မိုဝူကျိက အလကား အမှတ် ပေးခြင်း
Vol. 71 Ch. 985
ကျန်းရှားက မထူးမခြားနား ပြောလိုက်သည် “နတ်ဘုရားကုန်းမြေမှာ အဆင့် ၅ ဆေးလုံးဘုရင်တွေ အများကြီး ရှိပါတယ်။ ဒီလူတွေက နတ်ဆေးပင် အမြောက်အများ ရပြီး ဒီနေရာ ရောက်လာကြတဲ့သူတွေပဲ … ဆေးပင်တွေကို ဖြုန်းတီးပစ်တာအပြင် နတ်ဘုရားကုန်းမြေရဲ့ ဆေးလုံးတာအိုအတွက် ဘာအကျိုးရှိမှာလဲ။ ဒါပေမဲ့ ဒီနယ်လှည့်ကျင့်ကြံသူ ၂၇၀၅ က နတ်ဆေးပင် သန့်စင်တာတော့ အရည်အချင်း ရှိတယ်။ သူက အဆုံးမဲ့မြစ် ဆေးလုံးတာအိုရဲ့ မျိုးဆက် မဟုတ်ဘူးဆိုတာ သိရရင် သူ့ကို ငါ့ နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ရဲ့ ဆေးလုံးပင်လယ်ကို ဝင်ခိုင်းရမယ် ”
“ တကယ်လို့ သူက အဆုံးမဲ့ မြစ်ဆေးလုံးတာအိုရဲ့ မျိုးဆက် မဟုတ်မှန်း အတည်ပြုပြီးသွားရင် ဒီအကြောင်းကို သူ့ဆီ သေချာပေါက် ပြောလိုက်ပါ့မယ် ” ရှီချိုက်ဟယ်က လက်နှစ်ဖက် ယှက်လျက် ပြောလိုက်သည်။
…………..…
မိုဝူကျိက အလွန်စိတ်ဓာတ်ကျမိသွားသည်။ သူက အဆင့် ၅ နတ်ဆေးလုံးဘုရင် ဖြစ်သော်လည်း အဆင့် ၅ စစ်ဆေးမှုကို မအောင်မြင်ခဲ့ချေ။ သူ့၏ အဆင့် ၅ ဆေးလုံး ထိန်းချုပ်မှုဖြင့် နတ်ဘုရားကုန်းမြေ တစ်ခုလုံး၌ပင် သူ့ထက် အားကောင်းသည့်သူ လက်တစ်ဖက်နှင့်ပင် ရေတွက်၍ ရကြောင်း ဂုဏ်ယူဝင့်ကြွားစွာ ပြောနိုင်သည်။
ယခု သူက အဆင့် ၅ ဆေးလုံးဘုရင် စစ်ဆေးမှု ကျရှုံးခဲ့သောကြောင့် အဆင့် ၄ ဆေးလုံးဆရာမျှသာ ဖြစ်နေသည်။ အကယ်၍ သူ့ဆေးလုံးတာအိုကို အသုံးပြု၍ နိဗ္ဗာန်အသိပညာရပ်ကျောင်းတော် စစ်ဆေးမှုထဲ ပါဝင်လိုပါက ထိုနယ်လှည့်ကျင့်ကြံသူဆီ သွားရမည် ဖြစ်၏။
ဤသည်မှာ အဆင့် ၄ ဆေးလုံးဆရာ တစ်ယောက်က ဆေးလုံးတာအိုမှ နယ်လှည့်ကျင့်ကြံသူကို ကိုယ်စားပြု၍ ပါဝင်လိုလျှင် နယ်လှည့်ကျင့်ကြံသူ အစည်းအရုံးဆီ ဖြတ်ကျော်ရမည် ဖြစ်၏။ သို့သော်လည်း သူက ဆေးလုံးတာအို ဂုဏ်ထူးဆောင် မျှော်စင်ထဲ ဝင်မလာခင် သူက နယ်လှည့်ကျင့်ကြံသူ အစည်းအရုံးအား ဝင်ကြေးပေးရန် ငြင်းဆိုခဲ့မိသည်။ အကယ်၍ သူက သွားရောက်ပေးလျှင် တစ်ဖက်လူက လက်ခံမည် မဟုတ်လောက်တော့ပေ။ သူတို့ လက်ခံလျှင်ပင် သူ မိုဝူကျိက နှိမ့်ချ၍ သူ့ကိုယ်သူ ထိုသို့ လုပ်မည် မဟုတ်ချေ။
