လူစည်ကားလှသည့် နိဗ္ဗာန်တာအိုမြို့
Vol. 71 Ch. 982
ချီပင်းက ရယ်မောကာ ပြောလိုက်၏ “ သူ ဘယ်လိုပြောပြော ကိစ္စ မရှိဘူး။ မင်းက သူ ဆိုလိုချင်သည့် လူထဲမှာ မပါဘူးလေ ”
“ အစ်မပင်း အရင်ဆုံး နေစရာ ရှာရအောင် ” မိုဝူကျိက ပြုံးကာ ပြောလိုက်သည်။ သူက ချီပင်း စကားနောက်မှ အဓိပ္ပါယ်ကို ကောင်းကောင်း နားလည်၏။ အကယ်၍ သူ့လိုမျိုး အဆင့် ၅ နတ်ဆေးလုံးဘုရင်တစ်ယောက်က နိဗ္ဗာန်အသိပညာရပ်ကျောင်းတော် စစ်ဆေးမှု၌ မပါဝင်နိုင်လျှင် ယုတ္တိမရှိလွန်းချေ။
“ လွယ်လောက်မှာတော့ မဟုတ်ဘူး။ ဒီလိုအချိန် နေစရာရှာဖို့ မပြောနဲ့ဦး။ အနားယူစရာ နေရာ ရှာတွေ့ဖို့တောင် တော်တော်လေး ခက်လိမ့်မယ် ” ချီပင်းက ခေါင်းခါကာ ပြောလိုက်သည်။
မိုဝူကျိက အသာရယ်မောလိုက်သော်လည်း ဘာမှပြန်မပြောချေ။ အကယ်၍ သူ့ဘေးတွင် ချီပင်းကဲ့သို့ ပါရမီရှင် မရှိလျှင် နေစရာ ရှာတွေ့ဖို့ အမှန်ပင် ခက်ခဲလောက်၏။ ဤသည် သူ့ဆေးလုံးကို ထုတ်၍ အလဲအလှယ်မလုပ်ရဲ၍သာ ဖြစ်၏။ ထို့ကြောင့် သူ့အတွက် နေစရာရှာဖို့ လွယ်ကူလိမ့်မည်ဟု အမှန်တကယ် ယုံကြည်ထား၏။
နိဗ္ဗာန်တာအိုမြို့မှာ ပွင့်လင်းမြင်သာ မြို့ ဖြစ်ပြီး မည်သူမဆို အအတားအဆီးမရှိ ဝင်နိုင်၊ ထွက်နိုင်လေသည်။ ဤသည်မှာ မည်သူကမှ မြို့ထဲ ပြဿနာ မရှာရဲ၍ ဖြစ်သည်။
မြို့ထဲ ဝင်လိုက်သည့်အခါ နတ်ရုပ်တု ငါးခု၏ ဆီးကြိုခြင်းကို ခံလိုက်ရသည်။ ထိုနတ်ရုပ်တုများမှာ အသက်ရှိနေသည့်အလား ထင်ရပေသည်။ သူတို့က မြို့ဂိတ်ပေါက်နား ရှိနေကာ နိဗ္ဗာန်တာအိုမြို့ တစ်ခုလုံးက ထိုရုပ်တု ငါးခု၏ ကာကွယ်မှုအောက် ကျရောက်နေသလို ဖြစ်နေသည်။
မိုဝူကျိက ကျင့်ကြံသူများစွာသည် ထိုရုပ်တုများရှေ့မှ ဖြတ်သွားသည့်အခါ ဦးညွှတ်သွားကြကြောင်း မြင်တွေ့လိုက်ရ၏။ ချီပင်းပင် မိုဝူကျိနှင့် အတူမလျှောက်ခင် အနည်းငယ် ဦးညွှတ်လိုက်သေးသည်။
ရွိုက်ကောနှင့် တာ့ဟွမ်က မိုဝူကျိနောက်မှ လိုက်လာသည်။ မိုဝူကျိက ထိုရုပ်တုများကို မဦးညွှတ်သောကြောင့် သူတို့လည်း ဘာမှမလုပ်ကြပေ။ သို့သော်လည်း မိုဝူကျိ၏ အပြုအမူမှာ အာရုံစိုက်စရာ မဖြစ်သွားချေ။ ထိုရုပ်တုငါးခုကို မဦးညွှတ်သူမှာ သူ တစ်ယောက်တည်း မဟုတ်ပေ။
