ခရမ်းနဂါး ခြေသည်းငါးသွယ် ဆေးလုံး
Vol. 71 Ch. 984
မိုဝူကျိ ခန့်မှန်းထားသည့်အတိုင်း ဒုတိယအထပ်မှာ နေရာကျယ်ဝန်းသော အခန်းလွတ်တစ်ခု ဖြစ်နေသည်။ နံရံပေါ်ရှိ နာမည်များမှာ အဆင့် ၂ ဆေးလုံးနာမည်အဖြစ် ပြောင်းလဲသွားလေ၏။ ထို့အပြင် အခန်းပတ်လည် နေရာမှာ တဆမက ကျယ်လာသည်။
အမွေးတိုင်ဝက် အချိန်လေးအတွင်း မိုဝူကျိက မိုးတိမ်ဆေးလုံးကို အလွယ်တကူ ဖော်စပ်ခဲ့ပြီး အဆင့် ၂ နတ်ဆေးလုံးဆရာ အထောက်အထားကို ရရှိခဲ့သည်။ ထို့နောက် တတိယအဆင့်၌ ကျဲ့လင်နတ်ဆေးလုံးကို အမွေးတိုင်တစ်တိုင်စာခန့်အတွင်း ဖော်စပ်ပြီး အဆင့် ၃ ဆေးလုံးဆရာ အမှတ်အသား ရရှိခဲ့သည်။
မိုဝူကျိက လေးလွှာမြောက်သို့ ရောက်ဖို့ရာ နှစ်နာရီပင် မကြာမြင့်လိုက်ပေ။ ထို့အပြင် ဤသည်မှာ ဖြည်းဖြည်းချင်း ဖော်စပ်နေခြင်း ဖြစ်၏။ အကယ်၍ သူက မြန်မြန် သွားဖို့ ဆုံးဖြတ်လိုက်လျှင် လေးလွှာမြောက်အား တစ်နာရီအတွင်း ရောက်ရှိသွားနိုင်သည်။ လေးလွှာ၌ အခန်းဧရိယာနှင့် နတ်ဆေးပင် ဈေးနှုန်းများမှ လွဲ၍ ပထမအလွှာနှင့် ကွာခြားမှု မရှိပေ။
လေးလွှာမြောက်တွင် မိုဝူကျိက ရွမ်အသက်နတ်ဆေးလုံးအား ရွေးချယ်ခဲ့သည်။ ဤသည်က လူတစ်ယောက်၏ တာအိုနှလုံးသားကို တည်ငြိမ်သွားစေသည့် ဆေးလုံး ဖြစ်၏။ ဖော်စပ်ဖို့ရာ မခက်ခဲလှပေ။ တစ်ခုတည်းသော အဆင်မပြေမှုကား ဆေးပင်များ သန့်စင်ဖို့ရာ အချိန်ကြာမြင့်ခြင်းသာ ဖြစ်၏။ သို့သော်လည်း မိုဝူကျိအတွက် ပြဿနာ မဖြစ်ပေ။ သူက ဆေးပင် သန့်စင်ရာ၌ ကျွမ်းကျင်သည် မဟုတ်ပါလော။
မိုဝူကျိက သူ့အမြန်နှုန်းကို တမင်နှေးထားသော်လည်း တစ်နာရီအတွင်း အဆင့်မြင့် ရွမ်အသက်ဆေး ခြောက်လုံးလား ဖော်စပ်နိုင်သေး၏။ တခြားလူများက အချိန်များများယူ၍ အရည်အသွေးကောင်းကောင်း ဖော်စပ်ကြစဉ် သူက ဆေးလုံးကို ဆိုးရွားအောင် လုပ်နေရသည်။