အမြင်နှင့်တင် သူက တခြားနည်းလမ်းကို ရွေး၍ နယ်လှည့်ကျင့်ကြံသူအဖြစ် ပါဝင်ယှဉ်ပြိုင်ရမည် ဖြစ်၏။
မိုဝူကျိက ဆေးလုံးတာအို ဂုဏ်ထူးဆောင် မျှော်စင် ပထမအလွှာဆီ ရောက်လာသည့်အခါ သူက ကူးပြောင်းမခံရကြောင်း သတိပြုမိလိုက်သည်။ သူက သူ့ဘာသာ ထွက်လာခြင်း ဖြစ်၏။
မိုဝူကျိ မြင်ကွင်းထဲ ရင်းနှီးသည့် ပုံရိပ်လေး တစ်ခု ဝင်ရောက်လာသည်။ မိုဝူကျိက အထိတ်တလန့်ဖြင့် ခေါင်းကို ငုံ့ကာ သူခန္ဓာကိုယ် ပတ်လည်၌ မီးဓာတ် သဘာဝ အငွေ့အသက်များကို တိုးမြင့်လိုက်သည်။
သူက မိုးကောင်းကင်ဂိုဏ်း၏ ရန်ဖေးကို မြင်လိုက်ရသည်။ ဤအကြီးအကဲ ရန်ဖေးသည် နတ်ဘုရားဘုရင် တစ်ယောက် ဖြစ်ပြီး ဆေးလုံးတာအို ဂုဏ်ထူးဆောင် မျှော်စင် အဝင်ဝ၌ ရှိနေသောကြောင့် သူ့အား လာရှာကြောင်း အသေအချာ သိလိုက်သည်။
မိုဝူကျိက ဂုဏ်ထူးဆောင်မျှော်စင်မှ ခေါင်းငိုက်စိုက် ထွက်လာသော်လည်း ရန်ဖေးက သူ့အား မြင်သွားသေး၏။ သို့သော်လည်း ရန်ဖေးက တစ်ခုမှ သတိမပြုမိပေ။ ရုပ်ရည်အရ ဖြစ်စေ၊ အရှိန်အဝါ အငွေ့အသက်အရ ဖြစ်စေ မိုဝူကျိက မိုးကောင်းကင်ဂိုဏ်းမှာ ရှိစဉ်အခါနှင့် လုံးဝ ကွဲပြားနေပြီ ဖြစ်၏။
မူလက မိုဝူကျိကို ရှာဖွေရန်က ချီခွန်း၏ တာဝန် ဖြစ်ပေသည်။ ချီခွန်းက တာဝန်သပ်သပ်ကို လက်ခံထားလိုက်သောကြောင့် မိုးကောင်းကင်ဂိုဏ်းမှ ထွက်သွားလေသည်။ တစ်ဖက်တွင် မိုဝူကျိနှင့် ရင်းနှီးသည့် ယွီလောက ပင်ပန်းနေပြီဟု ဆိုကာ တံခါးပိတ် လေ့ကျင့်ဖို့ ဝင်သွားခဲ့သည်။ ယွီလော၏ အဆင့်အတန်းမှာ သာမာန် မဟုတ်သည့်အတွက် သူမသာ အလိုမရှိပါက ဂိုဏ်းချုပ်ပင် အတင်းစေခိုင်း၍ မရချေ။
ဤကိစ္စမှာ မိုဝူကျိနှင့် တစ်ကြိမ်တစ်ခါမျှသာ တွေ့ဖူးသည့် ရန်ဖေးဆီ တာဝန်ကျရောက်လာလေ၏။
ရန်ဖေးက ချီခွန်းသည် မိုဝူကျိကလို မရှာလိုခြင်းမှာ သူတို့နှစ်ယောက်ကြား၌ ဆက်ဆံရေးကောင်း ရှိထား၍မှန်း မှန်းဆမိပေသည်။ ထို့အပြင် ချီခွန်းက မိုဝူကျိအား စိတ်ပျက်စေသည်ဟု ခံစားနေရပေလိမ့်မည်။ သို့သော်လည်း ရန်ဖေးက စိတ်ထဲ မထားပေ။ သူက မိုဝူကျိကို မှတ်မိသည် မဟုတ်ပါလော။
သို့သော်လည်း ချီခွန်းနှင့် ယွီလောတို့က မိုဝူကျိသည် ရုပ်ဖျက်ထားသည့် အချက်အား သူ့ဆီမှ ဖုံးကွယ်ထားကြောင်း မသိပေ။ မိုဝူကျိ မိုးကောင်းကင်ဂိုဏ်းကို လာစဉ်အခါကလည်း ရုပ်ဖျက်ထားခြင်း ဖြစ်၏။ ရန်ဖေးက နတ်ဘုရားဘုရင် ဖြစ်သော်လည်း မိုဝူကျိကို တစ်ချက်တည်း ကြည့်ရုံဖြင့် မမှတ်မိနိုင်ပေ။