သူတို့က မြို့ထဲ လျှောက်လာရင်း သူတို့ စိတ်စွမ်းအားကို ကန့်သတ်ထားသောကြောင့် သူတို့အမြင်သာ အတားအဆီးမရှိ ကျန်ရှိနေသည်။ မိုဝူကျိကဲ့သို့ စိတ်ဝိညာဉ်မျက်လုံး ရှိသူ တချို့လည်း ရှိပေသည်။
မိုဝူကျိနှင့် ချီပင်းတို့ မျှော်လင့်ထားသည့်အတိုင်း ဖြစ်၏။ သူတို့ ဖြတ်ကျော်လာသည့် ဆိုင်တန်းများက လူများနှင့် ပြည့်နှက်နေသည်။ ဆေးလုံးနှင့် ပစ္စည်းရောင်းချနေသည့် ဆိုင်များကား အထူးသဖြင့် လူစည်ကားလျက် ရှိသည်။ မိုဝူကျိ အမြင်၌ ဤသည်မှာ မည်သို့ တာအိုမြို့ ဖြစ်နိုင်မည်နည်း။ ဤသည်မှာ ဈေးပွဲတော်ကြီး တစ်ခုသာ ဖြစ်နေသည်။
သူတို့အုပ်စုက ရင်ပြင်နှစ်ခုကို မမြင်ခင်အထိ လျှောက်လှမ်းလာကြသည်။ လက်ဝဲဘက်ရှိ ရင်ပြင်တွင် နေရာရွေးချယ်ဖို့ တိုက်ပွဲစင်မြင့်များစွာ ရှိနေသည်။ တချို့သော အာကာပြင်လှိုင်းများက ထိုစင်မြင့်များမှ ထွက်ပေါ်လာလေ့ ရှိသည်။ ထိုအရာက အလွန်သေးငယ်သော်လည်း မိုဝူကျိတို့က ခံစားမိနေဆဲ ဖြစ်သည်။
“ နိဗ္ဗာန် အသိပညာရပ်ကျောင်းတော် စစ်ဆေးမှု နယ်လှည့်ကျင့်ကြံသူ နေရာလုပြိုင်ပွဲ ” ထိုစာလုံးတချို့ကို ရင်ပြင်အပြင်ဘက်၌ ရေးထွင်းထား၏။
“ တကယ်လို့ မင်းသာ အဆင့် ၅ ဆေးလုံးဘုရင် မဖြစ်ရင် ဒီပြိုင်ပွဲတွေကတေ နေရာ ရဖို့ အတော်လေး ခက်လိမ့်မယ် ” ချီပင်းက လူရှုပ်ထွေးလှသည့် ရင်ပြင်အား ကြည့်ကာ သက်ပြင်းချလိုက်၏။
တာအိုကို ကျင့်ကြံခြင်းက ခက်ခဲလှသည်။ ကျင့်ကြံရေး အရင်းအမြစ် ကန့်သတ်ချက် ရှိပြီး လူများစွာက လုယက်တိုက်ခိုက်ကြသည် မဟုတ်ပါလော။ အခွင့်အရေးများက ထူးချွန်သူများထံသာ ရောက်ရှိလာတတ်ကြသည်။
“ တကယ်ကို လူများတာပဲ ”ချီချွမ်းက သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။
နိဗ္ဗာန်တာအိုမြို့၏ ရင်ပြင်နှစ်ခုမှာ ဧရာမကြီး ဖြစ်ပြီး လူသန်းချီ ရှိနေလျှင်ပင် နေရာကျယ်ကျယ် ရှိနေဦးမည် ဖြစ်၏။ သို့သော် ယခုတွင် လက်ဝဲဘက်ရှိ ရင်ပြင်မှာ လူများနှင့် ပြွတ်သိပ်နေပြီး စောစောရောက်လာသူတချိုက သူတို့ ကိုယ်ပိုင် ခြံဝန်းပင် ထုတ်ထားကြသေး၏။ တစ်ဖက်တွင် လက်ယာဘက်ရှိ ရင်ပြင်တွင်လည်း လူများစွာ ရှိနေသော်လည်း လက်ဝဲဘက်လောက် လူမရှုပ်ချေ။