မိုဝူကျိ၏ စွမ်းဆောင်ရည်ဖြင့် အချိန်တိုလေးအတွင်း ပြိုင်ဖက်ကင်းအဆင့် ရွမ်အသက် ဆေးကိုးလုံးအား အလွယ်တကူ ဖော်စပ်နိုင်လိမ့်မည်။ သို့သော်လည်း မိုဝူကျိက ရုတ်ရုတ်သည်းသည်း မဖြစ်သွားစေလိုပေ။ သူက နိဗ္ဗာန် အသိပညာရပ်ကျောင်းတော်သို့ ဝင်ခွင့်ရလိုခြင်းသာ ဖြစ်၏။ သူက နိဗ္ဗာန် အသိပညာရပ်ကျောင်းတော်သို့ သွားပြီး သေမျိုးနယ်မြေကို သွားကြည့်ချင်မိသည်။
မိုဝူကျိက သေမျိုးနယ်မြေအကြောင်း ပထမဆုံး ကြားစဉ်အခါက သေမျိုးနယ်မြေသည် သူ့လူသားတာအိုအား အဖိုးမဖြတ်နိုင်သည့် အကူအညီ ပေးလိမ့်မည်ဟု ခံစားချက် ရနေမိသည်။ ဤခံစားချက်က နေ့ရက်များ ကုန်လွန်လာသည်နှင့် ပို၍ နက်ရှိုင်းလာသည်။ ဤသည်က သူ့လူသားတာအိုအပေါ် အသိအမြင်အသစ် မရရှိလာခင်အထိ ဖြစ်ပြီး နောက်ပိုင်း၌ ထိုခံစားချက်မှာ သိသိသာသ အားနည်းသွားလေသည်။
သူ့ထာဝရကမ္ဘာကို ပြန်လည် တည်ဆောက်ရန် ပြန်လည်ဆုံးဖြတ်ပြီးနောက် ခံစားချက်မှာ ယခင်ကလောက် မပြင်းထန်တော့ပေ။
ဤသည်က မိုဝူကျိအား သူ့အနေနှင့် သေမျိုးနယ်မြေအပေါ် အရေးပေးမှုမှာ သူ့လူသားတာအို လွဲမှားမှုကြောင့်လေလားဟု သံသယဝင်လာမိပေသည်။ သေမျိုးနယ်မြေဆီ သွားရောက်လိုက်ခြင်းက သူ့အား ထာဝရကမ္ဘာသည် အပြင်အင်အားများကို မသုံးဘဲ သူ့ကိုယ်ပိုင် စည်းမျည်းများသာ အသုံးပြုသင့်ကြောင်း သိလာစေလိမ့်မည်။
သူက သေမျိုးနယ်မြေဆီ သွားရောက်ရန် စိတ်ဆန္ဒမှာ အားပျော့သွားသော်လည်း မိုဝူကျိက နိဗ္ဗာန် အသိပညာရပ်ကျောင်းတော်၏ သေမျိုးနယ်မြေဆီ သွားရောက်ရန် ဆုံးဖြတ်ထားသေး၏။ သူ့အင်မော်တယ် မော်တယ်ကျင့်စဉ်မှာ နိဗ္ဗာန် အသိပညာရပ်ကျောင်းတော်၏ သေမျိုးနယ်မြေမှ ဆင်းသက်လာခြင်း ဖြစ်ကာ သူသည် ထိုအမွေအနှစ်၏ အစိတ်အပိုင်း တစ်ခုအဖြစ် ယူဆ၍ ရပေသည်။ ထို့အပြင် နိဗ္ဗာန် အသိပညာရပ်ကျောင်းတော်သည် သူ့အတွက် အင်အားမြင့်တင်ရန် ဘေးကင်းလုံခြုံသော နေရာတစ်ခု ဖြစ်၏။
ထို့ကြောင့် မိုဝူကျိက အရမ်း ထူးချွန်နေစရာ မလိုအပ်ပေ။ သူက နတ်ဆေးလုံးဘုရင်အဖြစ် အထောက်အထားနှင့် စစ်ဆေးမှု ဝင်ဖြေနိုင်ဖို့ပင် လိုအပ်ပေသည်။ ဤသည်က လုံလောက်သည်ထက် ပိုနေပြီ ဖြစ်၏။
ယခု သူ့ လက်ထဲရှိ အနက်ရောင် အမှတ်အသားပြားမှာ ရွှေရောင်မှိန်ဖျဖျ တောက်ပနေပြီ ဖြစ်၏။ ထို့အပြင် စာလုံးများမှာလည်း ပြောင်းလဲသွားလေပြီ။
