရှိနေသော်လည်း အနည်းဆုံးတော့ သူမကို အကြောင်းပြချက်မရှိ ပြဿနာ ရှာမည့်သူ မရှိတော့ချေ။ နတ်ဘုရားဘုရင်တစ်ယောက်ကြောင့် သူမ ရစ်ပတ်လေတောအုပ်ထဲ နှစ်များစွာ ပုန်းအောင်းနေရသည့် အခိုက်အတန့်မျိုး ထပ်မဖြစ်နိုင်တော့ပေ။

…………….

နိဗ္ဗာန် အသိပညာရပ်ကျောင်းတော် စစ်ဆေးမှု စတင်ဖို့ရာ အချိန်တစ်လတာမျှသာ ကျန်ရှိတော့သည်။ ယနေ့ လူလေးယောက်နှင့် ခြေသုံးချောင်း သားရဲတစ်ကောင်တို့က နိဗ္ဗာန်တာအိုမြို့ အပြင်ဘက်သို့ ရောက်ရှိလာကြသည်။ နိဗ္ဗာန်တာအိုမြို့သို့ ဦးတည်နေကြသည့် လူများစွာ ရှိနေလေ၏။ တစ်ချိန်တည်းဆိုသလို တာအိုမြို့မှ ထွက်လာသည့် လူများစွာလည်း ရှိနေသည်။ ထို့ကြောင့် နိဗ္ဗာန်တာအိုမြို့အပြင်ဘက်၌ လူများနှင့် ပြည့်နှက်နေတော့သည်။

ထိုလူလေးယောက်မှာ မိုဝူကျိ၊ ချီပင်း၊ ချီချွမ်းနှင့် တာ့ဟွမ်တို့ ဖြစ်ကြပြီး ခြေသုံးချောင်း သားရဲမှာ ရွိုက်ကောသာ ဖြစ်၏။

လများစွာ တံခါးပိတ် လေ့ကျင့်ပြီးနောက် ချီပင်း၏ ကျင့်ကြံဆင့်မှာ နတ်ဘုရားဘုရင် အဆင့် ၁ ၌ အခြေတည်သွားလေပြီ။ မိုဝူကျိ၏ ကျင့်ကြံဆင့်မှာလည်း ကနဦး နတ်ဘုရား အဆင့် ၆၌ အခြေတည်သွားပြီ ဖြစ်၏။ တာ့ဟွမ်အနေနှင့် သူက ကနဦး နတ်ဘုရား အဆင့် ၇ ဖြစ်ကာ ကနဦး နတ်ဘုရား နောက်ပိုင်းအဆင့် ဖြစ်ပေသည်။

တိုးတက်လာခြင်း မရှိသည့် သူများမှာ ရွိုက်ကောနှင့် ချီချွမ်းသာ ဖြစ်၏။ ချီချွမ်း၏ ပါရမီမှာ သာမာန်ထက် နိမ့်ကျနေသောကြောင့် နတ်ဆေးလုံးများနှင့် နတ်ဝိညာဉ်စွမ်းအားများ အလျှံအပယ်ရှိလျှင်ပင် သူ့တိုးတက်နှုန်းမှာ အလွန်နှေးကွေးလှသည်။

ချီပင်းက နတ်ဘုရားဘုရင်အဆင့် ရောက်နေစဉ်  ချီချွမ်းက ကနဦး နတ်ဘုရား အဆင့် ၇ ၌ ရပ်တန့်နေသည့် အကြောင်းအရင်းလည်း ဖြစ်၏။

မိုဝူကျိက ခေါင်းထဲ၌ အစီအစဉ် ချထားပြီးလေပြီ။ အကယ်၍ သူသာ နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ထဲ ဝင်ရောက်နိုင်လျှင် ချီချွမ်းအား သူ့ကျင့်စဉ် ပြောင်းလဲကျင့်ကြံရန် ဆန္ဒရှိလားဟု မေးမြန်းပြီး လူသားတာအိုကို ကျင့်ကြံခိုင်းမည် ဖြစ်၏။

“ မြို့က ခမ်းနားလိုက်တာ …” အလွန်လွန့် တက်ကြွနေသည့် ရွိုက်ကောက နိဗ္ဗာန်တာအိုမြို့၏ ကြီးကျယ်ခမ်းနားမှုကို ကြည့်ကာ ရေရွတ်လိုက်သည်။

နိဗ္ဗာန်တာအိုမြို့၏ မြို့တံတိုင်းမှာ မီတာထောင်ချီ မြင့်မားပေသည်။ မြို့ဂိတ်ပေါက်ကို ဖြတ်သန်း၍ မီတာရာချီ ကျယ်ဝန်းသော ကျောက်စိမ်းလမ်းလေး ခင်းကျင်းထားသည်။ အကယ်၍ လူဦးရေ များပြားနေသည့်အတွက်ကြောင့်သာ မဟုတ်လျှင် လမ်းမှာ ပို၍ ကြီးကျယ်ခမ်းနားနေမည် ဖြစ်၏။

နိဗ္ဗာန်တာအိုမြို့မှာ မြို့တံတိုင်း ရှိသည့် မြို့ ဖြစ်၏။ ထိုတံတိုင်းကို အစီအရင်များဖြင့် စီမံထားသည့်အတွက် ရှင်းရှင်းလင်းလင်း မမြင်နိုင်ချေ။ နိဗ္ဗာန်တာအိုမြို့ဆီ ဦးတည်နေသည့် လူများက လေထဲ လွှင့်မျှောနေသည့် နိဗ္ဗာန်တာအိုမြို့ဟူသော စာလုံးကြီးကိုသာ မြင်ရသည်။