“ အာ … မင်းက ပြန်ထွက်လာပြီလား။ လေးနာရီတောင် မရှိသေးဘူး။ မင်းကို ကူးပြောင်းပို့လွှတ်လိုက်တာ မဟုတ်ဘူးဆိုတော့ စစ်ဆေးမှုကို ဝင်မဖြေတာလား ” ဆေးလုံးတာအို ဂုဏ်ထူးဆောင် မျှော်စင် အပြင်ဘက်၌ စောင့်နေသည့် အဝါရောင် ဝတ်ရုံနှင့် ကျင့်ကြံသူက မိုဝူကျိ ထွက်လာလာချင်း မေးလိုက်သည်။
“ ကျုပ်က ဆေးလုံးတာအို ဂုဏ်ထူးဆောင် မျှော်စင်အကြောင်း သိချင်လို့ တစ်ချက် သွားကြည့်တာလေ။ ဘာလဲ … ကျုပ်က ကြည့်လို့ မရဘူးလား ” မိုဝူကျိက လှည့်ထွက်သွားတော့သည်။ သူက ဤနေရာ၌ ကြာကြာမနေလိုတော့ပေ။
အဝါရောင် ဝတ်ရုံနှင့် ကျင့်ကြံသူက မိုဝူကျိ၏ ပျောက်ကွယ်သွားသော ပုံရိပ်အား ကြည့်ကာ မျက်မှောင်ကျုတ်လိုက်သည်။ ဆေးလုံးတာအို ဂုဏ်ထူးဆောင် မျှော်စင်၌ ကျရှုံးသွားသူများသည် ပြန်လည် ကူးပြောင်း ပို့ဆောင်ခံရတတ်၏။ အဘယ်ကြောင့်များ ဤလူက လမ်းလျှောက်ထွက်လာရသနည်း။
………….…
မိုဝူကျိက ပစ္စည်း၊ အစီအရင်နှင့် အဆောင်တာအို ဂုဏ်ထူးဆောင် မျှော်စင်နားမှ ဖြတ်ကျော်သွားသော်လည်း မဝင်ခဲ့ချေ။ အဆင့် ၄ အစီအရင်ဆရာမှလွဲ၍ ကျန်တာအိုများ၌ သာမာန်သာ ဖြစ်၏။ သူ့အဆောင်တာအိုမှာ အတော်လေး အားနည်းလှသည်။ သူက အများဆုံး အဆင့် ၁ နတ်အဆောင်ကိုသာ ဖွဲ့လုပ်နိုင်သေး၏။
ဆေးလုံးတာအို၌ ကျရှုံးသွားပြီးနောက် နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်၏ စစ်ဆေးမှုကို ဖြေဆိုရန် တခြားဘုရင်ဘွဲ့ထူး ရရန် မဖြစ်နိုင်တော့ချေ။
မိုဝူကျိက နယ်လှည့်ကျင့်ကြံသူ အစည်းအရုံးဆီ သွားရမလား မဆုံးဖြတ်ရသေးသောကြောင့် ရိပ်သာဆီ ပြန်ကာ ချီပင်းနှင့် ဆွေးနွေးရမည်။ ချီပင်းက နတ်ဘုရားဘုရင် မဟုတ်ပါလော။ ဤသို့ကိစ္စရပ်များ၌ အတွေ့အကြုံ ပိုများပေမည်။
မိုဝူကျိရှေ့ သွေးမြူများ ထွက်ပေါ်လာသည်။ မိုဝူကျိက မြန်မြန် နောက်ဆုတ်လိုက်ရ၏။
သူက လက်ဝဲဘက်ရှိ ရင်ပြင်ဆီ လျှောက်လှမ်းလာမိသား ဖြစ်နေလေသည်။ နောက်ထပ် ကျင့်ကြံသူ တစ်ဦးက စင်မြင့်ပေါ်တွင် အသတ်ခံလိုက်ရပြီး ထိုကျင့်ကြံသူက သူ့ရှေ့တွင် ပေါက်ကွဲထွက်သွားခြင်း ဖြစ်၏။
တိုက်ပွဲစင်မြင့်လား ….