“ နယ်လှည့်ကျင့်ကြံသူ ၂၇၀၅၊ အဆင့် ၄ ဆေးလုံးဆရာ”
မိုဝူကျိက အလွန်ကျေနပ်နေရင်း ဆေးလုံးတာအို ဂုဏ်ထူးဆောင် မျှော်စင် ငါးလွှာသို့ တက်သွားလိုက်သည်။
ငါးလွှာမှာလည်း လေးလွှာနှင့် အတူတူ ဖြစ်ပြီး ပိုကြီးရုံသာ ရှိ၏။
မိုဝူကျိက လွယ်ကူသည့် အဆင့် ၅ ဆေးလုံးကို ရွေးချယ်တော့မည့်ဆဲဆဲတွင် သူက ကျောက်စိမ်းနံရံအား စိတ်အားတက်ကြွစွာ ကြည့်လိုက်လေ၏။
ယခင်အဆင့်များက နံရံပေါ်တွင် ဆေးနာမည်များသာ ရှိ၏။ သို့သော် ယခုတွင် ဆေးလုံးနာမည် တစ်ခုတည်း ရှိပေသည်။
“ ခရမ်းနဂါး ခြေသည်းငါးသွယ် ဆေးလုံး ”
မိုဝူကျိက ဘေးပတ်လည်ကို သေချာစစ်ဆေးပြီးနောက် တခြားနာမည် ထပ်မရှိတော့ကြောင်း သိလိုက်ရသည်။ ဤနေရာ၌ ခရမ်းနဂါး ခြေသည်းငါးသွယ် ဆေးလုံး တမျိုးတည်းသာ ရှိ၏။
မိုဝူကျိက ကူကယ်ရာမဲ့စွာဖြင့် ထိုနာမည်ကိုသာ ရွေးချယ်လိုက်ရတော့သည်။
ဆေးလုံးနာမည်ကို ရွေးချယ်ပြီးနောက် ယခင်ကလို နတ်ဘုရားကျောက် ဈေးနှုန်း ကျမလာပေ။ စာတန်းတစ်ခုသာ ကျလာလေ၏ “ မင်း လိုအပ်တဲ့ ဆေးပင်တွေကို ကျောက်စိမ်းပေလွှာထဲ ချရေးပြီးတော့ ကူးပြောင်းရေး အစီအရင်ကနေ ပို့လိုက်ပါ ”
မိုဝူကျိက ရပ်တန့်သွားသည်။ တခြားသူများက ထိုဆေးဖော်စပ်နည်းကို မသိကောင်း မသိနိုင်သော်လည်း သူကတော့ အသေအချာ သိထားသည်။ ယုံရင်အစွန်းအဖျားတွင် ရှိစဉ်အခါ သူ ဆေးမီးဖိုတစ်လုံး ဝယ်ယူခဲ့သည်။ ထိုဆေးဖော်စပ်နည်းမှာ မီးဖိုအတွင်း ရှိနေခြင်း ဖြစ်၏။ ခရမ်းနဂါး ခြေသည်းငါးသွယ် ဆေးလုံးတင် မက သဘာဝကျီဆေးလုံးနှင့် သွေးလဲလှယ်ဆေးလုံး ဖော်စပ်နည်းများလည်း ရှိနေသည်။
သူက သွေးလဲလှယ် ဆေးလုံးကို မသုံးဖူးသော်လည်း သဘာဝကျီ ဆေးလုံးကိုတော့ အကြိမ်များစွာ အသုံးပြုဖူးပေသည်။
ခရမ်းနဂါး ခြေသည်းငါးသွယ် ဆေးလုံး အညွှန်းအရ အဆင့်မဲ့ ဆေးလုံး ဖြစ်ပေသည်။ ယခု အဆင့် ၅ စစ်ဆေးမှု၌ ပေါ်လာလေ၏။
ဆိုလိုတာ ခရမ်းနဂါးခြေသည်းငါးသွယ် ဆေးလုံးက အဆင့် ၅ ဆေးလုံးလား ….
