အဖြေမှန်မရှိသောမေးခွန်း
Vol. 71 Ch. 992
“စီနီယာက ဘာသိချင်တာလဲ။”
ချွီနီမာ ပြုံးကာပြောလာသည်။
အန်လင်း အနည်းငယ်တွေးကာ မေးလိုက်သည်။
“မင်းပျော်လား။”
ချွီနီမာ ကြောင်တောင်တောင် ဖြစ်သွားသည်။
“ကျွန်တော့်ရဲ့ မျိုးရိုးက ချွီပါ။”
(ပျော်လားဆိုတာက မင်းရဲ့မျိုးရိုးက ဖူလားလို့ ပြောတာနဲ့ အသံထွက် တူပါတယ်။)
“လေဟာနယ် စိတ်ဝိဥာဥ် မျိုးနွယ်စုကို တခြားသက်ရှိတွေက လက်မခံကြတော့ နေထိုင်ရတာ ခက်ခဲမှာပေါ့။”
အန်လင်း သက်ပြင်းချလိုက်သည်။
“အမ်..... ဘာလို့ခက်ခဲရမှာလဲ။ သူတို့အားလုံးက အစားအသောက်တွေပဲလေ။ ဘယ်သူက အစားအသောက်တွေ အသိအမှတ် ပြုတာကို လိုချင်လို့လဲ။”
ချွီနီမာ နားမလည်နိုင် ဖြစ်သွားသည်။
အန်လင်း : “.......”
တီနာ : “.......”
သောက်ဂွပဲ........
အန်လင်းမှာ နည်းလမ်းပြောင်းရန် စဥ်းစားလိုက်သည်။
“အားလုံးက ဉာဏ်ရည်မြင့် သတ္တဝါတွေပဲဆိုတော့ တစ်ယောက်နဲ့တစ်ယောက် အဆင်ပြေပြေ ရှိသင့်တယ်မလား။”
ချွီနီမာမှာ အန်လင်းအား အူတိအူကြောင် ကြည့်ရှုလာသည်။
“အင်းနော်။ တစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင်နဲ့ လှပတဲ့ ကမ္ဘာကြီးဖြစ်အောင် ဖန်တီးသင့်တယ်။”
ချွီနီမာ ခေါင်းညိတ်ထောက်ခံလိုက်သည်။
အန်လင်း : “......”
ဟန်ဆောင်နေမှန်း သိသာလိုက်တာ.....
“အမှန်အတိုင်းပြော.... လိမ်ရင်သတ်ပစ်မယ်။ လေဟာနယ် စိတ်ဝိဥာဥ် မျိုးနွယ်စုက တခြားမျိုးနွယ်စုတွေနဲ့ ဆက်ဆံစရာ မလိုဘူး ထင်တာလား။”
အန်လင်းထံမှ သတ်ဖြတ်ခြင်း စိတ်ဆန္ဒများ ထွက်ပေါ်လာသည်။
“မင်းအလိမ်အညာတွေကို သိနိုင်တဲ့ ရတနာ ငါ့မှာရှိတယ်။ ရိုးရိုးသားသားပြောစမ်း.....”
