ပြိုင်ဘက်ကင်းအံ့ဖွယ်ကြေးမုံပြင်ကမ္ဘာ
Vol. 71 Ch. 990
အားလုံးမှာ တီနာအား လှမ်းကြည့်လိုက်ကြသည်။
အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာသည် တီနာ၏ မျက်ဝန်းထဲတွင် တည်ရှိသည်။
တီနာနှင့် ပြီးပြည့်စုံစွာ ပေါင်းစည်းနေသော ကမ္ဘာတစ်ခုဟု ဆိုနိုင်သည်။
သူမသည် ဖန်ဆင်းရှင် နတ်ဘုရားမ တစ်ပါးပင်။
ထိုသည်မှာ အန်လင်းနှင့် လူအနည်းစုသာသိသော လျှို့ဝှက်ချက် ဖြစ်သည်။
စုကျိုးအင်မော်တယ်ဂိုဏ်း၏ ဝှက်ဖဲများထဲတွင် အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာလည်း ပါဝင်သည်။
တီနာ လည်ချောင်းရှင်းကာ ပြောလိုက်သည်။
“ကိုယ်စားလှယ် ဝေ့ကျိက အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာက သူတွေကို ဒီကမ္ဘာအကြောင်း ပြောပြပြီးပြီ။”
“အခု စိတ်ဝိဥာဥ်ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူ ခြောက်ရာ့ငါးဆယ်နဲ့ စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ လေးဆယ့်နှစ်ယောက်က ဒီကမ္ဘာမှာ တာဝန်ထမ်းဆောင်ချင်ကြတယ်။”
အားလုံး အံ့အားသင့်သွားရသည်။
ထိုအင်အားစုမှာ နည်းနည်းနောနော ပမာဏ မဟုတ်ပေ။
အန်လင်း ခပ်ဖွဖွ ပြုံးလိုက်မိသည်။
နတ်ဘုရားလောက၏ အဆင့်မြင့် ကျင့်စဥ်များကို လိုချင်ပါက ထိုက်ချူကုန်းမြေသို့လာကာ တိုက်ပွဲများ ဆင်နွှဲရမည် ဖြစ်သည်။
ထိုက်ချူကုန်းမြေသည် အန္တရာယ် များနိုင်ပါသော်လည်း အများစုမှာ စွန့်စားလိုကြသည်။
ပိုင်လင် ခပ်ဖွဖွ ပြုံးလိုက်သည်။
“ကောင်းလိုက်တာ။ အဲ့ဒါဆို ငါတို့အတွက် ပိုအဆင်ပြေတာပေါ့။”
စုကျိုးအင်မော်တယ်ဂိုဏ်းတွင် အပြင်စည်းတပည့် များစွာရှိပါသော်လည်း အင်အားလိုအပ်နေသေးသည်။
တီနာ၏ အင်အားစုဖြင့်သာဆိုလျှင် ကိုးပြည်ထောင်တွင် အင်အားကောင်းသော ဂိုဏ်းတစ်ခု ဖြစ်လာနိုင်သည်။
“သူတို့က သစ္စာရှိမရှိ ဘယ်လိုသိမှာလဲ။”
လျှိုချင်းဟွမ် မေးမြန်းလိုက်သည်။
ထိုသည်မှာ အရေးကြီးသော မေးခွန်းတစ်ခုပင်။
“နတ်ဘုရားလောကထဲ ရောက်တာနဲ့ ပြစ်ဒဏ်တံဆိပ်ခတ်ပြီး သစ္စာရှိဖို့ ကျိန်ခိုင်းလိုက်မယ်။ စုကျိုးအင်မော်တယ်ဂိုဏ်းကို သစ္စာဖောက်တာနဲ့ အဲ့တံဆိပ်က အသက်ဝင်လာမှာပဲ။”
တီနာ စကားဆိုလာသည်။
“အစ်မကြီးပိုင် ဒါသူတို့ရဲ့ ရမှတ်တွက်ချက်မှုပါ။ တာဝန်တွေခိုင်းပြီး ဆုချတဲ့ အခါကြရင် ဒီထဲကအတိုင်း လုပ်ပေးပါ။”
ပိုင်လင် မျက်နှာပျက်သွားသည်။
“ငါက ဒါတွေကို တာဝန်ယူရမှာလား။”
တီနာ လျှာထုတ်ပြလိုက်သည်။
“ဟီးဟီး...... ငါက ဘီလူးအန်လင်းနားပဲ နေမှာလေ။”
ပိုင်လင်မှာ ငြင်းပယ်ခြင်း မပြုတော့ပေ။
“နာလေးက ကျန်တာဆက်လုပ်လိမ့်မယ်။”
အန်လင်း စကားဆိုလာသည်။
၎င်းတို့ထံတွင် ဖြေရှင်းစရာ ကိစ္စများ ရှိနေသေးသည်။
ကျွန်းငယ်လေးတစ်ခုသည် စုကျိုးအင်မော်တယ်ဂိုဏ်းနှင့် ပူးပေါင်းချင်နေသည်ဟု သိရသည်။
“နွေဦးလူသား..... ဒီနာမည်ကို သိနေသလိုပဲ။”
အန်လင်း မျက်ဝန်းများ တောက်ပသွားသည်။
“အရှေ့ပင်လယ်ရဲ့ ထုတ်ကုန်တွေက အရမ်းတန်ဖိုးရှိတယ်။ စုကျိုးအင်မော်တယ်ဂိုဏ်းက သူတို့နဲ့ ပူးပေါင်းမယ်။”
“ဆရာ.... နဂါးမင်းပိုင်နက်ကလည်း သူတို့ကို မျက်စိကျနေတယ်။”
ရှောင်ဇယ် သတိပေးလာသည်။
အန်လင်း ပြုံးကာပြောလိုက်သည်။
“ဘယ်သူက ဆရာလဲ။ စုကျိုးအင်မော်တယ်ဂိုဏ်းက လိုချင်တာကို အရှေ့ပင်လယ် နဂါးမင်းပိုင်နက်က ယှဥ်လုရဲလား။”
ရှောင်ဇယ် : “........”