“ ဒါပေါ့ … နိဗ္ဗာန်တာအိုမြို့က နတ်ဘုရားကုန်းမြေထဲက တစ်ခုတည်းသော တာအိုမြို့လေ။ ပြီးတော့ အကြီးဆုံးမြို့လဲ ဟုတ်တယ်။ တကယ်လို့ နှင်းစက်ကျကုန်သည်အိမ်တော်သာ သူတို့လေလံပွဲကို ဒီနေရာမှာ လုပ်ရင် သူတို့ ဘာမှဖြစ်မှာ မဟုတ်ဘူး။ နိဗ္ဗာန်တာအိုမြို့ထဲမှာ ဘယ်သူကမှ ပြဿနာ မရှာရဲကြဘူးလေ ” ချီပင်းက ရွိုက်ကောအား ပြောပြလိုက်သည်။

သူမက ခဏတာ ရပ်တန့်လိုက်ပြီးနောက် ဆက်ပြောလိုက်သည် “ ငါတို့တွေ အခု မြို့ထဲ ဝင်သွားရင် နေစရာ မရှိလောက်တော့ဘူး ”

“ အစ်မကြီး ကျွန်တော်တို့ နောက်ကျလွန်းပြီး ရောက်လာလို့လား။ တကယ်လို့ အစ်ကိုမို စာရင်းပေးလို့ မရရင် ဘယ်လိုလုပ်မလဲ ” ချီချွမ်းက စိုးရိမ်တကြီး မေးလိုက်သည်။ သူက နေထိုင်ဖို့ရာ သိပ်ဂရုမစိုက်ချေ။ အကယ်၍ နေစရာ ရှာမတွေ့လျှင် မြို့မှ ထွက်သွားရုံသာ ဖြစ်၏။

“ အဲလိုတော့ မဖြစ်ပါဘူး။ စစ်ဆေးမှု မတိုင်ခင်မှ ရောက်လာတယ်ဆိုရင်တောင် နောက်ကျလွန်းတာ မဖြစ်နိုင်သေးဘူး ”ချီပင်းက ခေါင်းခါကာ ပြောလိုက်သည်။

“ အာ … နယ်လှည့်ကျင့်ကြံသူ အစည်းအရုံးက သူတို့ တစ်ရာစာ နေရာကို ချပြီးသွားပြီပဲ ” မိုဝူကျိက မြို့တံတိုင်းပေါ်မှ ပိတ်ကားချပ် အစီအရင်ကို မြင်ကာ ရေရွတ်လိုက်သည်။

ချီပင်းက ပိတ်ကားချပ်ကို ကြည့်ကာ ခပ်ယဲ့ယဲ့ ပြုံးလိုက်ရင်း  “ အဲဒါက ပြဿနာ မဟုတ်ပါဘူး။ တကယ်လို့ နေရာမရှိတော့ဘူးဆိုရင်တောင် ဝူကျိက စစ်ဆေးမှု ဝင်ဖြေလို့ ရပါသေးတယ် ”

မိုဝူကျိက အဆင့် ၅ နတ်ဆေးလုံးဘုရင် ဖြစ်ပြီး ပိတ်ကားချပ်ပေါ်၌ ကနဦးနတ်ဘုရားအဆင့်တွင် ရှိနေသော အဆင့် ၅ နတ်ဆေးလုံးဘုရင်များက စစ်ဆေးမှုတွင် ပါဝင်ခွင့် ရှိကြောင်း ရေးသားထား၏။

“ ခင်ဗျားတို့တွေက နယ်လှည့်ကျင့်ကြံသူတွေမလား။ ဒီနေရာတွေက တကယ်တော့ ရသေးတယ်လေ။ ဒါပေမဲ့ မင်းတို့တွေ အတွေးမလွန်ဖို့ ပြောရဦးမယ်။ အခုလက်ရှိ နယ်လှည့်ကျင့်ကြံသူ ပြိုင်ပွဲထဲက တစ်ရာစာ လူတွေက ကောင်းကင်နတ်ဘုရား အစောပိုင်းအဆင့်ကိုတောင် တိုက်နိုင်တယ် ” ကနဦး နတ်ဘုရားအဆင့် နယ်လှည့်ကျင့်ကြံသူတစ်ဦးက ချီပင်း၏ စကားများကို ကြားလိုက်သည့်အခါ ရယ်မောလိုက်သည်။

“ ခင်ဗျားက ဘာသိလို့လဲ။ ကျုပ်သခင်ကြီးက ဆေးလုံးတာအိုမှာ ပညာရှင်ပဲ … နေရာတစ်နေရာက ဘာလုပ်ရမှာလဲ ” ရွိုက်ကောက မကျေမနပ် ပြောလိုက်သည်။

ယခု မိုဝူကျိက သူ့အား ထာဝရကမ္ဘာထဲ ထည့်မထားတော့သည့်အတွက် သူက မောက်မောက်မာမာ ပြုမူနေပြန်သည်။

ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူက ထိုစကားများ ကြားသောအခါ ထူးထူးဆန်းဆန်း အပြုံးတစ်ခု ဖြစ်တည်လာပြီး  “ ဆေးလုံးတာအို ပညာရှင်တဲ့လား … ခင်ဗျားတို့ ဝင်သွားရင် သိပါလိမ့်မယ် ”

ထိုသို့ပြောပြီးနောက် မိုဝူကျိ စကားကိုပင် မစောင့်တော့ဘဲ လှည့်ထွက်ကာ လူအုပ်ကြားထဲ ဝင်သွားတော့သည်။

***

All Chapters