“ နိဗ္ဗာန်တာအိုမြို့က ဝင်ခွင့် မတင်းကျပ်ဘူးလေ။ ဒီလူတွေက နေစရာ ရှာမတွေ့တော့ ဒီရင်ပြင်ပေါ်မှာပဲ အိပ်နေကြတာ ” ချီပင်းက ရှင်းပြလိုက်သည်။
“ ဒီရင်ပြင်နှစ်ခုကို ဘာလို့ တစ်ခုတည်း မပေါင်းပစ်တာလဲ။ ပြီးတော့ ညာဘက်မှာကျ သူတို့ ခြံဝန်းတွေ ဘာလို့ ထုတ်မကြတာလဲ။ အဲဘက်က နေရာပိုမကျယ်ဘူးလား ”
ချီပင်းက ပြောလိုက်သည် “ ရင်ပြင်အလယ်မှာ ရှိတဲ့ မျှော်စင်တွေကို မြင်တယ်မလား။ အဲဒီမျှော်စင်တွေက တာအိုတွေကို စစ်ဆေးဖို့ မျှော်စင်လေ။ ဘုရင်ဂုဏ်ပုဒ် ရထားတဲ့ လူတွေက အသိအမှတ်ပြုမှု ရဖို့ အဲဒီမျှော်စင်တွေထဲ သွားဖို့လိုတယ်။ ဝူကျိ ခဏနေကျ အဲဒီ မျှော်စင်ထဲ ဝင်ပြီး နတ်ဆေးလုံးဘုရင် အရည်အချင်း စစ်ဆေးမှု လုပ်ရမယ်။ အဲဒီ မျှော်စင်တွေက နိဗ္ဗာန် အသိပညာရပ်ကျောင်းတော်က တည်ထောင်ထားတဲ့ တာအိုဂုဏ်ထူးဆောင် မျှော်စင်တွေလေ။ အဲဒါကြောင့် လူတွေက အဲမှာ နေလို့ ရပေမဲ့ သူတို့ ခြံဝန်းတွေတော့ ထုတ်လို့ မရဘူး ”
ချီချွမ်းက သက်ပြင်းချကာ “ တကယ်လို့ ကျွန်တော်တို့သာ စောစောလာခဲ့ရင် ကျွန်တော်တို့တွေ နေစရာတစ်နေရာတော့ ရှာတွေ့ဦးမှာ ”
မိုဝူကျိက ချီချွမ်း ပခုံးကို ပုတ်ပေးကာ “ ထပ်ရှာနေဖို့ မလိုပါဘူးကွာ။ ငါတို့ရှေ့မှာ ရိပ်သာ ရှိတယ်လေ။ လာလာ … အထဲသွားကြည့်ကြစို့ ”
မိုဝူကျိက ရင်ပြင်နှင့် မျက်နှာချင်းဆိုင်တွင် ရှိသည့် ပျော်ရွှင်မှု ရိပ်သာကို ဆိုလိုခြင်းဖြစ်၏။ ပျော်ရွှင်မှု ရိပ်သာသည် အင်မတန် ခမ်းနားဟန် ပေါ်ပြီး တာအိုဂုဏ်ထူးဆောင် မျှော်စင်နားတွင် တည်ရှိပေသည်။ အနည်းဆုံးတော့ သူက ဝေးဝေးလံလံ သွားစရာ မလိုတော့ပေ။
“ ဒါပေမဲ့ …” ချီချွမ်းက ယခုအချိန် ရိပ်သာ၌ နေစရာ အခန်း မရနိုင်ကြောင်း တွေးမိလိုက်သည်။
“ အထဲဝင်ပြီး ကြည့်ကြည့်ကြတာပေါ့ ” ချီပင်းက ရုတ်ချည်း ပြောလိုက်သည်။ သူမက မိုဝူကျိ နည်းလမ်းကို နည်းနည်း နားလည်လာမိသည်။ မိုဝူကျိ၏ ဉာဏ်ရည်ဖြင့် ပျော်ရွှင်မှု ရိပ်သာထဲ၌ နေစရာ မရနိုင်တော့ကြောင်း မသိဘဲ မဖြစ်နိုင်ပေ။ မိုဝူကျိက အထဲဝင်ပြီး သွားကြည့်ရန် ဆုံးဖြတ်ထားသောကြောင့် မိုဝူကျိတွင် နည်းလမ်းရှိခြင်းသာ ဖြစ်လိမ့်မည်။
……………..