အန်လင်း၏ ဆုံးဖြတ်ချက်အား မည်သူကမှ မကန့်ကွက်ကြပေ။
အန်လင်း ခပ်ဖွဖွ ပြုံးလိုက်သည်။ နွေဦးလူသားသည် ဂိမာန်နဂါးခေါင်းတလား၏ စောင့်ရှောက်သူဖြစ်ကာ ရှောင်လန်အား ဆေးလုံးသန့်စင်ခြင်း အမွေအနှစ် ပေးခဲ့ဖူးသည်။
အစည်းအဝေးမှာ လေးနာရီခန့် ကြာမြင့်ခဲ့လေသည်။
.......
နောက်တစ်နေ့၌....
အားလုံးမှာ တာအိုကွင်းပြင်တွင် စုဝေးနေကြသည်။
၎င်းသည် တီနာအား စိတ်လှုပ်ရှားစွာ ကြည့်ရှုနေကြသည်။
တီနာသည် တည်တည်ငြိမ်ငြိမ်ပင် စိတ်ဝိဥာဥ်သစ်သီး တစ်လုံးအား စားသုံးနေသည်။ သူမ၏ မျက်ဝန်းများသည် အဖြူရောင် ဖြစ်နေကာ တည်ရှိခြင်းနှင့် မတည်ရှိခြင်းကြားမှ အလင်းစ တစ်ခုလို ထင်မှတ်ရသည်။
သူမသည် လက်သင်္ကေတအချို့ ပြောင်းလဲလိုက်သည်နှင့် အဖြူရောင် အလင်းစက်ဝန်းတစ်ခု ဖြစ်ပေါ်လာသည်။
“ကမ္ဘာနှစ်ခုကြား လမ်းပွင့်စေ....”
လေဟာနယ် စွမ်းအင်များမှာ နတ်ဘုရားလောကမှ သက်ရှိများအား လွှမ်းခြုံသွားသည်။
ထို့နောက် ရာနှင့်ချီသော ပုံရိပ်များမှာ တာအိုကွင်းပြင်သို့ ရောက်ရှိလာလေသည်။
၎င်းတို့သည် ပုံသဏ္ဍာန်၊ အရွယ်အစား အစုံအလင်ပင်။
လျှိုချင်းဟွမ်တို့မှာ မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် ကြိုတင်ပြင်ဆင်ထားပါသော်လည်း ပါးစပ်အဟောင်းသား ဖြစ်ကုန်သည်။
လူသားများသာမက ဝိဥာဥ်ငါးကလန်၊ ကောင်းကင်လိပ်မျိုးနွယ်စု၊ နဂါးမျိုးနွယ်စု၊ ကျောက်မျိုးနွယ်စု၊ တောင်ပံနက်မျိုးနွယ်စု၊ တော်ဝင်သိုင်းကလန်၊ မြေဝိဥာဥ်ကလန်၊ ဗာမီလီယမ် ငှက်မျိုးနွယ်စု၊ စစ်မှန်မိစ္ဆာမျိုးနွယ်စုတို့လည်း ပါဝင်သည်။
ထိုက်ချူကုန်းမြေတွင်ရှိသော မျိုးနွယ်စုများအားလုံး နီးပါးပင်။
“အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာက အဲ့လောက်တောင် ကြမ်းတာလား။”
လျှိုချင်းဟွမ် အံ့အားသင့်နေသည်။
ပိုင်လင်လည်း ခေါင်းညိတ်ထောက်ခံလိုက်သည်။ သူမသည် ကမ္ဘာငယ်များစွာ မြင်ဖူးပါသော်လည်း ထိုမျှထူးခြားသော ကမ္ဘာကို မမြင်ခဲ့ဖူးပေ။
အရှေ့ဆုံးမှ စစ်မှန်မိစ္ဆာမှာ ဒူးထောက်လိုက်သည်။
“ဝေ့ကျိနဲ့ အပေါင်းအပါတွေက ဖန်ဆင်းရှင် နတ်ဘုရားမကို အရိုအသေ ပေးပါတယ်။”
အခြားသူများလည်း အတူတကွ ဒူးထောက်လာကြသည်။
“နတ်ဘုရားမ တီနာကို အရိုအသေ ပေးပါတယ်။”
၎င်းတို့၏ နှလုံးသားထဲတွင် တီနာသည် အမြင့်မြတ်ဆုံး ဖြစ်တည်မှုတစ်ခုပင်။