ချွီနီမာ ငိုချချင်နေလေပြီ။
ထိုလူသားသည် သူ့ထက် အဆပေါင်းများစွာ သာလွန်ပြီး လိမ်ညာပါက အသတ်ခံရမည့်အပြင် အမှန်အတိုင်း ပြောခဲ့လျှင်လည်း အသတ်ခံရမည့်ပုံပေါ်နေသည်။
ထိုမေးခွန်းအတွက် အဖြေမှန် မရှိပေ။
“အ.... အစားအသောက်နဲ့ ဆက်ဆံရေး ရှိ... ရှိစရာ မလိုဘူး ထင်တာပဲ။”
ချွီနီမာ ခက်ခဲစွာ ပြောလာသည်။
“ကျွန်တော်တို့က ဉာဏ်ရည်မြင့် သတ္တဝါတွေဆိုပေမယ့် အရင်တည်းက တခြားမျိုးနွယ်စုတွေကို စားသောက်လာတာလေ။ ဘိုးဘေးတွေတည်းက ဒီလိုပဲ နေလာကြတာ။ ဂုဏ်ယူစရာ ရိုးရာဓလေ့ကို လက်ဆင့်ကမ်းရမှာပေါ့။”
“ပြီးတော့ ကျွန်တော်တို့က ဝိဥာဥ်ခန္ဓာဆိုတော့ သူတို့နဲ့ မတူဘူး။ ကျွန်တော်တို့ လုပ်သင့်တာက တခြားမျိုးနွယ်စုတွေကို ရှင်းပစ်ဖို့ပဲ။”
ချွီနီမာ ရှင်းပြလိုက်သည်။
အန်လင်းနှင့် တီနာမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်မိကြသည်။
ထိုပြဿနာမှာ ထင်မှတ်ထားသည်ထက်ပို၍ ဖြေရှင်းရန် ခက်ခဲလောက်သည်။
အန်လင်းအနေဖြင့် ၎င်းတို့၏ အမြင်အား ပြောင်းလဲပစ်ရန် လိုအပ်သည်။
“ချွီနီမာ..... အချိန်တွေက မတူတော့လို့ အမြင်တွေလည်း ပြောင်းသင့်ပြီလေ။”
အန်လင်း စကားဆိုလိုက်သည်။
“မင်းတို့တွေလည်း ဆင့်ကဲပြောင်းလဲလာတာပဲမလား။ အဲ့ဒါ ကောင်းကင်ဘုံက အချက်ပြတာ မဖြစ်နိုင်ဘူးလား။”
“ဘာအချက်ပြတာလဲ။”
ချွီနီမာ ကြောင်တောင်တောင် ဖြစ်သွားသည်။
“အသွင်သစ်၊ ပုံစံသစ်နဲ့ ပြောင်းလဲသင့်ပြီ ဆိုတာကိုပေါ့။”
တီနာ ဝင်ရောက်ပြောဆိုလာသည်။
ချွီနီမာ တီနာအား ကြည့်ရှုလိုက်သည်။
“ခင်ဗျားကိုယ်ခင်ဗျား နတ်ဘုရား ကိုယ်စားလှယ် မှတ်နေလား။”
တီနာ အံကြိတ်လိုက်သည်။
ဒင်းက အသက်မရှင်ချင်တော့ဘူးလား..... ငါက ဖန်ဆင်းရှင် နတ်ဘုရားမလေ......
အန်လင်းလည်း အံ့အားသင့်သွားသည်။
ဒီကောင်က တကယ်သတ္တိရှိတာပဲ........
တီနာကသာ ဖန်ဆင်းရှင် နတ်ဘုရားမဆိုတာ သိသွားရင် ဘယ်လိုနေမလဲ.......
အန်လင်းသည် တီနာအား လက်ကိုင်ကာ စကားဆိုလိုက်သည်။
“နတ်ဘုရားမရဲ့ ကိုယ်စားလှယ် အန်လင်းဆိုရင်ရော မင်းတို့ လေဟာနယ် စိတ်ဝိဥာဥ် မျိုးနွယ်စုက ဘယ်လိုတုံ့ပြန်မှာလဲ။”
ချွီနီမာ တုံ့ပြန်လာသည်။
“ကျွန်တော်တို့မှာ ကိုယ့်ပြဿနာနဲ့ကိုယ် ရှိတယ်။ တခြားမျိုးနွယ်စုတွေကို ရှင်းထုတ်ပြီးမှ နတ်ဘုရားမရဲ့ ကိုယ်စားလှယ် အန်လင်းနဲ့ တွေ့နိုင်မယ်။”
အန်လင်း မျက်နှာပျက်သွားသည်။
ယီးတဲ့မှ......
လေဟာနယ် စိတ်ဝိဥာဥ် မျိုးနွယ်စုက အဲ့လိုရှင်းထုတ်လိုက်ရင် ငါတို့လူတွေ ကုန်ကုန်မှာပေါ့.....
“ဖန်ဆင်းရှင် နတ်ဘုရားမက ငြိမ်းငြိမ်းချမ်းချမ်းနေဖို့ ပြောလာရင်ရော.....”