မိုဝူကျိက ရပ်တန့်လိုက်သည်။ သူ့တွင် တခြားရွေးချယ်စရာ မရှိတော့သည့်အတွက် ပြိုင်ပွဲတွင် ဝင်မပြိုင်သင့်ပေဘူးလား။ ထိုမှတဆင့် ရရှိလာသော နေရာမှာ အတုအယောင် မဖြစ်နိုင်ပေ။ ဤကိစ္စကား တကယ့်စွမ်းရည်ဖြင့် ရရှိလာခြင်းသာ ဖြစ်၏။
“ ဒီက တာအိုရောင်းရင်း ဒီပြိုင်ပွဲတွေကနေ နေရာ ဘယ်လောက် ချပေးထားလဲဆိုတာ မေးလို့ ရမလား ” မိုဝူကျိက သူ့ဘေးရှိ ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူအား မေးလိုက်သည်။
ဤကျင့်ကြံသူက မိုဝူကျိ၏ လေးလေးစားစား အပြုအမူကို မြင်လိုက်သည့်အခါ ပြုံးလိုက်ပြီး “ ကြည့် ဟိုးက ပိတ်ကားချပ်ကို မြင်တယ်မလား။ အဲဒီပေါ်မှာ နာမည် ၈၀ ရှိတယ်။ ပြိုင်ပွဲပြီးသွားတဲ့အခါ ကျန်ရှိနေတဲ့ နာမည် ၈၀ က နယ်လှည့်ကျင့်ကြံသူကို ကိုယ်စားပြုပြီးသား ဖြစ်သွားလိမ့်မယ် ”
“ အဲဆို ဘယ်လိုလုပ် နာမည် စာရင်းသွင်းရလဲ ” မိုဝူကျိက ဆက်မေးလိုက်သည်။
ဤကျင့်ကြံသူက ဆွံ့အစွာ ခေါင်းခါလိုက်တော့သည်။ မိုဝူကျိ၏ အရှိန်အဝါမှာ မထင်မရှား ဖြစ်သော်လည်း ပြိုင်ပွဲ၌ ဝင်ပြိုင်ချင်နေသေး၏။ သို့သော်လည်း ဤလူက ရှင်းပြလိုက်သေး၏ “ မင်းအနေနဲ့ ပိတ်ကားချပ်ရှေ့က ကျောက်စိမ်းပြားပေါ်မှာ နာမည်ရေးထွင်းရုံပဲ … အဲဒီနောက် တိုက်ပွဲစင်မြင့်မှာ တိုက်ရမယ်။ ဒီမှာ စင်မြင့် ၃၀ ရှိပြီးတော့ အားလုံးက တစ်ကြိမ်ပဲ အခွင့်အရေး ရတယ်။ တကယ်လို့ မင်း တိုက်ပွဲကို နိင်ရင် တစ်မှတ် ရမယ်။ နောက်ထပ် မင်းကို စိမ်ခေါ်တဲ့သူကို စောင့်ရမယ်။ မင်းက ဆက်မတောင့်ခံနိုင်တော့ဘူးဆိုရင် နောက်ဆုတ်ရင် ဆုတ် ဒါမှမဟုတ် အရှုံးခံပြီး ထွက်ရမယ်။ ပိတ်ကားချပ်ပေါ်က နာမည်တွေက ဆက်တိုက် နိုင်ထားတဲ့သူတွေလေ …. ”
“တကယ်လို့ ပိတ်ကားချပ်ပေါ်မှာ အမှတ်ရထားတယ်ဆိုပေမဲ့ ရုတ်တရက်ကြီး စင်ပေါ်ကနေ ကျရှုံးသွားရင်ရော အမှတ်ကို ထည့်တွက်သေးလား ” မိုဝူကျိက မေးလိုက်သည်။