ပျော်ရွှင်မှု ရိပ်သာကား အပြင်ဘက်၌သာ ခမ်းနားကြီးကျယ်သည်သာမက အထဲ၌လည်း ခမ်းနားလှသည်။
သူတို့တွေ ခန်းမအကျယ်ထဲ ဝင်လိုက်သည်နှင့် ကောင်းကင်ကြီးပါ သူတို့နှင့် အတူတူ ရှိနေသလို လွတ်လွတ်လပ်လပ် ခံစားလိုက်မိသည်။
“ ဒီက တာအိုရောင်းရင်းတို့ အခုချိန် အခန်းလွတ် မရှိတော့ပါဘူးခင်ဗျ ” မိုဝူကျိက ဘာမှမမေးခင် ဝန်ထမ်းက သူတို့ဆီ အပြုံးလေးနှင့် ချည်းကပ်လာလေ၏။
မိုဝူကျိက မြန်မြန် ပြောလိုက်သည် “ ကျုပ်က မိတ်ဆွေတစ်ယောက်ကို လာရှာတာပါ။ သူက နတ်ဘုရားအုပ်စိုးသူ နောက်ပိုင်းအဆင့် ကျင့်ကြံသူပါ။ လွန်ခဲ့တဲ့ နှစ်ဝက်လောက်က ရောက်လာတာ … ကျုပ်တို့တွေ ပျော်ရွှင်မှု ရိပ်သာမှာ တွေ့ဖို့ ဆုံးဖြတ်ထားကြပေမဲ့ ကျုပ်က လနည်းနည်း နောက်ကျသွားလို့ သူ ဘယ်အခန်းမှာ နေနေတာလဲဆိုတာ မသိလို့ပါ ”
“ ခင်ဗျားရဲ့ မိတ်ဆွေ နာမည်က ဘယ်သူလဲဗျ ”ဝန်ထမ်းက မိုဝူကျိသည် မိတ်ဆွေတစ်ယောက်ကို လာရှာကြောင်း ကြားသောအခါ မြန်မြန် မေးလိုက်သည်။
မိုဝူကျိက ရှက်ရွံ့စွာဖြင့် “ သူက နာမည်တု သုံးထားလောက်တယ်။ ကျုပ် သူ့နာမည် ပြောရင်တောင် ခင်ဗျား မသိလောက်ဘူး။ နတ်ဘုရားအုပ်စိုးသူ နောက်ပိုင်းအဆင့် နေတဲ့ အခန်းကိုပဲ ပြောလိုက်ပါ ”
ဝန်ထမ်းက စိတ်တင်းကျပ်စွာဖြင့် ပြောလိုက်သည် “ ဒီက တာအိုရောင်းရင်းကို မကူညီနိုင်တာ အားနာပါတယ်ဗျာ။ ကျုပ်တို့ ဧည့်သည်တွေထဲမှာ နတ်ဘုရားအုပ်စိုးသူ နောက်ပိုင်းအဆင့် တစ်ယောက်ထက် ပိုရှိတဲ့အကြောင်းကို မပြောနဲ့ဦး။ တကယ်လို့ တစ်ယောက်တည်း ရှိနေရင်တောင် ကျုပ်က ကျုပ်တို့ ဧည့်သည်ရဲ့ အကြောင်းကို ပြောပြပိုင်ခွင့် မရှိပါဘူးဗျာ ”
အကယ်၍ မိုဝူကျိဘေးတွင် ရပ်နေသော ချီပင်းကဲ့သို့ နတ်ဘုရားဘုရင်ကြောင့်သာ မဟုတ်လျှင် ထိုဝန်ထမ်းက မိုဝူကျိကို မောင်းထုတ်ပြီးလောက်လေပြီ။
မိုဝူကျိက ဆေးပုလင်းကို ထုတ်ကာ ဝန်ထမ်း လက်ထဲ ထည့်ပေးလိုက်ရင်း ပြောလိုက်သည် “ တာအိုရောင်းရင်း .. ခင်ဗျားက ကျုပ်ကို လွန်ခဲ့တဲ့ နှစ်ဝက်က ရောက်လာတဲ့ နတ်ဘုရားအုပ်စိုးသူ နောက်ပိုင်းအဆင့် သုံးယောက်ရဲ့ အခန်းကိုပဲ ပြောပြလိုက်ပါ။ ကျုပ် သွားပြီး ကြည့်လိုက်ပါ့မယ်။ တကယ်လို့ သုံးယောက်လုံးက ကျုပ်မိတ်ဆွေ မဟုတ်ဘူးဆိုရင် အပြင်မှာပဲ ကျုပ်မိတ်ဆွေကို စောင့်နေပါ့မယ်ဗျာ ”