အန်လင်း မေးမြန်းလိုက်သည်။
ချွီနီမာ ကြောင်အမ်းအမ်း ဖြစ်သွားရပြန်သည်။
“နတ်ဘုရားမ အမိန့်ကို နာခံသင့်ပေမယ့် ဘိုးဘေးတွေကို မလေးစားရာကျနေမှာ။”
ချွီနီမာမှာ ခေါင်းကိုကိုင်ကာ အသည်းအသန် စဥ်းစားနေရသည်။
“အရမ်းကြီး စိတ်ထဲမထားနဲ့။ ဒီတိုင်းမေးကြည့်ရုံပဲ။”
အန်လင်း နှစ်သိမ့်ပေးလိုက်သည်။
“အဲ့လိုသာဆို ဘယ်ဘက်ကို ရွေးချယ်သင့်လဲ။”
ချွီနီမာ ဒူးထောက်လိုက်သည်။
တီနာ အန်လင်းအား ခပ်တိုးတိုး ပြောလာသည်။
“အစတည်းက လေဟာနယ် စိတ်ဝိဥာဥ် မျိုးနွယ်စုကို တခြားသက်ရှိတွေကို ဖျက်စီးပစ်ဖို့ ဖန်ဆင်းထားတာလေ။ အခုကြမှ အတင်းအကြပ် ပြောင်းလဲလိုက်ရင် မျိုးနွယ်စု တစ်ခုလုံး ပျက်စီးသွားနိုင်တယ်။”
အန်လင်း ခေါင်းညိတ်ပြလိုက်သည်။
“အဲ့ဒါဆို ဝေ့ကျိကိုပဲ အားကိုးရတော့မယ်။”
တီနာ သဘောတူလိုက်သည်။
“သူကတော့ လုပ်နိုင်လောက်မှာပါ။”
လေဟာနယ် စိတ်ဝိဥာဥ် မျိုးနွယ်စုများအတွက် ဦးနှောက်ဆေးရုံမှလွဲ၍ သင့်တော်သော ဖြေရှင်းနည်းကို မတွေးတတ်တော့ပေ။
အန်လင်းမှာ အံ့ဖွယ်စိတ်ဆန္ဒအချို့အား ချွီနီမာထံ ထည့်သွင်းကာ တည်ငြိမ်စေလိုက်သည်။
“ချွီနီမာ မင်းခံစားရတာကို ငါနားလည်ပါတယ်။ ဆက်မမေးတော့ဘူး။”
“ဒါ.... ဒါပဲလား။”
“အင်း....”
အန်လင်း ခေါင်းညိတ်ပြလိုက်သည်။
ချွီနီမာ ခန္ဓာကိုယ်မှာ တုန်ယင်နေသည်။
လူသားတစ်ယောက်ရှေ့မှာ တခြားသက်ရှိတွေကို အစာပဲလို့ ပြောခဲ့မိတာလား.....
ချွီနီမာ မျက်ရည်ကျလာသည်။
“စီနီယာ အဲ့ဒါက ကျွန်တော့်အတွေးတွေ မဟုတ်ပါဘူး။”
အန်လင်း ပြုံးကာပြောလာသည်။
“မင်းကို ငါနားလည်တယ်။ ဘာမှမဖြစ်ပါဘူး။ နောက်ကြရင် မင်းကိုပြောင်းလဲပေးနိုင်မယ့်သူနဲ့ တွေ့ကောင်းတွေ့လာဦးမှာပါ။”
“ဒါက.....”
ချွီနီမာ အန်လင်းအား ကြောင်ကြည့်နေမိသည်။
အန်လင်းအား အနာဂတ်ကို ခန့်မှန်းနိုင်သော ဆရာတစ်ပါးလို ခံစားလိုက်မိသည်။
ဟုတ်တယ်..... သူက ဆရာ့ဆရာကြီးပဲ ဖြစ်မယ်.....
အန်လင်းမှာ တီနာနှင့်အတူ ကောင်းကင်ပေါ် ပျံသန်းပျောက်ကွယ်သွားသည်။
ချွီနီမာမှာ ထိုသည်ကို ငေးမောကြည့်နေမိတော့သည်။