သို့သော်လည်း ဆေးလုံးတာအို ဂုဏ်ထူးဆောင် မျှော်စင်က အဘယ်ကြောင့် ဆေးဖော်စပ်နည်း တောင်းဆိုနေရသနည်း။ လူမည်မျှက ဤဆေးဖော်စပ်နည်း လက်ဝယ်ပိုင်ဆိုင်မည်နည်း။ မိုဝူကျိက ဆေးလုံးဆရာတိုင်းက သူ့လို အခွင့်ထူးကြုံ၍ ဆေးဖော်စပ်နည်း ရကြလိမ့်မည်ဟု မယုံပေ။
သူ ခရမ်းနဂါး ခြေသည်းငါးသွယ် ဆေးဖော်စပ်နည်းကို ရရှိစဉ်က ဆေးပင် အနည်းငယ်ကိုသာ သတိပြုမိခဲ့သည်။ သူ မှတ်မိသော ဆေးပင်များအနက် အများစုမှာ အင်မော်တယ် အဆင့် ၉ ဆေးပင်များ ဖြစ်ကြသည်။ ယခု သူက အဆင့် ၅ နတ်ဆေးလုံးဘုရင် ဖြစ်နေပြီး နတ်ဘုရားဘုရင် ဝတ်ရုံစိမ်း၏ အမွေအနှစ်လည်း ရရှိထားလေရာ ဆေးပင်များအပေါ် သူ့ဗဟုသုတက သိသိသာသာ တိုးတက်လာပြီ ဖြစ်၏။ ထိုသို့ဆိုလျှင်ပင် ဆေးဖော်စပ်နည်းမှ သူ မှတ်မိသော ဆေးပင်တချို့မှာ အဆင့် ၉ အင်မော်တယ်ဆေးပင်များသာ ဖြစ်ကြသည်။
နတ်ဘုရားဘုရင် ဝတ်ရုံစိမ်း၏ ဆေးပင် မိတ်ဆက်စာအုပ်သည် နတ်ဘုရားကုန်းမြေ၏ အဆင့် ၆နှင့် အောက် ဆေးပင်မျးကို ပြုစုထားခြင်း ဖြစ်၏။ ဤအမွေအနှစ်ကို ရရှိပြီးနောက် သူက အဆင့် ၉ အင်မော်တယ်ဆေးပင်တချို့သာ မှတ်မိသေး၏။ တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ သူ မမှတ်မိသော ဆေးပင်များမှာ အဆင့် ၆ အထက် ဖြစ်ပေလိမ့်မည်။
ဤသို့ဆိုမှတော့ ခရမ်းနဂါး ခြေသည်းငါးသွယ် ဆေးလုံးမှာ သေချာပေါက် အဆင့် ၅ ဆေးလုံး မဟုတ်ချေ။
အကယ်၍ အဆင့် ၅ ဆေးလုံး မဟုတ်လျှင် အဘယ်ကြောင့် အဆင့် ၅ ဆေးလုံးဘုရင် စစ်ဆေးမှု၌ ထည့်ထားရသနည်း။ တစ်ခုတည်းသော ရှင်းပြချက်မှာ ဆေးလုံးတာအို ဂုဏ်ထူးဆောင်မျှော်စင်သည်လည်း သူတို့ ရှာနေသည့် ခရမ်းနဂါး ခြေသည်းငါးသွယ် ဆေးဖော်စပ်နည်းအကြောင်း မသိထားကြချေ။
မိုဝူကျိက ခေါင်းခါလိုက်ပြီး ဘေးပတ်လည်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ပြတ်ပြတ်သားသား ထွက်သွားလိုက်တော့သည်။ သူက ဆေးဖော်စပ်နည်းကို ပေးခဲ့ပြီး တစ်ဖက်လူက ဆေးပင်များ ပေးခဲ့လျှင်ပင် သူ့အနေနှင့် ဖော်စပ်နိုင်မည် မဟုတ်ပေ။
………….…
ဆေးလုံးတာအို ဂုဏ်ထူးဆောင် မျှော်စင် ထိပ်ဆုံးအထပ်
မိုဝူကျိ ထွက်သွားသည်ကို မြင်ကာ ဆေးလုံးဆရာတချို့က အချင်းချင်း ကြည့်လိုက်ကြသည်။