သဘာဝ ဆေးလုံးလား …
ဝန်ထမ်းက ထိုဆေးလုံးကို မြင်လိုက်သည့်အချိန် သူ့နှလုံးခုန်နှုန်းပင် မြန်လာမိပြီး ဆေးလုံးကို အသေအချာ ကြည့်လိုက်မိသည်။
သဘာဝဆေးလုံးသည် အဆင့်မြင့် ဆေးလုံး မဟုတ်ပေ။ အဆင့် ၁ ဆေးလုံးမျှသာ ဖြစ်သော်လည်း ဤဆေးလုံး၌ လုပ်ဆောင်ချက်တစ်ခုသာ ရှိ၏။ ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူအား တိုးတက်လာစေရန် ကူညီပေးနိုင်ခြင်း ဖြစ်သည်။ ထိုဝန်ထမ်းက ကနဦး နတ်ဘုရားအဆင့် ၆ ဖြစ်ပြီး အဆင့် ၇ ရောက်ဖို့ရာ ခြေတစ်လှမ်းမျှသာ လိုအပ်တော့သည်။ အကယ်၍ သူ့တွင် သဘာဝ ဆေးပုလင်း ရှိထားပါက သူ့အနေနှင့် ကနဦး နတ်ဘုရားအဆင့် ၇ သို့ သေချာပေါက် တက်လှမ်းနိုင်လိမ့်မည်။
အကယ်၍ တခြားဆေးလုံး ဖြစ်နေပါက ထိုဝန်ထမ်းသည် ပြန်စဉ်းစားမိနေဦးမည် ဖြစ်သော်လည်း သူ့ရှေ့တွင် ရှိနေသော သဘာဝဆေးလုံးဖြင့် ထိုဝန်ထမ်းက ထပ်စဉ်းစားစရာ မလိုတော့ပေ။ ဤဆေးလုံးက ဆေးလုံးအိမ်တော်များ၌ပင် ဝယ်ယူဖို့ ခက်ခဲလှသည်။ သူက ဆေးလုံးတချို့ ဝယ်ယူနိုင်လျှင်ပင် အရည်အသွေး အနိမ့်ဆုံးသာ ဖြစ်ပေသည်။ အရည်အသွေးကောင်းကောင်း သဘာဝ ဆေးလုံးများ ဖော်စပ်ပြီးပြီးချင်း ဂိုဏ်းကြီးများ သို့မဟုတ် မျိုးနွယ်စုများက ဝယ်ယူသွားတတ်ကြသည်။
ဤဆေးလုံးက ကနဦး နတ်ဘုရားအသီးကဲ့သို့ ဖြစ်ပြီး ကနဦး နတ်ဘုရားအသီးသည် အဆင့် ၁ အသီး ဖြစ်သော်လည်း ဈေးနှုန်းကား အဆင့် ၅ ဆေးပင်ထက်ပင် ကျော်လွန်နေတတ်သည်။
“ အယ် … ခင်ဗျားကို ဧည့်သည်သုံးယောက်ရဲ့ အခန်းကို ပြောပြလိုက်မယ်။ ပြီးတော့ သူတို့ကို အနှောင့်အယှက် မဖြစ်စေဖို့တော့ သတိထားပေးပါနော်။ မဟုတ်ရင် ကျုပ်တို ဂုဏ်သတင်း ကျသွားနိုင်တယ် ” ထိုဝန်ထမ်းက တီးတိုးပြောလိုက်သည်။ ဤသည်မှာ နိဗ္ဗာန်တာအိုမြို့ ဖြစ်၏။ မိုဝူကျိက ရုတ်ရုတ်သည်းသည်း ဖြစ်သွားစေမည်ကို စိုးထိတ်နေခြင်း မရှိသော်လည်း မိုဝူကျိက သူ့ဂုဏ်သတင်းကိုပါ ပျက်စီးသွားစေမည်ကို ကြောက်ရွံ့နေမိသည်။
ပျော်ရွှင်မှု ရိပ်သာ၌ အလုပ်ရရှိဖို့ရာ လွယ်ကူသည့် ကိစ္စ မဟုတ်ချေ။