“ အဲဒါက နည်းနှစ်ခု ရှိတယ်။ ပထမတစ်ခုက သေခြင်းပဲ။ မင်း အမှတ်မရှိတော့တာ ပုံမှန်ပဲ … ဒုတိယတစ်ခုက မသေဘဲနဲ့ အရှုံးပေးခြင်း … အဲလို ဖြစ်လာရင် မင်း အမှတ်တွေကို တစ်ဝက် လျော့ချခံရမယ်။ တကယ်လို့ မင်းရဲ့ အမှတ်တစ်ဝက် လျော့ချခံပြီးတဲ့အထိ စာရင်းထဲ ပါနေသေးတယ်ဆိုရင်အမှတ်ကို တွက်ပေးခံရမယ် …” ထိုသို့ပြောပြီးနောက် ကျင့်ကြံသူက ရည်ရွယ်ချက် ကောင်းကောင်းဖြင့် သတိပေးလိုက်၏ “ ကျုပ် ပြောရဦးမယ် … တာအိုရောင်းရင်း စင်မြင့်ပေါ် မသွားတာ ကောင်းလိမ့်မယ်။ နေ့တိုင်း ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူ ဘယ်လောက် သေဆုံးနေတာလဲဆိုတာ သိလား။ ဒီစင်မြင့်အထက်မှာ ရှုံးသွားတဲ့သူထဲ တချိုုပဲ အသက်ရှင်ကြတာ … အများစုက အသတ်ခံလိုက်ရတယ် ”
“တစ်ဖက်လူကို သတ်ပြီးရင် အနိုင်ရရှိသူက သူ သတ်လိုက်တဲ့လူရဲ့ အမှတ်တစ်ဝက်ကိုရော ရလား ” မိုဝူကျိက ပြိုင်ပွဲစင်မြင့်ဆီ သွားဖို့ရာ ပြင်ဆင်ထားပြီးလေပြီ။ သူက ဤသို့စည်းမျည်းမျိုး ရှိနေလျှင် သိနိုင်သော်လည်း သူ့အနေနှင့် သပ်သပ် ရှာမနေတော့ဘဲ သူများကိုသာ မေးလိုက်တော့သည်။
“ အိပ်မက် မက်မနေစမ်းပါနဲ့ဗျာ … တစ်ဖက်လူကို သတ်လိုက်ရင်တောင် တစ်မှတ်ပဲ ရမှာ ” ထိုကျင့်ကြံသူက မကျေမနပ် ပြန်ပြောလိုက်သည်။
“ ကျေးဇူးပါ ” ထိုသို့ပြောပြီး မိုဝူကျိက ပိတ်ကားချပ်ဆီ လျှောက်လှမ်းသွားလိုက်သည်။
မိုဝူကျိက သူ့နာမည်ကို စာရင်းသွားသွင်းသည်ကို မြင်ကာ ထိုကျင့်ကြံသူက ဆွံအစွာဖြင့် ခေါင်းတခါခါဖြင့်သာ ကျန်ရှိတော့သည်။ သူက သေခြင်းတရားကို ရှာနေသည့် လူများကို မြင်ဖူးသော်လည်း မိုဝူကျိလို လူမျိုးကို မမြင်ဖူးချေ။
အကယ်၍ နိဗ္ဗာန်အသိပညာရပ်ကျောင်းတော် စစ်ဆေးမှု၌ နေရာ ရဖို့ရာ လွယ်ကူနေလျှင် ဤနေရာ၌ လူများစွာ ရှိနေပေလိမ့်မည်။
မိုဝူကျိက ပိတ်ကားချပ်ဆီ ရောက်ရှိသည့်အခါ ပိတ်ကားချပ် ထိပ်၌ အနီရောင်လိုင်းလေး တစ်ကြောင်း ရှိနေကြောင်း သိလိုက်ရသည်။ ထိုအနီရောင်လိုင်း အပေါ်တွင် နာမည် ရှစ်ခု ရှိနေ၏။