ယင်ယန်တံဆိပ် ဝတ်ရုံနှင့် မျက်နှာနီ အမျိုးသားက မကျေမနပ် ပြောလိုက်သည် “ ကြည့်ရတာ ဒီနယ်လှည့်ကျင့်ကြံသူ ၂၇၀၅ လည်း ခရမ်းနဂါး ခြေသည်းငါးသွယ် ဆေးဖော်စပ်နည်းကို မသိဘူး ထင်တယ် ”
“ အွန်း … ငါတို့ ခန့်မှန်းချက် မှားယွင်းတဲ့ပုံပဲ။ ဒီကလေးက အဆုံးမဲ့မြစ်ဆေးလုံးတာအိုရဲ့ မျိုးဆက် မဟုတ်ဘူး ” နောက်တစ်ယောက်က သက်ပြင်းချကာ ပြောလိုက်သည်။
ထိပ်ဆုံးတွင် ထိုင်နေသူမှာ နှာခေါင်းပြားပြားနှင့် လူအိုကြီး တစ်ယောက် ဖြစ်၏။ သူက မျက်မှောင်ကျုတ်လိုက်သော်လည်း ဘာတစ်ခွန်းမှ ဝင်မပြောပေ။
“ အစ်ကိုကျန်းမှာ တခြားအမြင်များ ရှိသေးလား ” နှာပြားပြား လူအိုကြီး မျက်မှောင်ကျုတ်သည်ကို မြင်ကာ မျက်နှာနီ အမျိုးသားက မရေမရာ ဝင်မေးလိုက်သည်။
ယခင် မျက်နှာနီ အမျိုးသား စကားပြောသောအခါ မကျေမနပ် ဖြစ်နေသော်လည်း ယခု နှာပြားပြား လူအိုကြီးနှင့် စကားပြောရသောအခါ သူ့လေသံ၌ လေးစားမှုများ ပါဝင်နေသည်။ ဤနှာပြားပြား လူအိုကြီးက ကျန်းရှား ဖြစ်၏။ သူသည် နိဗ္ဗာန် အသိပညာရပ်ကျောင်းတော်၏ အားအကောင်းဆုံး ဆေးလုံးဆရာ ဖြစ်ပြီး နောက်ထပ် နာမည်ပြောင်မှာ နတ်ဆေးလုံးဘုရင် နှာပြား ဖြစ်၏။
ကျန်းရှားက အလေးအနက် ပြောလိုက်သည် “ အဲဒီလူ ပထမအလွှာကနေ လေးလွှာအထိ ရောက်ပြီး နတ်ဆေးလုံးဆရာ ဘွဲ့ရဖို့ အချိန် ဘယ်လောက်ကြာလဲ။ လေးနာရီတောင် မကြာလိုက်ဘူး။ အဲဒါက ဆေးလုံး ရွေးချယ်တာတွေ၊ ဆေးပင် လက်ခံတာတွေလည်း ပါပြီးသားနော် ….
မင်းတို့တွေ ဆေးလုံးတာအိုကို လေ့လာလာတာ နှစ်သိန်းချီနေပြီ။ ဆေးလုံးဆရာတစ်ယောက်က နေ့ဝက်အတွင်း ဆေးလုံး လေးသုတ် ဖော်စပ်နိုင်တယ်လို့ ကြားဖူးလား။ တစ်သုတ်ချင်းစီက အဆင့် ၄ ရွမ်အသက် ဆေးလုံးတောင် ပါနေသေးတာနော် … တခြားသူတွေကို မပြောနဲ့ဦး။ ငါဆိုရင်တောင် နေ့တစ်ဝက်တည်းနဲ့ ရွမ်အသက် ဆေးလုံး တစ်သုတ်ကို မဖော်စပ်နိုင်ဘူး။ ငါ့ဆေးလုံးဖော်စပ်နှုန်းက မြန်တယ်လို့ ယူဆလို့ ရတယ် ဟုတ်တယ်မလား။ ဒါပေမဲ့ ဒီနယ်လှည့်ကျင့်ကြံသူ ၂၇၀၅ က ငါ့ထက် အဆများစွာ ပိုမြန်တယ် ”