“ စိတ်ချနေပါ။ ကျုပ် အမွေးတိုင်ဝက်စာအချိန်လောက်ပဲ ကြာမှာပါ ” မိုဝူကျိက ပြတ်ပြတ်သားသား ပြောလိုက်သည်။
သူက မိုဝူကျိသည် အချိန်များစွာ မယူကြောင်း ကြားလိုက်ရသည့်အခါ စိတ်အေးသွားမိသည်။ သူက မှတ်တမ်းစာအုပ်ကို လှန်လှောကာ တီးတိုးပြောလိုက်၏ “ အခန်း ၅၁ (က) ရွင်းချွမ်၊ လွန်ခဲ့တဲ့ နှစ်ဝက်လောက်က ရောက်တာ တစ်လချင်းစီ ပေးထားတယ်။ အခန်း ၁၂၁ (ဂ) ဝမ်ဖေးကျိုးက လွန်ခဲ့တဲ့ ခုနှစ်လခန့်က ရောက်တာ၊ နှစ်ဝက်တိုင်း ပိုက်ဆံချေပေးတယ်။ အခန်း ၇၃ (က) ကျင်းရုံဝူ လွန်ခဲ့တဲ့ လဝက်လောက်က ရောက်တာ တစ်နှစ်လုံးစာအတွက် ပေးချေပြီးသား … ”
မိုဝူကျိက လက်နှစ်ဖက် ယှက်ကာ “ ကျေးဇူးပါ … ကျုပ် တစ်ချက် သွားကြည့်လိုက်ပါ့မယ်”
“ ခဏ .. ကျုပ်လည်း လိုက်ခဲ့မယ် ” ဝန်ထမ်းက စိတ်လှုပ်ရှားမိနေဆဲ ဖြစ်၏။
“ ရတယ်လေ … အဲဆို အရင်ဆုံး ၇၁ (က) ကို အရင်ဆုံး သွားရအောင်။ အဲဒီ ကျင်းရုံဝူက ကျုပ်မိတ်ဆွေနဲ့ နည်းနည်း ဆင်တယ် ” မိုဝူကျိက ကျင်းရုံဝူကို ရွေးလိုက်ခြင်းမှာ ကျင်းရုံဝူက တစ်နှစ်စာလုံး ကြိုတင်ငွေချေထားပြီးသား ဖြစ်သလို (က) အခန်း၌ နေနေ၍ ဖြစ်သည်။ ထိုလူက ချမ်းသာသည်မှာ ပြောနေဖို့ပင် မလိုတော့ပေ။
အခန်း ၇၃ (က) သည် ပျော်ရွှင်မှု ရိပ်သာ၏ ၁၂ ထပ်မြောက်တွင် တည်ရှိ၏။ မိုဝူကျိတို့ ရောက်ရှိလာသည့်အခါ ဝန်ထမ်းအား တံခါးအတားအဆီးကို မထိစေဘဲ သူကိုယ်တိုင် ထိလိုက်သည်။
ထွက်လာသူမှာ မှုန်မှိုင်းမှိုင်း လူလတ်အရွယ် အမျိုးသားတစ်ဦး ဖြစ်၏။ မိုဝူကျိက တစ်ချက်ကြည့်ရုံဖြင့် ထိုလူမှာ နတ်ဘုရားအုပ်စိုးသူ အထွတ်အထိပ်အဆင့် ဖြစ်ပြီး ယင်ပညာရပ်ကို အဓိကထား လေ့ကျင့်ကြောင်း တန်းသိလိုက်သည်။
“ ဘယ်သူလဲ …. ကျုပ်အခန်းရှေ့ ဘာလာလုပ်တာလဲ ”ကျင်းရုံဝူအနေနှင့် ပါးမွှား ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူလေးက သူ့အတားအဆီးကို ထိရဲကြောင်း မြင်သောအခါ သူ့မျက်နှာအမူအယာမှာ ချက်ချင်း အေးစက်သွားလေ၏။ သို့သော်လည်း သိပ်မကြာခင် သူက ချီပင်းကို သတိထားလိုက်မိသောကြောင့် ဘာမှဆက်မလုပ်ရဲတော့ချေ။