“ အနီရောင်လိုင်းအထက်မှာ နာမည်ရှစ်ခု ဘာလို့ ရှိနေတာလဲ ” မိုဝူကျိက သူ့ဘာသာ ရေရွတ်လိုက်၏။ ထိုနာမည်ရှစ်ခုက အဆင့်ဝင်နေဟန် မပေါ်ပေ။
“ တာအိုရောင်းရင်းက နိဗ္ဗာန်တာအိုမြို့ကို အခုမှ ရောက်လာတာမလား။ အဲဒီနာမည်ရှစ်ခုက ဘယ်သူမှ စိမ်မခေါ်ရဲလို့လေ။ တကယ်လို့ လူတစ်ယောက်က တိုက်ပွဲမှာ နိုင်ပြီးတော့ အမွေးတိုင် တစ်တိုင်စာပြီးတဲ့နောက်မှာ ဘယ်သူကမှ သူ့ကို စိမ်မခေါ်ရဲရင် သူ့နာမည်က အနီရောင်လိုင်း အပေါ် ရောက်သွားလိမ့်မယ်။ ပထမနေရာက လူ အမှတ်ဘယ်လောက် ရရ ကိစ္စမရှိဘူး။ အဲဒီ အနီရောင်လိုင်းပေါ်က လူတွေက နယ်လှည့်ကျင့်ကြံသူ အစည်းအရုံးကို ကိုယ်စားပြုပြီး ပြိုင်ရမှာပဲ ” မိုဝူကျိအနားရှိ လူလတ်အရွယ် ကျင့်ကြံသူက ပြောလိုက်သည်။
မိုဝူကျိက အလန့်တကြား ဖြစ်သွားသော်လည်း ချက်ချင်း နားလည်သွားတော့သည်။ ထိုလူရှစ်ယောက်က အရမ်းအားကောင်းပြီး သူတို့ အပြုအမူများမှာ အလွန်ရက်စက်မှန်း သိသာလှသည်။ မဟုတ်လျှင် မည်သူကမှ သူတို့ကို စိမ်မခေါ်ဘဲ နေမည် မဟုတ်ပေ။
မိုဝူကျိက သက်ပြင်းချလိုက်သည်။
တိုက်ပွဲစင်မြင့်က ဘယ်လိုလဲ …
ဤသည်မှာ သတ်ဖြတ်ရေးအိမ် ဖြစ်နေလေပြီ။ ဤသို့စည်းမျည်းများဖြင့် မည်သူကမှ သနားညှာတာမှု ပြမည် မဟုတ်ချေ။
သို့သော်လည်း သူက ထိုသတ်ဖြတ်ရေးအိမ်ထဲ ဝင်ကာ ထိုကစားပွဲကို ဝင်ကစားရမည် ဖြစ်၏။ တစ်ယောက်ယောက်ကို သတ်လျှင်သတ် သို့မဟုတ် အသတ်ခံရမည် ဖြစ်၏။ မိုဝူကျိက ကျောက်စိမ်းပြားပေါ် နာမည် ရေးထွင်းလိုက်သည်။ သူက “ နယ်လှည့်ကျင့်ကြံသူ ၂၇၀၅” ဟူ၍ ရေးထွင်းလိုက်သည်။ သူ တာအိုလမ်းစဉ် လျှောက်လှမ်းစဉ်ကတည်းက သူ မလုပ်ချင်သော်လည်း လုပ်ရမည့် ကိစ္စများ ပေါ်လာဦးမည်သာ ဖြစ်၏။
မကြာခင် နယ်လှည့်ကျင့်ကြံသူ ၂၇၀၅ နာမည်က ကျောက်စိမ်းပြားထဲ နှစ်ဝင်ကာ ပျောက်ကွယ်သွားတော့သည်။