မျက်နှာဖြူ လူအိုကြီးက သက်ပြင်းချကာ “ တကယ်လို့ ဒီလောက် မြန်ဆန်တဲ့ ဆေးလုံးဆရာဆိုရင် အဆုံးမဲ့မြစ် ဆေးလုံးတာအိုက မျိုးဆက် ဖြစ်နေနိုင်တယ် ”
ကျန်းရှားက ခေါင်းညိတ်ကာ အသံတိုးတိုးဖြင့် “ တာအိုရောင်းရင်း ကျိုက်ရဲ့ စကားက အမှန်ပဲ … အဲဒီလူရဲ့ ဆေးဖော်စပ်နှုန်းနဲ့ သူ့ဆေးပင် သန့်စင်နှုန်းအရ အနည်းဆုံး ၈၀ ရာခိုင်နှုန်းနဲ့ အထက်မှာ ရှိတယ်။ သူက အဆုံးမဲ့ မြစ်ဆေးလုံးတာအိုရဲ့ အမွေဆက်ခံသူပဲ ဖြစ်ရမယ်။ ခရမ်းနဂါး ခြေသည်းငါးသွယ် ဆေးလုံးကို အဆုံးမဲ့မြစ်က ဖန်တီးထားတာလေ။ အဆုံးမဲ့မြစ် ဆေးလုံးတာအိုရဲ့ မျိုးဆက်အနေနဲ့ အဲဒီ ဖော်စပ်နည်းကို မသိတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ”
“ ကြည့်ရတာ ခရမ်းနဂါး ခြေသည်းငါးသွယ် ဆေးလုံးက အဆင့် ၅ မဟုတ်တာများလား ” မျက်နှာဖြူ လူအိုကြီးက အနည်းငယ် စိတ်လှုပ်ရှားမိသွားသည်။
ဤတစ်ကြိမ်၌ ကျန်းရှား ဝင်မပြောခင် မျက်နှာနီ အမျိုးသားက ဝင်ပြောလိုက်လေ၏ “ ခရမ်းနဂါး ခြေသည်းငါးသွယ် ဆေးလုံးက သေချာပေါက် အဆင့် ၅ ဆေးလုံးပါ။ ကျုပ်တို့ ရထားတဲ့ မပြီးပြည့်စုံတဲ့ ဆေးဖော်စပ်နည်းအရဆိုရင် လိုအပ်တဲ့ ဆေးပင်တွေက အကုန် အဆင့် ၅ ဆေးပင်တွေချည်းပဲ …. သူတို့က အင်မတန် ရှားပါးပြီး အဖိုးတန်တယ်ဆိုပေမဲ့ အဆင့် ၅ ဆေးလုံး ဆိုတာတော့ သေချာတယ် ”
ကျန်းရှားက ဝင်ပြောလိုက်သည် “ ဟုတ်တယ် … ခရမ်းနဂါးခြေသည်း ငါးသွယ် ဆေးလုံးက အဆင့် ၅ ဆေးလုံးပဲ … နယ်လှည့်ကျင့်ကြံသူ ၂၇၀၅ ဆီမှာ ဆေးဖော်စပ်နည်း ရှိ၊ မရှိပဲ မသေချာသေးတာ။ ငါတို့တွေ သူက အဆုံးမဲ့မြစ် ဆေးလုံးတာအိုရဲ့ မျိုးဆက် ဟုတ်လား၊ မဟုတ်လား စစ်ဆေးကြည့်ဖို့ပဲ လိုတော့တယ် ”
“ အစ်ကိုကျန်း … အဆုံးမဲ့မြစ် ဆေးလုံးတာအိုက အမြန်ဆုံး ဖော်စပ်နိုင်တဲ့ တစ်ခုတည်းသော ဆေးလုံးတာအိုတော့ မဟုတ်ဘူးလေ။ နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ရဲ့ စိုက်ပျိုးရေး ဧကရာဇ် … ” ဤတစ်ကြိမ် ပြောလိုက်သူမှာ လက်တစ်ဖက်သာ ရှိသည့် အမျိုးသား ဖြစ်၏။ သူ့သွင်ပြင်အရ အလွန်ငယ်ရွယ်ဟန် ပေါ်သော်လည်း သူလက်မောင်း အဘယ်ကြောင့် ပြန်မကောင်းလာမှန်း မသိကြရပေ။