ဝန်ထမ်းက ထိုအရာကို မြင်သောအခါ နှလုံးခုန်နှုန်းပင် မြန်ဆန်လာမိ၏။ ဤလူက မိုဝူကျိ ရှာနေသည့် လူ မဟုတ်ကြောင်း သိသာလှသည်။ သူက ဤဧည့်သည် သဘောထားကြီး၍ မိုဝူကျိ၏ အပြုအမူများအား စိတ်ထဲ မထားဖို့ရာသာ မျှော်လင့်မိနေတော့သည်။
မိုဝူကျိက ကျောက်စိမ်းပုလင်း တစ်ပုလင်းထုတ်ကာ ကျင်းရုံဝူအား ပေးလိုက်၏ “ တာအိုရောင်းရင်းကျင်း တစ်ချက်ကြည့်ကြည့်ပါဦး ”
ကျင်းရုံဝူက မိုဝူကျိအား အခန်းထဲ ဝင်ခွင့် မပြုပေ။ ထို့အစား သူက မိုဝူကျိ၏ ကျောက်စိမ်းပုလင်းလေးအား ဆွဲ၍ စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့်လိုက်သည်။ သူ့အမူအယာမှာ ချက်ချင်းဆိုသလို ပြောင်းလဲသွားပြီး သူ့နှလုံးခုန်နှုန်းပင် မြန်ဆန်လာမိ၏။ ဤသည်မှာ ပြိုင်ဖက်ကင်းအဆင့် လောကတည် ဆေးလုံး ဖြစ်သည်။
လောကတည်ဆေးလုံးသည် နတ်ဘုရားအုပ်စိုးသူအဆင့်အား လောကနတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်စေရန် ကူညီပေးနိုင်သော အဆင့် ၄ ဆေးလုံး ဖြစ်၏။ ဤသို့ဆေးလုံးမှာ ရရှိဖို့ရာ အင်မတန် ခက်ခဲလှပေသည်။
သူက နိဗ္ဗာန်တာအိုမြို့သို့ လောကတည်ဆေးလုံးအတွက် ရောက်ရှိလာခြင်း မဟုတ်သော်လည်း ထိုဆေးလုံးမှာ သူ အလိုအပ်နေဆုံး ဖြစ်၏။
သူက လောကတည်ဆေးလုံး မရှာသည့် အကြောင်းအရင်းမှာ လောကတည်ဆေးလုံးသည် အမှန်တကယ် လက်ဝယ်ပိုင်ဆိုင်ဖို့ အင်မတန် ခက်ခဲလှသောကြောင့်သာ ဖြစ်၏။ လောကတည်ဆေးလုံးသည် အဆင့် ၄ ဆေးလုံးမျှသာ ဖြစ်သော်လည်း ဆေးလုံးကို ဖော်စပ်ဖို့ရာ ခက်ခဲလှပြီး ထိပ်တန်းအဆင့် လရောင်အသီးလည်း လိုအပ်ပေသည်။ လရောင်အသီးသည် ကြည်လင်ကျောက်စိမ်းအသီးလောက် မရှားပါးသော်လည်း ရှာတွေ့ဖို့ ခက်ခဲလှသည်။ ဤအသီးကား လရောင်မှ ကြီးထွားလာခြင်း ဖြစ်၍ နေရောင် ထိတွေ့မိသည်နှင့် ချက်ချင်း ညိုးနွမ်းသွားမည် ဖြစ်၏။
သူက လရောင်အသီးကို ရှာတွေ့ထားလျှင်ပင် အဆင့် ၅ ဆေးလုံးဘုရင်၏ အကူအညီ မရှိဘဲ အဆင့် ၄ လောကတည်ဆေးလုံးကို ရရှိဖို့ရာ မဖြစ်နိုင်သေးချေ။
“ ကျုပ်ကို ဘာလုပ်ပေးစေချင်တာလဲ ” ကျင်းရုံဝူက မိုဝူကျိ၏ ဆိုလိုရင်းကို ချက်ချင်း နားလည်သွားပြီး စိုက်ကြည့်ကာ မေးလိုက်သည်။
***