အန်လင်းသည်ပင် အနည်းငယ် အံ့သြသွားရသည်။
ဝေ့ကျိသည် အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာမှ သက်ရှိများအား သေသေချာချာ ရှင်းပြနိုင်ခဲ့ပုံ ရသည်။
စုကျိုးအင်မော်တယ်ဂိုဏ်း၏ အကြီးအကဲများမှာ ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။
ချစ်စဖွယ် တီနာလေးသည် သက်ရှိများစွာ၏ လေးလေးစားစား အရိုအသေပေးခြင်းကို ခံယူနေလေသည်။
“ထနိုင်ပါပြီ။”
တီနာ အေးစက်စက် စကားဆိုလိုက်သည်။
သူမသည် ဖန်ဆင်းရှင် နတ်ဘုရားမ တစ်ပါးကဲ့သို့ တည်ကြည်နေသင့်သည် မဟုတ်လော။
အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာမှ သက်ရှိများသည် ထိုက်ချူကုန်းမြေသို့ ပထမဆုံးအကြိမ် ရောက်ရှိဖူးခြင်း ဖြစ်သောကြောင့် အလွန်အမင်း စိတ်လှုပ်ရှားနေကြသည်။
တီနာ ပိုင်လင်ထံ သွားလိုက်သည်။
“အားလုံးကို မိတ်ဆက်ပေးရဦးမယ်။ ဒါက နတ်ဘုရား အဖွဲ့အစည်းက ပိုင်လင်တဲ့။ မင်းတို့ကို တာဝန်တွေ ပေးမယ့်သူပဲ။ တာဝန်ကြေပါစေ။ နှစ်ဝက်တိုင်းမှာ နတ်ဘုရားလောကကိုသွားပြီး ဆုလာဘ်တွေ လဲလို့ရမယ်။ မင်းတို့ လုပ်ဆောင်ချက်ကို သဘောမကျရင် လူစားထိုးပစ်မယ်။”
အားလုံးမှာ တီနာအား သစ္စာရှိမည့်အကြောင်း ကြွေးကြော်လာသည်။
“ဝိဥာဥ်နန်းဆောင်ကတော့ ရှယ်ဖြစ်ပြီပေါ့။”
ကြေးခွံဖြူမြေခွေးနတ်ဘုရား ရေရွတ်လိုက်သည်။
“မြင့်မြတ်သော တမာန်တော်သုံးပါး ပြန်ရောက်လာရင် သွေးနန်းဆောင်ကပဲ ထွန်းတောက်တော့မှာ။”
ဘရိုင့်စ် စကားဆိုလိုက်သည်။
သူသည် အန်လင်း၏ သွေးစက်ကြောင့်....... စုကျိုးအင်မော်တယ်ဂိုဏ်းကြောင့် သွေးနန်းဆောင်အား တိုးတက်စေချင်နေမိသည်။
“ပိုင်လင်ရဲ့ အမိန့်ကို နာခံကြပါ။”
တီနာမှာ ပိုင်လင်ထံ လွှဲပေးခဲ့သည်။
အားလုံးမှာ နတ်ဘုရားမအား သစ္စာရှိမည့်အကြောင်း ကြွေးကြော်လိုက်ကြပြန်သည်။
ဝေ့ကျိ မည်သို့ပြောထားသည် မသိပါသော်လည်း ၎င်းတို့မှာ အခွင့်အရေးရတိုင်း ဟစ်ကြွေးနေလေသည်။
ပိုင်လင် မျက်စောင်းထိုးလိုက်သည်။
နာလေးက ဖန်ဆင်းရှင် နတ်ဘုရားမဖြစ်ပြီး ငါကတော့ နတ်ဘုရား အဖွဲ့ဝင်ပဲ ဖြစ်ရတယ်......
“ဘာပဲဖြစ်ဖြစ် မဆိုးပါဘူးလေ။”
သူမသည် အန်လင်းအား တစ်ချက်မျှ ကြည့်လိုက်ပြီးနောက် အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာမှ သက်ရှိများထံ ဦးတည်သွားလိုက်သည်။