ဤလူတွင် လက်တစ်ဖက် မရှိသည့်အတွက် အထင်မသေးသင့်ပေ။ ဤသူမှာ နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်၌ ဂုဏ်သရေရှိ နတ်ဘုရားဘုရင် တစ်ယောက် ဖြစ်၏။ သူ့ဆီလည်း နတ်ဆေးလုံးဘုရင် လက်တစ်ဖက် ဟူ၍ နာမည်ပြောင် ရှိပေသည်။ သူ သို့မဟုတ် နတ်ဆေးလုံးဘုရင် နှာပြား၏ ဆေးလုံးများ ရရှိခြင်းက ဂုဏ်ယူဖွယ် ဖြစ်ပေသည်။
ကျန်းရှားက ခေါင်းညိတ်ကာ “ ဟုတ်တယ် …. စိုက်ပျိုးရေး ဧကရာဇ် သေဆုံးသွားပြီးတဲ့နောက်ပိုင်းကျ သူ့နည်းစနစ်တွေအားလုံးကို လက်ဆင့်ကမ်းပေးခဲ့တယ်။ တကယ်လို့ တစ်ယောက်ယောက်သာ ရှိရင် အဆင့်နိမ့်ပဲ ဖြစ်လောက်တယ်။ သူ့အမွေအနှစ်ကတော့ ပျောက်ကွယ်သွားတာ ကြာလောက်ပြီ။ ပိုပြီး အရေးကြီးတာက စိုက်ပျိုးရေး ဧကရာဇ်က မြန်တယ်ဆိုပေမဲ့ ဆေးလုံး အရည်အသွေးက သာမာန်လောက်ပဲ။ အဲဒါက သူ့သန့်စင်နှုန်းက မလိုက်နိုင်လို့လေ။ ဒီနယ်လှည့်ကျင့်ကြံသူ ၂၇၀၅ ရဲ့ သန့်စင်နှုန်းအဆင့်အတန်းအရ စိုက်ပျိုးရေး ဧကရာဇ်ရဲ့ မျိုးဆက်တော့ သေချာပေါက် မဖြစ်နိုင်ဘူး …
ချိုက်ဟယ် … နယ်လှည့်ကျင့်ကြံသူ ၂၇၀၅ ကို စုံစမ်းဖို့ မင်းဆီပဲ အပ်ထားလိုက်တော့မယ်။ တကယ်လို့ သူက အဆုံးမဲ့မြစ် ဆေးလုံးတာအိုရဲ့မျိုးဆက် ဖြစ်နေရင် သူ့ကို သတိမထားမိစေနဲ့။ သတင်းအချိန်ဆွဲထားရင် လုံလောက်ပြီ။ လောဖို့ မလိုဘူး။ အဲဒီ နယ်လှည့်ကျင့်ကြံသူ ၂၇၀၅ က နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ကို စစ်ဆေးမှု ဖြေဆိုဖို့ ရောက်လာတာ နေမယ်။ သူက အချိန်တစ်ခုအထိ ထွက်သွားဦးမှာ မဟုတ်ဘူး။ အခု သူက အဆင့် ၄ နတ်ဆေးလုံးဆရာပဲ ရှိသေးတာဆိုတော့ တကယ်လို့ စစ်ဆေးမှုမှာ ပါဝင်ချင်ရင် နယ်လှည့်ကျင့်ကြံသူ အစည်းအရုံးဆီ သွားရမှာပဲ …. နယ်လှည့်ကျင့်ကြံသူ အစည်းအရုံးကို သုံးပြီး သူ့ကို ဖိအားပေးလို့ ရတယ် ”
“ ဟုတ်ကဲ့ပါ ” လက်တစ်ဖက် လူငယ်လေးက တုံ့ပြန်လိုက်သည်။ သူ့နာမည်မှာ ရှီချိုက်ဟယ် ဖြစ်၏။
မျက်နှာနီ အမျိုးသားက ရယ်မောလိုက်သည် “ တကယ်လို့ အဲကောင်လေးသာ စိုက်ပျိုးရေး ဧကရာဇ်ရဲ့ မျိုးဆက် ဖြစ်နေပြီး ငါတို့နားလည်မှု လွဲမှားလို့ ဘုရင်ဘွဲ့ထူးကို မရခဲ့ဘူးဆိုရင် သူတော့ အိပ်နေရင်းတောင် လန့်နိုးလောက်တယ် ”
***