မည်သူကမှ မိုဝူကျိသည် သူ့နာမည် မည်သို့ ရေးထွင်းလိုက်သည်ကို ဂရုမစိုက်ကြချေ။ စင်ပေါ် မတက်ရသေးသည့် လူများစွာ ရှိသေးသော်လည်း သူတို့က နာမည်ကို ရေးထွင်းကြဆဲ ဖြစ်၏။ ဤသည်မှာ သူတို့အတွက် ကိစ္စမရှိပေ။ သူတို့က ရုတ်ချည်း စင်ပေါ် ရောက်သွားနိုင်ချေ၏။
မကြာခင် မိုဝူကျိက တိုက်ပွဲတစ်ခုစီ ပြီးဆုံးသွားသည့်အခါတိုင်း ကျင့်ကြံသူများက စင်ပေါ်တက်ဖို့ရာ အလုအယက် ကြိုးစားကြပေသည်။ အမြန်ဆုံးသူသာ တိုက်ပွဲထဲ ရောက်သွားပြီး ကျန်သူများက အတားအဆီး၏ ပိတ်ပင်ခြင်းကို ခံလိုက်ရသည်။
သိပ်မကြာခင် ကျင့်ကြံသူ တစ်ယောက်က စင်ပေါ်က ပြုတ်ကျလာသည်။ ဤတစ်ကြိမ် မိုဝူကျိ၏ ပုံရိပ်က ဖြတ်ခနဲ ပျောက်သွားကာ အားလုံးရှေ့ ရောက်ရှိသွားသည်။ ကနဦး နတ်ဘုရားအဆင့်ထဲ၌ မည်သူကမှ သူလေလွှတ်မြောက်ရေး နည်းစနစ်ကို ယှဉ်နိုင်မည် မဟုတ်ပေ။
တိုက်ပွဲစင်မြင့်ပေါ်ရှိ လူမှာ ကနဦး နတ်ဘုရားအဆင့် ၉ ကျင့်ကြံသူ ဖြစ်၏။ သူက မိုဝူကျိ စင်ပေါ် ရောက်လာသည်ကို မြင်သောအခါ အနည်းငယ် ပျော်ရွှင်မိသွားသည်။ မိုဝူကျိ၏ မီးဓာတ် သဘာဝအငွေ့အသက်မှာ အားနည်းလှသောကြောင့် သူ့ဝိညာဉ်ကြောက သိပ်မကောင်းမှန်း သိသာလှသည်။ အထူးဆန်းဆုံးအရာမှာ မိုဝူကျိက ကနဦး နတ်ဘုရား နောက်ပိုင်းအဆင့်တွင် ရှိနေသည်နှင့် မတူပေ။
ကနဦး နတ်ဘုရား နောက်ပိုင်းအဆင့် မရောက်သေးသည့် ကျင့်ကြံသူက သူ့အား တိုက်ပွဲစင်မြင့်ပေါ်၌ စိမ်ခေါ်ရဲသည်လား …
“ တာအိုရောင်းရင်း အရင်တိုက်ပါ ” မိုဝူကျိက လက်သီးဆုပ်ထားလိုက်သော်လည်း မတိုက်ခိုက်သေးပေ။
ဤကနဦး နတ်ဘုရား အဆင့် ၉ ကျင့်ကြံသူသည် ခေါင်းခါကာ “ ဒီလိုဆိုမှတော့ ငါ့လက်သီးကို မြည်းစမ်းကြည့်ပေါ့ ”
ထိုသို့ပြောပြီးနောက် ဤကျင့်ကြံသူက သူ့မှော်ရတနာကိုပင် ထုတ်မသုံးပေ။ သူက မိုဝူကျိဆီ တည့်တိုး ဝင်တိုက်ခိုက်လိုက်၏။ သူ့လက်သီးချက်ကို ထုတ်လွှင့်လိုက်သည့်အခါ ကနဦး နတ်ဘုရားအဆင့် စွမ်းအားစက်ကွင်းလည်း အင်အားအပြည့် ထွက်ပေါ်လာပြီး မိုဝူကျိကို လွှမ်းခြုံသွားသည်။
သူ့အတွက် မိုဝူကျိသည် အလကား အမှတ်ပေးရန် ရောက်လာခြင်းသာ ဖြစ်၏။
***